တဖန် အသက်ပြန်ရှင်လာသည့် ကျီလီ
Vol. 81 Ch. 1127
လဝက်အကြာတွင် မိုဝူကျိက အပ်ကျမ်းစာအုပ်ကြောင့် နောက်ဆုံးထွက်သက်သာ ကျန်ရှိတော့သည်။ ထိုစဉ် သူ့စိတ်ထဲ အတွေးတစ်ခု ဖြတ်ခနဲ ပေါ်လာလေ၏။
ဟွမ်တိက ကမ္ဘာဦး စိတ်ဝိညာဉ်ကို လောင်ကျွမ်းလိုက်ခြင်းက အပ်ကျမ်းစာအုပ်၏ စွမ်းအားတော်တော်များများကို လောင်ကျွမ်းစေနိုင်ကြောင်း ပြောခဲ့ဖူးသည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသော်လည်း ကမ္ဘာဦး စိတ်ဝိညာဉ်တစ်ခုကို နှိုးဆွပေးနိုင်မည်လား။ သူက ကမ္ဘာဦး စိတ်ဝိညာဉ်ကို နှိုးဆွပေးနိုင်ရုံသာမက ဝိညာဉ်လမ်းကြောင်းများကိုပင် လှုံ့ဆော်ပေးနိုင်ပေမည်။
ယခင်က သူ တာ့ဟွမ် ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးခဲ့စဉ်အခါက ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုနှင့် ချီသွေးကြော ၁၀၈ ခု ထည့်သွင်းပေးခဲ့သည်။
ထို့ကြောင့် သူက လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း ဝိညာဉ်လမ်းကြောင်းများ နေရာချထားပုံနှင့် အတော်လေး ကျွမ်းဝင်ပေသည်။ သူ့အတွက် ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်လမ်းကြောင်းတို့ လှုံ့ဆော်ဖို့ရာ ခက်ခဲသည့် ပြဿနာ မဟုတ်ချေ။ ထို့အပြင် မည်သည့်အရာမှ သူ့အား မခြောက်လန့်နိုင်တော့ပေ။ သူ့အသက်ဓာတ်မှာ လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး အသက်ဓာတ် ဆေးလုံးလည်း မကျန်ရှိတော့ပေ။ အဆိုးဆုံးအနေနှင့် သေဖို့ရာသာ ရှိပေမည်။
ထိုအတွေးက ရိုးရှင်းသော်လည်း တကယ် လုပ်ဖို့ရာ ခက်ခဲလှသည်။ လက်ရှိ မိုဝူကျိ၏ စိတ်စွမ်းအားနှင့် စွမ်းအားတို့မှာ အင်မတန် အားနည်းနေလေပြီ။ သူ့အသက်ဓာတ်လည်း ခမ်းခြောက်လုနီးပါး ဖြစ်နေလေပြီ။ သူက ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်လမ်းကြောင်းများကို လှုံ့ဆော်ဖို့ရာ အသိစိတ်ပင်လယ်ကို အသုံးမပြုနိုင်ပေ။
တစ်ရက်ကြာမြင့်ပြီးနောက် မိုဝူကျိက သူ့ကမ္ဘာဦး စိတ်ဝိညာဉ် လှုံ့ဆော်မှုအား ရပ်တန့်လိုက်သည်။ ဝိညာဉ်လမ်းကြောင်း မရှိဘဲ သူ့လက်ရှိ အခြေအနေဖြင့် ကမ္ဘာဦး စိတ်ဝိညာဉ် လှုံ့ဆော်ဖို့ရာ အရမ်းခက်ခဲလှသည်။ သူက မလှုပ်မယှက် ဖြစ်နေသည့် ကျီလီကို ကြည့်ရင်း စစ်ဆေးကြည့်လိုက်သည်။
သူက ဟွမ်တိသည် သူ ပျောက်ကွယ်တော့မည့်အကြောင်း သတိထားမိလား မသိပေ။ အကြောင်းမှာ ထိုနေရာ၌ မည်သည့်အရိပ်အယောင်မှ ရှိမနေသောကြောင့် ဖြစ်၏။
ထို့နောက် မိုဝူကျိက ဖီကာရွံ့စေးတုံးလေးကို ကြည့်မိသွားသည်။
ဟုတ်သား … ဖီကာရွံ့စေး …
သူက ဖီကာရွံ့စေးကို ဘာလို့ မတွေးမိခဲ့တာလဲ ….
မိုဝူကျိက ဖီကာရွံ့စေးကို ချက်ချင်း ဆွဲယူကာ လက်သီးအရွယ်လောက် ဖြတ်ပစ်လိုက်သည်။ ထို့နောက် သူက လက်ကျန် စိတ်စွမ်းအားကို နှိုးဆွလိုက်၏။
သူက ဖီကာရွံ့စေးကို အသိစိတ်ပင်လယ်ထဲ ပို့ကာ ကမ္ဘာဦး စိတ်ဝိညာဉ်ကို လှုံ့ဆော်ရန် ဆုံးဖြတ်ထားလိုက်ပြီးပြီ ဖြစ်၏။ ထို့နောက် သူက ဖီကာရွံ့စေးဖြင့် ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုကို ပုံဖော်ရမည်။ အကယ်၍ သူသာ အောင်မြင်လာလျှင် အသက်ရှင်နိုင်ပေမည်။ ဤသည်က သူ့အား အပ်ကျမ်းစာအုပ် စွမ်းအားကို ဖယ်ရှားနိုင်မည့် အပိုအခွင့်အရေး ပေးသလို ဖြစ်၏။
ဖီကာရွံ့စေးဖြင့် ဝိညာဉ်လမ်းကြောင်း ဖန်တီးခြင်းက သူ့ယခင် လုပ်ငန်းစဉ်ကို ပြန်လုပ်ရုံမျှသာ ဖြစ်သည်။ ယခင် တာ့ဟွမ်ကို လုပ်ပေးခဲ့စဉ်အခါက သူ့ကျင့်ကြံဆင့်သည် လက်ရှိထက် နိမ့်ကျနေသေး၏။ ယနေ့ နောက်ဆုံးထွက်သက်သာ ကျန်ရှိနေလျှင်ပင် သူက သဟဇာတ နတ်ဘုရား တစ်ပါးအဖြစ် ယူဆလို့ ရနေဆဲ မဟုတ်ပါလော။
***
နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်မှ နတ်ဘုရားမျိုးနွယ် ကျူးကျော်လာသည့်အထိ ….
နတ်ဘုရားနယ်မြေနှင့် နတ်ဘုရားကုန်းမြေကို ဆက်သွယ်ပေးနေသော ကူးသန်းရေး အစီအရင် ခင်းကျင်းရာမှ နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာသည့်အထိ …
နတ်ဘုရားကမ္ဘာ ပြန်ကောင်းလာပြီးနောက်တွင် မြောက်များစွာသော ပညာရှင်တို့ ထွက်ပေါ်လာခဲ့သည်။ အရိုက်အရာခံ နတ်ဘုရားတို့လည်း ထွက်ပေါ်လာကာ သူတို့ စိတ်တိုင်းကျ သတ်ဖြတ်ကြသည်။
ထိုအရာများကြောင့် နတ်ဘုရားကမ္ဘာအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။ နေရာတိုင်း၌ တိုက်ပွဲများ ဖြစ်နေကာ မည်သည့်နေရာမှ ငြိမ်းချမ်းမနေပေ။
တချို့သော ကျင့်ကြံသူများက နတ်ဘုရားကမ္ဘာသည် အရိုက်အရာခံ နတ်ဘုရားများ လက်အောက်၌ ဖျက်စီးခံရလိမ့်မည်ဟု ယုံကြည်ထားကြသည်။
အကြောင်းမှာ နတ်ဘုရားကုန်းမြေ၏ မြို့ကြီးတချို့မှာ ထိုနတ်ဘုရားများ လက်ချက်ကြောင့် ပျက်သုန်းသွားပြီ ဖြစ်၏။ အရိုက်အရာခံ နတ်ဘုရားများအတွက် အရာအားလုံးမှာ နည်းနည်းမှ အရေးမပါပေ။
အားလုံးက သူတို့အသက် ဆုံးရှုံးရမည်ကို ကြောက်ကြသောကြောင့် နတ်ဘုရားကမ္ဘာကြီးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
အမှန်တကယ်ကို တိတ်ဆိတ်ငြိမ်သက်နေလေ၏။ ထိုထူးခြားဆန်းပြား ပညာရှင်များလည်း နေ့ချင်းညချင်း ပျောက်ကွယ်သွားဟန် ပေါ်ကာ အစအနပင် မကျန်ရစ်ခဲ့ပေ။ မြို့ကြီးတချို့ကို ဖျက်စီးခဲ့သည့် ထိုပညာရှင်များအပြင် ပိအန်းပန်းကြောင့် ပေါ်လာသည့် အမျိုးသမီးလည်း ပျောက်ကွယ်သွားလေသည်။
နတ်ဘုရားကမ္ဘာကြီးက အခြေကျလာပြီ ဖြစ်၍ ဂိုဏ်းများက တပည့်တပန်းများ စတင် လက်ခံကြတော့သည်။ သူတို့က အင်အားကို အသည်းအသန် မွေးမြူနေချင်နေကြသည်။ နယ်လှည့်ကျင့်ကြံသူများလည်း ထိုအခွင့်အရေးကို အရယူကြကုန်သည်။
အချိန်ကုန်လွန်လာပြီးနောက် နတ်ဘုရားကမ္ဘာ၏ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များကို လူအများက မေ့လျော့သွားကြတော့သည်။
***
မိုဝူကျိ၏ လူသားကမ္ဘာအတွင်း သတိမေ့မြောနေသည့် ကျီလီက သူမ ဝိညာဉ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာကြောင်း စတင် ခံစားမိလာသည်။ သူမက သဟဇာတ နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း သူမအနေနှင့် မရပ်တန့်နိုင်ပေ။ တကယ်တော့ သူမဘာသာ ဤအိပ်မောကျမှုမှ မနှိုးထနိုင်ပေ။
ကျီလီက သူမအနေနှင့် ဤကမ္ဘာကြီမှ ပျောက်ကွယ်သွားတော့မည့် ထူးထူးဆန်းဆန်း ခံစားချက်မျိုးကို ခံစားမိနေသည်။
သူမက ပြန်လည် ဝင်စားတော့မှာလား …. ဒါမှမဟုတ် ပြန်လည် ဝင်စားဖို့ အခွင့်အရေးတောင် မရခဲ့ဘူးလား ….
ဒါက ဝိဇ္ဇာတစ်ပါး၏ လက်ချက် မဟုတ်ပါလော။ ရိုးရိုးရှင်းရှင်း အလင်းတန်းတစ်ချက်ကပင် သူမ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဖျက်စီးကာ အခြေခံအုတ်မြစ်ကို ပျက်ပြားသွားစေနိုင်၏။
ကျီလီ၏ စိတ်က ပို၍ ဝေဝါးလာသည်။ သူမက အချိန်မရွေး ပျောက်ကွယ်သွားနိုင်ကြောင်း သိလိုက်သည်။ သူမက ဝိညာဉ်သည် သူမ ခန္ဓာကိုယ်မှ စွန့်ခွာနေကြောင်း ခံစားမိလိုက်၏။
သူမ စိတ်ထဲ မိုဝူကျိဟု ခေါ်သည် ဝေဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာသည်။ သူမက မိုဝူကျိသည် သူမကို ကယ်ခဲ့ကြောင်း ပြန်လည် အမှတ်ရလိုက်မိ၏။ အကယ်၍ မိုဝူကျိကြောင့်သာ မဟုတ်လျှင် နတ်ဘုရားကမ္ဘာကို ပြန်ရောက်လာမည့် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ချေ။
အကယ်၍ မိုဝူကျိ အဆင်ပြေနေမည်ကို မည်သူက သိမည်နည်း။
သူ နတ်ဘုရားကမ္ဘာအထိ ရောက်လာခဲ့လား ….
ယခင် သူမ နောက်လိုက်ဖမ်းသည့် ပါရမီရှင်များနှင့် ယှဉ်လိုက်လျှင် မိုဝူကျိက အတော်လေးကို သာမာန်ဖြစ်လွန်းသည်။ သို့သော်လည်း ထိုသာမာန်လူငယ်လေးက သူမအား အသိစိတ်ကျောက် သန်းချီ ပေးခဲ့သောကြောင့် သူမက နတ်ဘုရားမျှော်စင်မှ ထွက်လာနိုင်ခဲ့သည်။ သူက သူမ ကျေးဇူးကြွေး တင်ရှိသည့် တစ်ဦးတည်းသောလူ ဖြစ်သော်လည်း သူ မည့်သည့်နေရာတွင် ရှိနေကြောင်း မသိရပေ။
ကျီလီ၏ မျက်နှာမှာ အနည်းငယ် သွေးရောင်သမ်းလာသည်။ သို့သော်လည်း သူမ၏ သွေးရောင်သမ်းလာသည့် မျက်နှာကို သတိထားမိလျှင်ပင် မည်သူကမှ သူမ အသက်ပြန်ရှင်လာလိမ့်မည်ဟု ထင်မည် မဟုတ်ကြပေ။
ဤသည်မှာ ကျီလီ အသက်မထွက်ခင် နောက်ဆုံးအတွေး ဖြစ်၏။ ယခင် သူမက နတ်ဘုရားကမ္ဘာ၌ အလှဆုံး မိန်းကလေး ဖြစ်ခဲ့သည်။ သူမတွင် ပိုးပန်းသူ အမြောက်အမြား ရှိခဲ့ပြီး သူမဘဝ၏ မှော်အဆန်ဆုံး အခိုက်အတန့်လေးများ ဖြစ်ခဲ့သည်။ ဤအရာမှာ မိန်းကလေးတိုင်း ရှိသည့် အမှတ်တရတစ်ခု ဖြစ်၏။
သူမ စိတ်ထဲ မျက်နှာအမျိုးမျိုးက ရေစီးကြောင်းလိုမျိုး ဝေဝါးဝါး ဖြတ်ပြေးသွားသည်။ နောက်ဆုံး သူမ မှတ်မိနေသည့်သူမှာ မိုဝူကျိသာ ဖြစ်၏။
သူမ ကျေးဇူးကြွေး တင်နေသည့် သာမာန်လူငယ်လေး တစ်ယောက် …
သူမ၏ ပျောက်ကွယ်လုနီးပါး ဝိညာဉ်ကို ကြည်လင်သန့်စင်သည့် စွမ်းအားတစ်ခုက ဆုပ်ယူထားလိုက်သည်။ သူမကို အံ့အားသင့်သွားစေသည်က သူမဝိညာဉ်မှာ သူ့အလိုလို တည်ငြိမ်လာခြင်း ဖြစ်၏။
ဘာတွေ ဖြစ်နေတာလဲ …
ခဏအကြာတွင် ကျီလီ၏ စိတ်ကား ပြန်လည် ကြည်လင်လာလေ၏။ သူမက ဝိညာဉ်မှာ ဆက်လက် မပျောက်ကွယ်သွားတော့ဘဲ စုစည်းလာသည်ကို သတိထားမိလိုက်သည်။ တကယ်တော့ သူမ ဝိညာဉ် အားကောင်းလာသည့် လက္ခဏာရပ်များပင် တွေ့နေရသည်။
ပင်းထန်းဝါးလား ….
နောက်ဆုံးတွင် ကျီလီ၏ စိတ်က သူမ ဝိညာဉ်ကို နောက်ဆုံးထွက်သက်လေး မတိုင်ခင် အမိအရ ဖမ်းဆုပ်ထားနိုင်လိုက်ကြောင်း အာရုံခံလိုက်မိသည်။ ဤသည်မှာ ပင်းထန်းဝါး ဖြစ်နေ၏။
ဒဏ္ဍာရီလာ ရတနာက တကယ် ပေါ်လာတာလား …. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….
ကျီလီက များများစားစား မတွေးရဲတော့ပေ။ သူမက ကျင့်စဉ်ကို မြန်မြန် လှည့်ပတ်ကာ ဝိညာဉ် တည်ငြိမ်လာအောင် ကူညီပေးလိုက်၏။
အစပိုင်းတွင် သူမက မည်မျှကြိုးစားစေကာမူ ကျင့်စဉ်ကို လှည့်ပတ်၍ မရပေ။ အချိန်ကြာလာသည်နှင့် သူမက ဝိညာဉ်မှာ သိပ်သည်းလာကြောင်း သတိထားမိလိုက်သည်။ ထို့အပြင် ကြီးထွားလာမည့် အရိပ်အယောင်လည်း ရှိနေ၏။ မကြာခင် သူမက ကျင့်စဉ်ကို လှည့်ပတ်နိုင်ပေလိမ့်မည်။ နောက်ဆုံးတွင် သူမက အတင်းကျပ် လှည့်ပတ်လိုက်ရင်း ဝိညာဉ်စွမ်းအား တစ်ပတ်ပြည့်သွားခဲ့၏။ ယခု သူမက ဝိညာဉ် ပြန်ကောင်းမွန်လာစေဖို့ ပင်းထန်းဝါးကို အသုံးပြုပြီ ဖြစ်၏။
မိုဝူကျိ၏ လူသားကမ္ဘာမှာ တည်ငြိမ်နေသေး၏။ ပင်းထန်းဝါးကို ကျီလီက စုပ်ယူလိုက်သောကြောင့် စွမ်းအား အားလုံးမှာ ကျီလီ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။
ကျီလီအောက်မှ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော၏ စွမ်းအားက ပင်းထန်းဝါးနှင့် ပေါင်းစပ်သွားလေ၏။ ထိုစွမ်းအားများကို ကျီလီက စုပ်ယူသွားလေသည်။
အချိန်ကြာမြင့်လာသည်နှင့် ကျီလီ၏ မျက်နှာမှာ သွေးရောင်လွှမ်းလာသည်။ ယခင်ကဲ့သို့ နောက်ဆုံးထွက်သက်ရှိသည့် လူလို မဟုတ်တော့ပေ။ သူမ နဖူးထက်မှ အမာရွတ်ပင် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာလေ၏။
သူမ၏ ပျောက်ပျက်နေသည့် ဝိညာဉ်က ပြန်ကောင်းလာကာ ဝေဝါးနေသည့် စိတ်လည်း ပြန်လည် ကြည်လင်လာသည်။
ပင်းထန်းဝါး စွမ်းအားကလည်း ကျီလီ၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားကာ သူမ အသိစိတ်ပင်လယ်တို့လည်း ပြန်လည် ပုံပေါ်လာသည်။ သူမ၏ ကမ္ဘာဦး စိတ်ဝိညာည်လည်း ပုံသဏ္ဍာန် စတင် ဖြစ်ပေါ်လာသည်။
ပျက်စီးနေသည့် ဝိညာဉ်ကြောနှင့် ဝိညာဉ်လမ်းကြောင်းတို့မှာလည်း စတင်၍ ပြန်ကောင်းမွန်လာသည်။
တစ်ရက် … တစ်နှစ် … ဆယ်နှစ် …
နှစ်တစ်ရာကြာမြင့်သွားပြီးနောက် ကျီလီက စိတ်ပေါ့ပါးစွာ မျက်လုံး ပွင့်လာလေသည်။ သူမ အလားအလာ မြင့်တက်လာသည်ကိုတော့ မည်သူမှ သူမထက် သိကြမည် မဟုတ်ပေ။
သူမ၏ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကမ္ဘာဦး စိတ်ဝိညာဉ်က တဖန် ပြန်ကောင်းမွန်လာသလို အသိစိတ်ပင်လယ်ကလည်း ယခင်နဂိုအရွယ်အစားထက် နှစ်ဆမက ကြီးမားလာသည်။ သူမ၏ ဝိညာဉ်လမ်းကြောင်းများက လှည့်ပတ်မှု မရပ်တန့်သေးဘဲ အပို ဝိညာဉ်လမ်းကြောင်း ရှိလာသည်။ သူမတွင် ဝိညာဉ်လမ်းကြောင်း စုစုပေါင်း ၁၀၂ ခု ဖြစ်သွားလေပြီ။
သူမ ဝိညာဉ်ကြောပင် ရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ပိုမို သန့်စင်လာသည်။
ကျီလီက ပျော်ရွှင်စွာ ထခုန်လိုက်မိ၏။ သူမ ကျင့်ကြံဆင့်သာ ပြန်ကောင်းလာရုံသာမက အချိန်မရွေး တိုးတက်သွားနိုင်ကြောင်း ခံစားမိနေသည်။ ထို့အပြင် သူမ၏ နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ယခင်ထက် နှစ်ဆမက မြန်ဆန်နေပြီ ဖြစ်၏။
“ တကယ်ကို ပင်းထန်းဝါးပဲ ” ကျီလီက ကျန်ရှိနေသော ပင်းထန်းဝါးကို ကြည့်ကာ စိတ်ခံစားချက်ကို မထိန်းနိုင်တော့ပေ။
သူမ ဒဏ်ရာများက ပင်းထန်းဝါးသာ ကုသနိုင်သည့် အရာမျိုး ဖြစ်ပေသည်။
ခဏ …. ပင်းထန်းဝါးက ဘယ်လိုလုပ် ဒီရောက်နေတာလဲ ….
သူမကို ဒဏ်ရာရအောင် လုပ်ထားတဲ့ သူက နတ်ဘုရားမျှော်စင်အကြောင်း မေးချင်လို့လား ….
အဲဒီ ပညာရှင်က ဒီလောက် ရက်ရောမှာလား ….
သူက နတ်ဘုရားမျှော်စင် နေရာကို ရှာနိုင်အောင်လို့ သူမကို ပင်းထန်းဝါး ပေးလိုက်တာလား ….
အကယ်၍ ဤသို့ဆိုလျှင်ပင် သူမကို ဝိညာဉ်ကြောနှင့် ဝိညာဉ်လမ်းကြောင်း အဆင့်မြင့် ပေးလိုက်ဖို့အထိတော့ မဖြစ်နိုင်ပေ။
ကျီလီက စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူမ စိတ်စွမ်းအားဖြင့် မစစ်ဆေးနိုင်ခင် မနီးမဝေးတွင် လဲလျောင်းနေသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။
ဤလူငယ်လေးက သာမာန်ဖြစ်လွန်းနေသော်လည်း ထိုမျက်နှာလေးမှာ သူမစိတ်ထဲ ခဏတိုင်း မြင်ခဲ့ရသူ ဖြစ်နေ၏။
မိုဝူကျိ ဟုတ်တယ် … တကယ်ကို မိုဝူကျိပဲ
မိုဝူကျိက ဘာလို့ သူမဘေး ရောက်နေတာလဲ …
သိပ်မကြာခင် ကျီလီက အဖြစ်အပျက်ကို နားလည်သွားတော့သည်။ မိုဝူကျိ၏ တာအိုအငွေ့အသက်တို့က ပျောက်ကွယ်နေပြီး အသက်ဓာတ်ပင် မကျန်ရှိတော့ပေ။ မိုဝူကျိက အချိန်တစ်ခုကြာကြာအထိ လဲလျောင်းနေကြောင်း သိသာလှသည်။
ကျီလီက အကြောက်တရားနှင့် ဝမ်းနည်းမှုတို့ကို မထိန်းချုပ်နိုင်တော့ပေ။ သူမက ပြေးထွက်ကာ မိုဝူကျိအား ပွေဖက်ထားလိုက်၏။
***