← Chapters

ကြောက်စရာကောင်းသည့် အပ်ကျမ်းစာအုပ်

Vol. 81 Ch. 1126

ကြောက်စရာကောင်းသည့် အပ်ကျမ်းစာအုပ်

Vol. 81 Ch. 1126

မိုဝူကျိက သူ့ကိုယ်ပိုင် ကမ္ဘာအတွင်း ဘာကိုမှ သတိထားနေစရာ မလိုတော့ချေ။ သူက သူ့ခန္ဓာကိုယ်အတွင်း ပျောက်ကွယ်သွားသည့် အပ်သဏ္ဍာန်မြှား ရှိရာသို့ အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။

တစ်ရက် …. နှစ်ရက် ….

ဆယ်ရက်မြောက်နေ့တွင် မိုဝူကျိက စတင် စိုးရိမ်လာမိသည်။ သူ့ခန္ဓာကိုယ်က အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေလေပြီ။ သူ့အသက်ဓာတ် လမ်းကြောင်းပင် အသက်ဓာတ်ဆေးလုံး၏ အကူအညီကို လိုအပ်နေပြီ ဖြစ်၏။

သူက ခန္ဓာကိုယ်အတွင်းရှိ အပ်ကျမ်းစာအုပ် စွမ်းအား၏ အရိပ်အယောင်ကို မဖမ်းဆုပ်မိသေးချေ။ သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြု၍ ခန္ဓာကိုယ်နှင့် ချီသွေးကြောများကို သန့်စင်ပြီးသည့်တိုင် ထူးခြားမှုကို မတွေ့ရသေးပေ။ သို့သော်လည်း သူ့အသက်ဓာတ်နှင့် တာအိုအငွေ့အသက်တို့က လျော့ပါးလာလေ၏။ နောက်ဆုံး သူ့ဝိညာဉ်ပင် မငြိမ်မသက် ဖြစ်လာလေသည်။

ကံကောင်းစွာဖြင့် သူက သူ့ကမ္ဘာအတွင်း ရောက်ရှိနေလေသည်။ မဟုတ်လျှင် မိုဝူကျိက ဤမျှကြာရှည်ခံမည် မဟုတ်ကြောင်း ခံစားမိ၏။ ထိုသို့ဆိုလျှင်ပင် သူ လုပ်နေသည့်အရာကို ဆက်မလုပ်သင့်တော့ပေ။

မိုဝူကျိက မှုန်မှိုင်းမှိုင်းဖြင့် ထလာကာ ဆေးစိုက်ခင်းဘက်သို့ လျှောက်လာလိုက်သည်။ သတိမေ့နေဆဲ ဖြစ်သည့် ကျီလီမှလွဲ၍ သူ ဖမ်းထားသည့် ဟွမ်တိသာ ရှိ၏။

ဟွမ်တိက သူ့ကံတရားသူ လက်ခံလိုက်ဟန် ပေါ်သည်။ သူက အချိန်အများစုကို  မိုဝူကျိ၏ ဆေးစိုက်ခင်းအတွင်း  တိတ်တဆိတ် ထိုင်နေလေ့ ရှိသည်။ ရံဖန်ရံခါ၌ သူက ဆေးပင်များ ကြီးထွားမှုကို လိုက်စစ်ဆေးတတ်သည်။

မိုဝူကျိ ဆေးစိုက်ခင်းထဲ ပေါ်လာသည့်အခါ ဟွမ်တိက အာရုံခံလိုက်မိသည်။ သူက ခေါင်းမော့ကာ မိုဝူကျိအား ကြည့်လိုက်ရင်း ပြောလိုက်သည်

“ အာ …. မင်းက မင်ယွဲ့ကို မထိန်းချုပ်နိုင်ခဲ့ဘူးလား။ အဲဒီအစား မင်းက သူ့အပ်သဏ္ဍာန်မြှား ထိမှန်လာတဲ့ပုံပဲ ”

မိုဝူကျိက ဟွမ်တိသည် ထိုအကြောင်း ပြောနိုင်ခြင်းကို မအံ့ဩမိပေ။ ဟွမ်တိ ထုတ်မပြောနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။

မိုဝူကျိက ဟွမ်တိသည် ဝိဇ္ဇာတစ်ပါး ဖြစ်နေသောကြောင့် အကူအညီ ရလိုရငြား ရောက်လာခြင်း ဖြစ်၏။

မိုဝူကျိ မပြောနိုင်ခင် ဟွမ်တိက စတင် ရယ်မောလိုက်၏  “ ကြည့်ရတာ မင်းက ငါ့အကူအညီကို လာတောင်းတာလား ”

မိုဝူကျိက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်

“ ဟုတ်တယ် … ခင်ဗျားရဲ့ အကူအညီ လိုအပ်နေတယ်။ ခင်ဗျား ဒီနေရာကနေ ထွက်သွားလို့ ရအောင် လုပ်ပေးမယ်  ”

ဟွမ်တိက ခပ်တိုးတိုးဖြင့်   “  အားနာပါတယ် …. ငါ မကူညီပေးနိုင်ဘူး ”

“ ခင်ဗျားရဲ့ သတ္တဗုဒ္ဓကျိုင်းကိုလည်း ဖယ်ပေးမယ် ” မိုဝူကျိက ဟွမ်တိအား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

ဟွမ်တိက ခေါင်းခါလိုက်သည်။

“ အဲဆို ခင်ဗျားကို ဟုန်မုန့်စွမ်းအင်လည်း ပေးမယ် ”

ဟွမ်တိက ဆက်လက် ခေါင်းခါနေဆဲ ဖြစ်၏။

“ ပြီးတော့ ဖီကာရွံ့စေးရော …” မိုဝူကျိက ထိုစကားကို  အံ့ကြိတ်ကာ ပြောလိုက်ရသည်။

တအံ့တဩ ဖြစ်သွားသည့် ဟွမ်တိက မိုဝူကျိအား ကြည့်ကာ   “ မင်းမှာ ဖီကာရွံ့စေးတောင် ရှိတာလား ”

ဟွမ်တိက အမှန်တကယ် အံ့ဩမိနေခြင်းမှာ ထိုပစ္စည်းက သူ့အတွက် အလွန်အရေးပါ၍ ဖြစ်၏။ ယခင် ကျင့်ကြံသူ မြောက်မြားစွာတို့က ဖီကာရွံ့စေး တစ်တုံးကြောင့် သေဆုံးခဲ့ကြရသည်။ နောက်ဆုံးတွင် ထိုဖီကာရွံ့စေးက သူ့နတ်ဘုရားမျှော်စင်အတွင်း ပျောက်ဆုံးသွားခဲ့သည်။

“ အဲဆိုတော့ ကူညီပေးနိုင်ပြီလား … ကျုပ်‌ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ် ” မိုဝူကျိက စိတ်မကြည်မှုကို ထိန်းချုပ်ကာ ပြောလိုက်သည်။ သူက အကူအညီ လိုအပ်နေသူ မဟုတ်ပါလော။

ဟွမ်တိက သက်ပြင်းချကာ

“ ငါ့ဆီမှာ ရွေးစရာ မရှိဘူးလေ။ ငါက မင်းကို မကူညီပေးချင်တာ မဟုတ်ဘူး။ တကယ်လို့  ငါ့ဆီမှာ  နည်းလမ်းရှိနေရင် ငါတို့အသက်တွေ လဲဖို့ ပြောမိမှာ …  ငါ့ကိုလွှတ်ပေး မင်းကို နည်းလမ်း ပြောပြမယ်ဆိုပြီး ပြောမှာပေါ့ ….. နှမြောစရာကောင်းတာက မင်းကို ကူညီပေးဖို့ တကယ်နည်းလမ်း မရှိဘူး  ”

မိုဝူကျိက လေအေးများ ရှုသွင်းလိုက်သည်။ သူက ဝိဇ္ဇာတစ်ပါးပင် အပ်ကျမ်းစာအုပ်ကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း မထင်ထားခဲ့ပေ။ ထို့အပြင် ဟွမ်တိ၏ စကားများက ရှင်းလင်းလှ၏။ အပ်ကျမ်းစာအုပ်သည် သတ်ဖို့ရာအတွက် ရည်ရွယ်ထားခြင်း ဖြစ်၏။ မဟုတ်လျှင် သူက အသက်လဲမည့်အကြောင်း ပြောလာမည် မဟုတ်ပေ။

မိုဝူကျိက အမှန်တကယ် စိတ်ပျက်သွားမိသည်။ အကယ်၍ သူသာ သေရမည်ဆိုလျှင် ကျီလီကို အသက်ရှင်အောင် လုပ်ပြီး ဟွမ်တိကို အရင်ဆုံး ဖယ်ရှားပစ်ရမည်။

ဟွမ်တိက မိုဝူကျိ၏ သတ်ဖြတ်ငွေ့ကို ခံစားမိပေသည်။ ထို့ကြောင့် သူက ဝင်ပြောလိုက်၏

“ တာအိုရောင်းရင်းမို …. ကျုပ် မင်းရဲ့ သတ်ဖြတ်ငွေ့ကို ခံစားမိတယ်။ တကယ်လို့ ခင်ဗျားသာ ကိုယ့်ဘာသာ အပ်ကျမ်းစာအုပ်ကနေ မကယ်နိုင်ရင် ကျုပ်က ခင်ဗျားထက် အရင် သေရမှာမလား ”

မိုဝူကျိက ပြန်မဖြေပေ။ ဤသည်မှာ ကျိန်းသေပေါက် သေချာနေ၍ ဖြစ်၏။ ယခု သူက သေရတော့မည် ဖြစ်ရာ ဟွမ်တိအား သူ့ကမ္ဘာအတွင်း ဆက်လက် ရှင်သန်ခွင့် မပြုနိုင်ချေ။

ဟွမ်တိက ခဏတာ တွေဝေနေပြီးနောက် ဆက်ပြောလိုက်သည်

“ တာအိုရောင်းရင်းမို … အပ်ကျမ်းစာအုပ် စွမ်းအားကို ဖယ်ရှားလို့ ရတဲ့ နည်းလမ်းတစ်ခုကို ကြားဖူးတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက နည်းနည်း မဖြစ်နိုင်ဘူး။ အရင်ဆုံး  မင်းက ကမ္ဘာဦး စိတ်ဝိညာဉ်ကို အရင်လောင်ကျွမ်းပစ်ရမယ် …. ”

“ ကမ္ဘာဦး စိတ်ဝိညာဉ်ကို လောင်ကျွမ်းပစ်ရမှာလား ” အလန့်တကြား ဖြစ်သွားသည့် မိုဝူကျိက ဟွမ်တိစကားကို ထပ်ရေရွတ်လိုက်သည်။

ဟွမ်တိက ခေါင်းညိတ်ကာ

“ ဟုတ်တယ် … ကမ္ဘာဦး စိတ်ဝိညာဉ်ကို လောင်ကျွမ်းပစ်ရမယ်။ အပ်ကျမ်းစာအုပ်ရဲ့ တိုက်ခိုက်မှု ထိမှန်ထားပြီးတဲ့နောက် မဟာတာအိုအငွေ့အသက်နဲ့ မြှားကို တတ်နိုင်သမျှ မြန်မြန် ရစ်ပတ်ထားသင့်တယ်။ အချိန်တိုလေးအတွင်းမှာ မင်းက အဲဒီမြှားကို ဆွဲနှုတ်နိုင်လိမ့်မယ်။

ဒါပေမဲ့ မင်း မလုပ်ခဲ့တာက အသိသာကြီးဆိုတော့  …. အပ်သဏ္ဍာန်မြှားက တာအိုအငွေ့အသက်အဖြစ် ပြောင်းသွားတာနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်သွားမှာပဲ။ မင်း ဘယ်လောက် အားကောင်းကောင်း အပ်သဏ္ဍာန်မြှားကို ဖယ်ထုတ်နိုင်မှာ မဟုတ်ဘူး။ အဲဒါက မင်းရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ် အပြည့်အဝ မပျက်စီးသွားခင်အထိ ဆက်ဖြစ်နေဦးမှာ …

ကျင့်ကြံသူတစ်ယောက်မှာ ကမ္ဘာဦး စိတ်ဝိညာဉ် ဘယ်လောက် အရေးပါတယ်ဆိုတာ မင်းလည်း သိမှာပါ။ ကမ္ဘာဦး စိတ်ဝိညာဉ် ပျက်စီးသွားတာနဲ့ မဟာတာအိုလည်း ပျက်စီးသွားမယ်။ ပြီးတော့ ကမ္ဘာဦး စိတ်ဝိညာဉ် လောင်ကျွမ်းပစ်တာက အပ်ကျမ်းစာအုပ်ရဲ့ စွမ်းအားကို အပြည့်အဝ မဖယ်ရှားပစ်နိုင်သေးဘူး။ ကြောက်စရာကောင်းတာက မချိမဆံ့ ခံစားရမဲ့ နာကျင်မှုပဲ ”

“ ပြီးတော့ရော ” မိုဝူကျိက မြန်မြန် မေးလိုက်သည်။

ဟွမ်တိက ရယ်မောကာ

“ ကမ္ဘာဦး စိတ်ဝိညာဉ် လောင်ကျွမ်းပြီးတာနဲ့ ယာယီ အသက်ဆက်ရှင်လိမ့်မယ်။ အဲဒီနောက်ပိုင်းကျ မင်းက ကျန်ရှိနေတဲ့ အသက်ဓာတ်ကို သုံးပြီး အပ်ကျမ်းစာအုပ်ရဲ့ စွမ်းအားကို တိုက်ထုတ်ရမယ်။ နောက်ဆုံးထွက်သက်နဲ့ အသက်ဆန့်ထားရမယ်  ”

ဟွမ်တိက နည်းလမ်း ရှိကြောင်း ပြောသော်လည်း မပြောပြခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။ ဟွမ်တိ၏ နည်းလမ်းအရ နောက်ဆုံးတွင် သေမည်သာ ဖြစ်၏။

မိုဝူကျိက အပ်ကျမ်းစာအုပ်လိုမျိုး ကြောက်မက်ဖွယ် မှော်ရတနာမျိုး ကြားဖူးပေသည်။ ယခင် ကမ္ဘာမြေတွင် ရှိစဉ်အခါက အပ်ခုနှစ်သွယ်မြှားဟု ခေါ်ဆိုသည့် ရတနာအကြောင်း ကြားခဲ့ဖူးသည်။ ယခင် မိုဝူကျိက ထိုသို့ ရတနာများအကြောင်း အာရံမရှိခဲ့ချေ။ ရှည်လျားလွန်းသော တရုတ်ဒဏ္ဍာရီများကြောင့် ဒဏ္ဍာရီလာ ရတနာတချို့ကို ကြားဖူးခြင်းက ထူးဆန်းထွေလာ မဟုတ်ချေ။

ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ပညာရပ်ကို ရရှိပြီးနောက် မိုဝူကျိက ဤကမ္ဘာသည် သူ့နားလည်နိုင်စွမ်းထက် အလွန်ဖြစ်နေကြောင်း သိလိုက်သည်။ သူ မသိခြင်းက မတည်ရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။

ဟွမ်တိ ညွှန်းဆိုသော နည်းလမ်းက သူ့ပြဿနာကို မပြေလည်စေနိုင်ပေ။

တခြားသော ကျင့်ကြံသူများအတွက် ယာယီဖြေရှင်းနည်းတစ်ခု ဖြစ်နိုင်သော်လည်း မိုဝူကျိအတွက် လုံးဝ အသုံးမဝင်ချေ။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိနေချေ။ သူ့တွင် ရှိနေသည်က အသိစိတ်ပင်လယ်ကြီးထဲ၌ ခရမ်းရေကန်သာ ပိုင်ဆိုင်ထားသည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိလေရာ မည်သို့ လောင်ကျွမ်းပစ်ရမည်နည်း။

မိုဝူကျိက သက်ပြင်းချကာ

“ ဝိဇ္ဇာဟွမ်တိ …. ကျုပ် အားနာပါတယ်။ ခင်ဗျားကို အခုပဲ သတ်ပစ်ရတော့မယ်။ ကျုပ်ဆီမှာ ကိုယ့်ဘာသာ ကယ်ဖို့ နည်းလမ်း မရှိတော့ဘူး ”

သူ့ရန်သူများ၏ မျက်နှာကို မြင်ယောင်လာပြီးနောက် ဟွမ်တိက နောင်တရလာမိသည်။ အစပိုင်းတွင် မိုဝူကျိတွင် သူ့ထက် တောက်ပသည့် အနာဂတ်ရှိကြောင်း ယုံကြည်ထားခဲ့သည်။ သူက နတ်ဘုရားဧကရာဇ် မင်ယွဲ့၏ အပ်သဏ္ဍာန်မြှားကို မရှောင်နိုင်မည်ကို မည်သူက ကြိုသိထားမည်နည်း။

 ဒါက  ….

“ ခဏ …” ဟွမ်တိက မိုဝူကျိအား တားလိုက်သည်

“ ကျုပ်က မင်းရဲ့ ကမ္ဘာထဲမှာဆိုတော့ ကျုပ် ဘယ်မှလည်း မသွားနိုင်ဘူးလေ။ ခင်ဗျား နောက်ဆုံး ထွက်သက်ကျမှ ကျုပ်ကို သတ်ပစ်ရင်လည်း နောက်မကျသေးပါဘူး။ အလျှင်လိုနေဖို့ မလိုပါဘူး။ မင်းရဲ့ ကျင့်စဉ်နဲ့ဆိုရင် ကမ္ဘာဦး စိတ်ဝိညာဉ်ကို လောင်ကျွမ်းပစ်ဖို့ ရွေးချယ်ရင်တောင် အချိန်ကြာကြာ အသက်ရှင်ဦးမှာပါ ”

မိုဝူကျိက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်

“ ကျုပ်က ကမ္ဘာဦးစိတ်ဝိညာဉ်ကို မလောင်ကျွမ်းစေချင်ဘူးဆိုတော့ ခင်ဗျား စောစော သေရတော့မယ် ”

“ တာအိုရောင်းရင်းမို … ကျုပ်ရဲ့ မဟာတာအိုရဲ့ ဝိညာဉ်အမျှင်လေး ပေးပါ့မယ်။ ခင်ဗျား ကျုပ်ကို စိတ်ကြိုက် လုပ်လို့ ရတယ်။ တကယ်လို့ ခင်ဗျားသာ တစ်ခုခု ဖြစ်သွားရင် ကျုပ်လည်း သေသွားမှာပါ ” ဟွမ်တိက ဆက်ပြောလိုက်သည်။

မိုဝူကျိက ဟွမ်တိအား တအံ့တဩ ကြည့်ကာ

“ တာအိုရောင်းရင်း ဟွမ်တိ … ခင်ဗျား အရင်က သေဖို့ ဆန္ဒစောနေတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ အသက်ရှင်ချင်စိတ် ပြင်းပြလာရတာလဲ ”

ဝိဇ္ဇာတစ်ပါးအတွက် မဟာတာအို၏ ဝိညာဉ် အမျှင်လေး ပေးလိုက်ခြင်းက ကိုယ့်ခန္ဓာကိုယ်ကို သစ္စာဖောက်နေခြင်းနှင့် အတူတူ ဖြစ်ပေသည်။ မိုဝူကျိက သူ့သေခြင်းရှင်ခြင်းကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိသွားမည် ဖြစ်၏။ မိုဝူကျိက သူ့အား အလိုရှိသည့်အချိန် သေခိုင်း၍ ရပေမည်။ ထို့အပြင် မိုဝူကျိသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ဟွမ်တိလည်း ပြဿနာ ဖြစ်ပေမည်။

မိုဝူကျိက ဤနည်းလမ်းမျိုးကို ကျင့်ကြံရေးလောက၌ ကြုံတွေ့ခဲ့ဖူးသည်။ ကျန်းရှင်းတွင် ရှိစဉ်အခါက ချန်စန်းဟု ခေါ်သည့် အစေခံတစ်ဦး လက်ခံဖူးခဲ့သည်။ မိုဝူကျိ၏ လက်ရှိ အာရုံခံနိုင်စွမ်းအရ ချန်စန်းမှာ အသက်ရှင်နေသေး၏။ သို့သော်လည်း မိုဝူကျိက သူ မည်သည့်နေရာ ရောက်နေမှန်း မသိပေ။ အကယ်၍ ဟွမ်တိကိုပါ ထည့်တွက်လိုက်လျှင် သူ့တွင် အစေခံ နှစ်ဦး ရှိသွားပေမည်။

သို့သော်လည်း ဟွမ်တိနှင့် ချန်စန်းတို့မှာ မတူကွဲပြားသော လူနှစ်မျိုး ဖြစ်၏။ ဟွမ်တိသည် ဝိဇ္ဇာဖြစ်သောကြောင့် တခြားသော ကျင့်ကြံသူများနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

ဟွမ်တိက မိုဝူကျိ တွေးနေသည့်အရာကို သိသောကြောင့် ပြန်ဖြေလိုက်သည်

“ ခင်ဗျားရဲ့ကမ္ဘာက ဘယ်လောက် ထူးခြားလဲဆိုတာ ကျုပ် ခံစားမိတယ်။ ခင်ဗျား မင်ယွဲ့လက်ချက်ကြောင့် ဒဏ်ရာရလာတာကို မြင်ရတာ အံ့ဩသွားတယ်ဆိုပေမဲ့  အများကြီး မျှော်လင့်ထားသေးတယ်။ အဲဒါကြောင့် ကျုပ်သာ ဒီလို အပေးအယူကို မလုပ်ရင် ခင်ဗျားက သတ်မယ်ဆိုတာလည်း သိတယ်။

ကျုပ် မသေချင်သေးလို့ ကျုပ်ရဲ့ ဝိညာဉ်ကို ပေးကမ်းနေတာပါ ”

ထိုသို့ပြောပြီးနောက် ဟွမ်တိက သူ့ဘာသာ ရယ်မောလိုက်သည်  “ ဝိဇ္ဇာ … ဝိဇ္ဇာတစ်ပါးက ဒီလိုအဆုံးသတ်သွားတာပဲ … ကျုပ်က တကယ်ကို သနားဖို့ ကောင်းနေတာပဲ ”

ဟွမ်တိက မိုဝူကျအား အေးအေးဆေးဆေး ကြည့်လိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို ချပြီးသွားလေပြီ။ အကယ်၍ မိုဝူကျိက သဘောမတူလျှင် သူက ကိုယ့်ဘာသာ သတ်သေမည် ဖြစ်၏။ သူ့လိုမျိုး ဝိဇ္ဇာတစ်ပါးတွင် ကိုယ်ပိုင်မာန ရှိသေး၏။ သူ ပေးကမ်းခဲ့သည့် အကြောင်းအရင်းမှာ ဤသို့ သေဆုံးဖို့ရာ အင်တင်တင် ဖြစ်နေမိ၍ ဖြစ်သည်။ သူက လော့ရှု သေဆုံးသည်ကို မမြင်ရသေးသည့်အတွက် ကိုယ့်အတွက်ကို လက်စားမချေရသေးပေ။

နောက်ထပ် အကြောင်းအရင်းတစ်ချက်မှာ မိုဝူကျိ၏ ပြီးပြည့်စုံနေသည့် ကမ္ဘာအတွက် မျှော်လင့်ချက် ဖြစ်မိ၏။ ဤသည်မှာ သူတစ်ဘဝလုံး၌ မြင်ဖူးသမျှအထဲ အားအကောင်းဆုံး ကမ္ဘာတစ်ခု ဖြစ်ပေသည်။ အကယ်၍ မိုဝူကျိသာ အသက်ရှည်ရှည်နေနိုင်မည်ဆိုလျှင် ဝိဇ္ဇာတစ်ပါး၏ တည်ရှိမှုကို ကျော်လွန်သွားလိမ့်မည်ဟု နမိတ်တစ်ချို့ ခံစားမိနေသည်။

ဤအရာတို့က လက်တွေ့မဆန်သော်လည်း ဟွမ်တိက မြင်ချင်သေး၏။ သေဆုံးခြင်းက အရာအားလုံး အဆုံးသတ်သွားမည့် သဘော မဟုတ်ပါလော။ အကယ်၍ သူသာ အသက်ရှင်နိုင်မည်ဆိုလျှင် လက်တွေ့ဆန်၊ မဆန် မြင်တွေ့နိုင်မည့် အခွင့်အရေး ရှိနေသေးသည်၊

ထို့အပြင် သူက စိတ်ထဲ၌ ခံစားမိနေသည့် ခံစားချက်တချို့ ရှိပေသည်။ သူက မိုဝူကျိသည် အလွယ်တကူ သေမည့် လူစားမျိုး မဟုတ်ကြောင်း ခံစားမိနေ၏။

“ ကောင်းပြီလေ .. ကျုပ် သဘောတူတယ်။ ခင်ဗျားရဲ့ မဟာတာအိုရဲ့ ဝိညာဉ်ကို ပို့လွှတ်လိုက်ပါ ” မိုဝူကျိက ခေါင်းညိတ်ကာ ဟွမ်တိအား ပြောလိုက်သည်။

ဟွမ်တိက မဟာတာအို အငွေ့အသက်ကို ဖမ်းဆုပ်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။ မိုဝူကျိ၏ ဖမ်းဆီးပိတ်လှောင်မှုကို အချိန်အတော်ကြာ ခံရပြီးနောက် ဟွမ်တိက တစ်စုံတစ်ခုကို သတိထားမိခဲ့သည်။ ဝိဇ္ဇာတစ်ပါး၏ ဂုဏ်သိက္ခာတို့က အသက်နှင့် ယှဉ်လာလျှင် ဘာမှမဟုတ်တော့ကြောင်း သတိပြုမိလိုက်၏။ ဤသည်မှာ သူ လက်မလျော့နိုင်သည့်အရာမျိုး မဟုတ်ပေ။

မိုဝူကျိက လက်တစ်ချက် အဝှေ့ဖြင့် ဟွမ်တိ မဟာတာအို၏ ဝိညာဉ်ကို တံဆိပ်ခတ်ထားလိုက်သည်။ ထို့နောက် သူက လှည့်ထွက်သွားလိုက်၏။

အရိုးသားဆုံး ပြောရလျှင် မိုဝူကျိက ဟွမ်တိ မဟာတာအို၏ ဝိညာဉ်အပေါ်  တံဆိပ်ခတ်နိုင်လိုက်ခြင်းအပေါ် အောင်မြင်မှုမျိုး မခံစားမိပေ။ သူက ကျီလီဆီ လျှောက်လှမ်းလာပြီးနောက် ပင်းထန်းဝါးကို ဘေးနား ထားပေးလိုက်သည်။ သူ့လက်ရှိ အနေအထားအရ ကျီလီအား မကယ်တင်နိုင်သေးပေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ ပျောက်ကွယ်သွားပြီးနောက် သူ့ကမ္ဘာ မပျက်စီးသွားအောင် အကောင်းဆုံး ထိန်းထားရမည် ဖြစ်ပေသည်။

ထိုအရာများ လုပ်ပြီးနောက် မိုဝူကျိက အပ်ကျမ်းစာအုပ် စွမ်းအား ရှာဖွေရေး လုပ်ငန်းစဉ်ကို ပြန်လည် စတင် လုပ်ကိုင်လိုက်သည်။

***

All Chapters