မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး
Vol. 80 Ch. 1114
မိုဝူကျိက ကျဲဟိန်သည် ဤသို့ ပြောလိမ့်မည်ဟု မထင်ထားခဲ့၍ အံ့အားသင့်သွားလေသည်။
“ မင်းက ဉာဏ်ကောင်းသားပဲ ” ဟွမ်တိက ကျဲဟိန်အား ပြောလိုက်၏။
မိုဝူကျိ ဝိဇ္ဇာဖြစ်လာနိုင်ခြေမှာ သိပ်မမြင့်မားသော်လည်း ကျဲဟိန်အနေနဲ့ မိုဝူကျိသာ အမှန်တကယ် ဝိဇ္ဇာ ဖြစ်လာခဲ့လျှင် အောင်မြင်သွားမည် ဖြစ်၏။ မိုဝူကျိ၏ လက်ရှိအင်အားကို ကြည့်ပါက ဟွမ်တိအနေနှင့် မိုဝူကျိသာ ဝိဇ္ဇာ ဖြစ်လာခဲ့လျှင် လော့ရှုနှင့် သေချာပေါက် ရင်ဆိုင်နိုင်ကြောင်း သေချာသိလိုက်သည်။
ပုံမှန်အားဖြင့် အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာတာအို အသိအမြင်ရရှိဖို့ရာ ကျရှုံးသွားခဲ့လျှင် ကျဲဟိန်သည်လည်း မိုဝူကျိနှင့်အတူ ပျောက်ကွယ်သွားပေလိမ့်မည်။
နောက်ဆုံးတွင် မုန့်ယဲ့က သူ့ဘာသာ ဆက်မထိန်းထားနိုင်တော့ဘဲ မိုဝူကျိအား လက်နှစ်ဖက် ယှက်ကာ
“ တာအိုရောင်းရင်းမို တကယ်လို့ တစ်နေ့ ဝိဇ္ဇာ ဖြစ်လာခဲ့ရင် ကျုပ် မုန့်ယဲ့က နေက်လိုက် လုပ်ပါ့မယ်လို့ ကျိန်ဆိုပါတယ် ”
ဟွမ်တိက ရယ်မောကာ
“ တကယ်လို့ တာအိုရောင်းရင်းမိုသာ ဝိဇ္ဇာ ဖြစ်သွားခဲ့ရင် မင်းလိုမျိုး နောက်လိုက် လိုဦးမယ် ထင်နေလား၊ ဟားဟား … လူတွေက သူတို့ လိုအပ်တဲ့အချန် ကူညီပေးတဲ့သူကိုပဲ သတိရကြတာ …. အရာအားလုံး ပြီးပြည့်စုံနေမှ လာနှမ်းဖြူးတဲ့သူတွေကို သဘောကျမယ် ထင်နေလား ”
မုန့်ယဲ့၏ မျက်နှာမှာ အနည်းငယ် မကြည်မသာ ဖြစ်သွားလေသည်။ သူကဲ့သို့ နယ်လှည့်ဝိဇ္ဇာတစ်ဦးက မိုဝူကျိ နောက်လိုက် လုပ်ဖို့ရာ အမှန်တကယ် မလိုလားပေ။
မိုဝူကျိက မည်မျှ အားကောင်းစေကာမူ သူက မလုပ်ချင်ပေ။ သူက နယ်လှည့် ဝိဇ္ဇာတစ်ဦး မဟုတ်ပါလော။ သူက နယ်လှည့် ဝိဇ္ဇာအရိုက်အရာကို ပြန်မရသေးသော်လည်း သူက နယ်လှည့် ဝိဇ္ဇာတစ်ဦး ဖြစ်နေသေး၏။
မိုဝူကျိက မုန့်ယဲ့ကို သူ့နောက်လိုက်ခိုင်းရအောင် မလိုအပ်သောကြောင့် ဟွမ်တိဘက် လှည့်ကာ “ ခင်ဗျားရဲ့ စိတ်နဲ့ ဝိညာဉ်ကို ဖြေလျော့ထား .. အခု ကျုပ် ထိန်းလိုက်မယ် ”
“ ငါ ကျိန်ဆိုစရာ မလိုဘူးလား ” ဟွမ်တိက မိုဝူကျိသည် စနောက်နေသည်ဟုသာ ထင်မှတ်နေခဲ့၏။ သူသာ မကျိန်ဆိုလျှင် မိုဝူကျိတွင် တကယ့် အစစ်အမှန် စိတ်ဝိညာဉ်ကမ္ဘာ ရှိနေလျှင်ပင် သူ့အနေနှင့် အလွယ်လေး ထွက်ပြေးနိုင်သေးသည်။
မုန့်ယဲ့က မိုဝူကျိအား စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း ဘာမှတော့ ဝင်မပြောပေ။ မိုဝူကျိ၏ ပုံစံအရ ဟွမ်တိအား လွှတ်ပေးလိုက်ရမည်မှန်း သိသာနေသည်။ အကယ်၍ မုန့်ယဲ့သာ မိုဝူကျိအား ဆက်တိုက် ပြောနေလျှင် ဟွမ်တိအား စိတ်အနှောင့်အယှက် ပေးမိပေမည်။
“ ငါ စိတ်လျော့ထားပြီးပြီ ” ဟွမ်တိက ဆက်မမေးတော့ပေ။
ယခု သူ ဟွမ်တိက ကျိန်ဆိုရခြင်း မရှိဘဲ မိုဝူကျိလိုမျိုး ငတိတစ်ကောင်၏ ပိတ်လှောင်ခြင်း ခံရသည်မှာလည်း ဆိုးသည့်ကိစ္စတော့ မဟုတ်ပေ။ သူ့တွင် ခန္ဓာကိုယ် ရှိနေသေးသည် မဟုတ်ပါလော။ အများဆုံး နောင်ကျ သူက မိုဝူကျိအား တစ်ခါ လွှတ်ပေးနိုင်လေသည်။
မိုဝူကျိက သူ့အား မကျိန်ဆိုခိုင်းလိုက်သည့် အခိုက်အတန့် သူက ထွက်သွားဖို့ ဆုံးဖြတ်ထားလိုက်၏။ မိုဝူကျိက သူ့အား ကျိန်ဆိုခိုင်းလျှင်ပင် အမှန်တရားက ပြောင်းလဲမည် မဟုတ်ပေ။ သူက ထွက်မသွားခင် ပြန်လည် ကုစားဖို့ အချိန်ယူရန် ကြံရွယ်ထားလေ၏။
ဝိဇ္ဇာတစ်ပါး၏ ဂုဏ်သိက္ခာကို ထိပါးခံ၍ မဖြစ်ပေ။
“ ငါ စိတ်လျော့ထားပြီးပြီ …” ဟွမ်တိက ထပ်ပြောလိုက်သည်။
ဟွမ်တိ စကားမဆုံးခင် သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ ထို့နောက် သူက ပြီးပြည့်စုံသည့် စည်းမျည်းများနှင့် ကမ္ဘာတစ်ခုအတွင်းသို့ ကျရောက်သွားသည်။
စည်းမျည်းများက ပြီးပြည့်စုံနေရုံသာမက နေရော လရော ရှိနေသည်။ ထို့အပြင် မြစ်ချောင်း၊ တောင်တန်းများနှင့် စိုက်ခင်းများကိုပင် မြင်တွေ့နေရသည်။
ဟွမ်တိက အတော်လေး အံ့ဩသွားလေ၏။ ဤသည်မှာ ရှေးဦးမူလ ကမ္ဘာတစ်ခု ဖြစ်နေသည်။
ဟွမ်တိ၏ စိတ်စွမ်းအားကို အသုံးမပြုနိုင်လိုက်ခင် အားပြင်းပြင်းတစ်ခု ဖြတ်တိုက်သွားသည်။ သူ့တစ်ကိုယ်လုံးမှာ ဆေးပင် စိုက်ခင်းအလယ်သို့ ခေါ်ဆောင်သွားခံရသည်။ ထို့နောက် မိုဝူကျိ၏ အသံကို ကြားလိုက်ရ၏
“ ခင်ဗျား ရောက်နေတာ ကျုပ်ကမ္ဘာထဲမှာဆိုတော့ ဘာမှမလုပ်ဘဲ နေနေလို့တော့ မရဘူး။ ခင်ဗျားက ဒီစိုက်ခင်းကို ဂရုစိုက်ပေးရမယ်။ တကယ်လို့ ဆေးပင်တွေကို ကောင်းကောင်း ဂရုမစိုက်ထားတာကို တွေ့ရင် ခင်ဗျားအနေနဲ့ ဒီကမ္ဘာထဲ ဆက်နေစရာ မလိုတော့ဘူး ”
မိုဝူကျိ၏ အသံမှာ ပျောက်ကွယ်သွားလေသည်။ ဟွမ်တိက ဘေးပတ်လည်အား တအံ့တဩ လိုက်ကြည့်လိုက်သည်။ နှမြောစရာကောင်းသည်က သူ့ဘေးပတ်လည် အာကာပြင်ကို ပိတ်ဆို့ထားလေ၏။ သူ လုပ်နိုင်သည်က ဤစိုက်ခင်းကြီးထဲ၌ လျှောက်ပတ်ကြည့်ရုံသာ တတ်နိုင်ပေသည်။
ဟွမ်တိက သက်ပြင်းချကာ စဉ်းစားကြည့်လိုက်၏။
ဒီမိုဝူကျိက ဘယ်က ရောက်လာတာလဲ … ဘယ်လိုလုပ် ရှေးဦးမူလ ကမ္ဘာကို ပိုင်ဆိုင်ထားတာလဲ ….
အမှန်တော့ ကျင့်ကြံသူတိုင်း လောကနတ်ဘုရားအဆင့် ရောက်ရှိပြီးသည့်နောက်တွင် ကမ္ဘာတစ်ခု၏ ဖြစ်တည်စ ပုံစံသာ ပိုင်ဆိုင်ကြသည်။ သို့သော် ကမ္ဘာတစ်ခု၏ ဖြစ်တည်စ ပုံစံသည် တကယ့်ကမ္ဘာနှင့် များစွာ ကွာခြားလှ၏။
ကမ္ဘာ ဖြစ်တည်စ ပုံစံနှင့် ကျင့်ကြံသူများက ပစ္စည်းများကိုသာ ထည့်သိမ်းဆည်းထားနိုင်ကြသည်။ အများဆုံး ဆေးပင်စိုက်ခင်း တစ်ကွက်၊ နှစ်ကွက်လောက်အထိသာ စိုက်နိုင်ကြ၏။ အကယ်၍ သူတို့သာ လုပ်နိုင်လျှင်ပင် အနည်းဆုံး ဝိဇ္ဇာတပိုင်းအဆင့် ရှိဖို့ လိုအပ်သေး၏။
ကမ္ဘာအတွင်းရှိ သက်ရှိ နေထိုင်နိုင်ခြင်းက ဝိဇ္ဇာအတွက်သာ အကျုံးဝင်ပေသည်။
တကယ်တော့ ဟွမ်တိက မိုဝူကျိ၏ ကမ္ဘာလောက် ပြီးပြည့်စုံနေသည့် ဝိဇ္ဇာ၏ ကမ္ဘာမျိုးကို မမြင်ဖူးသလို မိုဝူကျိ၏ ကမ္ဘာကဲ့သို့ အလားအလာကောင်းခြင်းကိုလည်း မမြင်ဖူးပေ။
ဒါက ဘယ်လိုကမ္ဘာမျိုးလဲ … သေချာပေါက် နောက်ထပ် စကြဝဠာတစ်ခုရဲ့ အစသာ ဖြစ်ရမည်။
အစပိုင်း ထွက်ပြေးဖို့ရာ ကြံရွယ်ထားသည့် ဟွမ်တိက သိပ်မကြာခင် အံ့အားသင့်မှုအပြည့် ဖြစ်သွားတော့သည်။
ဤသို့မျိုး ကမ္ဘာထဲ၌ ထွက်ပြေးဖို့ မဆိုထားနှင့် လှုပ်ရှားမှုအသေးလေးပင် မိုဝူကျိ မျက်စိအောက်မှ လွတ်နိုင်မည် မဟုတ်ပေ။ မိုဝူကျိက သူ့အား မကျိန်ဆိုခိုင်းသည်မှာ မထူးဆန်းတော့ပေ။ သူ့အား ဤကမ္ဘာထဲ ထည့်ထားလိုက်ခြင်းအားဖြင့် သူ့လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်နိုင်ပြီ ဖြစ်၏။ သူက မည်သို့ ထွက်ပြေးနိုင်မည်နည်း။
မိုဝူကျိက ဘယ်လောက်တောင် အားကောင်းနေတာလဲ … အရမ်းရမ်းကို အားကောင်းလွန်းနေတယ် …
ဟွမ်တိက မိုဝူကျိ ကမ္ဘာကို တအံ့တဩ ဖြစ်နေစဉ် မိုဝူကျိ၏ အသံကို တဖန် ထပ်ကြားလိုက်ရသည်
“ ဒါနဲ့ ခင်ဗျား ကျုပ်အပင်တွေကို သေချာဂရုစိုက်ပေးမယ်ဆိုရင်တော့ ခွန်းယွင်ရဲ့ ကျိုင်းကို ဖယ်ပေးဖို့ စဉ်းစားပေးမယ် ”
“ မင်းက သတ္တဗုဒ္ဓ ကျိုင်းကို ဖယ်နိုင်တယ်ပေါ့ ” ဟွမ်တိက အံ့အားသင့်စွာ မေးလိုက်သည်။
“ ဘယ်လို ထင်လဲ ” မိုဝူကျိက ထိုစကားများ ပြောပြီးနောက် တိတ်ဆိတ်သွားလေ၏။ နောက်ဆုံးတွင် သူက ထိုသံချေးတက်နေသည့် ကျိုင်းကြီးသည် သတ္တဗုဒ္ဓ ကျိုင်းမှန်း သိလိုက်ရ၏။ ထိုသတ္တဗုဒ္ဓ ကျိုင်းသည် သတ္တဗုဒ္ဓ ပဋိကကျမ်းနှင့် ဆက်နွယ်နေသလားဟု တွေးနေမိ၏။
ဟွမ်တိ စိတ်ထဲ အကြောက်တရားတို့ ကြီးမားလာသည်။ ရုတ်ချည်းဆိုသလို ဝိဇ္ဇာ ဖြစ်နေသူမှာ သူ မဟုတ်ဘဲ မိုဝူကျိလားဟု မရေမရာ ဖြစ်မိသွားလေ၏။
“ တာအိုရောင်းရင်းမို ဟွမ်တိကို တကယ်ကြီး ထိန်းထားနိုင်တာလား ” မုန့်ယဲ့က မသေမချာဟန်ဖြင့် မေးလိုက်သည်။
မိုဝူကျိက ရယ်မောကာ
“ တာအိုရောင်းရင်းမုန့် … သိပ်စိတ်မပူနေပါနဲ့။ ကျုပ် ခွင့်ပြုချက် မပါဘဲ ဟွမ်တိက ကျုပ်ပိုင်နက်ထဲကနေ တစ်လှမ်းမှ ထွက်သွားလို့ မရဘူး။ ဒီတစ်ခါ ခင်ဗျားကို ကျေးဇူးတင်ရမယ် ”
မုန့်ယဲ့က မရေမရာ ဖြစ်နေသေးသော်လည်း လေးစားဟန် လက်နှစ်ဖက် ယှက်ကာ “ ကျုပ်တို့က ဟွမ်တိကို အတူ ဖြေရှင်းဖို့ သဘောတူတာပဲလေ။ ကျေးဇူးတင်ရင် အလှမ်းကွာသလို ခံစားရတယ် ”
မိုဝူကျိက ခေါင်းခါကာ
“ ကျုပ်က ဟွမ်တိအကြောင်းကို ပြောနေတာ မဟုတ်ဘူး။ ထန်းဟန်အကြောင်းကို ပြောတာ … တကယ်လို့ ခင်ဗျားသာ အကြံမပေးခဲ့ရင် ကျုပ်က ထန်းဟန်ကို သွားတိုက်လောက်တယ်။ အခု ကျုပ် ပြန်တွေးကြည့်တော့ ကျုပ်သာ တကယ် သွားတိုက်လိုက်ရင် အခုအချိန် ဟွမ်တိနဲ့ ဖြေရှင်းခွင့် ရှိနေမှာတောင် မဟုတ်လောက်တော့ဘူး ”
မိုဝူကျိက စိတ်ထဲအတိုင်း ပြောနေခြင်း ဖြစ်၏။ အကယ်၍ သူသာ မုန့်ယဲ့ စကားများကို လျစ်လျူရှုဖို့ ရွေးချယ်မိခဲ့လျှင် သေခြင်းတရားက သူ့အား စောင့်ကြိုနေလောက်၏။
မိုဝူကျိက အတိတ်ကို မသိပေ။ သို့သော်လည်း ဟွမ်တိက ထန်းဟန်လောက် အားမကောင်းကြောင်း အသေအချာ သိနေ၏။ ပြောရမည်ဆိုလျှင် ဝိဇ္ဇာထန်းဟန်က ခန္ဓာကိုယ် အပြည့်အစုံကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲ နှစ်များစွာ ရှိနေခဲ့၏။ ယခု နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာသည့်အခါ ထန်းဟန်လည်း အကျိုးကျေးဇူး အတော် ရလောက်၏။
သတ္တဗုဒ္ဓ ကျိုင်းနှင့် ဒဏ်ရာအပြင်းအထန် ရထားမှုတို့ကြောင့် ဟွမ်တိသည် ထန်းဟန်ထက် သေချာပေါက် အားနည်းပေမည်။ သူ့လက်ရှိအနေအထားဖြင့်ပင် မိုဝူကျိတို့ ဟွမ်တိအား ပူးပေါင်း ဖမ်းဆီးမှုကား ကျရှုံးတော့လုနီးပါး ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ယခုအခါ ထန်းဟန်နှင့် သွားရင်ဆိုင်ခြင်းသည် ကိုယ့်သေတွင်းကို တူးနေသလိုသာ ဖြစ်၏။ ထန်းဟန်နှင့် ရင်ဆိုင်ဖို့ရာ မိုဝူကျိအနေနှင့် အနည်းဆုံး သဟဇာတ နောက်ပိုင်းအဆင့် ရောက်ဖို့ လိုအပ်ပေမည်။
သူ သဟဇာတ နောက်ပိုင်းအဆင့် ရောက်သည်နှင့် ထန်းဟန်အား ကြောက်နေစရာ မလိုတော့ပေ။
ထန်းဟန်အကြောင်းကိုး …
မုန့်ယဲ့ကလည်း သူ့ဘာသာ တွေးမိပြီး ငြိမ်သက်သွားလေသည်။ အမှန်တော့ မိုဝူကျိက ထန်းဟန်အား ရင်ဆိုင်ဖို့ ကြံစည်ခဲ့လျှင် သူက အရင်ဆုံး ထွက်ပြေးမည်သာ ဖြစ်၏။ သူက ဟွမ်တိနှင့် ရင်ဆိုင်သကဲ့သို့ အားလုံးကို ပုံမလောင်းနိုင်ပေ။
“ အောက်တစ်ချက် ဆင်းကြည့်လိုက်ဦးမယ် … နှစ်ယောက်လုံး ဒီမှာ စောင့်နေကြပါဦး ” မိုဝူကျိ၏ စိတ်စွမ်းအားက ယွဲ့မင်၏ ကျင့်ကြံဆင့်သည် အလွန်အားနည်းနေကြောင်း ခံစားမိ၏။ ယခုအချိန်အထိ သူမက ထောင်ထျဲ့တောင်ကြား အောက်ခြေကို မရောက်သေးပေ။
“ သခင်နဲ့အတူ လိုက်ခဲ့မယ်လေ ” ကျဲဟိန်က ချက်ချင်း ပြောလိုက်သည်။
မိုဝူကျိက လက်ခါပြကာ ကျဲဟိန်အား ဟုန်မုန့်စွမ်းအင် တစ်ပုလင်း ထုတ်ပေးလိုက်ရင်း “ ဒီမှာ စောင့်နေပြီးတော့ ဒဏ်ရာတွေကို ကုနေလိုက်ဦး။ ပြီးတော့ သခင်လို့ မခေါ်နဲ့ …. ရိုးရိုးရှင်းရှင်း စီနီယာအစ်ကိုဆိုရင် ရပြီ ”
“ ဟုတ်ကဲ့ စီနီယာအစ်ကိုကြီး …” ကျဲဟိန်က ထိုစကားများကို ရေရွတ်လိုက်ပြီးနောက် ကျောက်စိမ်းပုလင်းကို လက်ခံလိုက်သည်။ ထို့နောက် တအံ့တဩဖြင့် “ ဟုန်မုန့်စွမ်းအင်လား ”
“ ဟုတ်တယ် … ဟုန်မုန့်စွမ်းအင်ပဲ ” မိုဝူကျိက ကျဲဟိန် ပခုံးကို ပုတ်လိုက်ပြီးနောက် သူ့ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားလေသည်။ သူက ထောင်ထျဲ့တောင်ကြားအတွင်း ခုန်ဆင်းသွားလေ၏။
ဟုန်မုန့်စွမ်းအင်လား ….
မုန့်ယဲ့က ကျဲဟိန် လက်ထဲရှိ ပုလင်းကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူက မိုဝူကျိသည် ဤမျှ ရက်ရောလိမ့်မည်ဟု မထင်ထားပေ။ သူ့အား သစ္စာရှိကြောင်း ကျိန်ဆိုပြီးခါစ လူတစ်ယောက်ထံ အဘယ်ကြောင့် ဟုန်မုန့်စွမ်းအင် ပုလင်း ထုတ်ပေးနိုင်သနည်း။
“ စီနီယာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ် ” ကျဲဟိန်က လက်နှစ်ဖက် ယှက်ကာ တုန်တုန်ယင်ယင် ပြောလိုက်၏။ ထိုဟုန်မုန့်စွမ်းအင် ပုလင်းဖြင့် သူက သဟဇာတ နတ်ဘုရားအဆင့်သို့ မကြာခင် ရောက်ရှိတော့မည်မှန်း သိလိုက်သည်။
“ တာအိုရောင်းရင်းမိုက တကယ်ကို ထူးခြားတဲ့သူပဲ ” မုန့်ယဲ့က ပြောရင်း သက်ပြင်းချလိုက်သည်။
ကျဲဟိန်က မုန့်ယဲ့နှင့် ခပ်လှမ်းလှမ်းနေရာတွင် ထိုင်ကာ ဟုန့်မုန့်စွမ်းအင်ကို စုပ်ယူလိုက်ရင်း မုန့်ယဲ့ကိုလည်း စောင့်ကြည့်လိုက်သည်။ သူက မုန့်ယဲ့သည် သူ့ဟုန်မုန့်စွမ်းအင်ကို မလုယူရဲကြောင်း သိထားလျှင်ပင် ကျဲဟိန်က သတိကြီးကြီး ထားထားသေး၏။
မုန့်ယဲ့က ကျဲဟိန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာမှမပြောတော့ပေ။
သူက ကျဲဟိန်ကို အားကျရုံသာမက မိုဝူကျိ၏ အလားအလာကိုလည်း သိပေသည်။ ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျိနောက်လိုက် ဖြစ်ဖို့ရာ ဆန္ဒ မရှိသေးပေ။ ကမ္ဘာပျက်ကပ်ကြီးက နီးကပ်လာပြီ ဖြစ်၍ ဤသည်မှာ သူ့အဆင့်တက်ဖို့ရာ အခွင့်အရေး ဖြစ်သွားနိုင်သည်။
သူ မုန့်ယဲ့က ဝိဇ္ဇာ ဖြစ်လာနိုင်မည့် အခွင့်အရေး ရှိနေမည်ကို မည်သူ သိမည်နည်း။ သူသာ ဝိဇ္ဇာ ဖြစ်သွားသည်နှင့် သူ မုန့်ယဲ့က ဤစကြဝဠာကြီးထဲ၌ သူ့အမှတ်အသား ချန်ရစ်ထားခဲ့နိုင်ပေမည်။ အကယ်၍ မိုဝူကျိလည်း ဝိဇ္ဇာ ဖြစ်လာခဲ့လျှင် သူနှင့် မိတ်ဆွေအဖြစ် ဆက်လက် ရှိနေဦးမည် ဖြစ်၏။ အကယ်၍ မိုဝူကျိက ဤကပ်ဘေးကြီးအတွင်း အသက်မရှင်ခဲ့လျှင် မိုဝူကျိအတွက် အဆုံးသတ်ဖြစ်သွားပေမည်။
***
မိုဝူကျိ တစ်ယောက် ထောင်ထျဲ့တောင်ကြားထဲ ခုန်ဆင်းလိုက်သည့် နှုန်းက ယွဲ့မင်၏ အမြန်နှုန်းထက် များစွာ မြန်ဆန်ပေသည်။ ထိုအချိန်လေးအတွင်း သူက ယွဲ့မင်ဘေးသို့ ရောက်ရှိလာလေ၏။ လက်တစ်ချက်အဝေ့ဖြင့် သူက ယွဲ့မင်အား တောင်ကြားအောက်ခြေသို့ ခေါ်ဆောင်လာလိုက်သည်။ သူတို့က အချိန်တိုလေးအတွင်း အောက်ခြေသို့ ရောက်ရှိသွားကြသည်။
“ စီနီယာမို ….” ယွဲ့မင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူမက ကျောက်စိမ်းအဆောင်အား မိုဝူကျိဆီ ပြန်ပေးလိုက်သည်။
***