← Chapters

အိမ်ပြန်ခြင်း

Vol. 80 Ch. 1115

အိမ်ပြန်ခြင်း

Vol. 80 Ch. 1115

မိုဝူကျိ၏ အမြန်နှုန်းက ယွဲ့မင်ထက် ပိုမြန်ဆန်ပေသည်။ နှစ်ယောက်လုံး မြန်မြန်ဆန်ဆန်ဖြင့် ထောင်ထျဲ့တောင်ကြား အောက်ခြေသို့ ရောက်ရှိလာကြသည်။

“ စီနီယာမို …” ယွဲ့မင်က မိုဝူကျိဆီ ကျောက်စိမ်းအဆောင်ကို ပေးလိုက်ရင်း လှမ်းခေါ်လိုက်သည်။

မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူက ဤနေရာ၌ မည်သည့် ကွာခြားချက်မှ မခံစားမိပေ။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၏ စိတ်စွမ်းအားပင် ထူးထူးခြားခြား အာရုံမခံမိပေ။

ဤအရာက မိုဝူကျိအား ဝိဇ္ဇာများသည် မည်မျှ အံ့ဖွယ် ဖြစ်ကြောင်း ပို၍ အံ့အားသင့်သွားစေသည်။ သူက အဆင့် ၈ အစီအရင်ကိုပင် ခင်းကျင်းနိုင်သည့် နတ်ဘုရား အစီအရင်ဧကရာဇ် ဖြစ်သော်လည်း သူ့အစီအရင်တာအိုမှာ ဟွမ်တိနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

သူက လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို အသက်သွင်းလိုက်သည့်အခါ မမြင်ရသည့် ကာကွယ်ရေး အစီအရင်တစ်ခုက သူတို့ရှေ့မှောက် ပေါ်လာသည်။

“ ဆရာ …. ” ယွဲ့မင်က စိတ်လှုပ်ရှားတကြီး ခေါ်လိုက်သည်။ မိုဝူကျိက သတိမေ့မြောနေသည့် ကျီလီအား မခေါ်ထုတ်လာခင် ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပစ်လိုက်သည်။

ကျီလီ၏ လှပကြော့ရှင်းသည့် သွင်ပြင်တို့က ဖြူဖျော့နေသည်မှလွဲ၍ ပြောင်းလဲမှု များများစားစား မရှိချေ။ ကျီလီက သေမင်းခံတွင်းဝ ရောက်လုနီးပါး ဖြစ်သည့်အထိ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သွင်ပြင်က တင့်တယ်နေသေး၏။ သူမ နဖူးထက်မှ ဒဏ်ရာချက်လေးကား တခြားသူတွေအတွက်ဆိုလျှင် နည်းနည်း ထိတ်လန့်ဖွယ် ဖြစ်လောက်၏။

ယွဲ့မင်က မျက်ရည်များ ထိန်းကာ မိုဝူကျိအား လှမ်းကြည့်လိုက်၏။ သူမက သူမ၏ စွမ်းရည်ကန့်သတ်ချက်ဖြင့် ဘာမှမလုပ်နိုင်ကြောင်း သိပေသည်။ သူမက သူမဆရာ၏  အသိစိတ်ပင်လယ်နှင့် ဝိညာဉ်လမ်းကြောင်းတို့ကို ပြန်လည် ကောင်းမွန်လာစေဖို့ မဆိုထားနှင့် အသက်ကိုပင် ကယ်တင်ဖို့ရာ မတတ်စွမ်းကြောင်းလည်း သိထား၏။

မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအားကို ကျီလီ၏ ဝိညာဉ်လမ်းကြောင်းအတွင်း လှည်ပတ်စစ်ဆေးကြည့်လိုက်သည်။ သူမ အသိစိတ်က ခမ်းခြောက်နေသည့်အပြင် ဝိညာဉ်လမ်းကြောင်းများမှာလည်း လုံးဝ ဖျက်စီးခံထားရကြောင်း သိလိုက်၏။

“ မင်းဆရာက အခြေအနေ ဆိုးနေတယ်။ မင်းဆရာကို ပြန်ကောင်းလာစေဖို့ဆိုရင် ဝိညာဉ်ဆေးပင်တွေ လိုအပ်တယ်။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်နေသေးတယ် … ”

မိုဝူကျိ စကားမဆုံးခင် ယွဲ့မင်က ဖြတ်ပြောလိုက်သည်  “ စီနီယာ  သွားနှင့်လိုက်ပါ။ ကျွန်မ ဒီနေရာကနေ စီနီယာ ပြန်အလာကို စောင့်နေလိုက်ပါ့မယ် ”

သူမက ကိုယ့်စွမ်းဆောင်ရည်ကို ကောင်းကောင်း သိပေသည်။ သူမက မိုဝူကျိနောက် လိုက်သွားခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုမျှသာ ဖြစ်မည်မှန်း သိထားသည်။

မိုဝူကျိက ခေါင်းခါကာ

“ မဟုတ်သေးဘူး … မင်း ဒီမှာ နေလို့ မရဘူး။ ဟွမ်တိက မရှိတော့ဘူးဆိုတော့ ဒီနေရာက ဘေးကင်းတော့မှာ မဟုတ်ဘူး။ အဆင့်မြင့် ပညာရှင်တွေ အချိန်မရွေး ထွက်လာနိုင်တယ်။ နတ်ဘုရားနယ်မြေမှာ လူသားဂိုဏ်းဆိုတဲ့ ငါ့ ဂိုဏ်း ရှိတယ်။ ငါ့ဂိုဏ်းဆီ  ပြန်နေလိုက် …”

ယွဲ့မင်က မြန်မြန် ခေါင်းညိတ်ပြလိုက်သည်။ သူမက မိုဝူကျိ စကားများကို သံသယ မဖြစ်ပေ။

“ ဒီလိုဆိုမှတော့ မြန်မြန် သွားတော့ … ငါက မင်းရဲ့ ဆရာကို စီနီယာအစ်မလို့ ခေါ်တာဆိုတော့  အခုကစပြီး ငါ့ကို စီနီယာဦးလေးလို့ ခေါ်လို့ ရတယ် ” မိုဝူကျိက ကျီလီအား သူ့လူသားကမ္ဘာထဲ ပို့လိုက်သည်။ အထဲရှိ ဟုန်မုန့်စွမ်းအင်ဖြင့် ကျီလီ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့က ဖြည်းဖြည်းချင်း အာဟာရ ပြည့်လာလိမ့်မည်။

“ တာအိုရောင်းရင်းမို … ဘယ်လိုလဲ။ အဆင်ပြေရဲ့လား ” မုန့်ယဲ့က မိုဝူကျိနှင့် ယွဲ့မင်တို့ ထွက်လာသည်နှင့် မေးမြန်းလိုက်၏။

ဘေးတွင် ဒဏ်ရာကုစားနေသည့် ကျဲဟိန်လည်း လျှောက်လှမ်းလာသည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ

“ ငါ့စီနီယာအစ်မရဲ့ အသက်အန္တရာယ် မရှိတော့ဘူး။ ဒါပေမဲ့ ပင်းထန်းဝါး မရှိဘဲ ပြန််ကောင်းလာအောင် ကူညီမပေးနိုင်ဘူး ”

မုန့်ယဲ့က မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ အကယ်၍ ယခင်က ဖြစ်နေလျှင် မိုဝူကျိက သူ့အတွက် ဖီကာရွံ့စေး တစ်ဝက် ထုတ်ပေးရန် တောင်းဆိုမိပေလိမ့်မည်။ ယခု သူက ဖီကာရွံ့စေးအကြောင်း မမေးဘဲ မေးခွန်းထုတ်လိုက်သည်  “ တာအိုရောင်းရင်းမို  … ကျုပ်တို့ ဘယ်အချိန် သွားကြမလဲ ”

မိုဝူကျိက မုန့်ယဲ့ မေးခွန်းကို နားလည်ပေသည်။ သူက ပင်းထန်းဝါးကို သွားရှာမည့် အချိန်ကို ထုတ်မေးကြောင်း သိလိုက်သည်။

မိုဝူကျိက မုန့်ယဲ့အား ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျဲဟိန်အား ကျောက်စိမ်းပြား ပေးကာ

“ ကျဲဟိန် … ယွဲ့မင်ကို ငါ့လူသားဂိုဏ်းဆီ ခေါ်သွားပြီး အရင်ကျင့်ကြံနှင့်လိုက်။ ငါ နတ်ဘုရားသင်္ချိုင်းဂူဆီ သွားရင် မင်းကို သေချာပေါက် လာခေါ်လှည့်မယ် ”

“ ဟုတ်ကဲ့ပါ  … စီနီယာအစ်ကိုကြီး ” ကျဲဟိန်က မြန်မြန် ဦးညွှတ်လိုက်သည်။

သူ့လက်ရှိအင်အားဖြင့် မိုဝူကျိ  ပါလျှင်ပင် နတ်ဘုရားသင်္ချိုင်းဂူသို့ မသွားရဲသေးပေ။

ကျဲဟိန်က လူသားဂိုဏ်းကို တစ်ခေါက် ရောက်ဖူးပေသည်။ အမှန်တကယ် ကျင့်ကြံဖို့ နေရာကောင်းတစ်ခု ဖြစ်၏။ အဆင့် ၇ သေမင်းထောင်ချောက် အစီအရင်ကြောင့် သူက မတိုက်ခိုက်ရဲခဲ့ခြင်းသာ ဖြစ်သည်။ ယခု သူက ထိုအကြောင်းကို တွေးမိလိုက်သောအခါ မလုပ်ခဲ့မိသည့်အတွက် ကျေးဇူးတင်နေမိ၏။

***

“ ခင်ဗျား ပြောတဲ့ နေရာက နတ်ဘုရားကုန်းမြေထဲမှာလား ” မိုဝူကျိက သူတို့ နိဗာန တိတ်ဆိတ်မှု ပင်လယ် ကူးသန်းရေး အစီအရင်ကို နောက်တစ်ခေါက် ထပ်ဖြတ်လာရသည့်အခါ မနေနိုင်ဘဲ မေးလိုက်သည်။

မုန့်ယဲ့က ရယ်မောကာ

“ တာအိုရောင်းရင်းမို … ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီနေရာကို လူတော်တော်များများ ရောက်ဖူးကြတယ်။ အဲဒီနေရာက ကျင့်ကြံဖို့ မသင့်တော်ဘဲ အဆုံးသတ်နေရာ ဖြစ်နေလို့သာ  ”

“ ဘယ်နေရာလဲ ” မိုဝူကျိက မေးမြန်းလိုက်၏။

“ ကျုပ်တို့ ရောက်ပြီ … ဒီနေရာပဲ ” ထိုသို့ပြောပြီးနောက် မုန့်ယဲ့က ပျံသန်းရေး ရတနာကို သိမ်းထားလိုက်ပြီး သာမာန် မြစ်တစ်စင်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။

“ မိန်မျိုးနွယ် အိမ်တော်လား ” မိုဝူကျိက သူ့ရှေ့ရှိ အိမ်တော်ကြီးကို ကြောင်အစွာ ကြည့်လိုက်မိသည်။

“ ဒီနေရာက အခု မိန်မျိုးနွယ် အိမ်တော် ဖြစ်နေပြီလား” မုန့်ယဲ့ကလည်း တအံ့တဩ မေးလိုက်ပြန်သည်။

မိုဝူကျိက ရှင်းပြလိုက်သည်

“ ဟိုးအရင်တုန်းက ကျုပ် နိဗာန တိတ်ဆိတ်မှုပင်လယ်ရဲ့ ကူးသန်းရေး အစီအရင်ကနေ ဖြတ်လာတော့ ဒီကနေ ထွက်လာရတာ ”

ယခင် မိုဝူကျိက ထိုလိပ်ကျွန်းပေါ်တွင် ကျဲဟိန်နှင့် ရှိစဉ်အခါက ကျဲဟိန်ဆီမှ ပစ္စည်းတချို့ ရယူပြီးနောက် ကျဲဟိန်အား နတ်ဘုရားကုန်းမြေဆီ သွားမည့် ကူးသန်းရေး အစီအရင်အကြောင်း အတင်းအကျပ် မေးခဲ့သည်။ နောက်ဆုံးတွင် သူက ကူးသန်းရေး အစီအရင်ကို ဖြတ်လာပြီးနောက် မိန်မျိုးနွယ် အိမ်တော်ဆီ ရောက်ရှိလာခြင်း ဖြစ်၏။

ယခင် နတ်ဘုရားကမ္ဘာ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာပြီးနောက် နတ်ဘုရားနယ်မြေ၏ နယ်မြေအတော်အများက ပြောင်းလဲမှုများ ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း နတ်ဘုရားကုန်းမြေ၌ နယ်မြေ အပြောင်းအလဲ သိပ်မရှိပေ။

မိန်မျိုးနွယ် အိမ်တော်သည်လည်း များစွာ မပြောင်းလဲသွားပေ။ မိုးမြေ စည်းမျည်းများ ပိုမို ပြည့်စုံလာသည်မှလွဲ၍ မိန်မျိုးနွယ် အိမ်တော်သည် ယခင်ကဲ့သို့ မှိုင်းတိုင်းတိုင်း ဖြစ်နေသေး၏။

“ ခင်ဗျားက ဒီအထိ ရောက်လာပြီးတော့ ဘေးကင်းကင်း ထွက်လာနိုင်တယ်ပေါ့ ” ယခုကား မုန့်ယဲ့ အံ့ဩရမည့်အလှည့် ဖြစ်၏။

“ ဘာပြဿနာ ရှိလို့လဲ ” မိုဝူကျိက ပြန်ဖြေလိုက်သည်

“ ကျုပ် ရောက်လာတုန်းက ပြဿနာဆိုလို့ ကျုပ်စိတ်စွမ်းအား ကန့်သတ်ခံထားရတာပဲ …. ပြီးတော့ ဒီနေရာရဲ့ မှုန်မှိုင်းမှိုင်း ခံစားချက်ကြီးရယ်ပေါ့။ အဲဒါတွေကလွဲရင် ကျန်တာ ဘာမှမရှိပါဘူး ”

မုန့်ယဲ့က မိန်မျိုးနွယ် အိမ်တော်အနီးသို့ ကပ်လိုက်ပြီးနောက် နေရာတစ်ခုလုံးကို စတင်၍ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။ ခဏအကြာတွင် သူက အံ့ဩတကြီးဖြင့်

“ မထူးဆန်းတော့ပါဘူး … ဒီနေရာလည်း ပြောင်းလဲသွားတာပဲ။ တစ်ယောက်ယောက်က ဒီနေရာမှာ အိမ်တော် ဆောက်နိုင်ခဲ့တာက မိန်မျိုးနွယ် အိမ်တော်လား။ ကြည့်ရတာ မိန်မျိုးနွယ်က ထူးချွန်ပြောင်မြောက်တဲ့လူတစ်ဦး မွေးထုတ်ပေးနိုင်ခဲ့တဲ့ပုံပဲ …. ဒီနေရာမှာ မိန်မျိုးနွယ်အိမ်တော်ကို သူ တည်ဆောက်ခဲ့တာ နေမယ် ”

“ ဘာဖြစ်လို့လဲ ” မိုဝူကျိက မေးခွန်းထုတ်လိုက်၏။

“ ဒီနေရာမှာ ကူးသန်းရေး အစီအရင်တစ်ခု ရှိတယ် ” မုန့်ယဲ့က ပြောလိုက်သည်။

မုန့်ယဲ့ စကားမဆုံးခင် မိုဝူကျိက ဖြတ်ပြောလိုက်သည်

“ ဒီနေရာမှာ ကူးသန်းရေး အစီအရင်ရှိတာ သိတယ်လေ။ ကျုပ်က နိဗာန တိတ်ဆိတ်မှုပင်လယ်ထဲက ကူးသန်းရေး အစီအရင်ကနေ ဒီကူးသန်းရေး အစီအရင်ကို ဖြတ်လာတာ ”

မုန့်ယဲ့က ခေါင်းခါကာ

“ တာအိုရောင်းရင်းမို ကျုပ်က နိဗာန တိတ်ဆိတ်မှုပင်လယ်ရဲ့ ကူးသန်းရေး အစီအရင်အကြောင်း ပြောနေတာ မဟုတ်ဘူး။ နိဗာန တိတ်ဆိတ်မှု ပင်လယ်ရဲ့ ကူးသန်းရေး အစီအရင်ကို နောက်မှ ဆောက်ထားတာ … ကျုပ်ပြောတဲ့ ကူးသန်းရေး အစီအရင်က  …. ”

“ ဝုန်း ” အပျက်အစီးကြားမှ အသံကျယ်ကြီး ထွက်လာကာ မုန့်ယဲ့စကားကို နှောင့်ယှက်လိုက်သည်။ ပေါင်းပင်များနှင့် ပြည့်နှက်နေသည့် အိမ်တော်က ထိုအသံကျယ်ကြီးကြောင့် ပို၍ မှိုင်းသွားသလို ပေါ်၏။

မုန့်ယဲ့နှင့် မိုဝူကျိတို့က အိမ်တော်ထဲ အတူ ဝင်လိုက်ကြသည်။

မုန့်ယဲ့က အားနည်းသည့် ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော်လည်း  အစောပိုင်း ဝိဇ္ဇာတပိုင်း ဖြစ်နေသေး၏။ မိုဝူကျိက အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း သူ့အင်အားက ဝိဇ္ဇာတပိုင်းအဆင့်နှင့် ညီတူပေသည်။ သူတို့လို ပညာရှင်နှစ်ယောက်က ထိုအသံကျယ်ကြီးကို ကြောက်နေလျှင် ကျင့်ကြံရေး လမ်းစဉ်ကို ဆက်မလျှောက်သင့်တော့ပေ။

“ အထဲ မဝင်ကြနဲ့  ….” သူတို့နှစ်ဦး အိမ်တော်ထဲ ဝင်တော့မည့်ဆဲဆဲတွင် ဆံရှည်ရှည် အမျိုးသားတစ်ဦးက ရုတ်ချည်း ပြေးလာကာ သူတို့အား တားလိုက်၏။

မိုဝူကျိက ထိုအမျိုးသားသည် အနည်းငယ် ရင်းနှီးနေကြောင်း တွေ့လိုက်ရ၏။ သူ မပြောနိုင်ခင် မုန့်ယဲ့က အရင်ဝင်ပြောလိုက်သည်  “ အဲဒီလူရဲ့ စိတ်က အပြင်းအထန် ဒဏ်ရာရထားတယ်။ သူ ကြာကြာ အသက်ရှင်နိုင်တော့မယ် မထင်ဘူး ”

မိုဝူကျိက ထိုလူတွင် ပြဿနာရှိနေကြောင်း သိ၍ ခေါင်းညိတ်ပြလိုက်သည်။ သူ့စိတ်သာ ထိခိုက်ထားရုံသာမက သူ့ဝိညာဉ်ပင် ဒဏ်ရာများ ရရှိနေပြီး ကမ္ဘာဦး စိတ်ဝိညာဉ်သည်လည်း ကြွေလွှင့်လုမတတ် ဖြစ်နေလေပြီ။

ထိုအမျိုးသားက ဆက်မပြောနိုင်ခင် မိုဝူကျိက ထိုသူ့အတွက် ဆေးတစ်လုံး ပစ်ပေးလိုက်၏။ ထိုဆေးလုံးက ထိုအမျိုးသား၏ ပါးစပ်အတွင်း တန်းရောက်ရှိသွားလေသည်။

ရောက်လာသည့်သူက တအံ့တဩ ဖြစ်သွားသော်လည်း ချက်ချင်း ခြေချိတ်လျက် ထိုင်ချလျက်သည်။

“ ဆေးကောင်းလေးပဲ ”မုန့်ယဲ့ပင် ထိုဆေးလုံးကို မချီးကျူးဘဲ မနေနိုင်ချေ။

သူက မိုဝူကျိအား မည်သို့ ဖြစ်နိုင်ကြောင်း မေးချင်စိတ်ကို ထိန်းထားလိုက်ရ၏။ ဤဆေးလုံးက အဘယ်ကြောင့် အညစ်အကြေး လုံးဝ မပါရှိရသနည်း။ အညစ်အကြေး မပါရှိသည့် ဆေးလုံးမှာ ဆေးအဆိပ်မရှိသည့် ဆေးလုံး ဖြစ်ပေသည်။

မိုဝူကျိက ရယ်မောလိုက်ပြီး ဘာမှမပြောပေ။ သူက ဆေးလုံး သန့်စင်ရေး နည်းစနစ်အပေါ် ဉာဏ်အလင်းပွင့် ထားပြီးနောက် သူ ဖော်စပ်သော ဆေးလုံးများမှာ ဆိုးကျိုး မရှိသလောက် ဖြစ်သွားသည်။ သာမာန်အခြေအနေအောက်တွင် သူက တခြားသူများကို သူ့ဆေးလုံးနှင့် ကယ်မည် မဟုတ်ပေ။ ယခု မိုဝူကျိ ကယ်လိုက်ရသည့် အကြောင်းအရင်းမှာ ထိုအမျိုးသားက ရှီလင်းယုနှင့် ဆင်နေ၍ ဖြစ်၏။ မိုဝူကျိ၏ မှန်းဆချက်အရ ထိုသူသည် ရှီလင်းယုနှင့် ပတ်သတ်မှု ရှိပေလိမ့်မည်။

ရှီလင်းယုက မိုးကောင်းကင်ငယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပေသည်။ မိုဝူကျိက သူနှင့် ဆက်ဆံရေးကောင်းရှိ၍ ရံဖန်ရံခါ ကူညီပေးခဲ့ဖူး၏။

အမွေးတိုင်ဝက်စာအတွင်း ထိုအမျိုးသားက ထရပ်လာသည်။ သူက မျက်လုံးဖွင့်ကာ မိုဝူကျိနှင့် မုန့်ယဲ့တို့အား ကြည့်လိုက်ပြီးနောက် အသိပြန်ကပ်လာသည်။ သူက မိုဝူကျိအား မြန်မြန် ဦးညွှတ်ကာ

“ ရှီဖန် စီနီယာမိုကို ဂါရဝပြုပါတယ်။ ကျွန်တော် အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ ”

ဆေးတစ်လုံးတည်းဖြင့် သူ့ပျက်စီးနေသော ဝိညာဉ်မှာ ပြန်လည် ကောင်းမွန်လာလေ၏။ မည်သို့ သာမာန်ဆေးလုံး ဖြစ်နိုင်မည်နည်း။ ယခင် သူ့ဖခင်ဖြစ်သူက ဆေးလုံးဆရာမိုအား အတော်လေး လေးစားခဲ့သည်။ ကြည့်ရသည်မှာ ဆေးလုံးဆရာမိုက အမှန်တကယ် အံ့ဖွယ်တစ်ပါး ဖြစ်နေ၏။

“ မင်းက ငါ့ကို သိတယ်လား။ မင်းက ရှီလင်းယုနဲ့ ဘယ်လို ပတ်သတ်တာလဲ  ” မိုဝူကျိက မေးလိုက်သည်။

ရှီဖန်၏ မျက်ဝန်းများက နီရဲလာကာ မြန်မြန် ပြန်ဖြေလိုက်၏  “ စီနီယာကို ဖြေကြားအပ်ပါတယ် … ရှီလင်းယုက ကျွန်တော် အဖေပါ ”

“ မင်းအဖေရော အခု ဘယ်လိုလဲ ” မိုဝူကျိက ရှီဖန်၏ အခြေအနေကို မြင်ထားသောကြောင့် ရှီလင်းယုသည် ဒုက္ခတွေ့နေကြောင်း မှန်းဆမိလိုက်၏။

ရှီဖန်က မှိုင်းတိုင်းတိုင်း မိန်မျိုးနွယ် အိမ်တော်ကို ညွှန်ပြကာ

“ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်ရဲ့ အဖေ မိန်မျိုးနွယ် အိမ်တော်ထဲ ဝင်သွားပြီးတော့ ပြန်ထွက်မလာတော့ဘူး။ ဂျုနီယာရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်တော့ အိမ်တော်ထဲ လိုက်မဝင်ရဲဘူး။ အဲဒါနဲ့ ကျွန်တော့ အဖေကို အပြင်ဘက်ကနေ စောင့်နေတာ ကြာလှပြီ။ ဒါပေမဲ့ အခုအထိ ဘာသတင်းမှ မကြားရသေးဘူး ”

“ မင်းအဖေက ဘာလို့ မိန်မျိုးနွယ် အိမ်တော်ထဲ ဝင်သွားတာလဲ” မိုဝူကျိက မနေနိုင်ဘဲ မေးလိုက်သည်။

မိန်မျိုးနွယ် အိမ်တော်၌ မည်သည့်ရတနာမှ မရှိချေ။ ပျက်စီးနေသည့် ကုန်းမြေတစ်ခုသာ ဖြစ်၏။

ရှီဖန်က ပြန်ဖြေလိုက်၏  “ ကျွန်တော် အ‌ဖေက  မိုးကောင်းကင် ရေကန်ငယ်တောင်ရဲ့ မိန်ချင်းချင်းကို ကယ်ဖို့ ဝင်သွားခဲ့တာပါ ”

***

All Chapters