ပင်မနတ်ဘုရား ညီငယ်လေး
Vol. 80 Ch. 1113
အစောပိုင်း၌ ဟွမ်တိသည် သူ၏ စိတ်ဝိညာဉ်ကို တစ်နေရာရာတွင် ချန်ထားခဲ့မည်ကို မိုဝူကျိက စိုးရိမ်မိသည်။ ယခုမူ ဟွမ်တိ၏ စကားများကို ကြားရသောအခါတွင် မိုဝူကျိက ဟွမ်တိသည် ကိုယ့်ကိုကိုယ် အလွန်အမင်း စိတ်ကြီးဝင်နေမှန်း သိလိုက်ရသည်။ ဤတစ်ကြိမ်၌ သူက သူ၏ စိတ်ဝိညာဉ်ကို ချန်ထားခဲ့ဖို့ မရည်ရွယ်ထားပေ။
“မယုံဘူး”
မိုဝူကျိက စိတ်သက်သာသွားကာ သက်ပြင်းချလိုက်ရင်း တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ဆက်လက် အသက်မရှင်လိုသော ဟွမ်တိမှာ တစ်ခါထပ်ပြီး ဒေါသထွက်သွားရသည်။ သူ၏ အသက်ဓာတ်မှာ ကုန်ဆုံးသွားကာ စိတ်ဝိညာဉ်တစ်စက အာကာပြင်ထဲသို့ စိမ့်ဝင်သွားသည်။
စက္ကန့်ဝက်အတွင်း၌ပင် ဟွမ်တိက မျက်လုံးများ ပြန်ပွင့်လာပြီး မိုဝူကျိအား တအံ့တသြ ကြည့်လိုက်သည်။
“သဘာဝငါးမျိုး မဟာလွတ်မြောက်ရေးလျို့ဝှက်ပညာရပ်၊ အာကာပြင် သင်္ကေတတွေ… အသိစိတ်ပင်လယ်မှာ စိတ်ဝိညာဉ်မရှိဘူး…”
ထိုအခိုက်အတန့်၌ သူက အားလုံးကို သဘောပေါက်သွားသည်။ မိုဝူကျိဆီတွင် ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး တကယ်ရှိနေသည်။ ထို့အတူ သူက သူ့အရှေ့တွင် ရှိနေသော ဤလူငယ်လေးမှာ လိမ်ညာနေခြင်း မဟုတ်မှန်း နားလည်လိုက်သည်။ သူဟွမ်တိသည် ဤလူငယ်လေး၏ မျက်စိအောက်မှ ထွက်ပြေးရန် တကယ့်ကို မစွမ်းနိုင်ချေ။ အနည်းဆုံးတော့ သူ၏ လက်ရှိအခြေအနေနှင့် ထွက်မပြေးနိုင်ချေ။
သူ၏ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနှင့် အကောင်းဆုံး အနေအထားထိ အင်အားကို ပြန်လည်ရရှိလိုမှုတို့ကြောင့် သူက မည်သည့်နေရာတွင်မှ စိတ်ဝိညာဉ် တစ်စိုးတစ်စိကိုမျှ ချန်မထားခဲ့ချေ။ ယနေ့ သူက မိုဝူကျိ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ ကျရောက်သွားသည်မှာ သူ့ဘဝ အဆုံးသတ်သွားသည်နှင့် အတူတူသာ ဖြစ်၏။
ခပ်လှမ်းလှမ်းရှိ မုန့်ယဲ့က မိုဝူကျိအား ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်သည်။ သူက ဟွမ်တိကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဟွမ်တိ ထွက်မပြေးနိုင်မှန်း သိလိုက်သည်။ မိုဝူကျိသည် သဟဇာတ နတ်ဘုရား အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သို့တိုင်အောင် သူက ဝိဇ္ဇာတစ်ယောက်အား ထွက်မပြေးနိုင်ရန် တားဆီးနိုင်သည်လော။ ထိုအရာမှာ မည်သို့သော လျို့ဝှက် ပညာရပ်မျိုး ဖြစ်သနည်း။
သူ မုန့်ယဲ့ကကော မိုဝူကျိနှင့် ဆက်လက် အလုပ်လုပ်သင့်ပါရဲ့လား။
ဝိဇ္ဇာတစ်ယောက်ကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်သော ငတိတစ်ကောင် …
အကယ်၍ သူမုန့်ယဲ့ကသာ မိုဝူကျိအား အပြစ်ပြုမိပါက သူသည်လည်း ပြာမှုန်အဖြစ် အပြောင်းခံရမည်လော။
ဟွမ်တိက သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။ ရုတ်ချည်းဆိုသလို မိုဝူကျိက အရမ်းကို အားကောင်းနေသောကြောင့် သူကလည်း ဆက်လက် အသက်ရှင်လိုစိတ် ပြင်းပြင်းပြပြ ဖြစ်လာရသည်။ သူသာ အသက်ရှင်နိုင်မည်ဆိုပါက သူ၏ မဟာရန်သူတော်ကြီး မိုဝူကျိ၏ လက်ထဲတွင် သေသွားသည့်အဖြစ်ကို သူ မြင်ကောင်းမြင်နိုင်လိမ့်မည်။ ဤသို့ တွေးမိရင်း သူက မိုဝူကျိအား ကြည့်ကာ မေးလိုက်သည်။
“တာအိုရောင်းရင်းမို… မင်းရဲ့အစွမ်းအစကို ကျုပ် လေးစားမိပါတယ်။ မင်း ကျုပ်ကို မသတ်သေးတာ အကြောင်းရင်း နှစ်ချက် ရှိရမယ်။ တစ်ချက်က မင်း ကျုပ်ရဲ့ကမ္ဘာထဲက ပစ္စည်းတွေကို လိုချင်လို့။ နောက်တစ်ချက်က မင်းက မင်းရဲ့မိတ်ဆွေကို ကယ်ချင်ပေမဲ့ အဲ့ဒီ့မိတ်ဆွေက ဘယ်နားမှာမှန်း မင်းမသိလို့”
မိုဝူကျိက အသာပြန်ဖြေလိုက်သည်။
“ခင်ဗျားဆီမှာရှိတဲ့ဟာတွေကို ကျုပ်စိတ်မဝင်စားဘူး။ ကျုပ်ရဲ့မိတ်ဆွေက ဘယ်နားမှာလဲဆိုတာ ကျုပ်ကို ပြောပြပါ။ ဒါဆို ကျုပ် ခင်ဗျားကို ပြန်ဝင်စားဖို့ အခွင့်အရေး ပေးမယ်”
ပြန်လည်ဝင်စားခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့သည် မတူသည့် ကိစ္စနှစ်ရပ်မှန်း ဟွမ်တိက ဘယ်လိုလုပ် မသိဘဲ နေပါ့မည်နည်း။ ပြန်လည်ဝင်စားနေသည့် အတောအတွင်း သူသည် ယခုဘဝမှ မှတ်ဉာဏ်များအားလုံးကို ဆုံးရှုံးသွားနိုင်ချေ အများကြီး ရှိသည်။ သာမန်ကျင့်ကြံသူ တစ်ယောက်အနေနှင့် ပြန်လည်ဝင်စားခြင်းမှာ မဆိုးသည့် ကမ်းလှမ်းချက်တစ်ခု ဖြစ်ကောင်း ဖြစ်မည်။ သူကဲ့သို့ ဝိဇ္ဇာတစ်ယောက်အနေနှင့် သူက ပြန်လည်ဝင်စားခြင်းကို သဘောမကျချေ။
“တာအိုရောင်းရင်းမို… တကယ်လို့ မင်းသာ နောင်တစ်ချိန်မှာ ဝိဇ္ဇာတစ်ယောက် ဖြစ်လာမယ်ဆိုရင် မင်းက သေချာပေါက် ဟိုခွေးသားတွေအောက် အားနည်းမှာ မဟုတ်ဘူး။ သူတို့တွေထက်တောင် အားကောင်းရင် ကောင်းနေဦးမှာ။ မင်းရဲ့မိတ်ဆွေကို မင်း ကယ်နိုင်ပါတယ်။ ဒါပေမဲ့ မင်း ကျုပ်ရဲ့တောင်းဆိုချက်တစ်ခုကို သဘောတူမှရမယ်”
ဟွမ်တိက တည်ငြိမ်စွာ ပြောလိုက်သည်။
မိုဝူကျိက ကျီလီကိုသာ ကယ်တင်ရန် စိတ်ဝင်စားသည်ဟု သူက မယုံကြည်ပေ။ မိုဝူကျိသည် သူ၏ ရတနာများကို စိတ်ဝင်စားလိမ့်မည်ဟု သူက ယုံကြည်သည်။ ထို့ကြောင့် ကျီလီကို အဓိက အပေးအယူအဖြစ် သုံးခြင်းက မိုဝူကျိအား ခြိမ်းခြောက်လို့ ရမည်ဟု သူက လုံးဝမထင်ပေ။ အလွန်ဆုံး ထိုသို့လုပ်ခြင်းက မိုဝူကျိကို သည့်ထက်ပို၍ ဒေါသထွက်စေရုံသာ ရှိမည်။ သူများတွေ မည်သို့လုပ်ကြမှန်း သူမသိသော်လည်း သူဟွမ်တိသည် သူ့အတွက် အကျိုးမရှိပါက တခြားသူများကို ဒုက္ခပေးတတ်သူ မဟုတ်ချေ။
“ပြောကြည့်ပါဦး”
မိုဝူကျိက ခေါင်းငြိမ့်လိုက်သည်။ ဟွမ်တိအား ချုပ်နှောင်ထားပြီးသည့်တိုင် သူက ဘေးပတ်ပတ်လည်တွင် အာကာပြင် သင်္ကေတများ အပြည့် ရေးဆွဲထားသည်။ ဟွမ်တိအနေနှင့် သူ့လက်ရှိအနေအထားဖြင့် ထွက်ပြေး၍ လွတ်နိုင်မည် မဟုတ်ပေ။
“ကျုပ်အသက်ကို ချမ်းသာပေးပါ။ ကျုပ် အသက်ဆက်ရှင်ချင်လို့ မဟုတ်ဘူး။ မင်း လော့ရှုကို သတ်တာကို ကျုပ် မျက်စိနဲ့ ကိုယ်တိုင်မြင်ချင်သေးတယ်။ မင်း ဝိဇ္ဇာဖြစ်လာတာနဲ့ လော့ရှုနဲ့ တိုက်မယ်ဆိုတာ ကျုပ် သေချာတယ်။
လော့ရှု သေသွားပြီဆိုရင် ကျုပ် သေရမယ်ဆိုလည်း သေပျော်တယ်။ ဒီကိစ္စကို မင်း သဘောတူတယ်ဆို ကျုပ်ရဲ့ကမ္ဘာကိုတောင် မင်းအတွက် ဖွင့်ပေးဖို့ ဆန္ဒရှိပါတယ်။ တခြားအကြောင်းအရာတွေဆိုလည်း ကိစ္စမရှိပါဘူးဗျာ”
ဟွမ်တိက တုံ့ပြန်လိုက်သည်။
သူက မိုဝူကျိ သဘောမတူရဲမှာကိုသာ စိုးရိမ်မိသည်။ အာကာပြင်နှင့် အာကာပြင်ထဲမှ သဘာဝဓာတ်ငါးမျိုးမှာ မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် ပိတ်လှောင်ခံထားရသည်မှာ မှန်၏။ သို့သော် မိုဝူကျိက ဟွမ်တိ၏ ကမ္ဘာဦးဝိညာဉ်ကို အပြင်ထုတ်ပေးလိုက်သည်နှင့် ဟွမ်တိက ထွက်ပြေးလို့ ရနိုင်သွားပေလိမ့်မည်။
အမှန်ပင်။
မိုဝူကျိ မတုံပြန်ရသေးခင် မုန့်ယဲ့က အဝေးမှ လှမ်းအော်ပြောလိုက်သည်။
“တာအိုရောင်းရင်းမို… မင်းသဘောတူလို့ မဖြစ်ဘူး။ မင်း ဟွမ်တိကို အပြင်ခေါ်ထုတ်လိုက်တာနဲ့ အဲ့ဒါက သူ့ရဲ့ကမ္ဘာဦးဝိညာဉ် တစ်စလေးပဲဖြစ်ဖြစ် သူ့ဆီမှာ ဘယ်ချိန်မဆို ထွက်သွားနိုင်တဲ့ အခွင့်အရေး ရှိသွားလိမ့်မယ်”
ဟွမ်တိ အဘယ်ကြောင့် မထွက်ပြေးနိုင်မှန်း မုန့်ယဲ့က ပြောနိုင်သည်။ အကြောင်းမှာ မိုဝူကျိက သူတို့၏ ပတ်ဝန်းကျင်ရှိ အာကာပြင်ကို အာကာပြင်မှော်အက္ခရာများ သုံးပြီး ပိတ်လှောင်ထားသောကြောင့် ဖြစ်သည်။
ဟွမ်တိက မုန့်ယဲ့၏ စကားများကို ပြန်လည်မချေပဘဲ မိုဝူကျိကိုသာ ကြည့်ကာ
“မုန့်ယဲ့ ပြောတာ မှန်တယ်။ တကယ်လို့ မင်း ကျုပ်ကို ခေါ်ထုတ်လိုက်မယ်ဆိုရင် ကျုပ်မှာ ထွက်ပြေးနိုင်စွမ်း ရှိတာ အမှန်ပဲ။ ဒါပေမဲ့ မင်းသာ ဆန္ဒရှိတယ်ဆိုရင် ကျုပ် ကျိန်ဆိုနိုင်ပါတယ်”
“လူတစ်ယောက်က ဟွမ်တိလိုမျိုး အဆင့်ထိ ရောက်သွားပြီဆိုတာနဲ့ ကျမ်းကျိန်ဆိုတာက အသုံးမဝင်တော့ဘူး။ သူတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းတွေက မိုးမြေမဟာတာအို၏ သစ္စာကတိအောက် မလျော့ဘူး…”
မုန့်ယဲ့က မိုဝူကျိအား ဆက်လက်ဖျောင်းဖျလိုက်သည်။
မိုဝူကျိက ခပ်တိုးတိုး ရယ်လိုက်ပြီး
“တာအိုရောင်းရင်းမုန့်ယဲ့…ခင်ဗျား မှားနေပြီ။ သူတို့ရဲ့ကျိန်ဆိုမှုတွေက အသုံးဝင်သေးတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့တာအိုစည်းမျဉ်းတွေက ကောင်းကင်တာအို စည်းမျဉ်းတွေထက် မြင့်တယ်ဆိုတာကို ကျုပ် မယုံလို့ပဲ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက ဟွမ်တိဘက်သို့ လှည့်ကာ
“ဟွမ်တိ… ခင်ဗျားလည်း အရင်က ဝိဇ္ဇာတစ်ယောက် ဖြစ်ခဲ့ဖူးတာတောင်မှ မှားနေသေးတယ်။ တကယ်လို့ ကျုပ် ခင်ဗျားကို ကျုပ်နဲ့အတူ ခေါ်ထုတ်သွားရင်တောင် ခင်ဗျား ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး”
မိုဝူကျိက လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူ့ဆီတွင် ဤအချက်ကို သက်သေပြရန် အကိုးအကား အလုံအလောက် ရှိသည်။
အကယ်၍ ဝိဇ္ဇာစည်းမျဉ်းများသည် ကောင်းကင်တာအို စည်းမျဉ်းများထက် မြင့်သည်ဆိုပါက နတ်ဘုရားသင်္ချိုင်းဂူထဲတွင် ဖြစ်ပျက်ခဲ့သည်များမှာ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင် သခင်မသည်လည်း နတ်ဘုရား နားခိုရာနယ်မြေရှိ အစီအရင် ဂိတ်ပေါက်၏ စည်းမျဉ်းများကို ကြောက်ရွံ့နေမည် မဟုတ်ပေ။
မိုးမြေစည်းမျဉ်းများ၏ ကန့်သတ်ထိန်းချုပ်မှုများကို မကြောက်ရန်မှာ ၂ နည်းပဲ ရှိသည်။ ပထမနည်းမှာ မိမိ၏ ကိုယ်ပိုင်စည်းမျဉ်းများက ကောင်းကင်တာအို စည်းမျဉ်းများထက် ပိုမြင့်နေရန် ဖြစ်သည်။ ဒုတိယနည်းမှာ သူ့လိုမျိုး ဖြစ်ရန် ဖြစ်သည်။ ဆိုလိုသည်မှာ ဘယ်နေရာသွားသွား လူသားတစ်ယောက်အဖြစ်သာ တည်ရှိနေရန် ဖြစ်သည်။ ကောင်းကင်တာအိုက သူ့အား ထိန်းချုပ်ရန် သူ၏ စည်းမျဉ်းများကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
မိုဝူကျိဆီတွင် ဟွမ်တိအား သူ၏ လက်ထဲမှ ထွက်မသွားနိုင်ရန် တားဆီးဖို့ရာ နည်းလမ်းတွေ အများကြီးရှိသည်။ သူ၏ ပညာရှိတာအိုအဆောင်ကိုပင် သုံးစရာ မလိုပေ။ ဟွမ်တိအား သူ့လူသားကမ္ဘာထဲသို့ ထည့်လိုက်ရုံသာ လိုလေ၏။ အကယ်၍ ဟွမ်တိက အပြည့်အဝ ပြန်ကောင်းနေလျှင်ပင် အင်အားကို ပြန်တည်ဆောက်ရန် လိုဦးပေလိမ့်မည်။
မိုဝူကျိ၏ စကားများကို ကြားသောအခါ ဟွမ်တိ၏ မျက်လုံးများက အနည်းငယ် ပြန်လည်အသက်ဝင်လာသည်။ သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တာအိုရောင်းရင်းမို… အစောပိုင်းတုန်းက ကျုပ်မှာ သံသယလေးတွေ ရှိနေသေးတယ်။ အခု မင်းရဲ့အနာဂတ်က လော့ရှုကို သာလွန်ကျော်တက်လိမ့်မယ်ဆိုတာ ကျုပ် သေချာသွားပြီ”
သူထွက်သွားချင်လျှင် မိုဝူကျိက သူ့ကို တားဆီး၍ မရနိုင်ကြောင်းကိုတော့ ဟွမ်တိက ရှင်းမပြတော့ချေ။ အကြောင်းမှာ မိုဝူကျိသည် ဝိဇ္ဇာတစ်ယောက် မဟုတ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ သူက ဝိဇ္ဇာတစ်ယောက်၏ နည်းလမ်းများကို သိဦးမည် မဟုတ်ပေ။ သူကလည်း ထိုအကြောင်းများနှင့် ပတ်သက်၍ များများစားစား ပြောမပြချင်ပေ။
“ခင်ဗျားက လော့ရှုနဲ့ ရန်ငြိုး ကြီးကြီးမားမား ရှိတာလား”
မိုဝူကျိက ဟွမ်တိအား ကြည့်လိုက်သည်။
ဟွမ်တိက အံကိုကြိတ်ပြီး ဖြေလိုက်သည်။
“လော့ရှုက ဝိဇ္ဇာတု မင်ယွမ်ထက်တောင် ပိုဆိုးတဲ့ ကြောင်သူတော်ကွ။ အဲ့လူရဲ့စိတ်နှလုံးက အရမ်းကို မည်းပုပ်နေပြီး အင်မတန်လည်း ကောက်ကျစ်ယုတ်မာတယ်…”
မိုဝူကျိ၏ လော့ရှုနှင့် ရင်ဆိုင်တိုက်ခိုက်ချင်သည့် စိတ်အားထက်သန်မှုကို ထိခိုက်သွားမည်စိုးသဖြင့် သူက ဆက်လက် မရှင်းပြတော့ချေ။
“ဟုတ်ပါပြီ… ကျီလီ ဘယ်မှာလဲဆိုတာကို ကျုပ်ကို အရင်ပြောပြ။ ဒီကိစ္စကို ဖြေရှင်းပြီးရင် ကျုပ်မှာ တခြားလုပ်စရာတွေ အများကြီးရှိသေးတယ်”
မိုဝူကျိက သာမန်ကာလျှံကာ တုံ့ပြန်လိုက်သည်။
စစချင်းကတည်းက မိုဝူကျိက ကျီလီ၏ တည်နေရာကို အလောတကြီး မမေးခဲ့ပေ။ ဟွမ်တိက သူကျီလီအတွက် အရမ်းကို စိတ်ပူနေမှန်း ပြောနိုင်မည်ကို မိုဝူကျိက စိုးရိမ်မိသည်။ ဤကိစ္စကို ဟွမ်တိ ရိပ်မိသွားသည်နှင့် သူက မိုဝူကျိကို ခြိမ်းခြောက်ရန် ကျီလီကို အသုံးချကောင်း ချပေလိမ့်မည်။ အကယ်၍ ဟွမ်တိသာ ထိုသို့လုပ်ခဲ့ပါက မိုဝူကျိက ဟွမ်တိကို လွတ်ပေးကောင်း လွတ်ပေးလိုက်ရမည် ဖြစ်သည်။
ဟွမ်တိက မိုဝူကျိဆီသို့ ကျောက်စိမ်း အဆောင်တစ်ခု ပစ်ပေးလိုက်သည်။
“ဒီအဆောင်ကို အသက်သွင်းဖို့ ထောင်ထျဲ့တောင်ကြားထဲ ဆင်းသွားလိုက်ပါ။ ဖုံးကွယ်ကာကွယ်ရေး အစီအရင်တစ်ခု ပေါ်လာလိမ့်မယ်။ မင်းရဲ့မိတ်ဆွေက အဲ့ဒီမှာ ရှိတယ်”
မိုဝူကျိက ကျောက်စိမ်းအဆောင်ကို အလျင်အမြန် ဖမ်းဆုပ်လိုက်သည်။ မိုဝူကျိ ဘာမှမပြောနိုင်သေးခင် ဟွမ်တိက ဆက်ပြောလိုက်သည်။
“အခု ကျုပ် ကျမ်းကျိန်လို့ ရပြီလား”
မိုဝူကျိက လက်ကိုဝေ့ယမ်းကာ
“မလိုဘူး…”
“မင်းက ပြောပြီးစကား မတည်ချင်တာလားကွ”
ဟွမ်တိ၏ ဒေါသတို့က လေထဲတွင် ပြည့်လာပြီး မုန့်ယဲ့၏အမွေးများကို စုတ်ဖြဲပစ်တော့မယောင် ပြုနေသည်။
မုန့်ယဲ့က အေးစက်စွာ ရယ်လိုက်သည်။
“မင်းလိုလူနဲ့ အပေးအယူလုပ်ပြီး ကတိမတည်တာမျိုးကို ဘယ်သူကမှ ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဟွမ်တိဆိုတဲ့ မင်းက ဉာဏ်များပြီး စဉ်းလဲတဲ့အကောင်လေ။ ဘယ်သူကများ မင်းကို အတူခေါ်ရဲမှာလဲကွ”
ဟွမ်တိက ဒေါသတကြီး မပေါက်ကွဲရသေးခင် မိုဝူကျိက လက်ခါပြလိုက်သည်။
“ဟွမ်တိ… .... ခင်ဗျား မှားနေပြီ။ ကျုပ်အတွက် ခင်ဗျား ကျိန်ဆိုပြနေစရာ မလိုဘူး။ စိတ်ချ… ကျုပ် ခင်ဗျားကို မသတ်ပါဘူး။ ကျုပ် လော့ရှုကို သတ်ပြီးရင် ခင်ဗျားကို အပြင် ပြန်ထုတ်ပေးမယ်။ ခင်ဗျား ကောင်းကောင်းမွန်မွန် နေမယ်ဆိုရင် ခင်ဗျားကို ဘာမှမလုပ်ဘဲ အကောင်းအတိုင်း ပြန်လွတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူးရယ်”
“ကျုပ် ကျမ်းကျိန်စရာ မလိုဘူး ဟုတ်လား။ မင်းက ကျုပ်ရဲ့ကမ္ဘာဦးဝိညာဉ်ကို ဒီတိုင်း အတူခေါ်သွားရဲတယ်ပေါ့”
ခဏကြာပြီးနောက် ဟွမ်တိက မိုဝူကျိ၏ ဆုံးဖြတ်ချက်ကို တအံ့တသြ မေးလိုက်၏။
မိုဝူကျိက ဟွမ်တိ၏ အမေးကို မဖြေပေ။ ထိုအစား သူက ယွဲ့မင်ဆီသို့ ကျောက်စိမ်းအဆောင်ကို ပေးလိုက်သည်။
“ယွဲ့မင်… ထောင်ထျဲ့တောင်ကြားထဲမှာ အန္တရာယ် မရှိတော့ဘူး။ မင်းသခင်မကို ပြန်ခေါ်လာဖို့ အောက်ဆင်းသွားလိုက်”
ကျီလီ ဘယ်နားမှာမှန်း မသိသောကြောင့် မိုဝူကျိက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်မသုံးရဲပေ။ သို့မဟုတ်ပါက မဟာဖျက်စီးရေး ပညာရပ်တစ်ခုတည်းကပင် ဟွမ်တိအား ထိခိုက်စေရန် လုံလောက်နေလေပြီ။ မိုဝူကျိက ဤနေရာတွင် ထိုပညာရပ်ကို ထုတ်သုံးလိုက်ပါက အပျက်အဆီးတွေ အရမ်းများသွားမည်ကို စိုးရိမ်မိတာလည်း ပါလေသည်။
“ဟုတ်ကဲ့”
စိတ်လှုပ်ရှားနေသော ယွဲ့မင်က ကျောက်စိမ်းအဆောင်ကို ယူလိုက်ပြီး ထောင်ထျဲ့တောင်ကြားထဲသို့ ခုန်ဆင်းလိုက်၏။
ဒဏ်ရာအပြင်းအထန် ရရှိလိုက်သော ကျဲဟိန်က သူ၏ ကိုယ်ခန္ဓာကိုတော့ ပြန်ဆက်နိုင်လိုက်သည်။ သို့သော် သူ၏ ကျင့်ကြံဆင့်မှာ ထပ်မံနိမ့်ကျသွားမှန်း ပတ်ပတ်လည်ရှိ အားပျော့သော စွမ်းအားကို ကြည့်ခြင်းဖြင့် မိုဝူကျိက သိလိုက်သည်။
“အသက်ကယ်ပေးလို့ စီနီယာမိုကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ”
အားနည်းနေသော ကျဲဟိန်က မိုဝူကျိဆီသို့ ကြောက်ရွံ့စွာ လျှောက်လာပြီး တလေးတစား ဦးညွှတ်လိုက်သည်။
လက်ရှိအခြေအနေအရ မိုဝူကျိသည် စီနီယာ တစ်ယောက်သာ မဟုတ်တော့ချေ။ စီနီယာ့ စီနီယာကြီး ဖြစ်သွားလေပြီ။ အကြောင်းမှာ သူ့အား ဖျက်စီးပစ်ရန် မိုဝူကျိက လက်ချောင်းတစ်ချောင်းသာ လိုတော့သောကြောင့် ဖြစ်သည်။
မိုဝူကျိက ကျဲဟိန်အား လှမ်းကြည့်ကာ
“တာအိုရောင်းရင်းကျဲဟိန်… ခင်ဗျားရဲ့ဒဏ်ရာတွေက ပေါ့သေးသေး မဟုတ်ဘူး။ နတ်ဘုရားသင်္ချိုင်းဂူ ဘယ်မှာလဲဆိုတာ ကျုပ်သိပေမဲ့ ခင်ဗျားရဲ့အခုလိုအခြေအနေနဲ့ ခင်ဗျား အဲ့ဒီ့ကိုသွားရင် ခင်ဗျားအတွက် အန္တရာယ်နည်းနည်း များမယ်ဗျ။ ဒဏ်ရာကုစားဖို့ နေရာတစ်နေရာလောက် ရှာလိုက်ပါ့လား။ ကျုပ် အဲ့ဒီ့ကို သွားမယ့်အချိန်ကျ ခင်ဗျားကို ထပ်အကြောင်း ကြားလိုက်မယ်လေ”
ကျဲဟိန်က အလျင်အမြန် ဦးညွှတ်လိုက်ပြီး
“တကယ်လို့ စီနီယာမိုကသာ ကျုပ်ကို အထင်မသေးဘူးဆိုရင် ကျုပ် ကျဲဟိန်က ဒီနေ့ကစပြီး စီနီယာမိုရဲ့နောက်ကို လိုက်ချင်ပါတယ်။ စီနီယာ ဘယ်သွားသွား ကျုပ် လိုက်ပါ့မယ်။ စီနီယာ့ရဲ့အမိန့်တွေဆို ကျုပ် မလိုက်နာဘဲ မနေရဲပါဘူး”
“ခင်ဗျားက ကျုပ်နောက်ကို လိုက်ချင်တယ် ဟုတ်လား”
မိုဝူကျိက နားမလည်စွာ မေးလိုက်သည်။ သူက အမှန်တကယ်ကို နားမလည်နိုင်ဘဲ ဖြစ်သွားရ၏။
သူက ကျဲဟိန်၏ ဇာစ်မြစ်ကို သိသည်။ ဤဘိုးတော်သည် အရှင် ၇၂ ပါးထဲမှ တစ်ယောက် ဖြစ်နေသည်ဆိုသည့် အချက်က သူ့အား ဤလောကထဲတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်စေခဲ့သည်။
ယခင် မိုဝူကျိက မုန့်ယဲ့အား ကျဲဟိန်က သူ၏ ညီငယ်ဖြစ်ချင်သည်ကို သူက သဘောတူရန် ပျင်းနေသည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ထိုကိစ္စမှာ မိုဝူကျိက တမင်တကာ ကြွားဝါပြောလိုက်ခြင်းသာ ဖြစ်သည်။ ယခု ကျဲဟိန်က သူ့ညီငယ် တကယ်ဖြစ်ချင်နေသောအခါ၌ မိုဝူကျိက အနည်းငယ် အံ့သြသွားမိ၏။
“ဟုတ်ပါတယ်… ကျုပ်ကျဲဟိန်က မိုဝူကျိ ဘယ်သွားသွား နောက်ကအမြဲလိုက်ပါ့မယ်လို့ ကျိန်ဆိုပါတယ်။ သေခြင်းရှင်ခြင်းက သခင်မိုရဲ့ထိန်းချုပ်မှု အောက်မှာ ရှိပါ့မယ်။ ကျုပ်ရဲ့ကတိစကားကို ဖောက်ဖျက်ခဲ့ပါက စကြဝဠာစည်းမျဉ်းရဲ့ ဖိနှိပ်ခြင်းကို ခံရပါစေ။ ကျုပ်ရဲ့စည်းမျဉ်းတွေ ပျက်စီးပြီး ကျုပ်ကိုယ်တိုင်လည်း ဒီလောကကြီးကနေ ထာဝရ ပျောက်ကွယ်သွားပါစေ”
ကျဲဟိန်က ကျိန်ဆိုနေရင်း သွေးသုံးစက်ကို အန်ထုတ်လိုက်၏။ သူက ထိုသွေးများကို သူ၏ သစ္စာဆိုမှုနှင့် ရောလိုက်သည်။ ထို့ကြောင့် ယခုတွင် နောက်ပြန်လှည့်စရာ လမ်းမရှိတော့ချေ။
ကျဲဟိန်သည် အရူး မဟုတ်ပေ။ သူက မိုဝူကျိ၏ အလားအလာကို မြင်နိုင်သည်။ မိုဝူကျိသည် သဟဇာတ နတ်ဘုရားတစ်ယောက် ဖြစ်လင့်ကစား ဝိဇ္ဇာတစ်ယောက်ကို ဝန်းရံတိုက်ခိုက်ရဲသည့် သတ္တိရှိသည်။ ထိုမျှသာမက သူက အောင်မြင်ခဲ့သည်။ ယခုအချိန်တွင် သူက အစောကြီး သစ္စာခံလိုက်သဖြင့် သူအနေနှင့် နစ်နာသွားသယောင် ထင်ရနိုင်သည်။ သို့သော် မိုဝူကျိ တကယ့် ဝိဇ္ဇာအစစ်တစ်ယောက် ဖြစ်လာသည့် အချိန်ရောက်လျှင် သူကျဲဟိန်သည် တကယ့် အောင်နိုင်သူ ဖြစ်သွားပေလိမ့်မည်။
***