ဘယ်လိုပြေးရမလဲ သိတဲ့ ငတိ
Vol. 80 Ch. 1119
လိန်ဟုန်ကျိက မိုးမြေ မီးပြင်းဖို ယူသွားသည့်လူကို ရှာဖို့ ဆုံးဖြတ်ရင်း အလျှင်စလို ဖြစ်နေသည်။ အကယ်၍ လိန်ဟုန်ကျိသာ ထိုလူအား သိခဲ့လျှင် အသက်ရှင်လျက် အရေခွာပစ်လိမ့်မည်။
တကယ်တော့ လိန်ဟုန်ကျီက မိုးမြေ မီးပြင်းဖိုကို မြင်ဖူးခဲ့ပေသည်။ သို့သော်လည်း သူက မည်မျှ ယူဆောင်သွားချင်ခဲ့ကာမူ မလုပ်နိုင်ခဲ့ပေ။
မိုးမြေ မီးပြင်းဖိုကြောင့် ထိုခွေးသား ထန်းဟန်က သူ့နောက် တောက်လျှောက်လိုက်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်သွားလေပြီ။ ထိုဆယ်နှစ်အတွင်း လိန်ဟုန်ကျီက ပြေးလွှားနေခဲ့ရ၏။ သူ့အာကာပြင် လွတ်မြောက်ရေး နည်းစနစ်နှင့် ကျင့်ကြံဆင့်ကြောင့်သာ မဟုတ်လျှင် ထိုလူ့လက်ထဲ သေနေလောက်ပြီ ဖြစ်၏။ သူက ယခုလက်ရှိ သဟဇာတ နတ်ဘုရား အဆင့် ၄ ဖြစ်ပေသည်။
သူ့အာကာပြင် လွှတ်မြောက်ရေး နည်းစနစ်၌ နည်းနည်း တိုးတက်လာသည်မှလွဲ၍ လိန်ဟုန်ကျီက သူ့ကျင့်ကြံဆင့် လုံးဝ တိုးတက်လာခြင်း မရှိခဲ့ပေ။ အစပိုင်းတွင် သူက နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာမှုနှင့် ပိအန်းပန်း ပေါ်ပေါက်လာမှုတို့ကြောင့် သဟဇာတ နတ်ဘုရား ဖြစ်လာခဲ့သည်။ ထို့အပြင် သူက ထိပ်သီးအဆင့် တာအိုအသီးကို သုံး၍ အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့်အား ကျော်ဖြတ်ခဲ့သည်။ အချိန်တိုလေးအတွင်း သူက သဟဇာတ နတ်ဘုရား အဆင့် ၄ သို့ ရောက်ရှိသွားပြီ ဖြစ်၏။
နတ်ဘုရားကမ္ဘာတွင် ပြီးပြည့်စုံသည့် မိုးမြေစည်းမျည်းများ ရှိလာသည့်အတွက် သူက ထူးခြားသည့် ပစ္စည်းများ ရှိထားသည်။ အချိန်နည်းနည်း ရသည်နှင့် သူက သဟဇာတ နတ်ဘုရား အဆင့် ၇ သို့ အလွယ်လေး တက်လှမ်းနိုင်လိမ့်မည်။
သို့သော်လည်း ထိုခွေးသား ထန်းဟန်က မိုးမြေ မီးပြင်းဖိုအတွက် သူ့အား သတ်လိုစိတ် ပြင်းပြနေသည်။ ထိုမီးပြင်းဖိုသည် ကြီးမားလွန်းသည့်အတွက် သူပင် မသန့်စင်နိုင်ပေ။ လက်ရှိ လိန်ဟုန်ကျီက သန့်စင်ဖို့ မဆိုထားနှင့် ယူပင် မယူဆောင်သွားနိုင်ချေ။
လိန်ဟုန်ကျိက မယူဆောင်သွားနိုင်သော်လည်း မိုးမြေ မီးပြင်းဖိုသည် ပစ္စည်းကောင်း ဖြစ်ကြောင်း သိပေသည်။ ပြောရမည်ဆိုလျှင် ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများ ထုတ်ပေးနိုင်သောကြောင့် ထိပ်တန်းအဆင့် ရတနာအဖြစ်ပင် မှတ်ယူနိုင်၏။ ယခင် ထိုဆေးလုံးများနှင့် ကျင့်ကြံသူတစ်ဦးက သူ့အား မိုးမြေ မီးပြင်းဖိုသည် ကောင်းကင်စည်းမျည်း သဘာဝဆေးလုံးများ ထုတ်ပေးကြောင်း ပြောခဲ့သည်။ သို့သော်လည်း လိန်ဟုန်ကျီက သူ့အား မယုံဘဲ သတ်ပစ်ခဲ့သည်။ မီးပြင်းဖိုမှ ထိုဆေးလုံးများ ထွက်ပေါ်လာကြောင်း တွေ့ပြီးသည့်နောက် လိန်ဟုန်ကျီက မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
လိန်ဟုန်ကျီက ထိုနေရာသို့ ရောက်ရှိပြီးနောက် မိုးမြေ မီးပြင်းဖိုကို ယူဆောင်နိုင်မည့် နည်းလမ်း မရှိကြောင်း သတိပြုမိလိုက်သည်။ အစပိုင်းတွင် လိန်ဟုန်ကျီက သဟဇာတ နတ်ဘုရား ဖြစ်လာပြီးမှ ထပ်ကြိုးစားရန် ကြံရွယ်ထားပေသည်။
နတ်ဘုရားကမ္ဘာ၏ စည်းမျည်းများက ရုတ်ချည်း ပြန်ကောင်းလာပြီး ကုန်းမြေ ပြောင်းလဲမှုများက ဆက်တိုက် ဖြစ်ပေါ်လာသောကြောင့် မိုးမြေ မီးပြင်းဖို၏ တည်နေရာမှာ အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။
သူက သဟဇာတ နတ်ဘုရား ဖြစ်သည့်အထိ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည်။ သူက မီးပြင်းဖိုကို သွားမရှာနိုင်ခင် တစ်ယောက်က ထိုမီးပြင်းဖိုအတွက် သူ့နောက် လိုက်လာသည်။ ကံဆိုးစွာဖြင့် ဤတစ်ခေါက် နတ်ဘုရားနယ်မြေသို့ ပြန်ရောက်လာခြင်းမှာ အတင်းကျပ် ဖိအားပေးခံရ၍သာ ဖြစ်၏။ အကယ်၍ သူသာ သူ့နည်းလမ်းသူ မရှိထားလျှင် နတ်ဘုရားကုန်းမြေမှ နတ်ဘုရားနယ်မြေသို့ ရောက်လာရန် ကူးသန်းရေး အစီအရင်ပင် သုံးနိုင်မည် မဟုတ်လောက်ပေ။
အမှန်တော့ စိတ်ဓာတ်အကျဆုံးသူမှာ လိန်ဟုန်ကျီဘဲ ထန်းဟန်သာ ဖြစ်၏။
မိုးမြေ မီးပြင်းဖိုသည် ထန်းဟန်၏ ကံကြမ္မာ ထိပ်သီး ရတနာ ဖြစ်ပေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူက မည်သည့်နေရာတွင် ထားခဲ့ကြောင်း သိ၏။ သူ့စုံစမ်းချက်များအရ အမှောင်ထု ကျင့်စဉ်ကို ကျင့်ကြံသည့် လူတစ်ယောက်က သူ့မီးပြင်းဖိုကို ယူခဲ့လိုသည်။ သို့သော်လည်း လိုချင်သည့်သူတိုင်း မည်သူမဆို ယူနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထို့နောက် ထိုလူက အရိုးဖြူရေကန်ပင် တည်ဆောက်ခဲ့သေး၏။
ထန်းဟန်က အရိုးဖြူရေကန်ဆီ သွားကြည့်ခဲ့သေး၏။ ထိုနေရာတွင် မိုးမြေ မီးပြင်းဖို မပြောနှင့် အရိုးဖြူတစ်ချောင်းပင် မရှိကြောင်း သတိပြုမိလိုက်သည်။ ထို့နောက် သူက စကြဝဠာနံရံမှ တဆင့် နတ်ဘုရားကမ္ဘာသို့ ရောက်လာသည့် ငတိများကို စတင် စစ်ဆေးကြည့်ခဲ့သည်။
နှမြောစရာကောင်းသည်က နတ်ဘုရားကမ္ဘာသည် အလွန်ကြီးမားလွန်းပြီး သူ့ကျင့်ကြံဆင့်ကလည်း အပြည့်အဝ ပြန်လည် မကောင်းမွန်သေးပေ။ နောက်ပိုင်းတွင် သူက စကြဝဠာနံရံမှတဆင့် ရောက်လာသည့် ငတိတစ်ကောင်၏ သတင်းကို ရရှိခဲ့သည်။ သို့သော်လည်း ထိုငတိကို လိန်ဟုန်ကျီဆိုသူက သတ်သွားလေ၏။
ထို့ကြောင့် သူ ထန်းဟန် အဖမ်းလိုဆုံးသူမှာ လိန်ဟုန်ကျီ ဖြစ်နေခြင်း ဖြစ်၏။
ဤအရာက သူ့အတွက် ကိစ္စအသေးအဖွဲ့ ဖြစ်သင့်ပေသည်။ သူက ဝိဇ္ဇာတပိုင်းအဆင့်အထိ ကျဆင်းသွားခဲ့သော်လည်း ဝိဇ္ဇတစ်ပါး ဖြစ်နေသေး၏။ သူ့ကျင့်ကြံဆင့်က မည်မျှ ဖြစ်စေကာမူ သဟဇာတ နတ်ဘုရားတစ်ကောင်ကို ဖမ်းဆီးဖို့က အလွယ်လေးသာ ဖြစ်သင့်သည်။ အဆုံးသတ်၍ အရာအားလုံးက လွယ်ကူမနေခဲ့ချေ။ သူက သူ့နောက်ကို လိုက်ဖမ်းဖို့ရာ ဆယ်နှစ်ကျော် လိုက်ခဲ့ရ၏။ နတ်ဘုရားကုန်းမြေမှ နတ်ဘုရားနယ်မြေအထိ သူက နတ်ဘုရားမြို့တချို့ပင် ဖျက်စီးပစ်ခဲ့သည်။
အခြားကိစ္စသာ ဖြစ်ပါက ထန်းဟန်အနေနှင့် ထိုငတိကို လိုက်ဖမ်းဖို့ရာ လက်လျာ့ပစ်လိုက်နိုင်သည်။ သို့သော်လည်း မိုးမြေ မီးပြင်းဖိုသည် သူ့အတွက် အင်မတန် အရေးကြီး၏။
ထိုစဉ် ထန်းဟန်က သူ ချခင်းခဲ့သော နယ်ရုပ်မှာ ပျက်စီးသွားကြောင်း ခံစားမိလိုက်သည်။ မိန်ဟန်ရှန်းသည် သူ့ပင်းထန်းဝါးနှင့် အာကာပြင် ကျစ်ရွှေ စောင့်ကြည့်ရန် နတ်ဘုရားကုန်းမြေ၌ ထားခဲ့သူ ဖြစ်၏။ မိန်ဟန်ရှန်း အသတ်ခံရသည်နှင့် မုန့်ယဲ့နှင့် တွေ့ခွင့်ရနိုင်ခြေအား ဆုံးရှုံးသွားလိမ့်မည်။
မုန့်ယဲ့က နယ်လှည့် ဝိဇ္ဇာသုံးပါးအနက် တစ်ဦး ဖြစ်၏။ ထိုသူ့အား ရှာတွေ့ဖို့ရာ လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ။
ထန်းဟန်က လိန်ဟုန်ကျီနောက် ဆက်မလိုက်တော့ပေ။ လိန်ဟုန်ကျီ၏ ကလိမ်ကကျစ်ကျမှုနှင့် နည်းလမ်းများအရ လိန်ဟုန်ကျီကို ဖမ်းဆီးဖို့ရာ မလွယ်ကူကြောင်း သိလိုက်၏။ ထို့အပြင် သူက မိုးမြေ မီးပြင်းဖိုသည် လိန်ဟုန်ကျီနှင့် အတူတူ ရှိမနေကြောင်း သိပေသည်။ ထို့ကြောင့် သူ့ဦးစားပေးအရာမှာ မုန့်ယဲ့အား ဖမ်းဆီးဖို့ရာ ဖြစ်၏။
မုန့်ယဲ့သာလျှင် မိန်ဟန်ရှန်းကို သတ်နိုင်လိမ့်မည်။ ယခု သူက လိန်ဟုန်ကျီနှင့် လွဲသွားလျှင်ပင် ကိစ္စမရှိသေးပေ။ နောင်ကျ သူက လိန်ဟုန်ကျီကို မိုးမြေ မီးပြင်းဖိုအကြောင်း သိရအောင် အတင်းကျပ် မေးမြန်းနိုင်သေး၏။ သို့သော်လည်း မုန့်ယဲ့နှင့် လွဲချော်သွားခြင်းက သူ့ပင်းထန်းဝါးနှင့် အာကာပြင် ကျစ်ရွှေတို့ကို ဘယ်တော့မှ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
ကပ်ဘေးကြီးအပြီးတွင် မုန့်ယဲ့လည်း သေချာပေါက် အဆင့်ကျသွားလိမ့်မည်။ ထို့ကြောင့် မုန့်ယဲ့က ထိုပစ္စည်းနှစ်မျိုးကို လိုအပ်လာမည်မှာ ယုံမှားဖွယ် မရှိပေ။ တခြားသော ဝိဇ္ဇာများကို ကျော်တက်နိုင်ရန် ထန်းဟန်က သူ့မိုးမြေ မီးပြင်းဖိုနှင့်အတူ ထိုပစ္စည်းနှစ်ခုကို လိုအပ်သည်။ သူက မုန့်ယဲ့အား ထိုပစ္စည်းနှစ်ခုကို ယူသွားခွင့် မပြုနိုင်ပေ။
လွတ်မြောက်သွားသည့် လိန်ဟုန်ကျီလည်း ရပ်တန့်လိုက်သည်။ သူက ထန်းဟန်သည် သူ့နောက် မလိုက်တော့ကြောင်း တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားမိ၏။ ဤသည်မှာ အတော်လေး အံ့ဩဖို့ ကောင်းလှပေသည်။ သူ့အတွက် အရေးကြီးဆုံးအရာမှာ သူ့ကျင့်ကြံဆင့် တိုးတက်ဖို့ရာ နေရာကောင်းကောင်းရှာရန် ဖြစ်၏။
နတ်ဘုရားကမ္ဘာရှိ မည်သူကမှ သူ့လက်ရှိ ဝိညာဉ်ကြော၏ အလားအလာ ပါရမီကို ယှဉ်နိုင်ကြမည် မဟုတ်ပေ။ သူ့ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် ထန်းဟန်အား ပြန်၍ သင်ခန်းစာ ပေးရမည်။ မိုးမြေ မီးပြင်းဖိုအတွက်ကိုတော့ သူ လိန်ဟုန်ကျီက သေချာပေါက် အရယူရမည်။
***
မုန့်ယဲ့က ကူးသန်းရေး အစီအရင်ကို သုံးရက်ဆက်တိုက် ခင်းကျင်းခဲ့သည်။ မုန့်ယဲ့ ကြိုးစားမှုဖြင့် ကူးသန်းရေး အစီအရင် အပြီးသတ်မှုမှာ နီးကပ်လာလေပြီ။
ထိုဖြစ်စဉ်အတွင်း မိုဝူကျိက များစွာ သင်ယူခဲ့ရ၏။ မိုဝူကျိ၏ အစီအရင်တာအိုမှာ မုန့်ယဲ့နှင့် လုံးဝ ကွဲပြားပေသည်။ ထိုသို့ဆိုလျှင်ပင် သူ့အနေနှင့် အတွေးသစ်၊ အမြင်သစ်ဖြင့် ကိုယ်ပိုင် အစီအရင်တာအိုကို ပြီးပြည့်စုံအောင် လုပ်ဖို့ရာ လုံလောက်ပေသည်။
လေးရက်မြောက်နေ့တွင် မိုဝူကျိက ခန်းမအပေါ်ကို ရုတ်ချည်း မော့ကြည့်လိုက်သည်။
“ ဘာဖြစ်တာလဲ ” မုန့်ယဲ့က စိုးရိမ်တကြီး မေးလိုက်၏။
မိုဝူကျိက အန္တရာယ်ကြီး တစ်ခု သူတို့ဆီ လာနေကြောင်း အာရုံခံလိုက်မိသည်။ မိုဝူကျိက အပေါ်ကို မော့ကြည့်ရင်း “ တကယ်လို့ ကျုပ်သာ မမှားရင် ထန်းဟန်က အနီးအနား ရောက်နေပြီ။ အမွေးတိုင်ဝက်စာအတွင်း ရောက်လာလောက်တယ် ”
မုန့်ယဲ့က ထန်းဟန် နာမည်ကို ကြားလိုက်ရသည့်အခါ မိုဝူကျိထက်ပင် စိုးရိမ်ကြီးလာလေ၏။ သူက ကူးသန်းရေး အစီအရင်ထဲ ဝင်ကာ မိုဝူကျိအား လှမ်းခေါ်လိုက်ရင်း “ မြန်မြန်လာတော့ … ဘေးက သင်္ကေတတချို့က မလိုဘူး။ ကျုပ်တို့တွေ ဘယ်လိုဖြစ်ဖြစ် ဖြတ်သွားနိုင်မှာပါ ”
နတ်ဝိညာဉ်သွေးကြောတစ်ခုကို ကူးသန်းရေး အစီအရင်အောက်ခြေ၌ ထားလိုက်သည်။ ထိုအရာက မိုဝူကျိနှင့် မုန့်ယဲ့တို့ နှစ်ဦးလုံး ကူးသန်းဖို့ရာအတွက် လုံလောက်ပေသည်။
“ အခု အသက်သွင်းလိုက်တော့မယ် … ညီအစ်ကိုမိုလည်း မြန်မြန် လာတော့ ” မိုဝူကျိက ဘေးရှိ သင်္ကေတချို့ ရေးထွင်းနေဆဲ ဖြစ်သည်ကို မြင်ကာ မုန့်ယဲ့က ပို၍ စိုးရိမ်လာကာ မသက်မသာ ဖြစ်လာမိသည်။
“ ပြီးခါနီးပြီ ” သင်္ကေတ တစ်ထောင်ကျော် ရေးထွင်းပြီးနောက် မိုဝူကျိက ကူးသန်းရေး အစီအရင်ထဲ ဝင်လိုက်တော့သည်။
မိုဝူကျိနှင့် မုန့်ယဲ့တို့၏ စိတ်စွမ်းအားအတွင်း ပုံရိပ်တစ်ခု ပေါ်လာသည်။ မုန့်ယဲ့က အစီအရင်အလံတချို့ ပစ်လွှတ်ကာ အစီအရင်အား အသက်သွင်းလိုက်၏။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက အစီအရင်အလံတချို့ ပစ်လွှတ်လိုက်ပြီးနောက် လက်ဟန်အချို့ ထုတ်ဖော်လိုက်သည်။
“ ဘာတွေ လုပ်နေတာလဲ ” ကူးသန်းရေး အစီအရင်မှ အဖြူရောင်အလင်း ထွက်ပေါ်လာလေ၏။ မုန့်ယဲ့နှင့် မိုဝူကျိတို့ကို လွှမ်းခြုံသွားသည့်အချိန် မုန့်ယဲ့က မေးလိုက်သည်။
“ ထန်းဟန်ကို လက်ဆောင်အသေးလေး တစ်ခု ပေးလိုက်တာ …. ဘာပြောပြော သူက ဝိဇ္ဇာဆိုတော့ လေးစားမှုလေး ပြရမယ်မလား။ သူ့အတွက် အကွက်လေး နည်းနည်း ထားခဲ့တယ် ” ထိုစကားအဆုံးတွင် ဧရာမ လက်ကြီးက မုန့်ယဲ့နှင့် မိုဝူကျိတို့အား ဖမ်းဆုပ်ဖို့ရာ ဆင်းသက်လာသည်။
ဧရာမ လက်ကြီးသည် ငါးမီတာ အကွာလောက် ရောက်လာသည့်အခါ မိုဝူကျိနှင့် မုန့်ယဲ့တို့က အဖြူရောင်အလင်းအတွင်း ပျောက်ကွယ်သွားလေပြီ။
အညိုရောင် ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ကူးသန်းရေး အစီအရင်ရှေ့ ရောက်လာသည်။ သူ့စိတ်စွမ်းအားဖြင့် အစီအရင် ထောင့်တိုင်းနှင့် ဗဟိုချက်တို့ကို စစ်ဆေးကြည့်လိုက်သည်။ သူက ဤအစီအရင်အား တတ်နိုင်သမျှ မြန်မြန် အသက်သွင်းနိုင်မည့် နည်းလမ်းကို ရှာလိုက်ရုံသာ ဖြစ်၏။
သူ့စိတ်စွမ်းအားက ကူးသန်းရေး အစီအရင်ပေါ် ကျရောက်လာသည်နှင့် အဖျက်စွမ်းအား တစ်ခု ထွက်ပေါ်လာသည်။ ဤကြောက်မက်ဖွယ် အဖျက်စွမ်းအားက နတ်ဘုရားကမ္ဘာတစ်ခုလုံးကိုပင် စုတ်ဖြဲတော့မတတ် ဖြစ်၏။
“ မကောင်းတော့ဘူး ” ထိုလူက ထွက်ပြေးတော့မည့်ဆဲဆဲတွင် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် သူ့ဘေးပတ်လည်ရှိ အရာအားလုံးမှာ ချက်ချင်း ဖျက်စီးခံလိုက်ရသည်။
ထို့နောက် ကြောက်မက်ဖွယ် အဖျက်စွမ်းအားက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဤနေရာအတွင်း အရာအားလုံးမှာ အမှုန့်ဖြစ်သွားကာ ဗလာကျင်းသွားသည်။ လူလတ်အရွယ် အမျိုးသား၏ အဝတ်အစားများပင် စုတ်ပြဲကာ သူ့အရိုးတချို့ပင် အက်သွားလေ၏။ အကယ်၍ တခြားကျင့်ကြံသူဆိုပါက အမှုန့် ဖြစ်သွားလောက်လေပြီ။
“ ဝုန်း ဝုန်း ဝုန်း ” ပျက်စီးမှုက အဆုံးသတ်မသွားသေးသော်လည်း ထိုလူက ပေါက်ကွဲရေးနယ်ပယ်မှ နောက်ဆုတ်လိုက်ရသည်။ သူက ပျောက်ကွယ်သွားသော မိန်အိမ်တော်အား တအံ့တဩ ကြည့်လိုက်၏။ ထိုနေရာကြီးက ဧရာမပါးစပ်ပေါက်ကြီးအလား မိန်အိမ်တော်ကို ဝါးမျိုသွားခြင်း ဖြစ်ပေသည်။
ထိုလူလတ်အရွယ် အမျိုးသားက ဝိဇ္ဇာထန်းဟန် ဖြစ်၏။ သူက မိုဝူကျိနှင့် မုန့်ယဲ့တို့အား ဖမ်းဖို့ရာ တစ်စက္ကန့်မျှ နောက်ကျသွားလေသည်။
ထန်းဟန်က လွဲချော်သွားသော်လည်း စိတ်ထဲ မထားပေ။ အကြောင်းမှာ သူ့တွင် အခွင့်အရေး ရှိနေသေးကြောင်း သိ၏။ သူ့လက်ရှိစွမ်းအားအရ ကူးသန်းရေး အစီအရင်ကို မြန်မြန် ခင်းကျင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိပေသည်။ ထို့နောက် သူက မုန့်ယဲ့နှင့် သူ့ဘေးရှိ ငတိတို့အား လိုက်ဖမ်းနိုင်လိမ့်မည်။ သူက ကျင့်ကြံသူတိုင်းသည် လိန်ဟုန်ကျီလိုမျိုး အပြေးတော်လိမ့်မည်ဟု မယုံပေ။
သူ မျှော်လင့်မထားသည်က မိုဝူကျိသည် ကြောက်မက်ဖွယ် ပညာရပ်ဖြင့် ဤနေရာတစ်ခုလုံးကို ဖျက်စီးပစ်ခဲ့ခြင်း ဖြစ်သည်။
နောက်ထပ် ဉာဏ်များတဲ့ ငတိ တစ်ကောင်
အကယ်၍ တခြားကျင့်ကြံသူသာ ဖြစ်နေပြီး သူ ရောက်လာသည်ကို သိနေလျှင် မည်သူကများ တည်တည်ငြိမ်ငြိမ်ဖြင့် အစီအရင် သင်္ကေတများကို ဆက်လက် ရေးထွင်းနိုင်မည်နည်း။ သူက မထွက်သွားခင် တိုက်ကွက်တစ်ခုပင် ချန်ထားခဲ့သေး၏။
မိန်အိမ်တော်သည် လုံးဝ မရှိတော့ချေ။ သို့သော် အိမ်တော် ပြိုကျပျက်စီးသွားပြီးနောက် တည်နေရာ စည်းမျည်းများက ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာလေ၏။
ထန်းဟန်က စိတ်လှုပ်ရှားအပြီးတွင် အံ့ဩတုန်လှုပ်မှု ဖြစ်လာလေ၏။ တကယ်တော့ သူက လုပ်ကြံခံခဲ့ရပြီး အဝတ်အစားများ စုတ်ပြဲကာ ဒဏ်ရာအသေးအမွှား ရသည်ကို စိတ်ထဲ မထားပေ။
စိတ်လှုပ်ရှားနေသည့် ထန်းဟန်က မလှုပ်မရှား ရပ်နေမိသည်။ သူ စိတ်လှုပ်ရှားနေမိသည်မှာ မဟာဖျက်စီးရေး ပညာရပ်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရ၍ ဖြစ်သည်။ အမှန်တော့ သူက မဟာဖျက်စီးရေး ပညာရပ်ကို တွေ့လိုက်ကြောင်း သေချာနေပေသည်။
သူ ထန်းဟန်က ဝိဇ္ဇာတစ်ပါး ဖြစ်သော်လည်း မဟာဖျက်စီးရေး ပညာရပ်ကဲ့သို့သော တိုက်ကွက်မျိုး မရှိပေ။ ဝိဇ္ဇာရှစ်ပါးကြား မဟာလျို့ဝှက်တိုက်ကွက်မျိုး မည်မျှ ရှိနေမည်နည်း။ ယခင်က သူသာ ဤသို့တိုက်ကွက်မျိုး ရရှိခဲ့လျှင် ယခုလို သနားဖွယ် အခြေအနေမျိုးနှင့် အဆုံးသတ်ရမည် မဟုတ်ချေ။
ငတိက ထွက်မသွားခင် အစီအရင်သင်္ကေတများနှင့် လက်ဟန်များကို သုံးကာ လျို့ဝှက်တိုက်ကွက် ထုတ်သွားခြင်း ဖြစ်၏။ အကယ်၍ သူသာ မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရလျှင် ယခုထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာလောက် အားပိုကောင်းပေမည်။
သူ ထန်းဟန်က ဒီ မဟာဖျက်စီးရေး ပညာရပ်ကို ရအောင် ယူရမည် ….
ဤမဟာဖျက်စီးရေး ပညာရပ်ကို မည်သူ ပိုင်ဆိုင်ထားစေကာမူ သူက အလွတ်ပေးမည် မဟုတ်ပေ။ နှမြောစရာကောင်းသည်က သူ့ပင်းထန်းဝါး၊ အာကာပြင် ကျစ်ရွှေနှင့် မုန့်ယဲ့တို့ ဖြစ်၏။ ထိုနှမြောတသမှုအပေါ် ဘာမှလုပ်နိုင်သည့်အရာလည်း မရှိချေ။
***