← Chapters

ဝိဇ္ဇာတပိုင်း အတုအား ချုပ်နှောင်ခြင်း

Vol. 80 Ch. 1118

ဝိဇ္ဇာတပိုင်း အတုအား ချုပ်နှောင်ခြင်း

Vol. 80 Ch. 1118

အရိုးဖြူတစ်ခုက လေဟာနယ်ထဲမှ ကျဆင်းလာကာ မိုဝူကျိ၏ ပုဆိန်လှံရှည်နှင့် ထိပ်တိုက် တွေ့သွားသည်။ ထိုအရိုးဖြူကြီးက လေထဲ ပေါက်ကွဲထွက်သွားကာ ငါးကြေးခွံ့များအဖြစ် ပြောင်းလဲသွားလေ၏။ ထိုငါးကြေးခွံ့များက ပုဆိန်လှံရှည်ဆီ အရှိန်ပြင်းပြင်း ဝင်ရောက်လာသည်။

“ ဝုန်း ” ပုဆိန်လှံရှည်မှ အလင်းတန်းကို ငါးကြေးခွံ့များက ရစ်ပတ်သွားလေ၏။ ထို့နောက် စိမ့်တောထဲ ပျော်ဝင်သွားသလို ဖြစ်သွားသည်။

မိုဝူကျိက ဤလူသည် သူ့သာမာန်တိုက်ကွက်များကို မကြောက်ကြောင်း သိလိုက်၏။ သို့သော်လည်း မိုဝူကျိက မိန်ဟန်ရှန်းနှင့် ရင်ဆိုင်ဖို့ရာ သတ္တကမ္ဘာ လက်ချောင်းပညာရပ် သို့မဟုတ် မဟာဖျက်စီးရေး ပညာရပ်တို့ကို ထုတ်သုံးရန် မရည်ရွယ်ထားပေ။

မိုဝူကျိအနေနှင့် မိန်ဟန်ရှန်းကို ရင်ဆိုင်ဖို့ရာ အပြည့်အဝ အားစိုက်ထုတ်ဖို့ မလိုအပ်ပေ။ စိတ်စွမ်းအင်မြှားသုံးစင်း ပစ်ခွင်းလိုက်ပြီးနောက် မိန်ဟန်ရှန်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ရ၏။

ထိုအသံကျယ်ကြီး အဆုံးတွင် မိုဝူကျိ၏ ပုဆိန်လှံရှည်အား ရစ်ပတ်နေသော ငါးကြေးခွံ့များက တစ်မဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။ သူတို့က ဘေးသို့ ကျသွားကာ အရိုးဖြူအဖြစ် ပြန်ပြောင်းလဲသွားသည်။

“ ဝုန်း ” ဘေးမှ ရပ်နေသည့် မုန့်ယဲ့ပင် မိန်ဟန်ရှန်း၏ အရိုးအက်သံများကို ကြားလိုက်ရ၏။

မိုဝူကျိနှင့် မိန်ဟန်ရှန်းတို့ တိုက်ပွဲအတွင်း မုန့်ယဲ့က ဘာမှမလုပ်လိုက်ရပေ။ အကြောင်းအရင်း တစ်ခုမှာ မိုဝူကျိအား လေးစားမိ၍ ဖြစ်၏။ မိုဝူကျိ၏ အင်အားအရ မိန်ဟန်ရှန်းနှင့် ရင်ဆိုင်ရာတွင် သူ့အကူအညီ လိုအပ်မည် မဟုတ်ချေ။ ဒုတိယအနေနှင့် သူက မိုဝူကျိသည် မိန်ဟန်ရှန်းလိုမျိုး အစောပိုင်း ဝိဇ္ဇာတပိုင်းအဆင့် တစ်ယောက်နှင့် မည်သို့ ရင်ဆိုင်မည်မှန်း သိလိုမိသည်။

လက်ရှိ သူက ရလဒ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ မိန်ဟန်ရှန်းက  အစောပိုင်း ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်နေလျှင်ပင် မိုဝူကျိကို ပြန်တိုက်ခိုက်ရန် စွမ်းရည်ရှိမည် မဟုတ်ပေ။ မိန်ဟန်ရှန်းက အားနည်းနေ၍ မဟုတ်ဘဲ  သူ့နည်းလမ်းများက သေစေဖို့ရာ မလုံလောက်ချေ။ တစ်ဖက်တွင် မိုဝူကျိက မိန်ဟန်ရှန်း နည်းလမ်းများ၏ ဟာကွက်များကို ရင်ဆိုင်ဖို့ သီးသန့်နည်းလမ်း ရှိဟန် ပေါ်၏။ မုန့်ယဲ့၏ ခန့်မှန်းချက်အရ မိုဝူကျိသည် စိတ်စွမ်းအားအပေါ် တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုမှန်း သိလိုက်၏။ မိန်ဟန်ရှန်းက မဟာတာကိုကို ဝါးမျိုသည့် ကျင့်စဉ် ကျင့်ကြံထားသောကြောင့် သူ အကြောက်ဆုံးမှာ စိတ်စွမ်းအား တိုက်ခိုက်မှုသာ ဖြစ်၏။

အရိုးသားဆုံးပြောရလျှင် သူပင် မိုဝူကျိ၏ စိတ်စွမ်းအား တိုက်ခိုက်မှုကို ကြောက်ရွံ့နေမိသည်။

“ ဝုန်း ” စိတ်စွမ်းအင်မြှားသုံးစင်က မိန်ဟန်ရှန်း၏ အသိစိတ်ပင်လယ်ကို ဒဏ်ရာရသွားစေပြီး ကမောက်ကမ ဖြစ်သွားစေသည်။ ထိုင်နေသည့် မိန်ဟန်ရှန်းက မြေပြင်ပေါ် ကျလာသည့် ဖန်ခွက်အလား ဝုန်းခနဲ ပြုတ်ကျလာသည်။ သူက အရိုးတခြားစီ ကွာကျသွားသေးသည်။

မိုဝူကျိကို အံ့အားသင့်သွားစေသည်က မိန်ဟန်ရှန်းသည် စိတ်ပျက်ခြင်းလည်း မရှိသလို စိတ်ဓာတ်ကျသွားခြင်းလည်း မရှိပေ။ သူ့အရိုးခြောက်သွင်ပြင်ဖြင့် မိုဝူကျိအား ကြည့်ကာ

“ မင်း ဒီကို စရောက်လာတုန်းက ငတိလေးတစ်ကောင်ပဲ ရှိသေးတာ …. ငါက ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဝါးမျိုတဲ့ တာအိုကို ကျင့်ကြံတယ်။ အဲလိုဆိုရင်တောင် မင်းကိုတော့ မဝါးမျိုနိုင်ခဲ့ဘူး။ မင်း ဘယ်လို လုပ်လိုက်တာလဲ ”

ဤနေရာသို့ မိုဝူကျိ ရောက်လာခါစက နတ်ဘုရားကုန်းမြေသည် အပြည့်အဝ ပြန်မကောင်းလာသေးပေ။ သူ မိန်ဟန်ရှန်းက ထန်းဟန်၏ ထိန်းချုပ်မှု အပြည့်အဝ မခံရသေးသလို  ထိန်းဟန်၏ အသိစိတ်အမျှင်လေး တစ်မျှသာ ထိုးဖောက်ခံထားရသေး၏။ သူက သွေ့ကျောင်းရန်၏ မဟာတာအိုဝါးမျို ကျင့်စဉ်ကို ကျင့်ကြံသည့်အတွက် ဤနေရာ၌ လွတ်လပ်မှုတချို့ ရရှိခဲ့သည်။ သူက မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို မစုပ်ယူနိုင်သောကြောင့် မိုဝူကျိအား ဖမ်းဆီးထားဖို့ရာ မတတ်စွမ်းခဲ့ပေ။ ထို့ကြောင့် မိုဝူကျိက အလွယ်လေး လွတ်မြောက်သွားခြင်း ဖြစ်၏။

“ မိန်ချင်းချင်းက ဘယ်မှာလဲ ” မိုဝူကျိက မေးခွန်းများကို ဖြေဖို့ရာ စိတ်မပါပေ။ ထို့အစား သူက မိန်ချင်းချင်းကို တည့်တိုး မေးလိုက်၏။

မိန်ဟန်ရှန်းက ယုတ်မာစွာ ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်

“ သူမကို ထန်းဟန်က ခေါ်သွားပြီ။ ငါက ပြန်ဝင်စားတော့မှာဆိုတော့ မိန်ချင်းချင်းအကြောင်း မေးပေးမယ်။ မင်း ပြန်လည် ဝင်စားတဲ့အလှည့်ရောက်လာရင် မင်းကို ပေးသိမယ်လေ ဟားဟား ”

သူ မိန်ဟန်ရှန်းက နတ်ဘုရားကုန်းမြေတစ်ခုလုံး၌ ပါရမီအရှိဆုံး ကျင့်ကြံသူအဖြစ် ယူဆနိုင်ပေသည်။ နတ်ဘုရားကမ္ဘာရှိ မိုးမြေစည်းမျည်းများက ပြန်မကောင်းလာခင် သဟဇာတ နတ်ဘုရားအထိ ကျင့်ကြံဖို့ရာ အလွန်ခက်ခဲခဲ့၏။ သို့သော်လည်း သူ မိန်ဟန်ရှန်းက သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။

မိန်ဟန်ရှန်းက နတ်ဘုရားကုန်းမြေကို အုပ်စိုးဖို့ရာ လုံးဝ စိတ်မဝင်စားခဲ့ပေ။ အကယ်၍ သူသာ နည်းနည်းလောက် စိတ်ဝင်စားခဲ့လျှင် နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို ဆန့်ကျင်ဖို့ရာ အင်အားစုတစ်ခု တည်ထောင်ဖို့ရာအထိ အားကောင်းပေသည်။

ထို့အစား သူက ဝိဇ္ဇာဖြစ်လာဖို့ရာသာ စိတ်ဝင်စားမိသည်။ သူက နတ်ဘရား အရိုက်အရာနှင့် တကယ့် ပညာရှင် အဖြစ် အဆင့်ဝင်ဖို့ရာသာ စိတ်ဝင်စားလေ၏။

သူက တိုက်တိုက်ဆိုင်ဆိုင်ဖြင့် အခွင့်အရေးနှင့်လည်း ကြုံကြိုက်ခဲ့သည်။ သူက မိန်မျိုးနွယ် အိမ်တော်တွင် ထူးချွန်ပြောင်မြောက်လှသော ကျင့်ကြံသူနှင့် တွေ့ဆုံခဲ့မိသည်။ အတိအကျဆိုရလျှင် ဒဏ်ရာအပြင်းအထန် ရနေသော အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။

နည်းလမ်းအမျိုးမျိုးဖြင့် သူက ထိုကျင့်ကြံသူထံ ချည်းကပ်ခဲ့ပြီး သွေ့ကျောင်းရန်၏ မဟာတာအိုဝါးမျို ကျင့်စဉ်ကို ရယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် မိန်ဟန်ရှန်းက ထိုသူ့အား ရှင်းပစ်နိုင်ခဲ့သည်။ အကယ်၍ သူသာ ဝိဇ္ဇာထန်းဟန်လိုမျိုး ကြောက်မက်ဖွယ် ပညာရှင်မျိုးနှင့် မတွေ့ဆုံခဲ့လျှင် သူ မိန်ဟန်ရှန်းက အောင်မြင်လာလောက်၏။

မိုဝူကျိက အေးစက်စွာ သရော်လိုက်သည်

“ ကျုပ်လက်နဲ့ သေသွားတဲ့ ဝိဇ္ဇာတောင် ပြန်လည် ဝင်စားခွင့် ရမှာ မဟုတ်ဘူး။ ခင်ဗျားလိုမျိုး ဝိဇ္ဇာတပိုင်းအဆင့်လေးနဲ့ ဘာတွေ လေကျယ်နေတာလဲ ”

မိုဝူကျိက ထိုသို့ ပြောလိုက်သည့်အခါ မိန်ဟန်ရှန်းက စိုးရိမ်တကြီး မေးလိုက်၏  “ မင်းက ဘာတွေ လုပ်နိုင်လို့လဲ ”

မိန်ဟန်ရှန်းက အသိစိတ်မျှင်လေးပင် မထုတ်နိုင်ကြောင်း သတိထားမိလိုက်သည်။ လက်ရှိ နေရာတစ်ခုလုံးမှာ အာကာပြင် သင်္ကေတများနှင့် ပိတ်ဆို့ထားသလို ဖြစ်နေသည်။ တကယ်တော့ သူက ဒဏ်ရာမရနေလျှင်ပင် ဤအားကောင်းလှသည့် အစီအရင် သင်္ကေတများမှ မလွတ်မြောက်နိုင်ကြောင်း သိလိုက်သည်။ သူ၏ မှုန်ဝါးဝါး ကမ္ဘာဦး စိတ်ဝိညာဉ်ပင် ထိုအစီအရင်ကို မကျော်ဖြတ်နိုင်ပေ။

ဤသည်မှာ ရိုးရိုးရှင်းရှင်း သေမင်းထောင်ချောက် အစီအရင် မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ရှိ သဘာဝငါးမျိုးကို ပိတ်ဆို့ထားနိုင်လေသည်။ သဘာဝငါးမျိုး၏ စည်းမျည်းများ ပိတ်ဆို့ခံလိုက်ရသည့်အခါ သူက မည်သို့ လွတ်မြောက်နိုင်တော့မည်နည်း။

မုန့်ယဲ့က အေးစက်စွာ သရော်မိလိုက်၏။ မိုဝူကျိက ဟွမ်တိကိုပင် ပိတ်ထားနိုင်သူ ဖြစ်ပေသည်။ မည်သူကမှ ထိုလူ ဝိဇ္ဇာတပိုင်းအဆင့် ရောက်လာဖို့ မည်သည့် အမှိုက်သရိုက်နည်းလမ်းများ သုံးလာသည်ကို မသိကြပေ။ သို့သော်လည်း နတ်ဘုရားအရိုက်အရာ မရှိသည့် လူတစ်ယောက်အတွက် မိုဝူကျိလက်မှ ပြေးလွှတ်မည် ထင်နေလျှင် အလွဲကြီး လွဲနေခြင်းသာ ဖြစ်၏။ ထို့အပြင် သူက ထန်းဟန်၏ ထိန်းချုပ်ခံထားရသော စစ်တုရင်သာသာ ဖြစ်ပေသည်။

မိုဝူကျိက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်

“ ကျုပ် ဘယ်လိုလုပ်မှာလဲဆိုတာ စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ်ကို မိန်ချင်းချင်းရဲ့ နေရာကို ပြောလိုက် … သူမဆီမှာ ခင်ဗျားလိုမျိုး ရွံ့စရာကောင်းတဲ့ ဘိုးဘေး ရှိနေသေးပေမဲ့ မိန်ချင်းချင်းကတော လူကောင်းတစ်ယောက်ပါ ”

မိုဝူကျိက ပြောလိုက်ရင်း စိတ်ဓာတ်ကျဖွယ် စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ သူက လှည့်ကြည့်လိုက်သည့်အခါ နှင်းလို ဖြူဆွတ်နေသည့် လူအရည်ပြားတစ်ခုကို မြင်လိုက်ရသည်။

မိုဝူကျိက ဘာမှမပြောနေဘဲ ရုတ်ချည်း ခံစားမိသွားမှုအပေါ်သာ အာရုံစိုက်လိုက်သည်။ ထို့နောက် သူ့ဒေါသများက စိတ်ရောကိုယ်ပါ ပြည့်နှက်လာသည်။

မိန်ချင်းချင်း ….

မိုဝူကျိက ထိုအရာမှာ မိန်ချင်းချင်း ဖြစ်ကြောင်း အသေအချာ သိလိုက်သည်။

မိန်ချင်းချင်းက စိတ်ဓာတ်ကျမှုအပြင် ဘာမှမရှိဘဲ နေခဲ့သည့် မိန်းကလေး တစ်ဦး ဖြစ်၏။ သူမက ဂိုဏ်းအတွင်း၌ ကျော်ကြားမှုနှင့် လေးစားမှုတို့ ရှိဟန် ပေါ်သော်လည်း အမှန်တော့ သူမက ပြက်ရယ်ပြုမူများအား များစွာ ကြုံတွေ့ခံစားခဲ့ရသည်။

မိုဝူကျိက သူမ စိတ်ဓာတ်ကျမှုကို ခံစားမိသည်မှာ  သူမနာမည်ကိ ခဏတိုင်း ထုတ်ပြောနေ၍ ဖြစ်၏။

“ ငါ့ကို ပြန်လည်ဝင်စားခွင့် ပေးဖို့ ပြောနေတာလေ ” မိန်ဟန်ရှန်းကလည်း ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။ မိုဝူကျိ၏ သဘာဝငါးမျိုး ပိတ်ဆို့မှု သေမင်းထောင်ချောက်ကြောင့် သူ့အနေနှင့် ပြန်လည်ဝင်စားဖို့ အခွင့်အရေးပင် မရှိနေချေ။

မိုဝူကျိ မျက်လုံးပိတ်ထားကာ မိန်ဟန်ရှန်း စကားကို အဖတ်မလုပ်ပေ။

မိုဝူကျိ၏ အနီးအနားတွင် ရပ်နေသည့် မုန့်ယဲ့က မိုဝူကျိ၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို ရှင်းရှင်းကြီး အာရုံခံလိုက်မိသည်။ သူက အရင်ဦးစွာ မေးကြည့်လိုက်၏  “ မင်းက သွေ့ကျောင်းရန်ကို သတ်ပြီးတော့ သူရဲ့ မဟာတာအို ဝါးမျို ကျင့်စဉ်ကို လုယူခဲ့တာလား ”

“ ဟုတ်တယ် … ဒါပေမဲ့ ကျုပ်နောက်ခံက နတ်ဘုရားအရိုက်အရာရှိတဲ့ ဝိဇ္ဇာထန်းဟန်ပဲ။ ကျုပ်ကို ထိရဲရင် ဝိဇ္ဇာထန်းဟန်က မင်းတို့အရိုးတွေကို အမှုန့်ခြေပစ်ပြီးတော့ ပြန်လည် ရှင်သန်ခွင့် ပေးမှာ မဟုတ်ဘူး  ….” မိန်ဟန်ရှန်းက တခြားသူများနှင့် ကွဲပြားပေသည်။ သူက အသက်ရှင်လိုစိတ် ပြင်းထန်သူ ဖြစ်၏။ မဟုတ်လျှင် သူက ဝိဇ္ဇာထန်းဟန်၏ ထိန်းချုပ်မှုကို ခံမည် မဟုတ်ပေ။ သူက ထန်းဟန်၏ အမိန့်ကို နာခံပြီး စောင့်နေမည် မဟုတ်ချေ။ သူက ဝိဇ္ဇာထန်းဟန်၏ သတ်ဖြတ်ခြင်းကို ခံပြီး ဘယ်သောအခါမှ ပြန်လည် ဝင်စားခွင့် မရမည့်အစား ပြန်လည် ဝင်စားဖို့သာ ရွေးချယ်မိလိမ့်မည်။

ပြန်လည် ဝင်စားခြင်းသည် သူ့အတွက် အလွန်အရေးကြီး၏။ သူက မဟာတာအိုဝါးမျို ကျင့်စဉ်ကို ကျင့်ကြံသည့်အတွက် ပြန်လည် ဝင်စားပြီးနောက်တွင် သူ့ကျင့်ကြံဆင့်နှင့် မှတ်ဉာဏ်ကို ပြန်လည် ရယူနိုင်ပေသည်။ သို့သော်လည်း သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်အထိ ပြန်လည် ကျင့်ကြံနိုင်ဖို့ရာ အလွန်တရာ ခက်ခဲပေမည်။ ထို့ကြောင့် သူက ယနေ့အထိ ပြန်လည်ဝင်စားဖို့ မသွားရသေးခြင်း ဖြစ်၏။

မိုဝူကျိက မျက်လုံးဖွင့်ပြီး မိန်ဟန်ရှန်းအား ရွံ့ရှာစွာ ကြည့်လိုက်သည်  “ ခင်ဗျားလိုမျိုး အမှိုက်သရိုက်က ပြန်လည်ဝင်စားခွင့် ရမယ် ထင်နေလား … သေစမ်း ”

အဆင့် ၈ ပညာရှင်နှလုံးသား မီးတောက် ထွက်ပေါ်လာသည်။ မိန်ဟန်ရှန်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို မီးတောက်၏ ဝါးမျိုမှုကို ခံလိုက်ရပေသည်။ ထိုအစိမ်းရောင် မီးတောက်အတွင်း ကြောက်မက်ဖွယ် ခေါင်းတစ်လုံး ထွက်လာ၏။

စူးစူးဝါးဝါး အော်ဟစ်သံကြီးကို ကြားလိုက်ရသည်

“ ငါ့ကို လွှတ်ပေးပါ … မင်းအတွက် ဘာမဆို လုပ်ပေးပါ့မယ်။ မင်းက မိန်မျိုးနွယ်က မိန်းမတွေကို ကြိုက်တယ်မလား။ မင်းသာ  လွတ်ပေးမယ်ဆိုရင် အများကြီး မွေးထုတ်ပေးပါ့မယ်။ မင်းရဲ့ ခွေးတောင် လုပ် …. ”

မိုဝူကျိက သက်ပြင်းအရှည်ကြီးချကာ

“အစတုန်းက ခင်ဗျားကို နည်းနည်းလောက် လောင်ကျွမ်းခိုင်းဖို့ စီစဉ်ထားတာ  … ခင်ဗျားက ဒီလောက်တောင် စော်ကားမော်ကား လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ ”

ပညာရှင်နှလုံးသား မီးတောက်မှ ရွှေရောင်အလင်း ထွက်ပေါ်လာကာ မိန်ဟန်ရှန်း၏ စူးစူးဝါးဝါး အော်သံမှာ ရပ်တန့်သွားတော့သည်။

မုန့်ယဲ့လည်း တုန်တုန်ယင်ယင် ဖြစ်သွားမိသည်။ သူက မိုဝူကျိတွင် အဆင့် ၉ မီးတောက် ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့လက်ရှိ အခြေအနေဖြင့် အကြောက်ဆုံးအရာမှာ မီးတောက် ဖြစ်၏။ မိန်ဟန်ရှန်းက စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကြောက်ရွံ့သလိုမျိုး အတူတူသာ ဖြစ်၏။ အကယ်၍ မိုဝူကျိသာ မီးတောက် အသုံးပြုရသည့် တိုက်ကွက်မျိုး ပိုင်ဆိုင်ထားလျှင် မိုဝူကျိက သူ့အား လုံးဝ ချုပ်နှောင်သွားနိုင်လိမ့်မည်။

မိုဝူကျိက မုန့်ယဲ့အား လှည့်ကြည့်ရင်း ပြောလိုက်သည်

“ ထန်းဟန်က ဝိဇ္ဇာတစ်ပါး … မိန်ဟန်ရှန်းက သူ့ခွေးဆိုတော့ သူ့ကို သတ်လိုက်တာ ထန်းဟန်ကို သတိပေးသလို ဖြစ်သွားမှာပဲ …. ဒီခန်းမကြီးက ခင်ဗျားနဲ့ သွေ့ကျောင်းရန်တို့ အာကာပြင် သင်္ကေတတွေ ခင်းကျင်းခဲ့ကြတာ မလား။ ဒီအစီအရင်ကနေ ဗလာတောအုပ်ဆီ သွားနိုင်အောင် အစီအရင် အဆုံးသတ်ဖို့ ဘယ်လောက်ကြာမလဲ တစ်ချက်ကြည့်ပေးပါဦး ”

မုန့်ယဲ့က မြန်မြန် ပြောလိုက်သည်  “ ညီအစ်ကိုမို … စိတ်မပူပါနဲ့။ ကျုပ် အချိန်တိုအတွင်း မြန်မြန် အဆုံးသတ်လိုက်ပါ့မယ် ”

မုန့်ယဲ့က လေးစားမှုကြောင့် မိုဝူကျိအား

“ ညီအစ်ကိုမို ” ဟုသာ ပြောင်းလဲခေါ်ဝေါ်လိုက်သည်။ မိုဝူကျိတွင် မီးတောက် တိုက်ကွက် ပိုင်ဆိုင်ထားခြင်း ဖြစ်စေ၊ မပိုင်ဆိုင်ထားခြင်း ဖြစ်စေ သူက ထိုစွန့်စားမှုမျိုးကို မလုပ်ရဲပေ။

မိုဝူကျိက စိတ်ထဲ မထားဘဲ ပြောလိုက်သည်  “ အရင်ဆုံး ကျုပ် မိတ်ဆွေနှစ်ယောက်ကို မြှပ်နှံ့ပေးလိုက်ဦးမယ် ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက မိန်ချင်းချင်းနှင့် ရှီလင်းယုတို့ အကြွင်းအကျန်များကို ယူကာ မြေကြီးရှိရာဆီ ဦးတည်လိုက်သည်။

မိန်ချင်းချင်းနှင့် ရှီလင်းယုတို့တွင် ရှိနေသော စွမ်းအား အရိပ်အယောင်ကြောင့် သူတို့အနေနှင့် ပြန်လည်ဝင်စားနိုင်ခြေ ရှိနေသေး၏။ မိုဝူကျိက သူတို့အား သူ့လူသားကမ္ဘာထဲ မပို့လိုက်ပေ။ အကြောင်းမှာ သူ့လူသားကမ္ဘာမှာ သီးခြားကမ္ဘာ ဖြစ်နေလေ၏။ သူတို့ ပျောက်ကွယ်သွားခဲ့သည့် ကမ္ဘာအတွင်း ပြန်လည်မဝင်စားလာနိုင်ခင် သူ့လူသားကမ္ဘာထဲ ရောက်သွားခြင်းက ပြန်လည်ဝင်စားနိုင်ခြေ ပျောက်ပျက်သွားနိုင်သည်။

မိုဝူကျိက မြန်မြန်ဆန်ဆန်ဖြင့် နှစ်ယောက်လုံးအား မိန်မျိုးနွယ် အိမ်တော်အနက်ပိုင်း တောင်ကြား၌ မြှပ်နှံ့ပေးလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းနေခြင်း မရှိဘဲ မုန့်ယဲ့ဆီ ပြန်လာလိုက်သည်။

မိုဝူကျိက မုန့်ယဲ့အား အလျှင်မစလို မလုပ်ခိုင်းလျှင်ပင် မုန့်ယဲ့က ဤနေရာ၌ ကြာကြာမနေရဲပေ။

ဝိဇ္ဇာထန်းဟန်သည် မုန့်ယဲ့ ခေါင်းကို ဖိနှိပ်နေသည့် တောင်ကြီးတစ်လုံးလို ဖြစ်နေ၏။ မုန့်ယဲ့က ဤနေရာ၌ စိတ်အေးလက်အေး တစ်စက္ကန့်မှ မနေနိုင်ပေ။

မိုဝူကျိက မုန့်ယဲ့ အစီအရင် အပြီးသတ်နေသည်ကို တအံ့တဩ စောင့်ကြည့်နေသည်။ ဟွမ်တိအား ပိတ်လှောင်ပြီးနောက် မိုဝူကျိ၏ တိုက်ခိုက်ရည်မှာ နောက်တစ်ဆင့်သို့ ရောက်ရှိသွားလေ၏။ အကယ်၍ သူသာ မုန့်ယဲ့အား တိုက်ခိုက်မည်ဆိုလျှင် သူ့ကို ဖိနှိပ်ထားနိုင်ဖို့ရာ ယုံကြည်ချက် ရှိပေသည်။

သို့သော်လည်း မိုဝူကျိက မုန့်ယဲ့၏ အစီအရင်တာအိုကို ကြည့်ကာ နောက်ကောက်ကျနေကြောင်း ခံစားမိနေ၏။ သူက အဆင့် ၈ အစီအရင် ဧကရာဇ် တစ်ယောက် ဖြစ်နေသော်လည်း   အစီအရင်တာအိုအရ မုန့်ယဲနှင့် အလှမ်းကွာနေသေးသည်။

မုန့်ယဲ့ ရေးထွင်းထားသော သင်္ကေတများကြား မိုတူကျိက တချို့တဝက်သာ နားလည်ပေသည်။ ထိုစဉ် မိုဝူကျိက ရှက်ရွံ့နေရမည့် အကြောင်းလည်း မရှိပေ။

မုန့်ယဲ့က ကူးသန်းရေး အစီအရင်အတွက် အစီအရင်အလံများကို ပြုလုပ်နေစဉ် မိုဝူကျိက ဘေးကနေ မေးခွန်းများ ထုတ်နေလေ၏။ သူ နားမလည်တာ တစ်ခုခု ရှိသည်နှင့် မုန့်ယဲ့အား ချက်ချင်း မေးလိုက်သည်။ ထို့နောက် သူက အစီအရင်အလံတချို့ သိုမဟုတ် အာကာပြင် သင်္ကေတတချို့ကို ပြုလုပ်ပေးဖို့ တောင်းဆိုလိုက်သေးသည်။

မိုဝူကျိ နှင့် အဆင်ပြေပြေနေရန် ကြိုးစားနေသည့် မုန့်ယဲ့က မိုဝူကျိ မေးသည့်အခါ ဘာကိုမှ ဖုံးကွယ်မထားပေ။ မုန့်ယဲ့ကလည်း သူတို့ လိုအပ်သည့် သင်္ကေတတချို့ကို ပြုလုပ်ရန် ခွင့်ပြုထားလေ၏။

***

All Chapters