← Chapters

နယ်လှည့် ဝိဇ္ဇာသုံးပါး

Vol. 80 Ch. 1116

နယ်လှည့် ဝိဇ္ဇာသုံးပါး

Vol. 80 Ch. 1116

ထိုစဉ် မိုဝူကျိ စိတ်ထဲ၌ အတော်လေး ကြည့်ကောင်းသည့် အမျိုးသမီး ပုံရိပ်ကို ပြန်လည် မြင်ယောင်လာမိသည်။ သူ မိုးကောင်းကင်ငယ်ဂိုဏ်း ဝင်နိုင်သည့် အကြောင်းအရင်းမှာ မိန်ချင်းချင်းကြောင့်သာ ဖြစ်၏။ သူ မိုးကောင်းကင်ငယ်ဂိုဏ်း၌ နှံစပါး စိုက်နိုင်သည့် အကြောင်းအရင်းမှာလည်း သူမကြောင့်သာ ဖြစ်ပေသည်။

မိုးကောင်းကင်ငယ်ဂိုဏ်းတွင် မိန်ချင်းချင်း၏ ဂုဏ်သတင်းမှာ သိပ်မကောင်းလှချေ။ သို့သော်လည်း ထိုအရာက မိုဝူကျိနှင့် သူမကြားက ပတ်သတ်မှုကို အနှောင့်အယှက် မဖြစ်စေပေ။ မိုဝူကျိက တစ်ဖက်လူ၏ ဂုဏ်သတင်းကို ကြည့်မည့်အစား ပတ်သတ်၍ အဆင်ပြေမည့်သူကိုသာ မိတ်ဆွေဖွဲ့ပေသည်။

“ အစ်မမိန် ဘာဖြစ်လို့လဲ ” မိုဝူကျိ၏ မိန်ချင်းချင်းအပေါ် အမြင်မှာ အတော်လေး ကောင်း၏။

ရှီဖန်က သူ့ဘာသာ ပြန်ထိန်းပြီးနောက် အသက်ပြင်းပြင်း ရှုကာ

“ အရင်တုန်းက စီနီယာ  မိုးကောင်းကင် ရေကန်ငယ်တောင်ရဲ့ သခင်မမိန်ကို ကယ်ပြီးတော့ ကျင့်ဝေကို သတ်ပစ်ပြီးတဲ့နောက်မှာ သခင်မမိန်က ဂိုဏ်းကနေ ထွက်သွားခဲ့တယ်။ ဒါပေမဲ့ တောင်သခင်မမိန်က နတ်ဘုရားကမ္ဘာစည်းမျည်းတွေ ပြန်ကောင်းလာပြီးတဲ့နောက်ကျ ရုတ်တရက်ကြီး မိုးကောင်းကင်ဂိုဏ်းဆီ ပြန်ရောက်လာတယ်။ ကျွန်တော်လည်း အဖေနဲ့ သခင်မမိန်တို့ ပြောတာကို မသိပေမဲ့ နောက်ရက်ကျတော့ တောင်သခင်မမိန်က မိန်အိမ်တော်ဆီ ဝင်သွားခဲ့တာပဲ ….

တောင်သခင်မမိန် မိန်အိမ်တော်ထဲ ဝင်သွားပြီးတော့ သူမ သတင်းလည်း ဘာမှမကြားရတော့ဘူး။ ခုနှစ်ရက်ကြာလာတော့ အဖေက စိုးရိမ်လာတာနဲ့ ဂိုဏ်းက အကြီးအကဲကို ခေါ်ပြီး သခင်မမိန်ကို ရှာဖို့ မိန်အိမ်တော်ဆီ လိုက်သွားခဲ့တယ်   ”

ဘေးတွင် နားထောင်နေသည့် မုန့်ယဲ့က ရုတ်ချည်း မေးလိုက်သည်  “ မင်းအဖေက တောင်သခင်မမိန်နဲ့ အရမ်း ရင်းနှီးတယ်ပေါ့ ”

ရှီဖန်က ခေါင်းခါကာ

“ မဟုတ်ပါဘူး  …. အဖေ အလေးစားဆုံးသူက ဆေးလုံးဆရာမိုဆိုတော့ ဆေးလုံးဆရာမိုက အဖေကို သခင်မမိန်ကို စောင့်ရှောက်ပေးဖို့ ပြောထားလို့ပါ။ အဲဒါကြောင့်မလို့ သခင်မမိန် ဒုက္ခရောက်တော့ အဖေလည်း ဘေးကနေ ထိုင်ပြီး ကြည့်မနေနိုင်တာပါ ”

ရှီဖန်က လျှောက်ပြောနေခြင်း မဟုတ်ပေ။ မိုဝူကျိက ရှီလင်းယုနှင့် လမ်းခွဲလာစဉ်အခါက မိုဝူကျိသည် ဤမျှလောက် အောင်မြင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အတွင်း မိုဝူကျိ၏ ဂုဏ်သတင်းက ဆက်တိုက် တိုးမြင့်နေပေသည်။ ထိုအခါမှ ရှီလင်းယုက မိုဝူကျိတွင် ထူးခြားပြောင်မြောက်မည့် အလားအလာ ရှိကြောင်း အတည်ပြုနိုင်လိုက်ခြင်း ဖြစ်၏။  မိုဝူကျိနှင့် မိတ်ဆွေဖွဲ့ဖို့  သူ့ဆုံးဖြတ်ချက်ကား ပို၍ ခိုင်မာသွားလေသည်။

သို့သော်လည်း မိုဝူကျိနှင့် တွေ့ဆုံဖို့ အခွင့်အရေး များများ မရခဲ့ပေ။ မိုဝူကျိနှင့် ရင်းနှီးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သူက မိုဝူကျိ၏ မိတ်ဆွေများအပေါ် အလွန်အရေးထားကြောင်း နားလည်စေရန်သာ ဖြစ်၏။

မိုဝူကျိက ရှီလင်းယုသည် ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိပေသည်။ ထို့ကြောင့် သူက ရှီဖန်၏ စကားများကို သံသယမဝင်ပေ  “ အဲဆို နောက်ပိုင်းကျ ဘာတွေဆက်ဖြစ်ခဲ့တာလဲ ”

ရှီဖန်က  ရိုရိုကျိုးကျိုး ပြောလိုက်သည်

“ အဖေက မိန်အိမ်တော်ထဲ မဝင်သွားခင် ကျွန်တော်ကို မှာကြားခဲ့တာ ရှိတယ်။ တကယ်လို့ သူသာ ပြန်မထွက်လာနိုင်ခဲ့ရင် ဒီအဖြစ်အပျက်ကို နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ သတင်းပေးရမယ်တဲ့ ….

ကျွန်တော်လည်း အဖေကို စိုးရိမ်တာနဲ့ မိန်အိမ်တော်နား ကပ်သွားလိုက်တာ။ ဒါပေမဲ့ အနီးအနားတောင် မရောက်လိုက်ရဘူး။ ကျွန်တော်စိတ်က ရုတ်တရက် ဒဏ်ရာ ရသွားပြီးတော့ အသိစိတ်ပင်လယ်တချို့လည်း ပျောက်ဆုံးသွားတယ်။ အဖေ ပြောခဲ့တဲ့စကားကို မှတ်မိနေသေးတယ်။ အဲဒါကြောင့် ကျွန်တော် မိန်အိမ်တော်ထဲ တစ်လှမ်းမှ မဝင်လိုက်တာပဲ …

ကျွန်တော် လုပ်တာက ဒီမိန်အိမ်တော်နား ကပ်လာတဲ့သူတွေကို သတိပေးရုံပဲ လုပ်နိုင်တယ် ”

“ မင်းအဖေ မိန်အိမ်တော်ထဲ ဝင်သွားတုန်းက ကျင့်ကြံဆင့် ဘယ်လောက်လဲ ” မိုဝူကျိက မေးလိုက်၏။

“ သဟဇာတ နတ်ဘုရား အဆင့် ၁ ပါ ” ရှီဖန်က ပြန်ဖြေလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ပြကာ

“ ကောင်းပြီလေ …  ငါ သိပြီ။ အခု ငါ့မိတ်ဆွေနဲ့အတူတူ မိန်အိမ်တော်ထဲကို ဝင်သွားလိုက်မယ်။ မင်းက မိုးကောင်းကင်ငယ်ဂိုဏ်းဆီ အရင်ပြန်နှင့်လိုက် ”

သဟဇာတ နတ်ဘုရား အဆင့် ၁ ပင် မိန်အိမ်တော်အတွင်း၌ အစအနမကျန် ပျောက်ကွယ်သွားလေသည်။ ဤသည်မှာ မိန်အိမ်တော်ကား သေချာပေါက် မရိုးရှင်းကြောင်း သက်သေပြနေခြင်းသာ ဖြစ်၏။

“ စီနီယာမို မိန်အိမ်တော်ထဲ ခြေချလို့ မဖြစ်ဘူး။ ကျွန်တော် အခု နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ သွားလိုက်မယ် … ”

မိုဝူကျိက ရှီဖန် စကားဆုံးသည့်အထိ မစောင့်တော့ဘဲ ခေါင်းခါကာ

“ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က အရင်ကလိုမျိုး ကျောင်းတော် မဟုတ်တော့ဘူး။ နတ်ဘုရားကုန်းမြေရဲ့ အကြီးဆုံးဂိုဏ်းဆိုပေမဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ဆီ သွားလိုက်တာက ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

မင်း စိတ်ချနေလိုက် … မင်းအဖေကို မိန်အိမ်တော်ထဲမှာ တွေ့တာနဲ့ ငါ သူ့ကို သေချာပေါက် ကူညီပေးမှာပါ ”

“ စီနီယာမိုကို ကျေးဇူးအများကြီး တင်ပါတယ် ” ရှီဖန်က မြန်မြန် ဦးညွှတ်လိုက်သည်။

“ တာအိုရောင်းရင်းမုန့် သွားကြရအောင် ” မိုဝူကျိက မုန့်ယဲ့အား ခေါ်ကာ မိန်အိမ်တော်အတွင်း ဝင်ရောက်သွားကြသည်။

***

မိန်အိမ်တော်က ယခင်နှင့် အတူတူသာ ဖြစ်၏။ နတ်ဘုရားကုန်းမြေရှိ စည်းမျည်းများ ပြန်လည် ကောင်းမွန်လာမှုကြောင့် ပြောင်းလဲမှု များများစားစား မဖြစ်သွားပေ။ အနည်းဆုံးတော့ မိန်အိမ်တော်သည် ယခင်ကဲ့သို့ မှုန်မှိုင်းမှိုင်း ဖြစ်နေဆဲ ဖြစ်၏။

“ တာအိုရောင်းရင်းမို .. ခင်ဗျား နိဗာန တိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်လာတော့ သုံးတဲ့ ကူးသန်းရေး အစီအရင်က ဘယ်နားမှာလဲ ” နှစ်ယောက်လုံးက နံရံအပျက်အစီးများကို ဖြတ်ကျော်လာပြီးနောက် မိန်အိမ်တော် အတွင်းပိုင်းသို့ ရောက်ရှိလာစဉ်  မုန့်ယဲ့က ဘေးပတ်လည်ကို စစ်ဆေးရင်း မေးလိုက်သည်။

မိုဝူကျိက အဆောက်အဦးပျက်ကြီးကို ညွှန်ပြကာ

“အဲဒီအောက်နားလောက်မှာ …. ကျောက်တုံးအိမ်လေးနဲ့ ကူးသန်းရေး အစီအရင် ရှိတယ်  … ”

မိုဝူကျိက စကားပြော ရပ်လိုက်ကာ မုန့်ယဲ့အား တုန်လှုပ်တကြီး ကြည့်လိုက်၏။ မုန့်ယဲ့၏ မျက်နှာမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးမှာ တုန်ယင်နေလေသည်။

မုန့်ယဲ့ ခန္ဓာကိုယ်ထဲမှ မထင်မရှား ကမ္ဘာဦး စိတ်ဝိညာဉ်က ဆွဲနှုတ်ခံနေရသည်။ မုန့်ယဲ့၏ စိုးရိမ်နေသည့် အမူအယာကို ကြည့်ကာ မိုဝူကျိက မုန့်ယဲ့သည် ဒုက္ခတွေ့နေကြောင်း သိလိုက်၏။

မိုဝူကျိက အေးစက်စက် အငွေ့အသက်ကို ခံစားမိလိုက်၍ တုန်တုန်ယင်ယင် ဖြစ်သွားမိသည်။

သိပ်မကြာခင် မိုဝူကျိက အခြေအနေကို နားလည်သွားသည်။ သူ့စိတ်စွမ်းအားက ဘာမှအာရုံမခံမိသော်လည်း သူက ဘေးပတ်ဝန်းကျင်အား စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက မုန့်ယဲ့၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဆွဲထုတ်နေသည့် မထင်မရှား အမှတ်အသားကြီးကို မြင်လိုက်ရသည်။

မုန့်ယဲ့က ဂုဏ်သတင်းကျော်စောသည့် ဝိဇ္ဇာတပိုင်း ဖြစ်သော်လည်း ပြန်လည် တိုက်ခိုက်ခွင့်ပင် မရလိုက်ပေ။ ထိုကြောက်မက်ဖွယ်အရာကြီးကြောင့် သူ အော်၍ အကူအညီပင် မတောင်းနိုင်လိုက်ပေ။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ စိတ်စွမ်းအင်မြှားကို ပစ်လွှတ်လိုက်၏။ သူ့အသိစိတ်ပင်လယ်အတွင်းရှိ စိတ်စွမ်းအားကို ကန့်သတ်ထားသော်လည်း စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအား ရှိနေသေးသည် မဟုတ်ပါလော။

စိတ်စွမ်းအင်မြှားကို ပစ်လွှတ်လိုက်ပြီးနောက် မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်မှ အလင်းတန်း ထွက်ပေါ်လာသည်။

“ အား ” အသံအက်အက် အော်သံကြီးက မိန်အိမ်တော် တိတ်ဆိတ်နေမှုအား ဖြိုခွင်းသွားလေ၏။ ထို့နောက် အနီရောင်အလင်းတန်း တစ်ခု ပေါက်ကွဲထွက်သွားကာ ဘေးပတ်လည်မှာ နဂိုပုံစုံအတိုင်း ပြန်လည် တည်ငြိမ်လာသည်။

နောက်ဆုံးတွင် အသိပြန်ကပ်လာသည့် မုန့်ယဲ့က နဖူးမှ ချွေးအေးများကို သုတ်ကာ မိုဝူကျိဘက် လှည့်လိုက်ရင်း

“ တာအိုရောင်းရင်းမိုကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ ခင်ဗျားသာ ဝင်မပါရင် ကျုပ်ရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်တော့ အဲဒီခွေးကောင်လက်ချက်နဲ့ အနှုတ်ခံရတော့မလို့ …. ဟူး .. ”

မုန့်ယဲ့က ထိုအတွေးဖြင့် မိုဝူကျိအား သိချင်စွာ ကြည့်လိုက်သည်

“ မင်း ကမ္ဘာဦး စိတ်ဝိညာဉ်က ဘာလို့ အတိုက်အခိုက် မခံရတာလဲ။ မင်းက လျို့ဝှက်တိုက်ကွက်တောင် ထုတ်သုံးနိုင်သေးတယ် … ”

ဤသို့မျိုး နေရာ၌ မုန့်ယဲ့လည်း သူ့လျို့ဝှက်တိုက်ကွက်ကို ထုတ်သုံးနိုင်ပေသည်။ အကြောင်းမှာ သူ့တွင်လည်း ကိုယ်ပိုင်လျို့ဝှက်ချက် ရှိနေ၍ ဖြစ်၏။

သို့သော် မိုဝူကျိက ဘယ်လိုလုပ် ထုတ်သုံးနိုင်တာလဲ …. ကမ္ဘာဦး စိတ်ဝိညာဉ်က ဘယ်လိုလုပ် အကောင်းပတိအတိုင်း ရှိနေသေးတာလဲ

သဟဇာတ နတ်ဘုရားအဆင့်သို့ တက်လှမ်းလာပြီးနောက် သူက တမင်ရည်ရွယ်ချက်ရှိရှိ တာအိုအငွေ့အသက်တချို့များကို ထုတ်လွှင့်ထားခဲ့သည်။ မဟုတ်ခဲ့လျှင် မုန့်ယဲ့ကို မဆိုထားနှင့် ဟွမ်တိပင် သူက သေမျိုးတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်မည် မဟုတ်ပေ။

မိုဝူကျိက မုန့်ယဲ့‌ မေးခွန်းကို စိတ်ထဲ မထားပေ။ အကယ်၍ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိလျှင် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကို မည်သို့ လုယူနိုင်ပါ့မည်နည်း။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကိုတော့ သူက ဘယ်သူကိုမှ ပြောပြမည် မဟုတ်ပေ။

“ တာအိုရောင်းရင်း မုန့် …. ကျုပ်ကို အသိပေးရမဲ့ကိစ္စတွေ ရှိသေးတယ်မလား။ မဟုတ်ရင် ကျုပ်တို့နှစ်ယောက်လုံးအတွက် အကျိုးရှိမှာ မဟုတ်ဘူးနော် ” မိုဝူကျိ၏ အသံမှာ ပို၍ လေးနက်လာ၏။ အကယ်၍ ပင်းထန်းဝါးက ကျီလီအတွက် အလွန်အရေးပါနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက ဤသို့ ဉာဏ်များတတ်သည့် မုန့်ယဲ့နှင့် အလုပ်တွဲလုပ်မည် မဟုတ်ပေ။

မုန့်ယဲ့က အသက်ရှုလိုက်ပြီးနောက် သူ့ကိုယ်သူ စွမ်းအားစက်ကွင်းနှင့် ကာကွယ်လိုက်ကာ

“ တာအိုရောင်းရင်းမို အခုကိစ္စက ကျုပ် မှန်းဆတာထက် ကျော်လွန်သွားပြီ။ တကယ်လို့ ခင်ဗျား မမေးရင်တောင် ပြောပြမှာပါ။ ခင်ဗျားက အာဏာစက်ပိုင် နတ်ဘုရားတွေအကြောင်း သိထားပြီးတော့ ကျုပ်က နယ်လှည့် ဝိဇ္ဇာတစ်ဦးဆိုတာကို သိထားတယ်။

ကျုပ်တို့က နယ်လှည့် ဝိဇ္ဇာသုံးပါး ရှိတယ်လေ။ တစ်ယောက်က သွေ့ကျောင်းရန် … သူက ပင်းထန်းဝါးနဲ့ ပတ်သတ်နေတဲ့ တစ်ယောက်ပဲ … ”

“ ခင်ဗျား ပြောတာ သွေ့ကျောင်းရန်လည်း ဒီကို ရောက်နေတာလား ” မိုဝူကျိက မေးခွန်းထုတ်လိုက်သည်။

မုန့်ယဲ့က ခေါင်းခါကာ

“ အဲဒါကိုတော့ သေချာမသိဘူး။ အရင်တုန်းက နယ်လှည့်ဝိဇ္ဇာသုံးပါးက ကပ်ဘေးအတွင်းမှာ မဟာမိတ်ဖွဲ့ခဲ့ကြတယ်။ ကျုပ်တို့ သွားလာနေတုန်း ယွမ်မို တစ်ယောက် ဝိညာဉ် ဖျက်စီးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ သွေ့ကျောင်းရန်နဲ့ကျုပ်က ဗလာတောအုပ်ထဲ အသည်းအသန် ထွက်ပြေးခဲ့ရတာ  ….

အဲဒီနောက်ကျ ကျုပ်တို့ ရတနာတွေကို ဗလာတောအုပ်ထဲ ဝှက်ထားခဲ့ကြတယ်။ သွေ့ကျောင်းရန်လည်း သူ့ပင်းထန်းဝါးကို ဝှက်ခဲ့မှာ သေချာတယ်။ သွေ့ကျောင်းရန်က ဒဏ်ရာအပြင်းအထန် ရထားပြီးတော့ သူ့ကမ္ဘာကလည်း မတည်မငြိမ် ဖြစ်နေတာလေ။

ဒီလိုအခြေအနေမျိုးနဲ့ ပင်းထန်းဝါးလိုမျိုး ရတနာကို သူနဲ့ ယူသွားရဲမှာ မဟုတ်ဘူး။ ပင်းထန်းဝါးက သူ့အတွက် အရမ်းအရေးကြီးတယ်လေ။ နောင်အခါကျ ပင်းထန်းဝါးက သူ့မဟာတာအိုကို ပြန်ကောင်းလာစေနိုင်တယ်။

ကျုပ် ခန့်မှန်းချက်လည်း မှန်ကန်နေခဲ့တယ်။ သိပ်မကြာလိုက်ဘူး  … သွေးကျောင်းရန်ရဲ့ ကမ္ဘာ ဖျက်စီးခံလိုက်ရတာကို ကျုပ်ကိုယ်တိုင် မြင်လိုက်ရတယ် ”

“ အဲဒီနောက် ဘာဆက်ဖြစ်သွားလဲ ” မိုဝူကျိက ယခင်လောက် မျှော်လင့်ချက် မထားတော့ပေ။ နှစ်များစွာ ကြာပြီးနောက် သွေ့ကျောင်းရန်က ပြန်လာယူပြီးလောက်လေပြီ။

“ အဲဒီနောက်ကျ သွေ့ကျောင်းရန်နဲ့ ကျုပ်တို့ ဗလာတောအုပ်ထဲမှာ အာကာပြင် ကူးသန်းရေး အစီအရင်တစ်ခု တည်ဆောက်ခဲ့ကြတယ်။ နောက်ကျ ခင်ဗျား မိန်အိမ်တော်လို့ ခေါ်တဲ့ နေရာဆီ ရောက်လာကြတယ်။

ဒီအစီအရင် နေရာကို မှတ်ထားပြီးတဲ့နောက်ကျ ဒီနေရာမှာ အစီအရင်သင်္ကေတတချို့ကို ရေးထွင်းခဲ့ကြတယ်။ အဲဒါတွေ ပြီးသွားတာနဲ့ ကျုပ်တို့ ကိုယ့်လမ်းကို လျှောက်ခဲ့ကြတာ ….” မုန့်ယဲ့က ဆက်ပြောလိုက်သည်။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်၏

“ သွေ့ကျောင်းရန် ပြန်မလာဘူးလို့ ဘာလို့များ သေချာနေတာတုန်း …. သူ ပြန်ရောက်လာပြီး ကူးသန်းရေး အစီအရင် ခင်းကျင်းပြီတော့ သူ့ပစ္စည်းကို ပြန်ယူသွားတာရော မဖြစ်နိုင်ဘူးလား ”

မုန့်ယဲ့က ခေါင်းခါကာ

“အရင် ကျုပ်တို့ ကူးသန်းရေး အစီအရင် ခင်းကျင်းတုန်းက ကျုပ်က အဓိက လုပ်ခဲ့ရတာ။‌ သွေ့ကျောင်းရန်ရဲ့ အစီအရင်တာအိုက ကျုပ်ကို မမှီဘူး။ ဒီနေရာမှာ သူ ရှိနေရင်တောင် ကူးသန်းရေး အစီအရင်ကို တစ်ယောက်တည်း ပြီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး  ….

ဒါပေမဲ့ အခုတော့ ကျုပ်လည်း  ကျုပ်ခန့်မှန်းချက်ကို သံသယ ပြန်ဝင်လာမိပြီ ”

“ဘာလို့လဲ ” မိုဝူကျိ၏ နှလုံးခုန်နှုန်းပင် မြန်လာမိသည်။ သူက သွေ့ကျောင်းရန်သည် ပင်းထန်းဝါးကို အမှန်တကယ် ယူသွားလေပြီလားဟု စိုးရိမ်မိသွားသည်။

မုန့်ယဲ့က ပြန်ဖြေလိုက်သည်

“ သွေ့ကျောင်းရန် ပြန်ကောင်းလာပြီလား မသိဘူး။ မဟုတ်ရင် သူက ကျုပ်ကမ္ဘာဦး စိတ်ဝိညာဉ်ကို နှုတ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ”

မုန့်ယဲ့ ဆက်မရှင်းပြသည့် တစ်စုံတစ်ခု ရှိနေသည်။ သွေ့ကျောင်းရန်က သူကမ္ဘာဦး စိတ်ဝိညာဉ်ကို နှုတ်ယူပြီး ဤအာကာပြင် ကူးသန်းရေး အစီအရင်အား အတင်းကျပ် အပြီးသတ်စေခိုင်းနိုင်ခြေ ရှိပေသည်။ အကယ်၍ သွေ့ကျောင်းရန်သာ မိုဝူကျိနှင့် သူ့ထက် ပိုအားကောင်းနေခဲ့လျှင် သူ မုန့်ယဲ့က ရွေးချယ်စရာ မရှိတော့ချေ။

“ ခင်ဗျားတို့နှစ်ယောက် အရင်ခင်းကျင်းခဲ့တဲ့ အစီအရင်က ဘယ်နားမှာလဲ  … ကျုပ်ကို ခေါ်သွားပေး ” မိုဝူကျိက မုန့်ယဲ့အား စိုက်ကြည့်လိုက်သည်။

***

All Chapters