← Chapters

အခြေအနေအရပ်ရပ်၏ ထူးဆန်းမှု

Vol. 81 Ch. 1125

အခြေအနေအရပ်ရပ်၏ ထူးဆန်းမှု

Vol. 81 Ch. 1125

မုန့်ယဲ့က သူ့ဘာသာ ပြန်မထိန်းနိုင်ခင် ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခုက မုန့်ယဲ့အထက်ရှိ ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။

“ တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရနဲ့ နတ်ဘုရားဧကရာဇ် မင်ယွဲ့လား ” မုန့်ယဲ့က ထိုနှစ်ယောက် ရောက်လာသည်ကို မြင်မှ မိုဝူကျိ၏ အပြုအမူများကို သဘောပေါက်သွားရှာသည်။

“ ကြည့်ရတာ နယ်လှည့် ဝိဇ္ဇာမုန့်က ပွပေါက်တိုးခဲ့ပုံပဲ … သိပ်မကြာသေးခင်ကအထိ မိုကောင်လေးရဲ့ စွမ်းအားကို အာရုံခံလို့ ရပါသေးတယ်။ အခုလို အချိန်တိုလေးအတွင်းမှာ စွမ်းအားက အစအနမကျန် ပျောက်ကွယ်သွားပါရောလား … နယ်လှည့်ဝိဇ္ဇာမုန့်က အရမ်းကို အားကောင်းတာပဲ ” မင်ယွဲ့က မုန့်ယဲ့အား ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်သည်။

တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရက ခေါင်းညိတ်ကာ

“ နယ်လှည့် ဝိဇ္ဇာသုံးပါးထဲမှာ နယ်လှည့်ဝိဇ္ဇာမုန့်ယဲ့ တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်နေတာ မထူးဆန်းတော့ပါဘူး။ သွေ့ကျောင်းရန်တို့၊ ယွမ်မြောင်တို့က တာအိုရောင်းရင်းမုန့်ကို ဘယ်လိုလုပ် မှီမှာလဲ ”

မုန့်ယဲ့က ထိုစကားနောက်ကွယ်မှ အဓိပ္ပါယ်ကို မည်သို့ နားမလည်ဘဲ ရှိမည်နည်း။ သူတို့က မုန့်ယဲ့သည် ဒဏ်ရာရနေသည့် သူ့တွဲဖက် မိုဝူကျိကို သတ်ပြီး ချမ်းသာသမျှ အားလုံး လုယူလိုက်ကြောင်း ဆိုလိုနေကြခြင်း ဖြစ်၏။

မုန့်ယဲ့က မှုန်မှိုင်းမှိုင်း ဖြစ်လာကာ ဤအရာအားလုံးက မိုဝူကျိ၏ အကြံအစည် ဖြစ်ကြောင်း သတိပြုမိသွားသည်။ မိုဝူကျိက တမင်သပ်သပ် အပ်ကျမ်းစာအုပ် စွမ်းအားကို ထုတ်ဖော်ထားခြင်းသာ ဖြစ်ရမည်။ ယခု မိုဝူကျိ မရှိတော့ပြီ ဖြစ်ရာ အပ်ကျမ်းစာအုပ်၏ စွမ်းအားအငွေ့အသက်သည်လည်း အရိပ်အယောင်မကျန် ပျောက်ကွယ်သွားမည်သာ ဖြစ်၏။

မိုဝူကျိက အပ်သဏ္ဍာန်မြှား ထိမှန်ခဲ့သည်မှာ သိသာလှသည်။ သို့သော်လည်း ထိုဒဏ်ရာများက သူ တွေးထားသလောက် ပြင်းထန်ဟန် မပေါ်ချေ။ မဟုတ်လျှင် မိုဝူကျိက သူ့အမွှေးကမ္ဘာအတွင်းမှ အလွယ်တကူ လွတ်မြောက်သွားနိုင်မည် မဟုတ်ချေ။

သူ့အပြုအမူများကို နောင်တမရကြောင်း ပြောဖို့ရာ မဖြစ်နိုင်ပေ။ မိုဝူကျိသည် မည်မျှ ဉာဏ်များကာ ထူးခြားကြောင်း သိထားသော်လည်း မုန့်ယဲ့က လျော့တွက်ထားမိသည်။ အကယ်၍ လျော့တွက်ရုံမျှဆိုလျှင် သိပ်မဆိုးသေးပေ။ ပို၍ အရေးကြီးသည်က သူက ဤသို့ရှိန်လောက်သည့် လူ၏ ရန်သူ ဖြစ်သွားလေပြီ။ အကယ်၍ သူသာ လက်ရှိ မိုဝူကျိကို အနိုင်မယူနိုင်လျှင် နောင်အခါ မိုဝူကျိအား အနိုင်ရဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။

မုန့်ယဲ့က ဖီကာရွံ့စေးကြောင့် သိသိသာသာ တိုးတက်လာမည်က အမှန် ဖြစ်သော်လည်း မိုဝူကျိလည်း ရပ်တန့်နေမည် မဟုတ်ပေ။ မိုဝူကျိ၏ ကြောက်စရာအကောင်းဆုံး အချက်မှာ စိတ်ထားနှင့် လျို့ဝှက်ကြံစည်တတ်မှု ဖြစ်၏။ မိုဝူကျိက မုန့်ယဲ့သည် မတိုက်ခိုက်မှန်း သိသည့်အတွက် လေးနာရီလောက် အချိန်ဆွဲထားခြင်း ဖြစ်၏။ မဟာသဲကန္တာရနှင့် မင်ယွဲ့တို့ ရောက်လာသည့်အထိ စောင့်ဆိုင်းပြီးနောက် ထိုရန်သူနှစ်ယောက်အား သူ့ဆီ ထားပစ်ခဲ့သည်။  ထို့အပြင် မိုဝူကျိက ထွက်မသွားခင် သူ့အား ခြိမ်းခြောက်သွားသေး၏။

ဝိဇ္ဇာတစ်ပါးနှင့် ရင်ဆိုင်နိုင်သည့်သူကို သေချာပေါက် လျော့တွက်၍ မဖြစ်ပေ။

မုန့်ယဲ့က သူ့ဘာသာ အားတင်းကာ ထိုအတွေးများကို ဖယ်ရှားလိုက်သည်။ ဤသည်က သူ့အတွက် ထိုအရာများကို ပြန်ပြောနေရမည့်အချိန် မဟုတ်သေးပေ။ လက်ရှိ သူက ထိုနှစ်ယောက်ကို မည်သို့ ရင်ဆိုင်ရမည်ကို တွေးတောရမည့် အရေးကြီးဆုံးအချိန် ဖြစ်နေ၏။

“ ခင်ဗျားတို့ ပြောနေတာ နားမလည်ဘူး။ တကယ်လို့ ဘာကိစ္စမှ မရှိတော့ရင် ကျုပ် သွားနှင့်ပြီ ” မုန့်ယဲ့၏ မြင်းမြီးတုတ်က နေရာတစ်ခုလုံးကို ဖုံးလွှမ်းကာ ထွက်ပြေးရမည့် လမ်းကြောင်းကို ရှာဖွေလိုက်သည်။

သူက နတ်ဘုရားဧကရာဇ် မင်ယွဲ့သည် အမှန်တကယ် ဒဏ်ရာရထားကြောင်း ပြောနိုင်ပေသည်။ တစ်ခုတည်းသော အန္တရာယ်မှာ မဟာသဲကန္တာရသာ ဖြစ်၏။ သူတို့က ကျောက်သားခန်းမထဲ မဟုတ်သောကြောင့် မုန့်ယဲ့က ဘာကိုမှ မကြောက်ပေ။ မဟာသဲကန္တာရအနေနှင့် သူ့နိဗာနသဲက မည်မျှ အားကောင်းစေကာမူ သူ့အား ထွက်ပြေးမှုကို တားဆီးနိုင်မည် မဟုတ်ပေ။ ဤသည်က သူ့အတွက် စိတ်သက်သာရာ ရသွားစေ၏။

မဟာသဲကန္တာရက လက်ကို မြှောက်လိုက်သည်နှင့်  ၁၈ လုံး ပုတီးကုံး ပေါ်လာသည်။ ဗုဒ္ဓရောင်ခြည်တော်များ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏

“ မုန့်ယဲ့ … လျှောက်လုပ်မနေစမ်းနဲ့ … မင်းက မိုကောင်လေးကို သတ်ပစ်လိုက်ပြီမလား။ သူ့ပစ္စည်းတွေကို ညီတူညီမျှ ခွဲယူကြတာပေါ့။ အဲဒီ မိုကောင်လေးက ကြောက်စရာကောင်းလောက်အောင် အားကောင်းတယ်ဆိုတော့ မင်းတစ်ယောက်တည်း သူ့ကမ္ဘာကို ဖွင့်နိုင်မှာ မဟုတ်ဘူး။

ငါတို့သုံးယောက် သူ့ကမ္ဘာကို အတူတူ ဖွင့်ကြတာပေါ့ …. ပြီးသွားရင် ညီတူညီမျှ ခွဲယူကြမယ်လေ ”

ထိုအရေးကြီးသည့် အချိန်အခါမျိုး၌ မုန့်ယဲ့က သူ့ဘာသာ တည်ငြိမ်အောင် ထိန်းကာ

“ ငါ ပြောမယ် … ငါ အဲဒီမိုကောင်လေးကို မတိုက်ခိုက်ခဲ့ဘူး။ ငါတို့ နှစ်ယောက် ရန်ဖြစ်‌တော့ သူက ငါ့မြင်းမြီးတုတ် အမွေးကမ္ဘာထဲကနေ ထွက်ပြေးသွားတယ် ”

“ မုန့်ယဲ့  …. အဲဆိုတော့ မင်းက အဲဒီမိုကောင်လေးဆီကနေ ဘာမှမရခဲ့ဘူးလို့ ပြောနေတာလား ” မဟာသဲကန္တာရက အားရပါးရ ရယ်မောလိုက်သည်။ သူက လက်ကို ဆန့်ထုတ်ကာ ဖီကာရွံ့စေး ရနံ့ကို ဆုပ်ယူလိုက်ပြီး စကားကို ဆက်ပြောလိုက်သည်

“ ဒီနေရာမှာ ဖီကာရွံ့စေး ရှိနေတာပဲ …. ဖီကာရွံ့စေးလို ရတနာက နေရာတိုင်းမှာ တွေ့ရလိမ့်မယ်မှန်း မသိခဲ့ဘူး။ ဟားဟား  … ငါတော့ ပထမဆုံး မြင်ဖူးတာပဲ ”

မုန့်ယဲ့၏ အမူအယာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ မိုဝူကျိက  သူ ထွက်မသွားခင် ဖီကာရွံ့စေး ရနံ့ကို တမင်ချန်ရစ်ထားခဲ့သည်ကို မည်သို့ မသိဘဲ နေမည်နည်း။ ထိုဉာဏ်များလွန်းသည့် ငတိက အသေးစိတ်ကို အကွက်ကျကျ လုပ်သွားခဲ့သည်။

သူ မုန့်ယဲ့က မိုဝူကျိအပေါ် အခွင့်ကောင်းယူမည့်အကြောင်း တစ်ခါမှ မတွေးသင့်လိုက်ပေ။

မုန့်ယဲ့က သူ့ဘာသာ ပြန်ထိန်းပြီးနောက် ခက်ထန်စွာ ပြောလိုက်သည်

“ အရင်ကတည်းက ငါနဲ့သူနဲ့က သဘောတူညီချက် ရှိပြီးသား … ငါက သူ့ကို ပင်းထန်းဝါး ရှာရာဆီ ခေါ်သွားပေးမယ်။ သူက ငါ့ကို ဖီကာရွံ့စေး ပြန်ပေးရမယ် … အခု သူက ပင်းထန်းဝါး ရထားပြီးပြီဆိုတော့  … ”

“ အဲဆိုတော့ မင်းတို့ နှစ်ယောက်က မတည့်တော့တာတောင် သူက ကတိကို တည်သွားပြီးတော့ ဖီကာရွံ့စေးကို ထုတ်ပေးခဲ့သေးတယ်ပေါ့ ….  သူက သတ်ပစ်ခွင့်ရော မပေးခဲ့ဘူးလား။ မုန့်ယဲ့ ငါက ဉာဏ်ကောင်းတဲ့သူ မဟုတ်ပေမဲ့ မင်းစကားတွေကို ယုံလောက်အောင်အထိ တုံးအမနေဘူး ” မဟာသဲကန္တာရက သူ့စကားမဆုံးခင် ၁၈ လုံး ပုတီးက အလင်းတန်းသန်းချီ ဖြာထွက်လာကာ မုန့်ယဲ့ဆီ ပြေးဝင်လာသည်။

လက်ရှိ မင်ယွဲ့က သူ့အပ်ကျမ်းစာအုပ်ကို နောက်တစ်ဖန် ထပ်ထုတ်လိုက်သည်။

မုန့်ယဲ့က သူ့မြင်းမြီးတုတ်ကို ယမ်းလိုက်သည့်အခါ မဟာသဲကန္တာရ၏ အလင်းတန်းများနှင့် ရောနှောသွားသည်။

“ ဝုန်း ဝုန်း ဝုန်း ” ပေါက်ကွဲသံများ ထွက်ပေါ်လာကာ နေရာတစ်ခုလုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ မိုဝူကျိ ချန်ထားခဲ့သည့် တစ်ခုတည်းသော အရိပ်အယောင်မှာလည်း ထိုတိုက်ပွဲကြား တစစီ ဖြစ်သွားလေပြီ။

မုန့်ယဲ့က မဟာသဲကန္တာရလောက် အားမကောင်းပေ။ ယခု မင်ယွဲ့ပင် ဝင်တိုက်နေလေရာ သူ လုပ်နိုင်သည့်အရာ မရှိတော့ချေ။ သူက ကမ္ဘာဦး စိတ်ဝိညာဉ်နှင် အသက်သွေးကို လောင်ကျွမ်းခံကာ ခုခံထားရင်း ထွက်ပြေးမည့် အခွင့်အရေးကို ရှာဖွေနေလိုက်သည်။

..................

မိန်အိမ်တော် ပျက်စီးသွားပြီးနောက် ခမ်းခြောက်နေသည့် မြစ်ကြမ်းပြင်သာ နေရာယူထားလေသည်။

ထိုမြစ်ကြမ်းပြင်ကို ကာကွယ်ရေး အစီအရင်ဖြင့် ကာရံထားလေ၏။ ထိုမြစ်ကြမ်းပြင်အလယ်တွင် လတ်တလောလေးမှ ဆောက်လုပ်ထားသည့် နေရာတစ်ခုလည်း ရှိပေသည်။ ထိုနေရာလေးတွင် အစီအရင် သင်္ကေတအမျိုးမျိုးနှင့် မြောက်များစွာသော အစီအရင်အလံများစွာ ရှိ၏။ ဤနေရာမှာ အာကာပြင် ကူးသန်းရေးအစီအရင် တစ်ခု ဖြစ်ကြောင်း သိသာလှသည်။

အကယ်၍ မိုဝူကျိ သို့မဟုတ် မုန့်ယဲ့သာ ရှိနေခဲ့လျှင် သူတို့က သူတို့ ဆောက်လုပ်ခဲ့သည့် ကူးသန်းရေး အစီအရင်နှင့် အတူတူ ဖြစ်ကြောင်း ပြောနိုင်ပေမည်။ သို့သော်လည်း မိုဝူကျိ မသိသည်က ထိုကူးသန်းရေး အစီအရင်ဘေးတွင် ရပ်နေသူကို ဖြစ်၏။ သူက ထန်းဟန်ကို လုပ်ကြံဖို့ရာ မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်သုံးခဲ့သော်လည်း မိုဝူကျိက ထန်းဟန်ကို မမြင်ဖူးချေ။

အမှန်တော့ ထိုလူမှာ ထန်းဟန် ဖြစ်နေသည်။ သူက မုန့်ယဲ့ တည်ဆောက်ခဲ့သော ကူးသန်းရေး အစီအရင်ကို တစ်ချက်သာ ကြည့်လိုက်သော်လည်း အခြေခံအုတ်မြစ်ကို နားလည်သွားလေပြီ။

ရက်အနည်းငယ်အတွင်း သူက ထိုကူးသန်းရေး အစီအရင်ကို ပြန်လည် တည်ဆောက်နိုင်လေ၏။

မိုဝူကျိပင် ထိုသို့စွမ်းရည်မျိုး ရှိလိမ့်မည်ဟု စိတ်ကူးပင် ကူးကြည့်ဖူးမည် မဟုတ်ပေ။ အကယ်၍ မိုဝူကျိသာ ထန်းဟန်တွင် ထိုသို့စွမ်းရည်မျိုး ရှိနေမှန်း သိခဲ့လျှင် ဗလာတောအုပ်ထဲ၌ မုန့်ယဲ့တစ်ယောက် ကူးသန်းရေး အစီအရင် ဖျက်စီးပစ်မည်ကို တားဆီးမိမည် မဟုတ်ချေ။

ဝိဇ္ဇာထန်းဟန်က နတ်ဝိညာဉ်သွေးကြော တစ်ခု ထုတ်ယူပြီး အစီအရင်အလံများကို အသက်သွင်းလိုက်သည်။

“ ဝုန်း ” မြောက်များစွာသော အဖြူရောင်အလင်းများက ထန်းဟန်အား လွှမ်းခြုံသွားလေသည်။

အချိန်တိုလေးအတွင်း ကူးသန်းရေး အစီအရင်က အောင်အောင်မြင်မြင် အသက်ဝင်လာသည်။ ဝိဇ္ဇာထန်းဟန်သည် မြစ်ကြမ်းပြင်မှ ပျောက်ကွယ်သွားလေ၏။

ဝိဇ္ဇာထန်းဟန်၏ ကူးသန်းရေး အစီအရင်နှင့် ယခင် မိုဝူကျိ၏ ကူးသန်းရေး အစီအရင်တို့ကြား ခြားနားချက်မှာ ဝိဇ္ဇာထန်းဟန်၏ စိတ်စွမ်းအားသည် သက်ရောက်မှု မခံရခြင်း ဖြစ်သည်။ ကူးပြောင်းနေစဉ်အတွင်း ဝိဇ္ဇာထန်းဟန်က ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်နိုင်သည်။

သူ ကူးပြောင်းခံရပြီးနောက် ဝိဇ္ဇာထန်းဟန်၏ အမူအယာမှာ ပျက်ယွင်းသွားတော့သည်။ သူက ကူးသန်းရေး အစီအရင်ကို အသက်သွင်းခဲ့သူ ဖြစ်သော်လည်း သူ့ဦးတည်ချက်က ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ခံစားနေမိသည်။

သူ့လက်ရှိ အင်အားအရ  ဦးတည်ချက် ပျောက်ကွယ်သွားရုံမျှဖြင့် ကူးသန်းရေး အစီအရင်အတွင်း သေမည် မဟုတ်ပေ။ သို့သော်လည်း သူက ရှုပ်ထွေးနေသော အာကာပြင်အတွင်း နတ်ဘုရားကုန်းမြေကို ရှာတွေ့ဖို့ရာ နှစ်မည်မျှ ကြာသွားမည်နည်း။

“ ဉာဏ်များတဲ့ ငတိ ” ဝိဇ္ဇာထန်းဟန်က ကျိန်ဆဲလိုက်သည်။ သူက မိုဝူကျိသည် ဗလာတောအုပ်အား မဟာဖျက်စီးရေး ပညာရပ်ဖြင့် တမင်ဖျက်စီးပစ်ခဲ့သည်ဟု ထင်နေလေ၏။

***

မိုဝူကျိက  မဟာသဲကန္တာရနှင့် မင်ယွဲ့တို့ကို ရင်ဆိုင်ရန် မဟာဖျက်စီးရေး ပညာရပ် ထုတ်သုံးလိုက်မှုသည် သူ့အသက်ကို ကယ်တင်သွားခဲ့မှန်း မသိလိုက်ပေ။

မိုဝူကျိအတွက် သီသီလေး ကပ်လွှတ်သွားခြင်းသာ ဖြစ်၏။ မဟုတ်လျှင် ထန်းဟန်လိုမျိုး ပညာရှင်က မိုဝူကျိ၏ နောက်ကို သေချာပေါက် လိုက်လာပေလိမ့်မည်။ အရိပ်အယောင် အနည်းငယ်မျှဖြင့် ထန်းဟန်က သူ့စွမ်းအားကုန်သုံးကာ မိုဝူကျိနောက် လိုက်လာနိုင်သည်။ ဤသည်မှာ လိန်ဟုန်ကျီသည်လည်း ဝိဇ္ဇာထန်းဟန်ကို နောက်ချန်မထားခဲ့နိုင်သည့် အကြောင်းလည်း ဖြစ်ပေသည်။ လိန်ဟုန်ကျီက မည်မျှ ပုန်းကွယ်ဖို့ ကြိုးစားစေကာမူ ဝိဇ္ဇာထန်းဟန်က ဆက်လိုက်လာဖို့ရာ စွမ်းအားအငွေ့အသက်အနည်းငယ်မျှသာ လိုအပ်သည်။

လက်ရှိ မိုဝူကျိက အားကုန်သုံး၍ ဆက်တိုက် ထွက်ပြေးလာသည်။ မုန့်ယဲ့ထံ ဝန်ထုပ်ကြီး ထားပစ်ခဲ့ပြီးနောက် သူက မြေကျုံ့ပညာရပ်နှင့် လေရွေ့ပြောင်းစွမ်းရည်တို့ကို ဆက်တိုက် ထုတ်သုံးလာသည်။ အပ်ကျမ်းစာအုပ်၏ ဒဏ်ရာကြောင့် သဘာဝစွမ်းအားတို့ အားနည်းနေသော်လည်း မိုဝူကျိက လုံးလုံး မရပ်တန့်ခဲ့ပေ။

ထိုလူအိုကြီးများက  ကလိမ်ကကျစ်များ ဖြစ်သောကြောင့် မိုဝူကျိက သူတို့လက်အတွင်း အဆုံးမသတ်လိုပေ။ သူသာ တစ်ယောက်ယောက် လက်အတွင်း ကျရောက်သွားပါက ကိစ္စများက သူ့အတွက် အဆင်ပြေမည် မဟုတ်ချေ။

မိုဝူကျိ၏ အမြင်အရ နတ်ဘုရားအရိုက်ရာနှင့် လူများကား သံယောဇဉ် ထောက်ထားတတ်သည့်သူများ မဟုတ်ချေ။ သူတို့၏ မဟာတာအိုနှင့် နတ်ဘုရားအရိုက်အရာပြင် တခြားဘာကိုမှ ဂရုမစိုက်ကြချေ။ သူက သာမာန်ကျင့်ကြံသူလက်ထဲ သေဆုံးရမည်ဆိုလျှင်ပင်  ထိုအရိုက်အရာခံ နတ်ဘုရားများ လက်ထဲ အဆုံးသတ်၍ လုံးဝ မဖြစ်ပေ။

ဆယ်ရက်ကြာ ဆက်တိုက် ထွက်ပြေးလာပြီးနောက် မိုဝူကျိက ဆက်လက် မပြေးနိုင်တော့ပေ။ အပ်ကျမ်းစာအုပ်ကြောင့် ဒဏ်ရာက ပိုဆိုးလာသည့်အတွက် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။

လက်ရှိ မိုဝူကျိက ဦးတည်ချက်ပျောက်ကာ  မသိသည့် အာကာပြင် နယ်ပယ်အတွင်း ရောက်ရှိနေလေ၏။ သူ့ဘေးပတ်လည်၌ ပျက်စီးနေသော ဥက္ကာခဲများသာ ရှိပေသည်။

ခဏအကြာတွင် မိုဝူကျိက ဓားသွေးကျောက် အရွယ် ဥက္ကာခဲကို ရွေးချယ်လိုက်သည်။ သူက လူသားကမ္ဘာထဲ မဝင်ခင် လူသားကမ္ဘာအား ထိုဥက္ကာခဲအတွင်း ထိုးဖောက်စေလိုက်သည်။

ဥက္ကာခဲက သေးလေလေ တိုက်မိဖို့ရာအတွက် အခွင့်အရေး နည်းပါးလေလေ ဖြစ်၏။

သူ့လူသားကမ္ဘာအတွင်း ဝင်ရောက်လိုက်သည်နှင့် မိုဝူကျိက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောနား ဆင်းသက်လိုက်သည်။ သူ ပထမဆုံး လုပ်ချင်သည်က ထိုအပ်သဏ္ဍာန်မြှားကို ထုတ်ကာ သူ့ကိုယ်သူ ကုစားလိုခြင်း ဖြစ်၏။

***

All Chapters