အခန်း (၁၁၂၄)
Vol. 81 Ch. 1124
ထွက်ပြေးလာသည့် မိုဝူကျိက အသက်ဓာတ်လမ်းကြောင်း၊ စိတ်ဝိညာဉ် သိုလှောင်ရေး နှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့ ရှိထားသော်လည်း အားနည်းနေသေး၏။
ဤကျယ်ပြောလှသည့် ဗလာတောအုပ်က သူ့မဟာဖျက်စီးရေး ပညာရပ်ကြောင့် ဆက်လက် ပျက်စီးနေသည်။ ဖြည်းဖြည်းချင်းဖြင့် ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားလေလ၏။
နတ်ဘုရားကုန်းမြေသို့ သွားသည့် ကူးသန်းရေး အစီအရင်မှာလည်း ပျောက်ကွယ်သွားလေပြီ။
မိုဝူကျိက နတ်ဘုရားကုန်းမြေကို အချိန်တစ်ခုအထိ ပြန်သွားဖိုရာ ရည်ရွယ်ချက် မရှိပေ။ ဝိဇ္ဇာထန်းဟန်က နတ်ဘုရားကုန်းမြေအတွင်း သွားလာနေမှုကြောင့် အင်အားမရှိဘဲ အဘယ်ကြောင့် ပြန်သွားရမည်နည်း။
သို့သော်လည်း သူက အပ်ကျမ်းစာအုပ်သည် ဤမျှကြောက်ဖို့ ကောင်းလိမ့်မည်ဟု မထင်ထားပေ။ ထို့အပြင် ထိုအပ်သဏ္ဍာန် မြှားနက်က နှင်းကဲ့သို့ အရည်ပျော်သွားသည်။ လက်ရှိ သူက သူ့အသက်ဓာတ် လျော့ပါးမှုနှင့် စိတ်စွမ်းအား နွမ်းလျမှုတို့ကို ခံစားနေရသည်။
သူ့အသက်ဓာတ် လမ်းကြောင်းက မည်မျှ အားကောင်းစေကာမူ ထာဝရ ထိန်းထားနိုင်မည် မဟုတ်ပေ။
နာရီအတော်ကြာ ထွက်ပြေးပြီးနောက် မိုဝူကျိက ရပ်တန့်လိုက်သည်။ သူက သူ့ကိုယ်သူ ကုစားဖို့ နေရာတစ်ခု အလျှင်အမြန် ရှာလိုသည်။ သူက ထိုအပ်ကျမ်းစာအုပ်မှ တာအိုအငွေ့အသက်ကို ဖယ်ရှားပစ်ဖို့ လိုအပ်နေ၏။
မိုဝူကျိက နေရာကို မရှာနိုင်ခင် မုန့်ယဲ့က သူ့အနား ရောက်ရှိလာလေ၏။ သူက မိုဝူကျိအား တအံ့တဩ ကြည့်ကာ
“ အစ်ကိုမိုရဲ့ တိုက်ကွက်က အရမ်းအားကောင်းတာပဲ။ တကယ်လို့ အစ်ကိုမိုရဲ့ မဟာဖျက်စီးရေး တိုက်ကွက်ကြောင့်သာ မဟုတ်ရင် ကျုပ်တို့တော့ ကျောက်သားခန်းမထဲကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး …. အာ အစ်ကိုမိုက ဒဏ်ရာရထားတာလား ”
မုန့်ယဲ့က နတ်ဘုရားဧကရာဇ် မင်ယွဲ့သည် အပ်ကျမ်းစာအုပ် ထုတ်တိုက်သည်ကို သေချာမြင်လိုက်ရသည်။ ထိုအပ်သဏ္ဍာန် မြှားခုနှစ်ချောင်းသည် မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို တစစီ ဖြစ်သွားစေသည်ကိုလည်း တွေ့လိုက်ရ၏။ သို့သော်လည်း မိုဝူကျိကို အမှန်တကယ် ထိမှန်သွားမှန်း သတိမထားမိလိုက်ပေ။ အကြောင်းမှာ ထိုအချိန်က သူကိုယ်သူ ထွက်ပြေးဖို့ရာအတွက် ဗျာများနေသောကြောင့် ဖြစ်၏။
ယခု မိုဝူကျိ၏ တာအိုအငွေ့အသက်တို့က လျော့ပါးလာလေရာ သူ့စွမ်းအားကိုပင် မဖုံးကွယ်နိုင်တော့ပေ။ နယ်လှည့် ဝိဇ္ဇာသုံးပါးထဲမှ တစ်ပါးဖြစ်သည့် မုန့်ယဲ့က မိုဝူကျိသည် အပ်ကျမ်းစာအုပ်၏ တိုက်ခိုက်မှု ထိမှန်ခဲ့ကြောင်း ပြောနိုင်ပေသည်။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်ပြီး အားနည်းဖျော့တော့စွာ ပြောလိုက်သည်
“ ကျုပ် အပ်ကျမ်းစာအုပ်က အပ်သုံးစင်း မှန်ထားတယ်။ ကျုပ် လှုပ်ရှားနိုင်စွမ်းတောင် မရှိဘူး …. ကြည့်ရတာ အခု လုပ်နိုင်တာဆိုလို့ ကိုယ့်ဘာသာ ဖောက်ခွဲပစ်ဖို့ပဲ တတ်နိုင်တော့တယ် ”
သူက မိုဝူကျိ မည်မျှ အားကောင်းကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူ ဖြစ်၏။ မိုဝူကျိတွင် ရှိနေသော ရတနာများကို သူက ကောင်းကောင်း သိထားပေသည်။ ဝိဇ္ဇာဟွမ်တိကိုပင် ပိတ်လှောင်ထားနိုင်သည့် ကမ္ဘာက အစစ်အမှန် စိတ်ဝိညာဉ်ကမ္ဘာကိုပင် ကျော်လွန်နေဦးမည် ဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာမျိုးသည် သူ့အား ဆွဲဆောင်ထားနိုင်၏။ ထို့အပြင် မိုဝူကျိက ပင်းထန်းဝါးကို ရလာသေးသည် မဟုတ်ပါလော။ ထိုအရာအပြင် သူ့တွင် လော့ကျမ်းစာအုပ်၊ ခွန်းဝူဓား၊ ဖီကာရွံ့စေး၊ မဟာဖျက်စီးရေး ပညာရပ်၊ အာကာပြင် သင်္ကေတ ပညာရပ်၊ ဟုန်မုန့်စွမ်းအင်တို့ ရှိနေသေး၏။
မိုဝူကျိတွင် ရတနာများစွာ ရှိပေသည်။
အကယ်၍ သူသာ မိုဝူကျိကို ယခု ရှင်းထုတ်ပစ်နိုင်လျှင် မိုဝူကျိ ရှိသမျှ အရာအားလုံးက သူ့အပိုင် ဖြစ်လာပေမည်။
ထိုအတွေးဖြင့် မုန့်ယဲ့က သူ့ဘာသာ အတင်းထိန်းလိုက်ရ၏။ သူက မိုဝူကျိသည် မည်သို့မှ ညှိနှိုင်းလို့ မရသည့် လူတစ်ယောက်မှန်း သိပေသည်။ သူက မိုဝူကျိကို သတ်လိုက်လျှင်ပင် သူ့ကမ္ဘာကို ရမည် မဟုတ်ပေ။ မိုဝူကျိ၏ နောက်ဆုံးစကားက သူ့ရည်ရွယ်ချက်ကို ပိုရှင်းလင်းသွားစေသည်။ အကယ်၍ မုန့်ယဲ့သာ တစ်ခုခု လုပ်ဖို့ ကြိုးစားမည်ဆိုလျှင် ကိုယ့်ဘာသာ ဖောက်ခွဲပစ်လိုက်မည်ဟု ခြိမ်းခြောက်နေခြင်း ဖြစ်၏။
မုန့်ယဲ့က ထိုအတွေး တွေးမိကာ တံ့တွေးကို မျိုချလိုက်ရသည်။ သူက စိုးရိမ်တကြီး ပြောလိုက်၏
“ အစ်ကိုမို … ကုစားဖို့ နေရာ မြန်မြန် ရှာရအောင်လေ ”
မုန့်ယဲ့က ထိုသို့ ပြောလိုက်သော်လည်း မိုဝူကျိအား မည်သို့ ဖယ်ရှားရမည်ကို တွေးနေဆဲ ဖြစ်၏။ သူက မိုဝူကျိ၏ ကမ္ဘာကို မည်သို ပြန်လည် ယူရမည်ကိုပါ တွေးထားလေသည်။ သူ မုန့်ယဲ့က အပ်ကျမ်းစာအုပ်သည် မည်မျှ ကြောက်ဖို့ ကောင်းကြောင်း ကောင်းကောင်း သိထားသည်။ နတ်ဘုရားဧကရာဇ် မင်ယွဲ့ကို အရိုက်အရာခံ နတ်ဘုရားအများစုက အဘယ်ကြောင့် ကြောက်ကြသနည်း။ အကြောင်းမှာ သူ့အပ်ကျမ်းစာအုပ်ကြောင့်သာ ဖြစ်၏။
ထိုအပ်ကျမ်းစာအုပ်မှ မြှားနက်တစ်ချောင်းက လူတစ်ယောက်ကို သတ်ဖို့ရာ လုံလောက်ပေသည်။ မိုဝူကျိက သုံးစင်း ထိမှန်ထားသောကြောင့် သူ့ကျန်းမာရေး ဆိုးရွားလာစေသည်မှာ အမှန်ဖြစ်ပေသည်။ ကောလဟာလများအရ တာအိုအုပ်စိုးသူအရှင် အမှောင်ထုက နတ်ဘုရားဧကရာဇ် မင်ယွဲ့၏ အပ်သဏ္ဍာန်မြှား ထိမှန်ခံခဲ့ရဖူးသည်။ ထို့နောက် သူ မည်သည့်နေရာတွင် ရှိနေကြောင်း မည်သူမှ မသိကြတော့ပေ။
မိုဝူကျိက ထိုဘိုးတော် မုန့်ယဲ့ တွေးတောနေသည့် အရာများကို သိပေသည်။ ထို့အပြင် မုန့်ယဲ့က နတ်ဘုရားဧကရာဇ် ပိုင်ဆိုင်ထားသည့် သေစေလောက်သည့် လက်နက်အကြောင်း သတိမပေးခဲ့ပေ။ မိုဝူကျိက မုန့်ယဲ့အား ကျောက်သားခန်းမအတွင်း ကယ်တင် ပေးခဲ့သေး၏။ ထိုလူက ထုတ်မပြောခြင်းမှာ သူ့အကြံနှင့်သူ ရှိနေမှန်း သိသာလှသည်။
သို့သော်လည်း မိုဝူကျိက ဒေါသမထွက်ပေ။ အားလုံးက အကျိုုးမြတ်အတွက် အလုပ်တွဲလုပ်နေကြခြင်း မဟုတ်ပါလော။ ခွန်းယွင်နှင့် ယှဉ်လိုက်လျှင် မုန့်ယဲ့က ပို၍ ဉာဏ်များပေသည်။ ယခင် မိုဝူကျိက မုန့်ယဲ့ဆီမှ နိဗာနသဲ၏ တာအိုအငွေ့အသက်များကို ဖယ်ရှားပေးခဲ့သည်။ ထိုဖြစ်စဉ်အတွင်း သူက မုန့်ယဲ့အပေါ် စိတ်ဝိညာဉ် အမှတ်အသား ချန်ထားခဲ့၏။ လက်ရှိ မုန့်ယဲ့၏ အခြေအနေအရ ထိုစိတ်ဝိညာဉ် အမှတ်အသားကို သတိပြုမိနိုင်ဖို့ရာ မဖြစ်နိုင်ပေ။ အချိန်တိုလေးအတွင်း မုန့်ယဲ့၏ အင်အား ထောင်မတက်သွားသ၍ မဖြစ်နိုင်ပေ။
“ တာအိုရောင်းရင်းမုန့် မစိုးရိမ်ပါနဲ့ …. အဲဒီ နတ်ဘုရားဧကရာဇ် မင်ယွဲ့က ကျုပ်ကြောင့် ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီ။ သူက နောက်ဆုံးထွက်သက်လောက်ပဲ ကျန်တော့မှာ။
တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရကတော့ ကျုပ် မဟာဖျက်စီးရေး ပညာရပ်ကို ကာကွယ်နေတုန်း သူ့အသိစိတ်ပင်လယ်ထဲ စိတ်စွမ်းအင်မြှား နည်းနည်း ပစ်ထားခဲ့တယ်။ သူ့ဒဏ်ရာက မင်ယွဲ့ထက် နည်းမှာတော့ မဟုတ်ဘူး။ ကျုပ်တို့ သူတို့နောက် လိုက်မလာတာကိုပဲ အဲဒီနှစ်ယောက် ဝမ်းသာသင့်တာ …. ကျုပ်တို့နောက် ဘယ်လိုလိုက်လာရဲမှာလဲ ” မိုဝူကျိက လက်ခါကာ ပြောလိုက်သည်။
မုန့်ယဲ့က မိုဝူကျိသည် သူ့ကို လိမ်ညာလိမ့်မည်ဟု မထင်ထားသောကြောင့် စိတ်သက်သာရာ သက်ပြင်းသာ ချလိုက်သည်။ သူက မိုဝူကျိ၏ အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံထားဖူး၏။ သူ့စိတ်စွမ်းအားမှာ အားကောင်းသောကြောင့် အဖျက်စွမ်းအား ထွက်ပေါ်လာစဉ်အတွင်း မဟာသဲကန္တာရကို တိုက်ခိုက်နိုင်သည်မှာ မထူးဆန်းပေ။ သူ မသိသည်က မိုဝူကျိသည် စိတ်စွမ်းအင်မြှားကို ပစ်ဖို့ မဆိုထားနှင့် သူ့ဘာသာ မနည်း ထွက်ပြေးလာရခြင်း ဖြစ်၏။
မုန့်ယဲ့အတွက် မင်ယွဲ့နှင့် မဟာသဲကန္တာရတို့၏ ဒဏ်ရာမှာ ကိစ္စကောင်းတစ်ခု ဖြစ်၏။ သူက မိုဝူကျိအား အပြင်စိုးရိမ်စရာ မရှိဘဲ ရင်ဆိုင်နိုင်ရုံသာမက နောက်ကျ ဒဏ်ရာရနေသည့် မင်ယွဲ့နှင့် မဟာသဲကန္တာရတို့နောက် လိုက်ဖမ်းနိုင်သေး၏။ ဤတိုက်ပွဲအတွင်း မုန့်ယဲ့က အစစ်အမှန် အောင်နိုင်သူ ဖြစ်လာပေမည်။ သို့သော်လည်း ယခု သော့ချက်မှာ မိုဝူကျိအား ဟွမ်တိလိုမျိုး သူ့ကမ္ဘာကို လိုလိုလားလား ဖွင့်ပေးလာအောင် မည်သို့ လုပ်ရမလဲဆိုသည့် ကိစ္စ ဖြစ်၏။
“ အစ်ကိုမို … ကျုပ်တို့တွေ သတိကြီးကြီး ထားသင့်တယ်။ ကျုပ်တော့ ကျုပ်တို့အင်အားတွေ တိုးလာအောင် ကြိုးစားသင့်တယ် ထင်တယ် ” မုန့်ယဲ့က ထိုသို့ပြောပြီးသည်နှင့် ဆက်မပြောဘဲ ခဏရပ်လိုက်သေး၏ “ အစ်ကိုမိုက ပင်းထန်းဝါးကို ရပြီးပြီဆိုတော့ ကျုပ်ကို ဖီကာရွံ့စေး ပေးလို့ ရပြီလား ”
မိုဝူကျိက မြန်မြန် ပြန်ဖြေလိုက်သည်
“ ရတာပေါ့ … ဒါပေမဲ့ ကျုပ်စိတ်စွမ်းအားနဲ့ အခု ကမ္ဘာကို မချိတ်ဆက်နိုင်သေးဘူး။ ကျုပ် ကုစားပြီးတာနဲ့ ခင်ဗျားကို ချက်ချင်း ပေးမယ်လေ ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက မုန့်ယဲ့အား အာရုံမစိုက်တော့ပေ။ သူက အာကာပြင်အတွင်း သူ့ကိုယ်သူ ကုစားမှု မစခင် အစီအရင်အလံတချို့ ပစ်လွှတ်လိုက်သည်။
မိုဝူကျိက မုန့်ယဲ့၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပေသည်။ သူက ဖီကာရွံ့စေးကို ထုတ်ပေးလိုက်သည်နှင့် မုန့်ယဲ့က အားအပြည့်ဖြင့် တိုက်ခိုက်ပေလိမ့်မည်။
မိုဝူကျိ၏ လက်ရှိအင်အားအရ သူ့အနေနှင့် မုန့်ယဲ့ကို ကြောက်နေစရာ မလိုပေ။ အများဆုံး သူက ထွက်ပြေးရုံသာ ဖြစ်၏။ သို့သော်လည်း သူက ဖီကာရွံ့စေးကို ပေးပြီးနောက် ထွက်ပြေးဖို့ရာ မသက်မသာ ခံစားနေမိသည်။ သူက ပင်းထန်းဝါးကို ရသည်နှင့် ဖီကာရွံ့စေးကို ပေးမည်ဟု ကတိပေးထားခဲ့၏။
သူ့ကို စိတ်ပျက်သွားစေသည်က မုန့်ယဲ့သည် သူ့တွဲဖက်သူ လုပ်ကြံဖို့ ကြိုးစားနေသည့် အကြောင်း ဖြစ်ပေသည်။
သူက ကိုယ့်ဘာသာ ပြန်လည် ကုစားလိုသည်ဟု ပြောလိုက်ခြင်းမှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်၏။ မိုဝူကျိက သူ့ဒဏ်ရာမှာ အချိန်တိုအတွင်း ပြန်သက်သာလာမည့် ဒဏ်ရာမျိုး မဟုတ်ကြောင်း သိပေသည်။ သူက မင်ယွဲ့နှင့် မဟာသဲကန္တာရတို့ ရောက်လာသည့် အချိန်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။
သူက မင်ယွဲ့၏ ဒဏ်ရာအခြေအနေ အကြောင်း မလိမ်ညာခဲ့သော်ငြား မဟာသဲကန္တာရ၏ ဒဏ်ရာများက မပြင်းထန်ချေ။ မင်ယွဲ့နှင့် မဟာသဲကန္တာရတို့ ကလိမ်ကျသည့်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့က ဤသို့ အဆုံးသတ်လိမ့်မည် မဟုတ်ပေ။
မိုဝူကျိက အကြောက်လန့် ကင်းမဲ့စွာဖြင့် သူ့ဘာသာ ကုစားနေသည်ကို မြင်ကာ မုန့်ယဲ့က သူ့ဘာသာ စိတ်ရှုပ်ထွေးမိလာပြန်သည်။ သူက တိုက်ခိုက်ဖို့ လောကြီးနေသော်လည်း သူ့အလိုဆန္ဒကို ချုပ်ထိန်းထားနိုင်လိုက်၏။
သူက မတိုက်ဖို့ ရွေးချယ်လိုက်ခြင်းမှာ မိုဝူကျိကို သူ့မဟာမိတ်တွဲဖက်အဖြစ် တန်ဖိုးထား၍ မဟုတ်ပေ။ သူက ဖီကာရွံ့စေးကို မရသေးသည့်အတွက် ဖြစ်၏။ အကယ်၍ မုန့်ယဲ့သာ မိုဝူကျိကို ဒေါသထွက်အောင် လုပ်မိသွားလျှင် သူ့ကမ္ဘာကို ဖျက်စီးပစ်ဖို့ ရွေးချယ်လိုက်နိုင်သည်။ ထိုအခါ မုန့်ယဲ့အနေနှင့် ဖီကာရွံ့စေးကို ထာဝရ ဆုံးရှုံးလိုက်ရပေမည်။
ဖီကာရွံ့စေးကို ရပြီးသည်နှင့် သူက မိုဝူကျိကို လွတ်ပေးမည် မဟုတ်ချေ။ သူက အပ်ကျမ်းစာအုပ်သည် မည်မျှ အားကောင်းကြောင်း ကောင်းကောင်း သိထားလေ၏။ သူ့အနေနှင့် ဤနေရာ၌ အပ်သဏ္ဍာန်မြှားကို ထုတ်ဖို့ရာ မဖြစ်နိုင်ကြောင်းလည်း သိထားသည်။
မိုဝူကျိက လေးနာရီကြာပြီးနောက် ရုတ်ချည်း မျက်လုံး ပြန်ဖွင့်လာသည်။ သူက နတ်ဘုရားဧကရာဇ် မင်ယွဲ့ကို အာရုံခံလိုက်မိသည်။ မင်ယွဲ့က သူ့ကြောင့် ဒဏ်ရာရနေသည့်အတွက် မဟာဖျက်စီးရေး ပညာရပ်၏ အငွေ့အသက်တို့က လွယ်လွယ်ကူကူ ဖယ်ရှား၍ ရမည် မဟုတ်ပေ။
“ ဘယ်လိုလဲ ” မုန့်ယဲ့က မိုဝူကျိ ကာကွယ်ရေး အစီအရင်ဖွင့်ပြီး ထွက်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီး ရှေ့တိုးလာသည်။
မိုဝူကျိက သက်ပြင်းချကာ လက်သီးဆုပ်အရွယ် ဖီကာရွံ့စေးအား မုန့်ယဲ့ဆီ ပေးလိုက်ပြီး
“ အပ်ကျမ်းစာအုပ်ရဲ့ တာအိုအငွေ့အသက်က အတော်လေး ထိတ်လန့်ဖို့ ကောင်းတယ်။ ကျုပ် မဖယ်ရှားနိုင်သေးဘူး။ ခင်ဗျားရဲ့ ဖီကာရွံ့စေးကို ယူထားလိုက်တော့ …. ကျုပ် ဒဏ်ရာ ပြန်ကုသဖို့ နေရာကောင်းကောင်း ရှာရမယ်။ အခုတော့ နှုတ်ဆက်ပါတယ် ”
မုန့်ယဲ့က ဖီကာရွံ့စေးကို ယူလိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားမှုကို ထိန်းကာ ဖီကာရွံ့စေးအား ကမ္ဘာအတွင်း ထည့်သိမ်းထားလိုက်၏ “ တာအိုရောင်းရင်းမို ဒီဖီကာရွံ့စေးက အရမ်းသေးလွန်းတယ် ”
မိုဝူကျိက ရယ်မောကာ
“ ကျုပ်လည်း မတတ်နိုင်ဘူးလေ။ ဒါ ကျုပ်ရှိတာ အကုန်ပဲ … ပြီးတော့ အရင်ကတည်းက ဒီပမာဏကို သဘောတူထားပြီးသားလေ … တာအိုရောင်းရင်းမုန့် နှုတ်ဆက်ခဲ့ပါတယ် ”
“ ခဏ ” မုန့်ယဲ့က သူ့မြင်းမြီးတုတ်ကို ယမ်းကာ မိုဝူကျိ လမ်းကို ပိတ်ဆို့ထားလိုက်သည်။
မိုဝူကျိ မျက်နှာအမူအယာမှာ ခက်ထန်လာပြီး
“ မုန့်ယဲ့ … ခင်ဗျားက ကျုပ်ကို တိုက်ဖို့ ကြိုးစားနေတာလား ”
“ တာအိုရောင်းရင်းမိုက ဘာတွေ ပြောနေတာလဲ။ ကျုပ်က ပင်းထန်းဝါး နည်းနည်းလောက် လိုချင်ရုံပါ။ ကျုပ် အများကြီး မလိုပါဘူး။ တစ်ဝက်ဆို ရပါပြီ ” မုန့်ယဲ့က ပြန်ဖြေလိုက်သည်။ သူက ပြောလိုက်ရင်း အမွှေးပေါင်း သန်းချီက မြင်းမြီးတုတ် အာကာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။ ထိုအမွှေးများက မိုဝူကျိ၏ ထွက်ပြေးမည့် လမ်းကြောင်းကို တားဆီးထားသည်။
မိုဝူကျိက မုန့်ယဲ့အား တည်တည်ငြိမ်ငြိမ် ကြည့်ကာ
“ ဒီနေ့ ကျုပ်ဘာသာ ကုစားဖို့ လိုနေလို့ ခင်ဗျားကို အချိန်တစ်ခုလောက်အထိ လွှတ်ထားပေးလိုက်မယ်။ ကျုပ် ပြန်ကောင်းလာပြီးတဲ့နောက် ကျုပ်ရှေ့ အရှက်မရှိ မျက်နှာ လာမပြစမ်းနဲ့ ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ပင် မသုံးလိုက်ပေ။ သူ လုပ်လိုက်သည်က အပြင်ဘက်သို့ ထွက်သွားခြင်းသာ ဖြစ်၏။ မိုဝူကျိအား ပိတ်ဆို့ထားသည့် အမွှေးပေါင်း သန်းချီက အလှပြယုတ်တစ်ခုသာသာ ဖြစ်သွားသည်။ မိုဝူကျိ ထွက်သွားမှုကို လုံးဝ မတားဆီးနိုင်လိုက်ပေ။ မိုဝူကျိက အရိပ်အယောင်မကျန် ပျောက်ကွယ်သွားလေပြီ။
ကြောင်အမ်းအမ်း ကျန်ခဲ့သည့် မုန့်ယဲ့က မိုဝူကျိ ထွက်သွားသည့် ဦးတည်ရာကိုသာ ကြည့်နေမိသည်။
အပ်ကျမ်းစာအုပ်ကြောင့် ဒဏ်ရာရထားတဲ့ တစ်ယောက်က ဒီလို လှုပ်ရှားနိုင်သေးတယ်လား ….
**