အခန်း (၁၁၂၁)
Vol. 81 Ch. 1121
မုန့်ယဲ့က သဲပေါ် ရပ်ကာ ရှေ့ကို လက်ညိုးထိုးပြလိုက်ရင်း “ ဒီသစ်ပင်က တောအုပ်ထဲမှာ အကြီးဆုံး မဟုတ်သေးဘူး။ ဒီမှာ … ”
ထိုသို့ပြောပြီးနောက် မုန့်ယဲ့က သူ့ဘေးရှိ နေရာကို ညွှန်ပြကာ
“ ဒီနေရာမှာ သစ်ပင်အကြီးကြီး ရှိတယ်။ အရင်တုန်းက ကျုပ်နဲ့ သွေ့ကျောင်းရန် အဲကနေ ဆင်းသွားကြတာ ”
“ ကျုပ်နောက်ကို လိုက်ခဲ့ ” မိုဝူကျိက မုန့်ယဲ့ ပြထားသည့် မြေကြီးထဲ တန်းခုန်ချလိုက်သည်။
မုန့်ယဲ့လည်း မြန်မြန် လိုက်သွားလေ၏။
သူတို့ ပိုပြီး နက်နက် သွားလေလေ နိဗာနသဲက ပို၍ အားကောင်းလာလေလေ ဖြစ်၏။ နောက်ဆုံးတွင် သူတို့စိတ်စွမ်းအားများပင် အနှောင့်အယှက် ခံလိုက်ရသည်။
မိုဝူကျိက ထိုအရာကို တွက်ထားပြီးသား ဖြစ်သည့်အတွက် အနည်းငယ် နှေးလိုက်သည်။ လက်ရှိ သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြု၍ အစီအရင် သင်္ကေတများ ရေးထွင်းထားလေ၏။
မုန့်ယဲ့က မိုဝူကျိ တစ်ယောက် အောက်သို့ ဆက်သွားနိုင်သည်ကို မြင်သောအခါ အံ့အားသင့်မိသွားသည်။ သူက ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်သော်လည်း ဆက်သွားဖို့ရာ ခက်ခဲလှသည်။ အကြောင်းမှာ စိတ်စွမ်းအား ကန့်သတ်ထားသောကြောင့် ဖြစ်၏။ သို့သော်လည်း သူ့ရှေ့တွင် ရှိနေသော မိုဝူကျိက ဖိအားကို ခံစားရဟန် မပေါ်ပေ။ မိုဝူကျိက နှေးသွားသော်လည်း မုန့်ယဲ့အနေနှင့် မိုဝူကျိသည် သူ့ကို စောင့်ဖို့ရာ တမင်သပ်သပ် နှေးလိုက်ကြောင်း မရေမရာ ဖြစ်မိသွားသည်။
ခြောက်နာရီကြာ သွားလာပြီးနောက် မိုဝူကျိက ကျောက်သား ခန်းမကျယ်တစ်ခု အပြင်ဘက်၌ ဆင်းသက်လိုက်သည်။
မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် ဤကျောက်သား ခန်းမကြီးမှာ သွေ့ကျောင်းရန်နှင့် မုန့်ယဲ့တို့ တည်ဆောက်ခဲ့ကြောင်း ပြောနိုင်ပေသည်။ ဤနည်းစနစ်မှာ မိန်မျိုးနွယ် အိမ်တော်ရှိ တစ်ခုနှင့် အတူတူ ဖြစ်နေလေ၏။
သိပ်မကြာခင် မုန့်ယဲ့လည်း မိုဝူကျိဘေး ရောက်ရှိလာသည်။ သူ့မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်နေကာ မိုဝူကျိလိုမျိုး ဘာမှသက်ရောက်မခံရသည့်ပုံ မပေါ်နေပေ။
မုန့်ယဲ့က စိတ်စွမ်းအားပင် ထိုးဖောက် မဝင်ရောက်နိုင်သည့် ထိုကျောက်သား ခန်းမကြီးအား လက်ညိုးထိုးပြလိုက်ပြီးနောက် “ ဟိုးအရင်နှစ်တွေတုန်းက ကျုပ်ပစ္စည်းတွေလည်း သွေ့ကျောင်းရန်နဲ့ အတူတူ ဒီမှာ ထားခဲ့တာ …. အခု ကြည့်ရတာ တစ်ယောက်ယောက် ရောက်နေပြီ ထင်တယ် ”
မုန့်ယဲ့အနေနှင့် မိုဝူကျိအား အထဲတွင် ဘယ်သူ ရှိနေသည့်အကြောင်း သတိပေးနေစရာ မလိုပေ။ တောအုပ်ထဲမှ ကန္တာရကြီးကို ကြည့်လိုက်ခြင်းအားဖြင့် တာအိုအုပ်စိုးသူ အရှင် မဟာသဲကန္တာရ ရောက်နေကြောင်း သိသာပေသည်။
“ တာအိုရောင်းရင်း သွေ့ကျောင်းရန်က ပင်းထန်းဝါးကို ဘယ်လိုများ ထိန်းသိမ်းထားတာလဲ ” မိုဝူကျိက သာမာန်ကာ လျှံကာ မေးလိုက်သည်။ သူက ပင်းထန်းဝါးကို ထိန်းသိမ်းထားဖို့ရာ မည်မျှ ခက်ခဲကြောင်း ကောင်းကောင်း သိထား၏။
မုန့်ယဲ့က ကျောက်သား ခန်းမကြီးအား စိုက်ကြည့်ကာ
“ သွေ့ကျောင်းရန်ဆီမှာ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ခုရှိတယ်။ ပြီးတော့ လက်သည်းခွံလောက် ဟုန်မုန့်သဲလည်း ရှိတယ်။ သူက သဲပေါ်မှာ နတ်ဝိညာဉ်သွေးကြောကို ထားပြီးတော့ ပင်းထန်းဝါးကို ထိန်းသိမ်းထားတာ …”
“ ဘယ်လို ” မိုဝူကျိက မုန့်ယဲ့အား တအံ့တဩ ကြည့်ကာ
“ ခင်ဗျား ပြောတာ ဒီမှာ ဟုန်မုန့်သဲလည်း ရှိနေတာလား ”
ဟုန်မုန့်သဲကို စကြဝဠာတစ်ခုလုံး၌ နံပါတ်တစ် ပစ္စည်းအဖြစ် ယူဆနိုင်ပေသည်။ ဤသည်မှာ ရှန်းထျန်း ရတနာ မဟုတ်သလို ဟို့ထျန်း ရတနာလည်း မဟုတ်ချေ။ စကြဝဠာကြီး ပထမဆုံး ဖြစ်တည်လာသည့်အခါတွင် ပေါ်လာသော ပစ္စည်း ဖြစ်၏။ အကယ်၍ အသက်ကယ်ဖို့ရာအတွက် မဟုတ်လျှင် ဟုန်မုန့်သဲက ပင်းထန်းဝါးထက် ပို၍ အဖိုးတန်ပေလိမ့်မည်။ မုန့်ယဲ့ဆီမှ ပြောတာကို မကြားခဲ့ရသည့်အတွက် မုန့်ယဲ့က ထိုပစ္စည်းကို သူ့အတွက် သူ လိုချင်နေမှန်း သိလိုက်သည်။
မိုဝူကျိလည်း ဟုန်မုန့်သဲကို အသည်းအသန် လိုအပ်နေပေသည်။ ယခင် သူ့တွင် သစ်နက်အပိုင်းတစ်ခု ရထားခဲ့၏။ သူ မည်မျှကြိုးစားစေကာမူ ပြန်လည် မရှင်သန်လာစေနိုင်ပေ။ အကယ်၍ သူသာ ဟုန်မုန့်သဲ အနည်းငယ်သာ ရရှိခဲ့လျှင် သစ်နက်အား ပြန်လည် ရှင်သန်လာစေဖို့ ယုံကြည်ချက် ရှိသည်။
“အင်း ဒါပေမဲ့ နည်းနည်းလေးပဲရယ် ” မုန့်ယဲ့က နေရခက်စွာ ပြန်ဖြေလိုက်သည်။
သူက သွေ့ကျောင်းရန်၏ ဟုန်မုန့်သဲကို တကယ် လိုချင်နေသောကြောင့် ထိုအကြောင်း မည်သူကိုမှ မပြောပြခဲ့ပေ။ သူက ဤနေရာသို့ ရောက်မလာခင် မိုဝူကျိနှင့် အသေအကျေ တိုက်ပြီး ထိုအရာကို အရယူဖို့ရာ တွေးထားသေးသည်။ သို့သော်လည်း မိုဝူကျိ အရမ်းအားကောင်းနေပေသည်။ ထို့အပြင် ဤနေရာရှိ အခြေအနေ ပြောင်းလဲသွားမှုကြောင့် သူက ဟုန်မုန့်သဲ လိုချင်တပ်မက်မှုအား မဖော်ပြရဲတော့ပေ။ သူက သူ့ကိုယ်သူ ရှင်းပြဖို့ လိုသည်ဟုလည်း မခံစားမိပေ။ မိုဝူကျိနှင့် အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက် မိုဝူကျိသည် မည်သို့ လူစားဖြစ်ကြောင်း ကောင်းကောင်း သိနေပြီ ဖြစ်၏။ သူ မပြောလျှင်ပင် မိုဝူကျိက သူ့အကြံကို သိပေလိမ့်မည်။
“ ကျုပ် သိပြီ ” မိုဝူကျိက ပြောလိုက်ရင်း သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲယူလိုက်သည်။ ပုဆိန်လှံရှည် ရိုက်ချက်က ကျောက်သားခန်းမ အဝင်ပေါက်ဆီ ကျရောက်သွားသည်။
ကျောက်သားခန်းမ အဝင်ဝကို ကာကွယ်ရေး အစီအရင်ဖြင့် ကာရံထား၏။ သို့သော်လည်း မိုဝူကျိ၏ တာအိုအစီအရင် အဆင့်က အဆင့် ၉ အစီအရင်ဧကရာဇ် နီးပါး ဖြစ်နေလေပြီ။ သူ့ပုဆိန်လှံရှည်က ကာကွယ်ရေး အစီအရင်ကို တစ်ချက်တည်းဖြင့် ဖျက်စီးပစ်လိုက်သည်။
ရိုက်ချက် တစ်ချက်က အဝင်ပေါက်အား အက်ကြောင်းကြီး ဖြစ်သွားစေသည်။
ထိုအက်ကြောင်း သူ့အလိုလို ပြန်ကောင်းလာသည့်အထိ မစောင့်တော့ဘဲ ပုဆိန်လှံရှည်မှ ငွေရောင်အလင်းတန်း ထပ်မံ ထွက်ပေါ်လာသည်။
“ ဝုန်း ” ကျောက်သား အဝင်ပေါက်ကြီးက ပျက်စီးသွားလေသည်။ မိုဝူကျိနှင့် မုန့်ယဲ့တို့က ခန်းမအတွင်း ရပ်လိုက်ကြ၏။
ထန်းဟန် ဝင်ရှုပ်ထားခဲ့သည့် မိန်အိမ်တော်ရှိ ဂိတ်ပေါက်နှင့် ယှဉ်လိုက်လျှင် ဤအဝင်ပေါက်မှာ အနည်းငယ် အားနည်းပေသည်။
ခန်းမအတွင်း ဝင်ရောက်လိုက်ပြီးနောက် မိုဝူကျိ ပထမဆုံး သတိထားမိလိုက်သည့်အရာမှာ တစ်မီတာ အမြင့်ရှိ ပင်းထန်းဝါးပင် ဖြစ်၏။ ထိုပင်းထန်းဝါးပင်သည် တလက်လက် တောက်ပနေကာ ကြည်လင်နေလေ၏။ နတ်သမီးပုံပြင်များကဲ့သို့ နွေးထွေးသည့် အလင်းရောင်လေး ထုတ်ပေးနေဟန် ပေါ်သည်။
နှင်းပွင့်သဏ္ဍာန် ဝါးရွက် ကိုးရွက်က ပို၍ တောက်ပနေလေ၏။ ယခင် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုနှင့် အလဲအလှယ် ပြုခဲ့သည့် ပင်းထန်းဝါးနှင့် ယှဉ်လိုက်လျှင် ဤအရာက ပို၍ တန်ဖိုးကြီးပေသည်။
မိုဝူကျိက ပင်းထန်းဝါးပင် အောက်ခြေရှိ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောကို မကြည့်ချေ။ ထို့အစား သူက ပင်းထန်းဝါးပင် ဘေးရှိ လူနှစ်ယောက်ကို ကြည့်လိုက်သည်။
ဟုတ်တယ် … လူနှစ်ယောက် ရှိနေလေ၏။ မုန့်ယဲ့က တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရ တစ်ယောက်တည်း ရှိဖို့ရာ မျှော်လင့်ထားသော်လည်း ထိုသို့ မဟုတ်ခဲ့ချေ။ လက်ဝဲဘက်ရှိ လူက အရွယ်အစား ပိုသေးပြီး ပုံမှန်မဟုတ်သည့် ကျောက်တုံးနှင့် တူပေသည်။ ထိုသူက ဗုဒ္ဓ ၁၈ လုံး ပုတီးကုံးကို ကိုင်ထားလေသည်။ ပုတီးစေ့ တစ်လုံးချင်းစီတွင် အဆုံးမဲ့ တာအိုအငွေ့အသက်များ ကိန်းအောင်းနေဟန် ပေါ်သည်။ လက်ယာဘက်ရှိ လူက ပို၍ အရပ်ရှည်ပေသည်။ သူ့မုတ်ဆိတ်ရှည်ကြီးနှင့် ရင်အုပ်ကျယ်ကြီးက ခြိမ်းခြောက်နိုင်သည့်ပုံ ပေါ်နေသည်။
“ မဟာသဲကန္တာရ … မင်ယွဲ့ ….” မုန့်ယဲ့က ရေရွတ်လိုက်သည်။
မိုဝူကျိက ထိုနှစ်ယောက်၏ အင်အားအစစ်အမှန်ကို မခွဲခြားနိုင်ပေ။ သူက ပင်းထန်းဝါးကို မည်သို့ လုယူရမည်ကို တွက်ချက်နေလေ၏။ သူက သူတို့ကို အထိတ်တလန့် ဖြစ်မိသွားစေလျှင် ဖြစ်လာမည့် အောင်နိုင်ခြေကိုလည်း ထည့်စဉ်းစားနေသည်။
“ သူတို့က ဘယ်သူတွေလဲ ” မိုဝူကျိက သူ့မြေကျုံ့ပညာရပ် အမြန်နှုန်းကို တွက်ချက်နေရင်း မေးခွန်း ထုတ်လိုက်၏။
“ ညီအစ်ကိုမို … နတ်ဝိညာဉ်သွေးကြော အနီးဆုံးမှာ ရှိနေတာက တာအိုအုပ်စိုးသူအရှင် လေးယောက်ထဲက တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရ … အရပ်နည်းနည်း ရှည်တဲ့သူက နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲက နတ်ဘုရားဧကရာဇ် မင်ယွဲ့ပဲ …. ” အံ့ဩတုန်လှုပ်နေသည့် မုန့်ယဲ့က ထိုသူနှစ်ဦးကို စိုက်ကြည့်နေရင်း မိတ်ဆက်ပေးလိုက်သည်။
“ ဟားဟား …” အရပ်နည်းနည်းရှည်သည့် ကျင့်ကြံသူက စတင် ရယ်မောလိုက်သည်။ အတော်ကြာ ရယ်မောပြီးနောက် သူက မုန့်ယဲ့အား လက်ညိုးထိုးကာ
“ မုန့်ယဲ့ … မုန့်ယဲ့ …. မင်းက နယ်လှည့် ဝိဇ္ဇာသုံးပါးထဲကလေကွာ။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုအခြေအနေအထိ ဖြစ်သွားရတာလဲ။ သဟဇာတ နတ်ဘုရားအဆင့်ကိုများ ညီအစ်ကို ခေါ်နေသေးတယ်။ မင်းကတော့ ဟာသတွေ လာလုပ်နေတာပဲ ”
မိုဝူကျိက နှလုံးခုန် မြန်လာမိသည်။ အကြောင်းမှာ နတ်ဘုရား ဧကရာဇ် မင်ယွဲ့က မုန့်ယဲ့အား လှောင်ပြောင်နေ၍ မဟုတ်ပေ။ အကြောင်းကား မင်ယွဲ့ ရယ်လိုက်သည့်အခါ အာကာပြင်၌ အနည်းငယ် မငြိမ်မသက် ဖြစ်သွား၍ ဖြစ်သည်။ ထိုမငြိမ်သက်မှုအတွင်း မိုဝူကျိက ပင်းထန်းဝါး ဝန်းကျင်ရှိ အာကာပြင် သင်္ကေတများကို အာရုံခံမိလိုက်သည်။ အပေါ်ယံ၌ ပင်းထန်းဝါးကို တားဆီးထားသည့် မည်သည့်အရာမှ မရှိဟန် ပေါ်နေသည်။ ပြောရလျှင် ရှေ့ကို ပြေးသွား၍ ဆုပ်ကိုင်လိုက်ရုံဟုသာ ထင်ရသည်။
အမှန်တော့ မိုဝူကျိက အာကာပြင် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် ကာကွယ်ရေး အစီအရင်ကို သတိမထားဘဲ အရင်ပြေးသွားဖို့ရာ သတိလက်လွှတ် မဖြစ်သွားသည်က ကံကောင်းသွားသည်။ ရှေ့မကြည့် နောက်မကြည့် ပင်းထန်းဝါးဆီ ပြေးသွားခြင်းက ပင်းထန်းဝါးကို အဝေးပို့လွှတ်သလို ဖြစ်သွားပေမည်။ လက်ရှိ မိုဝူကျိ၏ နောက်ကျောတွင် ချွေးအေးများ စီးကျနေလေသည်။ အကြောင်းမှာ သူ့ရှေ့ရှိ ထိုလူနှစ်ယောက်ကြောင့် မဟုတ်ဘဲ ရှေ့တက်သွားပြီး ယူလိုက်ပါက ပင်းထန်းဝါး ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်နေ၍ ဖြစ်ပေသည်။
မိုဝူကျိက ပင်းထန်းဝါးကို တာအိုအုပ်စိုးသူအရှင်နှင့် နတ်ဘုရားဧကရာဇ်တို့ထံမှ လုယူနိုင်လောက်သည့်အထိ အားကောင်းသည်ဟု မထင်မိပေ။ သူတို့ကို မကြောက်ရွံ့ခြင်းနှင့် သူတို့ဆီမှ ပစ္စည်းများကို လုယူခြင်းက လုံးဝ မတူသော ကိစ္စများ ဖြစ်၏။
“ မဟာသဲကန္တာရ … မင်ယွဲ့ … ဒါက သွေ့ကျောင်းရန်နဲ့ ငါတို့ ရတနာတွေ ဝှက်ထားတဲ့ နေရာပဲ။ မင်းတို့နှစ်ယောက်က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ” မုန့်ယဲ့က မကြည်မသာ အသံဖြင့် ပြောလိုက်သည်။ သူက နတ်ဘုရားဧကရာဇ် မင်ယွဲ့၏ ပြက်လုံးကိုတော့ လျစ်လျူရှုထားလိုက်သည်။
“ မင်းတို့ ပိုင်နက်လား ” မင်ယွဲ့က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်
“ ဒီနေရာက ဘယ်သူအပိုင်မှ မဟုတ်တာ ရှင်းနေတာကို ဘယ်လိုလုပ် မင်းအပိုင် ဖြစ်မှာလဲ။ မင်းက ဝိဇ္ဇာလား။ မင်း လိုချင်တဲ့ နယ်မြေကို ယူလို့ ရမယ် ထင်နေတာလား ”
“ ဟားဟား ” မိုဝူကျိက ရယ်မောလိုက်သည်။ သူက ရှေ့တစ်လှမ်းတိုးကာ မင်ယွဲ့အား လက်ညိုးထိုးလိုက်ပြီး
“ ခင်ဗျားက သူ့ပိုင်နက်ကို ယူပြီးတော့ သူ့ပစ္စည်းတွေလည်း လုထားပြီးတော့ သူ့ကို ပြောဆိုခွင့်တောင် မပေးဘူတဲ့လား … ဒါက ဘယ်လို သဘောမျိုးလဲ ”
မိုဝူကျိက နောက်ဆုံးအကြောင်း ထုတ်ပြောလိုက်စဉ် သူ့ခန္ဓာကိုယ်မှာ တစ်ခဏတာ လှုပ်ရှားမှု ရပ်တန့်သွားလေ၏။
တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက မိုဝူကျိအား အစကတည်းက စောင့်ကြည့်နေလေ၏။ သူ့သဲတာအိုလှိုင်းများ ရှိနေမှန်း သိကြသော်လည်း သူတို့က အောက်ဆင်းလာကြသေး၏။ မုန့်ယဲ့က မိုဝူကျိအား ညီအစ်ကိုဟု ခေါ်ဝေါ်နေသေး၏။ ဤညီအစ်ကိုမိုက ရိုးရှင်းသည့်သူ မဟုတ်မှန်း သိသာလှသည်။
သို့သော်လည်း သူက မိုဝူကျိ၏ ပင်းထန်းဝါး လုယူမည့်အကြောင်းကို ဂရုမထားမိပေ. သူ့ပင်းထန်းဝါးကို အာကာပြင် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် ကာကွယ်ရေး အစီအရင်ဖြင့် ကာရံထားလေသည်။ အမြင့်ဆုံး အခြေအနေ ရှိခဲ့သည့် မုန့်ယဲ့ပင် ဤကာကွယ်ရေး အစီအရင်အား ချိုးဖောက်နိုင်မည် မဟုတ်ပေ။
မိုဝူကျိက ပင်းထန်းဝါးကို တစ်ချက်သာ ကြည့်လိုက်သည်။ သူက စိတ်စွမ်းအားဖြင့် ဆက်လက် စစ်ဆေးကြည့်မနေတော့ပေ။ ထိုသို့ဆိုလျှင်ပင် တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက မိုဝူကျိအား သတိကြီးကြီးထားကာ စောင့်ကြည့်နေသေး၏။ ပင်းထန်းဝါးက သူ့အတွက် အလွန်အရေးကြီးပေသည်။ အကယ်၍ မပြီးပြည့်စုံသေးသည့် တာအိုလှိုင်းတွန့်များကြောင့်သာ မဟုတ်လျှင် သူက ပင်းထန်းဝါးကို အသုံးပြုပြီးလောက်လေပြီ။
ယခု မိုဝူကျိက မင်ယွဲ့အား အော်လိုက်လေရာ သူ့စိတ်ထဲ သက်သာရာ ရသွားလေ၏။
ထိုစဉ် မိုဝူကျိ၏ ခန္ဓာကိုယ် လှုပ်ရှားမှုမှာ ခဏ ရပ်တန့်သွားလေသည်။ စက္ကန့်ပိုင်းလေးအတွင်း မဟာသဲကန္တာရနှင့် မင်ယွဲ့တို့က သတိပြန်ကပ်လာကြသည်။ ငြိမ်သက်နေသည့် မိုဝူကျိက တကယ့် မိုဝူကျိအစစ်၏ အရိပ်တစ်ခုမျှသာ ဖြစ်ပြီး အစစ်မှာ လှုပ်ရှားသွားလေပြီ။ လက်ရှိ အာကာပြင်မှာ တုန်ခါသွားလေ၏။
“ မင်းက သေချင်နေတာပဲ ” မဟာသဲကန္တာရက မိုဝူကျိဆီ ပြေးဝင်လာသည်။ မိုဝူကျိက သူ့အား စက္ကန့်ပိုင်းလောက် အရူး လုပ်ခဲ့သော်လည်း မိုဝူကျိသည် ပင်းထန်းဝါးကို လုယူနိုင်လိမ့်မည်ဟု မယုံပေ။
သူက မိုဝူကျိ အစီအရင် ဖျက်စီးသည့်အထိ မစောင့်နေတော့ဘဲ မိုဝူကျိအား တားဆီးလိုက်သည်။
မိုဝူကျိက မြေကျုံ့ပညာရပ် ထုတ်သုံးလိုက်သည်နှင့် ကာကွယ်ရေး အစီအရင်မှာ ပေါက်ကွဲထွက်သွားသည်။ ပင်းထန်းဝါး၏ စွမ်းအားတို့မှာလည်း ထွက်ပေါ်လာလေ၏။
မိုဝူကျိက ဘာမှသက်ရောက်မှု မရှိဘဲ ပင်းထန်းဝါးဆီ ပြေးဝင်လာသည်။ သူက လက်တစ်ချက် အဝှေ့ဖြင့် ပင်းထန်းဝါးကို သူ့လူသားကမ္ဘာထဲ ပို့လွှတ်လိုက်တော့သည်။ ထို့နောက် ပုဆိန်လှံရှည်မှ ငွေရောင်မြစ် တစ်စင်း ကျဆင်းလာသည်။
“ ဝုန်း ” မိုဝူကျိ၏ ငွေရောင်မြစ်ကြီးသည် မဟာသဲကန္တာရ၏ ဗုဒ္ဓပုတီးစေ့များနှင့် ထိပ်တိုက် တွေ့သွားလေသည်။ ကျောက်သား ခန်းမတစ်ခုလုံးမှာ ငွေရောင်မြစ်ကြီးနှင့် သဲတို့၏ လွှမ်းခြုံမှုကို ခံထားရသည်။
ကြောက်မက်ဖွယ် တန်ပြန်အားက မိုဝူကျိအား မုန့်ယဲ့ဘေးသို့ လွှင့်ထွက်သွားစေသည်။
ထိုစဉ် သူ့စိတ်မှာ တည်ငြိမ်သွားလေ၏။ ပင်းထန်းဝါး သူ့လက်ထဲ ရောက်လာပြီဖြစ်ရာ သူက ထိုငပုနှင့် မင်ယွဲ့တို့အား မကြောက်တော့ပေ။
***