← Chapters

မဟာသဲကန္တာရ

Vol. 80 Ch. 1120

မဟာသဲကန္တာရ

Vol. 80 Ch. 1120

မိုဝူကျိက မဟာဖျက်စီးရေး ပညာရပ်သည် ထန်းဟန်အပေါ် မည်သို့ စိတ်တက်ကြွဖွယ် ဖြစ်လာစေခဲ့မှန်း မသိပေ။ သူတို့ အဝေးသို့ ရောက်ရှိနေပြီ ဖြစ်၏။ မိုဝူကျိ၏ လက်ရှိစွမ်းအားဖြင့်ပင် ဤကူးသန်းရေးအတွင်း မူးနောက်နောက် ဖြစ်သွားသေး၏။

အချိန်တချို့ ကြာမြင့်ပြီးနောက် မိုဝူကျိက မြေကြီးပေါ် ပြန်လည် ရောက်ရှိသွားသည်။

မုန့်ယဲ့နှင့် မိုဝူကျိတို့ ဆက်တိုက် ဆင်းသက်လာကြသည်။ မုန့်ယဲ့က ဘာမှမပြောခင် အရင်ဆုံး ဤအစီအရင်အား ဖျက်စီးပစ်လိုမိ၏။

မိုဝူကျိက မုန့်ယဲ့အား မြန်မြန် တားလိုက်ရသည်  “ တာအိုရောင်းရင်းမုန့် … ကျုပ်တို့တွေ ပြန်သွားဖို့ လိုသေးတယ်လေ။ ဘာလို့ ဖျက်စီးပစ်မှာလဲ ”

မုန့်ယဲ့က စိုးရိမ်ပူပင်စွာဖြင့်

“ ညီအစ်ကိုမို … ကျုပ်တို့တွေ မြန်မြန် ထွက်သွားမှ ဖြစ်မယ်။ ပြီးတော့ ကျုပ်တို့တွေ မိန်အိမ်တော်က အစီအရင်ကို မဖျက်စီးနိုင်ခဲ့ဘူးဆိုတော့ ထန်းဟန်ရဲ့ နည်းလမ်းအရဆိုရင် အစီအရင် အသက်သွင်းဖို့ ဆယ်ရှိုက်စာလောက်ပဲ လိုမှာ။ ကျုပ် အခု ဖျက်စီးပစ်တော့မယ်။ ထန်းဟန် ရောက်လာတဲ့အခါကျ သတ်မှတ်ထားတဲ့ နေရာဆီ ရောက်မလာနိုင်တော့တာပေါ့။ အဲဆိုရင် ကျုပ်တို့တွေ သူ့ဆီ ထွက်ပြေးဖို့ အချိန်လုံလောက်ပြီ ”

မိုဝူကျိက ရယ်မောကာ

“ စိုးရိမ်နေစရာ မလိုပါဘူးဗျာ … ကျုပ် ဖျက်စီးခဲ့ပြီးပြီ။ မဟုတ်ရင် ကျုပ်တို့ ထွက်မလာခင် ကျုပ် ဘာလုပ်နေတယ် ထင်တုန်း ”

မုန့်ယဲ့က အနည်းငယ် အံ့အားသင့်သွားမိ၏။ သူက မိုဝူကျိသည် သူတို့ ထွက်မလာခင် အစီအရင်သင်္ကေတများ ရေးထွင်းနေကြောင်း သိပေသည်။ သို့သော်လည်း အာကာပြင် သင်္ကေတများအကြောင်း သိပ်မသိ၍ မည်သို့ အသုံးပြုရမည်ကို မသိချေ။ အစပိုင်းတွင် မိုဝူကျိက သူ့အာကာပြင် သင်္ကေတများကို သုံးကာ သူ့အစီအရင် ပညာရပ်သူ ချမှတ်နေသည်ဟုသာ ထင်မှတ်ခဲ့သည်။

ထို့အပြင် မုန့်ယဲ့က မိန်အိမ်တော်ရှိ ကူးသန်းရေး အစီအရင်ကို ဖျက်စီးပစ်ဖို့ရာ မည်မျှ ခက်ခဲကြောင်း သိထား၏။ ပုံမှန်အာကာပြင် သင်္ကေတများဖြင့် ဖျက်စီးပစ်၍ မရနိုင်ပေ။ ဤသည်မှာ အဆင့် ၈ ကို ကျော်လွန်နေသည့် အာကာပြင် သင်္ကေတများ မဟုတ်သရွေ့ ဖျက်စီးပစ်ဖို့ရာ မတတ်နိုင်လောက်ပေ။ သူ့ခန့်မှန်းသလောက် မိုဝူကျိ၏ အစီအရင်တာအိုအရ အဆင့် ၆ ဆိုလျှင်ပင် အတော်လေး အံ့ဖွယ် ဖြစ်နေလေပြီ။

“ ခင်ဗျား ဘယ်လိုလုပ်ခဲ့တာလဲ ” မုန့်ယဲ့က မမေးခင် သက်ပြင်းချလိုက်မိ၏။

မိုဝူကျိက မုန့်ယဲ့အား သူ့အဓိကအကွက်မှာ မဟာဖျက်စီးရေး ပညာရပ် ဖြစ်ကြောင်း မပြောပြသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။ အကယ်၍ မိုဝူကျိသာ အာကာပြင် သင်္ကေတများ အပြည့်အဝ မှီခိုထားပါက သူ့အနေနှင့် ထိုကူးသန်းရေး အစီအရင်ကို ဖျက်စီးပစ်နိုင်မည် မဟုတ််ပေ။ သူက လုပ်နိုင်လျှင်ပင် ထန်းဟန်က အစီအရင်ကို အချိန်မီ ကာကွယ်လိုက်နိုင်မည် ဖြစ်၏။

“ သွေ့ကျောင်းရန်နဲ့ ရတနာတွေကို ဘယ်မှာ ဝှက်ထားတာလဲ ” မိုဝူကျိက စကားခေါင်းစဉ် ပြောင်းလိုက်သည်။

မုန့်ယဲ့က မိုဝူကျိသည် သူ လုပ်ခဲ့သည့်နည်းလမ်းကို မပြောပြချင်မှန်း သိလိုက်သည်။ ထိုသို့ဆိုလျှင်ပင် မုန့်ယဲ့က စိတ်ထဲ မထားပေ။ သူက စိတ်စွမ်းအားကို ဖြန့်ကျက်ကာ လက်ညိုးထိုးကာ ရှင်းပြဖို့ လုပ်လိုက်သည်။ ထိုစဉ် သူက ရုတ်ချည်း ကြောင်အအ ရပ်တန့်သွားလေသည်။

သူတို့ ရောက်လာသည့်အခါ မုန့်ယဲ့ စိတ်ကား ကူးသန်းရေး အစီအရင် ဖျက်စီးပစ်ဖို့ရာသာ အာရုံရောက်နေခဲ့သည်။ အကြောင်းမှာ ဝိဇ္ဇာထန်းဟန်က အလွန်ကြောက်စရာ ကောင်းသည် မဟုတ်ပါလော။ ထို့ကြောင့် သူက ဘေးပတ်လည်ကို ဂရုမစိုက်မိခြင်း ဖြစ်၏။ ယခု ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ကြောင်အမ်းသွားလေသည်။

“ ဘာလို့လဲ ” မိုဝူကျိက မုန့်ယဲ့၏ မူမမှန်မှုကို သတိပြုမိလိုက်သည်။

ဤကူးသန်းရေး အစီအရင်ကား မြေအောက် ခင်းကျင်းထားခြင်း ဖြစ်၏။ ထို့နောက် ထိပ်တန်း ဖုံးကွယ်ရေး အစီအရင်ဖြင့် ကာကွယ်ထားသေး၏။ မုန့်ယဲ့က သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ မိုဝူကျိ၏ မေးခွန်းကို ဖြေဖို့ရာပင် အာရုံမရှိတော့ချေ။ သူက မျက်စိတစ်မှိတ်အတွင်း ကူးသန်းရေး အစီအရင်မှ ထွက်လိုက်သည်။

မိုဝူကျိက သူ့နည်းတူ လိုက်လာလိုက်ပြီး တစ်နာရီ ကြာမြင့်သွားပြီးသည့်နောက်တွင် နှစ်ယောက်လုံး မြေမျက်နှာပြင်သို့ ရောက်လာကြသည်။

ယခင် မိုဝူကျိက မုန့်ယဲ့သည် သွေ့ကျောင်းရန်နှင့် သူတို့ ရတနာများကို ဗလာတောအုပ်အတွင်း ဝှက်ခဲ့ကြကြောင်း ပြောခဲ့သည်ကို ကြားဖူးပေသည်။

အခုအခါ တောအုပ်က ဘယ်ရောက်သွားပြီလဲ ….တောအုပ်ကို မဆိုထားနှင့် သစ်ရွက်တစ်ရွက်ပင် မရှိသည့် သဲကန္တာရကြီး ဖြစ်နေလေပြီ ….

ကန္တာရကြီးက မှုန်ဝါးဝါး ဖြစ်နေပြီး နေအလင်းလည်း မရှိသလို ကြယ်များလည်း မရှိနေချေ။ သူတို့က အာကာပြင်ထဲ ရောက်နေသည်မှာ သိသာလှ၏။

ခဏအကြာတွင် မုန့်ယဲ့က စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက လက်နှစ်ဖက် ယှက်ကာ မိုဝူကျိဘက် လှည့်လိုက်ရင်း   “ ညီအစ်ကိုမို …. ဒီနေရာမှာ အပြောင်းအလဲကြီး ဖြစ်သွားပြီ။ အရင်တုန်းက ဒီနေရာက အာကာပြင် သစ်ပင်တွေနဲ့ ပြည့်နေတဲ့ တောအုပ်ကြီး တစ်ခု …. ကျုပ်တို့တွေ ဒီတောအုပ်အနက်ပိုင်းမှာ ကူးသန်းရေး အစီအရင် ခင်းကျင်းခဲ့ကြတာ။ အခု တောအုပ်က ပျောက်သွားပြီးတော့ ကန္တာရကြီးက အစားရောက်လာတယ် ”

မိုဝူကျိက စိတ်လေးလံမိသွားကာ စိတ်ကို မြန်မြန် ပြန်ထိန်းလိုက်သည် “ တာအိုရောင်းရင်းမုန့် … ကျုပ်တို့တွေ ရောက်လာနိုင်တယ်ဆိုကတည်းက ခင်ဗျားတို့ ကူးသန်းရေး အစီအရင်ရဲ့တည်နေရာက ပြောင်းသွားဦးမှာ မဟုတ်လောက်ဘူး။ ခင်ဗျားနဲ့ သွေ့ကျောင်းရန်တို့ ရတနာတွေ ဝှက်ခဲ့တဲ့ နေရာကို ရှာကြတာပေါ့ ”

“ ညီအစ်ကိုမို … ကျုပ်နောက်က လိုက်လာလိုက်ပါ။ သတိထားဦးနော် ” မုန့်ယဲ့က ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ ယခု သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်၏။

ကုန်းမြေက သိသိသာသာ ပြောင်းလဲသွားသော်လည်း မုန့်ယဲ့၏ အမြန်နှုန်းက အတော်လေး လျှင်မြန်လှသည်။ ထိုအရာက  သဲကန္တာရ မဟုတ်ဘဲ ယခင်တောအုပ်အလား မုန့်ယဲ့တစ်ယောက် သွားလာနေသည်။

မိုဝူကျိက သိပ်ဂရုမစိုက်ပေ။ မုန့်ယဲ့လိုမျိုး ပညာရှင်တစ်ယောက်က သူ့မျက်စိ ပိတ်ထားလျက်ပင် အာရုံခံနိုင်သေး၏။ သူ လိုအပ်သည်က သူ့စိတ်စွမ်းအားနှင့် အသိစိတ်ပင်လယ်သာ ဖြစ်ပေသည်။

တစ်ရက်ကြာမြင့်ပြီးနောက် မုန့်ယဲ့က ရပ်တန့်လိုက်သည်။

“ ဒီနေရာလား ” မိုဝူကျိက မေးလိုက်သည်။

မိုဝူကျိက မေးမြန်းလိုက်သည်မှာ ဤနေရာသည် သူတို့ ထွက်လာသည့် ကူးသန်းရေး အစီအရင်နေရာနှင့် ဘာမှမကွာခြားနေ၍ ဖြစ်၏။

မုန့်ယဲ့က ခေါင်းညိတ်ပြကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်   “ ဟုတ်တယ် ဒီနေရာပဲ … အရင်တုန်းက ဒီနေရာမှာ အနည်းဆုံး သစ်ပင်ရာကျော် ရှိခဲ့တယ်။ ဒီထူးခြားတဲ့ သစ်ပင်ရဲ့ ဘယ်ဘက်မှာ …. ”

တအံ့တဩ ဖြစ်နေသည့် မုန့်ယဲ့က စကားပြောရပ်ကာ သူ့အောက်ခြေမှ သဲများကို ကြည့်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက ထိုသဲများမှ ရုန်းထွက်ကာ လေဟာနယ်အတွင်း ရပ်လိုက်သည်။

သူက ဝိဇ္ဇာတပိုင်း ဖြစ်သည့်အပြင် နယ်လှည့် ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့သည် မဟုတ်ပါလော။ သူက အခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့ဖူးပေသည်။ ထိုသဲမှတဆင့် သူ့ခန္ဓာကိုယ်အတွင်း စီးဝင်နေသော မထင်မရှား တာအိုအငွေ့အသက်ကို ချက်ချင်း သတိထားမိလိုက်သည်။

“ ညီအစ်ကိုမို … အဲဒီသဲပေါ် ရပ်လို့ မဖြစ်ဘူး ” မုန့်ယဲ့က မိုဝူကျိအား စိုးရိမ်တကြီး လှမ်းအော်ပြောလိုက်သည်။

မိုဝူကျိက ပင်းထန်းဝါးကို ရှာဖို့ရာ အာရုံစိုက်ထားသည့်အတွက် သူ ရပ်နေသည့် သဲကို များစွာ အာရုံမရှိချေ။ သို့သော်လည်း ခဏအကြာတွင် ထိုသဲသည် တစ်ခုခု မှားနေကြောင်း သိလိုက်၏။

ထိုသဲများမှ သူ့ခန္ဓာအတွင်း မထင်မရှား တာအိုလှိုင်းတွန့်လေးများ စိမ့်ဝင်လာသည်။ အစပိုင်းတွင် မိုဝူကျိက မုန့်ယဲ့သည် သူ့အား တစ်ခုခု ကြံစည်နေကြောင်း သံသယ ဝင်လာမိပြန်သည်။ ဤနေရာသို့ မုန့်ယဲ့ ခေါ်ဆောင်လာသည် မဟုတ်ပါလော။ ယခင် ဤနေရာက တောအုပ် ဖြစ်စေ၊ ကန္တာရ ဖြစ်စေ မိုဝူကျိက ဘာမှမသိပေ။

ယခု မုန့်ယဲ့က တစ်ခုခုကို သတိထားမိပြီး  ရုတ်ချည်း ခုန်ထွက်သွားလေ၏။ မိုဝူကျိက ဤသည်မှာ မုန့်ယဲ့ လက်ချက် မဟုတ်မှန်း သိလိုက်သည်။ မုန့်ယဲ့သည်ပင် ဤကန္တာရ ပေါ်ပေါက်လာမှုအား တကယ်ကို မသိထားချေ။

မိုဝူကျိက ခေါင်းညိတ်ကာ

“ အင်း ဒီအောက်မှာ အဖျက်တာအိုအငွေ့အသက်တွေ ရှိနေတယ်။ ကြည့်ရတာ ကျင့်ကြံသူရဲ့ ဝိညာဉ်ကြောကို ဖျက်စီးပစ်ပြီးတော့ သဲအဖြစ် ပြောင်းလဲပစ်မှာ ထင်တယ်။ ခင်ဗျားပြောတဲ့ တောအုပ်ကြီးကလည်း ဒါနဲ့ ကြုံသွားရတာ နေမယ်။ အဲကြောင့် အခုလို ဖြစ်နေတာပဲ ”

မိုဝူကျိက မုန့်ယဲ့နှင့် သွေ့ကျောင်းရန်တို့သည် သူတို့ရတနာများအား သူတို့ ထွက်လာသည့် ကူးသန်းရေး အစီအရင်ထက် ခပ်နက်နက်တွင် ဝှက်ထားဖို့ရာ မျှော်လင့်ထားခဲ့သည်။ ကူးသန်းရေး အစီအရင်က သက်ရောက်မခံရသည့်အတွက် ရတနာများသည်လည်း အတွင်းပိုင်း ရှိနေလျှင်ပင် သက်ရောက်ခံရမည် မဟုတ်ပေ။

“ ညီအစ်ကိုမို … ကျုပ် အကြောင်းအရင်းကို သိပြီ။ မြန်မြန် တက်လာခဲ့တော့  …. အဲဒီသဲပေါ် ရပ်လို့ မဖြစ်ဘူး ” မုန့်ယဲ့က လှမ်းအော်ပြောလိုက်သည်။

ယခု သူက မိုဝူကျိနှင့် ပူးပေါင်းထားသည့်အတွက် မုန့်ယဲ့အနေနှင့် မိုဝူကျိ တစ်ခုခု ဖြစ်သွားမည်ကို မလိုလားပေ။ မိုဝူကျိ ပြဿနာကြား ရောက်သည်နှင့် သူက ဖီကာရွံ့စေးကို ဆုံးရှုံးလိုက်ရမည်သာ ဖြစ်၏။ မိုဝူကျိ၏ လက်ရှိအင်အားအရ သူ မုန့်ယဲ့ပင်  ထိုသူ့ကမ္ဘာအား ချိုးဖျက်နိုင်လိမ့်မည်ဟု ပြောဖို့ရာ ယုံကြည်ချက် မရှိချေ။

“ ကျုပ်က သဲတာအိုလှိုင်းတွေကနေ ကိုယ့်ဘာသာ ကာကွယ်နိုင်သေးတယ်။ တာအိုရောင်းရင်းမုန့် ရတနာတွေရဲ့ တည်နေရာကို မြန်မြန် ပြောလိုက်တော့ ” မိုဝူကျိက မုန့်ယဲ့အား ခေါင်းညိတ်ပြလိုက်သည်။

အကယ်၍ သဲတာအိုလှိုင်းများသာ သူ့အပေါ် သက်ရောက်မှု ရှိသည်ဆိုလျှင် သူ့အနေနှင့် သဲကန္တာရအပေါ်၌ ရပ်နေနိုင်မည် မဟုတ်တော့ပေ။ တာအိုအငွေ့အသက်များက သူ့ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် မိုဝူကျိက လူသားတာအို၏ အကူအညီပင် မလိုလိုက်ပေ။ သူ လုပ်ဖို့လိုသည်ကား သူ့အဆိပ်ဖြေ လမ်းကြောင်းအား လှည့်ပတ်လိုက်ရုံသာ ဖြစ်၏။ ထိုအခါ ထိုတာအိုလှိုင်းများက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပေမည်။

“ မင်းက တာအိုအုပ်စိုးသူ အရှင် မဟာသဲကန္တာရရဲ့ နိဗာနသဲကို မကြောက်ဘူးလား”  မုန့်ယဲ့က မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ မိုဝူကျိအပေါ် လေးစားမှုမှာ နောက်တဆင့် ထပ်တိုးသွားလေ၏။

တာအိုအုပ်စိုးသူအရှင် လေးယောက်အနက် တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရသည် အားအကောင်းဆုံး မဟုတ်သော်လည်း သူ့နိဗာနသဲသည် ဝိဇ္ဇာများပင် ကြောက်ရွံ့ရသည့်အရာ ဖြစ်၏။ သူကိုယ်တိုင် သဲကန္တာရအဖြစ် ပြောင်းလဲပြီး သူ့တာအိုလှိုင်းများကို သုံးကာ အရာအားလုံးကို သဲကန္တာရအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ဝိဇ္ဇာတစ်ပါးပင် သူနှင့် တိုက်ခိုက်ရမည်ဆိုလျှင်ပင် တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရက ရှုံးနိမ့်မည် မဟုတ်ပေ။ ထို့အပြင် နိဗာန တာအိုလှိုင်းများမှ ထွက်မပြေးနိုင်ပေ။ သူက သူ့ကန္တာရကြီးကို ကမ္ဘာအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်လိုက်သည်ဆိုပါက အဆပေါင်းများစွာ ပို၍ အားကောင်းသွားပေသည်။

တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရလား ….

မိုဝူကျိက သူ့ပုဆိန်လှံရှည် တိုက်ကွက်ထဲမှ မဟာသဲကန္တာရ တိုက်ကွက်အကြောင်း တွေးမိသွားသည်။ ကြည့်ရသည်မှာ ဤ တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရနှင့် နည်းနည်း ပတ်သတ်နေပုံ ပေါ်၏။

“ ကျုပ်က သူနဲ့ ဘာရန်ငြိုးမှ မရှိတာကို ဘာလို့ ကြောက်နေရမှာလဲ … တာအိုရောင်းရင်းမုန့် ကျုပ်နောက်ကို လိုက်မှာလား ဒါမှမဟုတ် ဒီမှာ နေခဲ့ပြီးတော့ ကျုပ်ကိုပဲ နေရာပြောပြလိုက်မလား ” မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

ပင်းထန်းဝါးသည် သူ့အတွက် အတော်လေး အရေးကြီးနေပေသည်။ တာအိုအုပ်စိုးသူအရှင် တစ်ယောက်ကိုတော့ သူက မမြင်ဖူးခြင်းလည်း မဟုတ်ပေ။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ အချိန်စက်ဝန်းပြားက သူ့လူသားကမ္ဘာအတွင်း ရှိနေသည် မဟုတ်ပါလော။

မုန့်ယဲ့က သက်ပြင်းချကာ သဲပေါ် ပြန်ရောက်လာသည် “ ညီအစ်ကိုမိုနဲ့ အတူတူ လိုက်ခဲ့ပါ့မယ် ”

“ နိဗာန သဲကို မကြောက်တော့ဘူးလား ” မိုဝူကျိက မုန့်ယဲ့အား အံ့ဩတကြီး  ကြည့်လိုက်သည်။ ထိုသို့ဆိုလျှင်ပင် သူက မုန့်ယဲ့သည် သစ္စာရှိသူ ဖြစ်ကြောင်း သိလိုက်သည်။

မုန့်ယဲ့က ရယ်မောကာ

“ ညီအစ်ကိုမိုက ကျဲဟိန်ကို ကုသဖို့ ဟုန်မုန့်စွမ်းအင်ကိုတောင် ထုတ်ပေးသေးတာ …. ကျုပ်က ညီအစ်ကိုမိုနဲ့ ပူးပေါင်းထားတာဆိုတော့ ကျုပ်ကို ပစ်မထားလောက်ဘူးလေ ”

အကယ်၍ မိုဝူကျိက သဲပေါ် ရပ်ရဲပြီး  မုန့်ယဲ့က မရပ်ရဲလျှင် သတ္တိအရ ရှုံးနိမ့်သွားပြီ ဖြစ်၏။ နောင်ကျ သူက မိုဝူကျိအား ညီအစ်ကိုမိုဟုပင် ခေါ်လို့ မရလောက်တော့ပေ။ သူက မိုဝူကျိအား ကျဲဟိန်လိုမျိုး သခင်ကြီးဟု ခေါ်နေရလောက်၏။ ထို့အပြင် သူက တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရသည်လည်း ဒဏ်ရာရထားကြောင်း သိ၍ သူ့နိဗာနသဲနှင့် ရင်ဆိုင်နိုင်လောက်ပေသည်။

ပို၍ အရေးကြီးသည်က အောက်တွင် သူ့အာကာပြင် ကျစ်ရွှေ ရှိနေလေ၏။ ဤသည်မှာ သူ အလိုအပ်နေဆုံးအရာ ဖြစ်ပေသည်။ မိုဝူကျိက သူ့အား သဲအဖြစ် ပြောင်းသွားမည်ကို ကြည့်နေမည် မဟုတ်ကြောင်း ပြောသည့်ကိစ္စကိုတော့ သူကိုယ်တိုင်ပင် အခိုင်အမာ မယုံကြည်ရဲပေ။

***

All Chapters