← Chapters

ခြိမ်းခြောက်မှု

Vol. 81 Ch. 1122

ခြိမ်းခြောက်မှု

Vol. 81 Ch. 1122

တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရ လက်ထဲရှိ ပုတီးစေ့ ၁၈ လုံးက တောက်ပလာသည်။ ပုတိုတို ပုံပန်းသဏ္ဍာန်မှ မြင့်မားသည့် ပုံရိပ်ကြီး ဖြစ်လာသည်။

ဗုဒ္ဓ ပုတီးစေ့၏ အဆုံးမဲ့စွမ်းအားများက သူ့ခန္ဓာဝန်းကျင် လှည့်ပတ်လာသည်။ သူက မိုဝူကျိကို လုပ်ကြံဖို့ မကြိုးစားသလို မိုဝူကျိအပေါ် လုပ်ကြံခြင်းက အလုပ်မဖြစ်ကြောင်းလည်း သေချာသိထားသည်။

“ ခဏ ” နတ်ဘုရားဧကရာဇ် မင်ယွဲ့က တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရကို လှမ်းအော်လိုက်သည်။ သူက တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရ၏ အပြုအမူကို တားဆီးဖို့ရာ ရှေ့တိုးလာ၏။

တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက ခေါင်းညိတ်ပြကာ မိုဝူကျိအား ကြည့်လိုက်သည်။ သူက တိုက်ခိုက်မှုကို မရပ်တန့်ဘဲ သူ့ ၁၈ လုံး ပုတီး၏ အငွေ့အသက်တို့က ပို၍ လွှမ်းမိုးလာလေ၏။  ထိုစွမ်းအားက ခန်းမဝန်းကျင်ကို ပိတ်ဆို့ထားရုံသာမက မိုဝူကျိနှင့် မုန့်ယဲ့တို့ကိုလည်း ပိတ်ဆို့ထားသည်။

“ မုန့်ယဲ့ … မင်းရဲ့ အစ်ကိုကြီးက အတော်လေး တော်တာပဲ။ အာကာပြင် သင်္ကေတတွေအကြောင်း ကျွမ်းကျင်တယ်လား  …. သူက မဟာသဲကန္တာရရဲ့ ပင်းထန်းဝါးကို  ငါတို့မျက်စိရှေ့မှာ   အစီအရင် ဖျက်ပြီးတော့ လုယူသွားသေးတယ်။  အတော်လေး အံ့ဩဖို့ ကောင်းသား ” မင်ယွဲ့က လက်မထောင် ညွှန်းဆိုလိုက်သည်။

ထို့နောက် သူက မိုဝူကျိဘက် လှည့်ကာ

“ ဒီက တာအိုရောင်းရင်း  အဲဒီသင်္ကေတတွေကို ဘယ်နေရာက သင်လာတာလဲ ”

မိုဝူကျိ ပြန်မဖြေခင်  နိဗာနသဲ၏ တာအိုအငွေ့အသက်များ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်ကို အာရုံခံလိုက်မိသည်။ ထိုကြောက်မက်ဖွယ် စွမ်းအားက သူ့ချီသွေးကြောများအတွင်း ကမောက်ကမ ဖြစ်သွားစေသည်။ သူ့တွင် အဆိပ်ဖြေလမ်းကြောင်း မရှိထားပါက သူ့ခန္ဓာကိုယ် သဲအဖြစ် မည်မျှ မြန်မြန် ပြောင်းလဲသွားမည်ကို စိတ်ကူးကြည့်လို့ ရပေသည်။

ကံကောင်းစွာဖြင့် မိုဝူကျိတွင် အဆိပ်ဖြေ လမ်းကြောင်း ရှိနေလေ၏။ နိဗာနသဲ စွမ်းအားကို အဆိပ်ဖြေလမ်းကြောင်းက ချက်ချင်း စုပ်ယူသွားပြီး သန့်စင်ပစ်လိုက်သည်။

မိုဝူကျိက နိဗာနသဲသည် အန္တရာယ်ဟု မထင်သော်လည်း မုန့်ယဲ့အနေနှင့် အတော်လေး ရုန်းကန်နေရသည်။ မိုဝူကျိက ထိုကြောက်မက်ဖွယ် စွမ်းအားအားလုံးကို အဆိပ်ဖြေလမ်းကြောင်းထဲ ပို့လွှတ်ပြီးသည်နှင့် မုန့်ယဲ့က လှမ်းအော်လိုက်သည်

“ အစ်ကိုကြီးမို  … ကျုပ်ကို ကယ်ပါဦး ”

လက်ရှိ  မုန့်ယဲ့၏ ဖိနပ်နှင့် ခြေဖျားတို့မှာ သဲအဖြစ် ပြောင်းလဲသွားလေပြီ။ သူ့ခြေချင်းဝတ်ပင် တစစီ ဖြစ်နေပြီ ဖြစ်၏။

မုန့်ယဲ့က အတော်လေး တုန်လှုပ်နေမိသည်။ သူက နိဗာနသဲအပေါ် ကိုယ့်စွမ်းဆောင်ရည်ကို အထင်ကြီးမိကြောင်း သတိပြုမိသွားသည်။ လက်ရှိ သူက တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရ၏ ပြန်ကောင်းနှုန်းကို လျော့တွက်မိသွားသည်။

အစတုန်းက တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရ ပြန်ကောင်းလာနှုန်းမှာ လက်ရှိ မုန့်ယဲ့၏ အခြေအနေထက် ပိုအားကောင်းလောက်သည့်အထိ မဖြစ်သေးကြောင်း ခန့်မှန်းထားခဲ့သည်။ သို့သော် ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် မုန့်ယဲ့၏ ခန့်မှန်းချက်မှာ မတိကျတော့ပေ။ တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက သူ့အား မြန်မြန် ပြန်ကောင်းလာစေမည့် အခွင့်အခါနှင့် ကြုံကြိုက်ခဲ့ရခြင်းသာ ဖြစ်ပေမည်။ တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက ပင်းထန်းဝါးကိုပင် အသုံးမပြုရသေးပေ။ အကယ်၍ သူသာ အသုံးပြုပြီးသွားလျှင် မုန့်ယဲ့အနေနှင့် ပြန်လည်  လက်တုံ့ပြန်မည့် အခွင့်အရေးပင် ရမည် မဟုတ်ချေ။

မိုဝူကျိက မုန့်ယဲ့အား တစ်စက္ကန့်မျှသာ ကြည့်လိုက်ပြီးနောက် တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရအား ပြန်လှည့်ကြည့်ကာ

“ မဟာသဲကန္တာရ … ကျုပ် အတော်လေး သိချင်နေတာ ရှိတယ်။ ပြောရရင် သွေ့ကျောင်းရန်နဲ့ မုန့်ယဲ့တို့က ငတုံးတွေ မဟုတ်ဘူးလေ။ သူတို့  ရတနာဝှက်ခဲ့တဲ့ နေရာက အရမ်းကို လုံလုံခြုံခြုံနဲ့ ဖုံးကွယ်ခဲ့မှာပဲ။ ခင်ဗျားတို့ နှစ်ယောက်က ဘယ်လိုလုပ် ရှာတွေ့တာလဲ ”

“ ဟားဟား ” ဘေးတွင် ရပ်နေသည့် နတ်ဘုရားဧကရာဇ် မင်ယွဲ့က အားရပါးရ ရယ်မောရင်း  မိုဝူကျိအား  လက်ညိုးထိုးကာ

“  မိုမျိုးနွယ်နဲ့ ကောင်လေး  … မင်း ဘယ်နေရာက ရောက်လာတယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ငါ့မေးခွန်းကို အရင်ဖြေပေးသင့်တယ်။ မင်းက အဲဒီသင်္ကေတတွေကို ဘယ်က သင်ထားတာလဲ။ ထွက်ပြေးဖို့ စဉ်းစားမနေနဲ့  …. မင်း ဘယ်မှ သွားလို့ မရဘူး ”

“ ဒီနေရာကနေ ငတိတစ်ကောင်ကို လွှတ်သွားတယ်ဆိုရင် ငါ မဟာသဲကန္တာရက တာအိုအုပ်စိုးသူအရှင် လေးယောက်ထဲက တစ်ယောက် ဖြစ်ဖို့ မတန်ဘူး  ….” တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက စကားပြောလက်စကို ရပ်လိုက်ပြီး အထိတ်တလန့်ဖြင့်

“ မင်းက ဒီလို ဘာလို့ ပြောရဲတာလဲဆိုပြီး တွေးနေတာ  …. ကြည့်ရတာ မင်းက ငါရဲ့ နိဗာနသဲ တိုက်ကွက်ကို မကြောက်ဘူးပဲ ”

“ အာ ဟုတ်သားပဲ  ” မင်ယွဲ့ကလည်း ရေရွတ်လိုက်ပြီးနောက် မုန့်ယဲ့အား မေးလိုက်သည်  “ မုန့်ယဲ့  … မင်း အစ်ကို ခေါ်နေတာ ဘယ်သူလဲ။ မင်းက ဖျက်စီးခံရတော့မှာကို သူက မြင်တောင် မမြင်ဘူးပဲ ”

“ ကျုပ်က ထွက်ပြေးမယ်လို့ ဘယ်သူက ပြောလဲ ” မိုဝူကျိက စိတ်မပါလက်မပါ ပြန်ပြောလိုက်သည်

“ ကျုပ် မယူရသေးတဲ့ ပစ္စည်း ရှိနေတာကို ဘာလို့ ထွက်ပြေးရမှာလဲ ”

“ အစ်ကိုမို ကျေးဇူးပါ ….” မိုဝူကျိဆီ အကူအညီ တောင်းခံပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ နိဗာနသဲတာအိုအငွေ့အသက်မှာ ထူးထူးဆန်းဆန်း ပျောက်ကွယ်လာသည်။ သူက မိုဝူကျိ မည်သို့ လုပ်လိုက်မှန်း မသိသော်လည်း မိုဝူကျိ လက်ချက်မှန်းတော့ အသေအချာ သိလိုက်သည်။

ထိုစဉ် မုန့်ယဲ့က မိုဝူကျိ၏ ထူးခြားဖွယ် ပညာရပ်များကို ပို၍ ကြောက်ရွံ့လာမိသည်။ အစပိုင်းတွင် သူက တားမြစ်ပညာရပ် ထုတ်သုံးပြီး ထွက်ပြေးရန် ကြံရွယ်လိုက်သေး၏။ မိုဝူကျိက သူ့ခန္ဓာကိုယ်မှ နိဗာနသဲ၏ တာအိုအငွေ့အသက်ကို အလွယ်လေး ဖယ်ရှားပေးလိုက်မည်ကို မည်သူက ထင်ထားမည်နည်း။

ဒီလိုနည်းလမ်းမျိုးက …..

“ မင်း အဆင်ပြေသွားပြီလား ” မင်ယွဲ့နှင့် မဟာသဲကန္တာရ နှစ်ယောက်လုံးက မုန့်ယဲ့အား တအံ့တဩ ကြည့်လိုက်ကြသည်။ မိုဝူကျိက သူ့နိဗာနသဲ သက်ရောက်မှု မရှိဘဲ နေနိုင်သည်က အံ့ဖွယ် ဖြစ်နေလေပြီ။ ပိုပြီး အံ့အားသင့်စရာကောင်းသည်ကား မိုဝူကျိက မုန့်ယဲ့ကိုပင် သူ သတိမထားမိစေဘဲ ကူညီပေးလိုက်သေး၏။ ဤသည်မှာ ရိုးရိုးရှင်းရှင်း ပညာရပ် မဟုတ်ပေ။ သူက မိုဝူကျိဆီမှ ပင်းထန်းဝါးကို လုယူနိုင်ပါ့မလားဟု သံသယ ဝင်လာမိကာ စိုးရိမ်လာမိသည်။

မဟာသဲကန္တာရက သူ့ဆုံးဖြတ်ချက်ကို နောင်တရလာမိသည်။ သူ့နောင်တမှာ ကြာကြာမစောင့်နေသင့်ကြောင်း ဖြစ်၏။ သူ့အသိစိတ်ပင်လယ်နှင့် ဝိညာဉ်လမ်းကြောင်းများ မြန်မြန် ပြန်ကောင်းမွန်လာစေရန် ပင်းထန်းဝါးကို မြန်မြန် အသုံးပြုပစ်လိုက်သင့်သည်။ စောစီးစွာ အသုံးပြုခြင်းက မပြီးပြည့်စုံသော်လည်း မသုံးရခြင်းထက် ပို၍ ကောင်းသေး၏။

“ ဟားဟား  ” ဤတစ်ကြိမ်ကား မုန့်ယဲ့ ရယ်ရမည့် အလှည့် ဖြစ်ပေသည်။ သူက မဟာသဲကန္တာရနှင့် မင်ယွဲ့တို့အား လက်ညိုးထိုးကာ

“ အစ်ကိုမိုက ဝိဇ္ဇာဟွမ်တိကိုတောင် ဖမ်းနိုင်ခဲ့တာ  … မင်းတို့ နှစ်ယောက်က ကပ်ဘေးအပြီး အပြင်းအထန် ဒဏ်ရာရထားတဲ့ တာအိုအုပ်စိုးသူအရှင်နဲ့ နတ်ဘုရားဧကရာဇ်အဆင့်လေးပဲ ရှိသေးတာကို  …  မင်းတို့နှစ်ယောက် အပြည့်အဝ ပြန်ကောင်းလာရင်တောင် ဝိဇ္ဇာဟွမ်တိနဲ့ ယှဉ်နိုင်လို့လား ”

“ ဘာတွေ ပြောနေတာလဲ ” မင်ယွဲ့က အလန့်တကြား ထခုန်ရင်း မိုဝူကျိအား အထိတ်တလန့် ကြည့်လိုက်သည်  “ မင်းက တကယ်ကြီး ဟွမ်တိကို ဖမ်းခဲ့တာလား ”

မဟာသဲကန္တာရက တုန်လှုပ်သွားသော်လည်း ရယ်ရယ်မောမောဖြင့်

“ အစ်ကိုကြီး မင်ယွဲ့ ဘာလို့ ယုံနေတာ … ”

မဟာသဲကန္တာရက သူ့စကားမဆုံးခင် ရပ်တန့်လိုက်ပြီး မိုဝူကျိ လက်ကို ကြည့်ကာ ကြောင်အအ ဖြစ်သွားလေသည်။

မိုဝူကျိ ပိန်ပါးပါး အမျိုးသားတစ်ယောက်ကို ကိုင်ထား၏။ ထိုအမျိုးသားတွင် သံချေးတက်နေသည့် ကျိုင်းတစ်ခု ရှိနေသည်။ မင်ယွဲ့နှင့် မဟာသဲကန္တာရတို့က ထိုကျိုင်းသည် သတ္တဗုဒ္ဓကျိုင်းမှန်း တန်းမှတ်မိလိုက်ကြ၏။

ထိုပိန်ပါးပါး အမျိုးသား၏ စွမ်းအားမှာ  မိုဝူကျိ၏ ပိတ်ဆို့မှု ခံထားရသော်လည်း မင်ယွဲ့နှင့် မဟာသဲကန္တာရတို့က ဝိဇ္ဇာတစ်ပါး၏ အရှိန်အဝါ စွမ်းအားတို့ကို ခံစားမိနေသေးသည်။

မင်ယွဲ့က သူ့ဘာသာ တီးတိုးရွေရတ်လိုက်သည်  “ တကယ်ကြီးကို ဝိဇ္ဇာဟွမ်တိပဲ … ဒါက … ”

သူ့မျက်ဝန်း၌ အကြောက်တရားတချို့ ထင်ဟပ်လာသည်။ ဝိဇ္ဇာတစ်ပါး၏ ဂုဏ်သတင်းမှာ စနောက်ရမည့်အရာမျိုး မဟုတ်ချေ။ ယခု မိုဝူကျိက ဝိဇ္ဇာတစ်ပါးကို ချုပ်နှောင်ထားလေရာ သူ့စိတ်ထဲ အကြောက်တရား ကြီးစိုးလာလေ၏။

နတ်ဘုရားအရိုက်အရာခံ လူတစ်ယောက်အနေနှင့် မင်ယွဲ့က ဝိဇ္ဇာဖြစ်လာဖို့ရာ မည်မျှ ခက်ခဲကြောင်း သိပေသည်။ သူ မင်ယွဲ့၏ တစ်ဘဝလုံး မတော်တဆ ဖြစ်ရပ်များ မဖြစ်ခဲ့လျှင်ပင် ဝိဇ္ဇာအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ထိုအဆင့်မှာ အလွန်မြင့်မားလွန်း၍ ကျင့်ကြံသူအများစုအတွက် လက်လှမ်းမမီနိင်သည့်အရာ ဖြစ်ပေသည်။

ယနေ့ သူ့အနေနှင့်  အင်မတန် အားကြီးလှသော ဝိဇ္ဇာတစ်ပါးက  မိုဝူကျိ၏ ချုပ်နှောင်မှုကို ခံခဲ့ရလေရာ မည်မျှ အံ့ဩတုန်လှုပ်သွားမည်ကို စဉ်းစားကြည့်လို့ ရပေ၏။

မဟာသဲကန္တာရလည်း မင်ယွဲ့လိုမျိုး ကြောင်အအ ဖြစ်နေသည်။ ဝိဇ္ဇာရှစ်ပါးအနက် ခုနှစ်ပါးမှာ ခဏတိုင်း ပွဲများ ကျင်းပလေ့ ရှိသောကြောင့် နေရာအစုံမှ ထိပ်သီးပုဂ္ဂိုလ်များ တက်ရောက်လေ့ ရှိကြသည်။ မဟာသဲကန္တာရက ဝိဇ္ဇာဟွမ်တိကို အကြိမ်ရေ တော်တော်များများ တွေ့ဖူးပေသည်။ ထို့ကြောင့် သူက ဝိဇ္ဇာဟွမ်တိကို တန်းမှတ်မိလိုက်၏။ မိုဝူကျိက သူတို့ကို လိမ်ညာနေခြင်း မဟုတ်ပေ။

“ ဝိဇ္ဇာဟွမ်တိ  … တကယ်ကြီး ခင်ဗျားလား ” အတော်လေး တိတ်ဆိတ်နေပြီးနောက် မဟာသဲကန္တာရက မယုံကြည်နိုင်စွာ မေးလိုက်သည်။

ဟွမ်တိက ခါးသက်သက် ပြုံးကာ

“ မဟာသဲကန္တာရနဲ့ မင်ယွဲ့ …. မင်းတို့နှစ်ယောက်လည်း တာအိုရောင်းရင်းမို လက်ထဲ ကျသွားလိမ့်မယ်လို့ ထင်မထားဘူး ”

ဟွမ်တိက မိုဝူကျိအကြောင်း ကောင်းကောင်း သိပေသည်။ သူ့ဘေးပတ်လည်ရှိ အရာအားလုံးကို မိုဝူကျိက ပိတ်ဆို့ထားသော်လည်း မိုဝူကျိက မင်ယွဲ့နှင့် မဟာသဲကန္တာရတို့အပေါ် အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း သိလိုက်၏။

မဟာသဲကန္တာရနှင့် မင်ယွဲ့တို့က လေအေးများ ရှုသွင်းလိုက်ကြသည်။ နှစ်ယောက်လုံးက အချင်းချင်း စိုးရိမ်စွာ ကြည့်လိုက်ကြပြီး ထိုအစ်ကိုမိုက ဘယ်သူလဲဟု စဉ်းစားနေကြသည်။ နှစ်ယောက်လုံးက စောစောလေးက ပြသခဲ့သည့် ယုံကြည်ချက်မျိုး မရှိကြတော့ပေ။

“ ဟွမ်တိ … ကျုပ်ရဲ့ ဆေးစိုက်ခင်းရော ဘယ်လိုလဲ ” မိုဝူကျိက  သူ့လက်ထဲမှ ဟွမ်တိအား မေးလိုက်သည်။

ဟွမ်တိက ချောင်းဟန့်ကာ

“ တာအိုရောင်းရင်းမို မစိုးရိမ်ပါနဲ့ …. ကျုပ် သေချာ ကြည့်ရှုထားပါတယ် ”

“ ကောင်းတယ် …. ခင်ဗျားလည်း မကြာခင် အဖော်ရတော့မှာပါ ” မိုဝူကျိက မဟာသဲကန္တာရနှင့် မင်ယွဲ့တို့အား ကြည့်ကာ ပြောလိုက်သည်။ လက်တစ်ချက် အဝှေ့ဖြင့် ဟွမ်တိက လူသားကမ္ဘာထဲ ပြန်ရောက်သွားလေသည်။

မဟာသဲကန္တာရနှင့် မင်ယွဲ့တို့သာ အံ့ဩတုန်လှုပ်နေခြင်း မဟုတ်ပေ။ မုန့်ယဲ့ပင် နှလုံးခုန် မြန်ဆန်နေလေ၏။ မိုဝူကျိက ဟွမ်တိကို တကယ် ချုပ်ကိုင်ထားနိုင်တာလားဟု အမြဲစဉ်းစားနေခဲ့သည်။ လက်ရှိတွင် သူက စဉ်းစားစရာ မလိုတော့ပေ။ ဟွမ်တိက သူ မုန့်ယဲ့ပင် မသိသည့်  မိုဝူကျိ၏ ကမ္ဘာအတွင်း ပိတ်မိနေခြင်း ဖြစ်၏။

မိုဝူကျိက အတော်လေး အားကောင်းလွန်းလှသည်။

ဟွမ်တိအား ပြန်သိမ်းလိုက်ပြီးနောက်

“ မဟာသဲကန္တာရ …. တကယ်လို့  ခင်ဗျားရဲ့ နိဗာနသဲ တိုက်ကွက်ကို ပြန်မရုတ်သိမ်းသေးဘူးဆိုရင် ကျုပ် ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်လာမတင်နဲ့ ”

မဟာသဲကန္တာရက မိုဝူကျိ၏ ခြိမ်းခြောက်မှုကို ကြားလိုက်ရသည့်အခါ ကြက်သီး ထသွားလေ၏။ သူက လက်ကို ဝှေ့လိုက်သည်နှင့် နိဗာနသဲ စွမ်းအားများသည် ချက်ချင်း ပျောက်ကွယ်သွားလေ၏။

ဝိဇ္ဇာတစ်ပါး၏ ဂုဏ်သတင်းမှာ အတော်လေး ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူတို့ အားအကောင်းဆုံး အခြေအနေ၌ပင် ဝိဇ္ဇာတစ်ပါး ရှေ့မှောက်၌ ပုရွက်ဆိတ်သာသာမျှသာ ဖြစ်၏။

မင်ယွဲ့က နောက်ဆုံးတွင် အသိပြန်ကပ်လာသည်။ သူ့၏ မောက်မောက်မာမာ အမူအယာမှာ ချက်ချင်း ပျောက်ကွယ်သွားလေ၏။ လက်ရှိ သူက မိုဝူကျိအား လေးလေးနက်နက် ကြည့်လိုက်ကာ လက်နှစ်ဖက် ယှက်လိုက်ပြီးနောက်

“ တာအိုရောင်းရင်းမို ပြောတဲ့  ယူမသွားရသေးဘူးဆိုတဲ့ ပစ္စည်းက ဘာများလဲ ”

ယခင် မင်ယွဲ့နှင့် မဟာသဲကန္တာရတို့က မိုဝူကျိ စကားကို အလေးအနက် မထားခဲ့ကြချေ။

လက်ရှိ သူတို့က မိုဝူကျိ ရှေ့မှောက်၌ မည်သို့ မောက်မာပြရဲမည်နည်း။ ဝိဇ္ဇာဟွမ်တိပင် မိုဝူကျိ လက်အတွင်း ကျရောက်နေသည် မဟုတ်ပါလော။ သူတို့က မုန့်ယဲ့သည် မိုဝူကျိအား အစ်ကိုမိုဟု ခေါ်ဝေါ်သည့် အကြောင်းအရင်းကိုပင် မေးခွန်းထုတ်စရာ မလိုတော့ချေ။

ထိုနှစ်ယောက်ကို ခြောက်လန့်ပြီးနောက် မိုဝူကျိက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်

“ ဟိုးတုန်းက ဒီ ပင်းထန်းဝါးဘေးမှာ ဟုန်မုန့်သဲလည်း ရှိတယ်တဲ့  …. အခု ကျုပ် ဘာလို့ မမြင်မိတာလဲ ”

***

All Chapters