← Chapters

အမှောင်ပညာရပ်... ယန်စွမ်းအားချုပ်နှောင်ခြင်း

Vol. 62 Ch. 853

အမှောင်ပညာရပ်... ယန်စွမ်းအားချုပ်နှောင်ခြင်း

Vol. 62 Ch. 853

မမလေး၏ စကားများမှာ အတိုင်းအတာတစ်ခုအထိ မှန်ကန်သည်ဟု ဆိုနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ လောဘကြီးနေသည် မဟုတ်ပါလော။ သူသည် သူ ပင်ပင်ပန်းပန်း ကြိုးစားကာ ရှာဖွေခဲ့ရသည့် အခွင့်အရေးကြီးအား လက်လွှတ်မခံလိုသောကြောင့် ယခုလို လုပ်နေရခြင်းဖြစ်ပါသော်လည်း အစောပိုင်း ထာဝရဝိညာဉ်အဆင့် သို့မဟုတ် အလယ်အလတ် ထာဝရဝိညာဉ်အဆင့်တွင် ရပ်တန့်လိုက်မည်ဆိုပါက ယခုလောက် နာကျင်မှုများ ခံစားနေရမည်မဟုတ်ပေ။

သူ၏ ဝိညာဉ်ထဲမှ သမုဒ္ဒရာကြီး တစ်စင်းလုံးအား သူ၏ခန္ဓာကိုယ်ထဲသို့ အချိန်တိုလေးအတွင်း စီးဝင်သွားစေခြင်းကြောင့် သူ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ တစ်စစီ စုတ်ပြဲသွားရပြီဟု သတ်မှတ်နိုင်သည် မဟုတ်ပါလော။

၎င်းမှာ သူ၏ခန္ဓာကိုယ်ထဲရှိ ထာဝရကြယ်မီးတောက်နှင့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့အပြင် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် တာအိုဂါထာတော် စွမ်းအားများ၏ ဖိနှိပ်ချုပ်တည်းမှုကြောင့်သာ ပေါက်ကွဲပျက်စီးသွားခြင်း မရှိသေးဘဲ တည်မြဲနေရခြင်း ဖြစ်၏။ သို့သော် ထိုနာကျင်မှုကြီးမှာ ပြင်းထန်လွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီနေရပြီ ဖြစ်သည်။ ယခုတွင် သူသည် အာရုံအပြည့်စိုက်ကာ သူ၏ ခန္ဓာကိုယ်အား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အစွမ်းကုန်ကြိုးစားရတော့မည် ဖြစ်သည်။

ကံကောင်းသည်မှာ ထာဝရကြယ်မီးတောက်နှင့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့ နှစ်ခုစလုံးမှာ တမူထူးခြားသည့် စွမ်းအားများကို ပိုင်ဆိုင်ထားခြင်းပင်။ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ခါးပတ်တစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်အား တင်းကျပ်နေအောင် တုပ်နှောင်ပေးထားသဖြင့် သူသည် အနည်းငယ်ခန့် သက်သာရာရသွား၏။ အရေးကြီးဆုံး အရာမှာမူ တာအိုဂါထာတော်ကြီး၏ စွမ်းအားများဖြစ်ပေသည်။ ထိုစွမ်းအားများ ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားသောအခါ ဝမ်ပေါင်လဲ့မှာ အံ့အားသင့်ဖွယ်ရာ စွမ်းအားများကို ရရှိပိုင်ဆိုင်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်တိုလေးအတွင်းတွင် သူ၏ ခန္ဓာကိုယ်အား ပြန်လည်တည်ငြိမ်သွားအောင် ထိန်းသိမ်းနိုင်စွမ်း ရှိသွားတော့သည်။ သို့သော် တာအိုဂါထာတော်ကြီး၏ စွမ်းအားများမှာ အချိန်အကြာကြီး ရှိမနေနိုင်သောကြောင့် ချက်ချင်းဆိုသလိုပင် လွင့်ပါးပျောက်ကွယ်သွားကြ၏။ သို့သော် ထာဝရကြယ် မီးတောက်မှာ အမြဲတမ်း လောင်ကျွမ်းနေမည်ဖြစ်ရာ သူသည် ဖိအားအများကြီး ခံစားနေရသည့်တိုင်အောင် သူ၏ခန္ဓာကိုယ်အား တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်ပြီးနောက် အနည်းငယ်ခန့် မျက်လုံးများပြန်ပွင့်လာတော့သည်။

" ဒီတစ်ခေါက် ငါ တော်တော်လေးကို မဆင်မခြင် လုပ်မိခဲ့တာပဲ... " ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ ရှုံ့မဲ့မဲ့နှင့် ပြုံးလိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်နေရင်း အကယ်၍ သူ၏ ထာဝရကြယ်မီးတောက်၊ ဂြိုဟ်အဆင့် လက်ဖဝါးကြီးနှင့် မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးတို့အား ဆက်လက်အသုံးပြုနေခြင်း မရှိတော့ဘဲ ရပ်တန့်လိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးသွားမည်ဖြစ်ကြောင်း ခံစားနေရတော့သည်။ သို့ဖြစ်ရာ သူ၏ လက်ရှိအခြေအနေအား မျှခြေတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

" ငါက နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်ကို ရောက်နေပေမယ့် ကြွေရုပ်လေးတစ်ရုပ်လို ဖြစ်နေတယ်လို့ ခံစားနေရတုန်းပဲ။ ငါ့ကို တစ်ချက်လောက် ထိလိုက်တာနဲ့ ငါက ကိစ္စတုံးသွားမှာ " ဝမ်ပေါင်လဲ့မှာ ‌ခေါင်းမော့လာပြီး ကြံရာမရ ဖြစ်နေရတော့သည်။ သူသည် မလှုပ်မယှက် ရပ်နေရင်း သူ၏ရှေ့တွင် ဒူးထောက်နေကြသည့် ဝိညာဉ်တစ်သန်းအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ကောင်းကင်နန်းတော်ထဲ၌ ဒူးထောက်နေကြသော ဧကရာဇ်ဆယ့်နှစ်ပါးကို လှမ်းကြည့်ရင်း မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားတော့သည်။ နောက်ဆုံးတွင် သူသည် ထိုနန်းတော်ကြီး၏ အတွင်းပိုင်းထဲရှိ ပလ္လင်ပေါ်၌ ထိုင်နေသော ဧကရာဇ်ကြီးအား လှမ်းကြည့်လိုက်၏။

သူသည် ဝိညာဉ်အဘိုးကြီးအား ဝါးမျိုခဲ့ပြီးနောက် သူ၏ မှတ်ဉာဏ်များနှင့် နတ်ဆိုးမျက်လုံးပညာရပ်၏ နောက်ဆက်တွဲ ပညာရပ်များကို ရရှိခဲ့ခြင်းမရှိပါသော်လည်း သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာ ယခင်တုန်းကနှင့် မတူတော့ပေ။ ထိုပညာရပ်ထဲတွင် ဝိညာဉ်အဘိုးကြီး၏ စိတ်ဆန္ဒကြီး ရှိမနေတော့သောကြောင့် ၎င်းမှာ သူ၏အပိုင် ဖြစ်သွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထို ဧကရာဇ်ကြီး၏ ချပ်ဝတ်တန်ဆာကြီးအား လှမ်းကြည့်ရင်း နှလုံးသားထဲ၌ ထူးခြားသော ခံစားချက်တစ်ခုပင် ပေါ်ပေါက်လာရတော့သည်။ ထို ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်နှင့် ထပ်တူကျနေသည့် အငွေ့အသက်များ ထုတ်လွှတ်နေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ထို အငွေ့အသက်များကို အာရုံခံမိလိုက်သဖြင့် မျက်လုံးများ‌ မှေးသွား၏။ သူသည် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေရသည့်တိုင်အောင် ကြိုးစားရုန်းကန်၍ မတ်တတ်ထလာပြီး ရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုအခါ သူ၏ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် ခြေတစ်လှမ်းသာ လှမ်းရသေးပါသော်လည်း ပျောက်ကွယ်သွားတော့သည်။ သူသည် ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် နန်းတော်ထဲ၌ ရောက်နေပြီဖြစ်သည်။ သူသည် ဧကရာဇ်ဆယ့်နှစ်ပါး၏ နောက်နှင့် ဧကရာဇ်ချပ်ဝတ်တန်ဆာကြီး၏ ရှေ့တွင် ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုနေရာတွင် မလှုပ်မယှက်ရပ်ကာ ထို ချပ်ဝတ်တန်ဆာကြီးအား စိုက်ကြည့်နေလိုက်၏။ သူသည် အသက်ရှူကြိမ် တစ်ကြိမ်မျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မြှောက်ကာ ထို ချပ်ဝတ်တန်ဆာကြီးပေါ်သို့ တင်လိုက်တော့သည်။ ထိုအခါ ဧရာမ အနက်ရောင် မျက်လုံးကြီးမှာလည်း သူ၏နောက်၌ ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့၏ လက်ဖဝါး သူ၏ရှေ့တွင် ရှိနေသည့် ချပ်ဝတ်တန်ဆာပေါ်သို့ ရောက်သွားသည်နှင့် ၎င်းမှာ အပြင်းအထန် တုန်ရီသွားကာ မျက်စိတစ်မှိတ် အတွင်းတွင် အစိတ်အပိုင်း ရာပေါင်းများစွာအဖြစ် တစ်စစီ ပြုတ်သွားပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။ ၎င်းမှာ သူ ဆန့်ထုတ်ထားသည့် ညာဘက်လက်နှင့် အရင်ဆုံး ထိသွားပြီး သူ၏ လက်ချောင်းများကို စတင်လွှမ်းခြုံလာတော့သည်။ ၎င်းမှာ အနက်ရောင် အနက်ရောင် လက်ဖဝါး ချပ်ဝတ်တန်ဆာကြီး တစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် သူ၏ လက်မောင်းပေါ်မှတစ်ဆင့် သူ၏ ရင်ဘတ်ဆီသို့ ပျံ့နှံ့လာပြီး သူ၏ ဘယ်ဘက်လက်နှင့် အထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ဆက်လက် ပျံ့နှံ့သွား၏။

ထို့နောက် ၎င်းမှာ အထက်နှင့်အောက်သို့ တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားပြန်သည်။ တစ်ပိုင်းမှာ ဝမ်ပေါင်လဲ့၏ လည်ပင်းပေါ်အထိ တက်သွားပြီးနောက် သူ၏ မျက်နှာအား ဖုံးလွှမ်းသွား၏။ အခြားတစ်ပိုင်းမှာမူ သူ၏ ခြေထောက်နှစ်ဖက်ဆီသို့ ပျံ့နှံ့သွားသည်။ ထို အခြင်းအရာများ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ပြီး ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် သူ၏ ဓမ္မစစ်သင်္ဘောကြီး မငြိမ်မသက် ဖြစ်လာသည်ကို အာရုံခံမိလိုက်သည်။

ထို့နောက် ထစ်ချုန်းသံများ ထွက်ပေါ်လာကာ ထို ကျိုင်းကောင် ဓမ္မစစ်သင်္ဘောကြီးမှာ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲမှ ခွဲထွက်သွားပြီး ဘေးဘက်သို့ ရောက်သွား၏။ ဝမ်ပေါင်လဲ့၏ ရှေ့ရှိ ဧကရာဇ်ကြီး၏ ချပ်ဝတ်တန်ဆာကြီးမှာ ၎င်းအား အသိအမှတ် မပြုသည့်ပုံပင်။ ထို ချပ်ဝတ်တန်ဆာကြီးမှာ ဓမ္မစစ်သင်္ဘောကြီးအား ထိုသို့ နှင်ထုတ်လိုက်ပြီးနောက် နဂိုမူလ နတ်ဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ပေါင်းစည်းသွား၏။

ထို ပေါင်းစည်းမှုမှာ နတ်ဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ကျိုင်းကောင် ဓမ္မစစ်သင်္ဘောကြီးတို့၏ ပေါင်းစည်းမှုထက် ပို၍ သဟဇာတ ဖြစ်နေ၏။ သို့ဖြစ်ရာ ထို ချပ်ဝတ်တန်ဆာကြီးနှစ်ခုမှာ နဂိုတုန်းက ချပ်ဝတ်တန်ဆာကြီး တစ်ခုအဖြစ် အတူတူ ရှိနေခဲ့ကြသကဲ့သို့ပင်။ ၎င်းတို့ နှစ်ခုမှာ လိုက်ဖက်ညီလွန်းနေသောကြောင့် ချက်ချင်းဆိုသလိုပင် ချောမွေ့စွာ ပေါင်းစည်းသွားကြတော့သည်။

တစ်အောင်ခန့် အကြာတွင် ယခင်တုန်းက မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထက်ပင် ပို၍အားကောင်းသော အငွေ့အသက်တစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ ချပ်ဝတ်တန်ဆာ အသစ်ကြီးဆီမှ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်း၏ ပုံပန်းသွင်ပြင်မှာလည်း ပြောင်းလဲသွားပြီဖြစ်သည်။ ထို ချပ်ဝတ်တန်ဆာကြီးပေါ်၌ မျက်လုံးများနှင့်တူပြီး ရှုပ်ယှက်ခတ်နေသည့် အပြောက်အမွမ်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြ၏။ ယခင်တုန်းက ရှိနေခဲ့သော အရိုးဆူးချွန်များမှာ ချပ်ဝတ်တန်ဆာကြီး၏ အတွင်းပိုင်းထဲသို့ ပြန်ဝင်သွားပါသော်လည်း ပျောက်ကွယ်သွားကြခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ တစ်ချက်မျှ တွေးလိုက်ရုံနှင့် ၎င်းတို့အား ချက်ချင်းပြန်ထုတ်နိုင်စွမ်း ရှိနေ၏။

၎င်း၏ အရောင်မှာလည်း ခေါင်းအစ ခြေအဆုံး အနက်ရောင် ဖြစ်နေ၏။ နောက်ဆုံးတွင် ထို ချပ်ဝတ်တန်ဆာကြီးပေါ်ရှိ မရေမတွက်နိုင်လောက်အောင် များပြားသော မျက်လုံးများ၏ ကြား၌ ဝမ်ပေါင်လဲ့၏ ရင်ဘတ်ရှိနေသည့် နေရာပေါ်တွင် အနီရောင် မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာသည်။ ထိုအခါ အခြားမျက်လုံးများအားလုံးမှာ လမင်းကြီး၏ ဘေး၌ ခြံရံနေကြသည့် ကြယ်ပွင့်လေးများသကဲ့သို့ ဖြစ်သွားသောကြောင့် ထို အနီရောင် မျက်လုံးကြီးမှာ အာရုံဖမ်းစားနိုင်စွမ်းအပြည့် ရှိနေတော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားကြီးနှင့် တထေရာတည်း ဆင်တူသော စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်လာသည်။ ထို့အပြင် ထိုချပ်ဝတ်တန်ဆာကြီးမှာ ဝမ်ပေါင်လဲ့ လိုချင်တောင့်တနေခဲ့သည့် နတ်မျက်လုံးပညာရပ် အစအဆုံးအား သူ၏ အသိစိတ်ထဲသို့ ပေးပို့လိုက်တော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လက်သီးဆုပ်မိသွားပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထိုအချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားပြီး လေပြင်းများ စတင်တိုက်ခတ်လာသလို တိမ်တိုက်များလည်း တလိပ်လိပ် ထလာတော့သည်။ ထို့နောက် သူ၏ နှောင်းပိုင်းထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကြပြီး ချက်ချင်းဆိုသလိုပင် အဆင့်မြင့်တက်သွား၏။ ၎င်းမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်နှင့် ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်ထက်ပင် ပို၍သာလွန်နေသည်။ ထိုစွမ်းအားများမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများလောက် အစွမ်းမထက်သေးပါသော်လည်း မတိမ်းမယိမ်း အနေအထားတွင် ရှိနေပြီဟု သတ်မှတ်နိုင်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီ‌သွားရ၏။ သူသည် ယခင်တုန်းကထက် အစွမ်းပိုထက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသလို မင်းဧကရာဇ် ချပ်ဝတ်တန်ဆာအသစ်ကြီး ပေါ်ပေါက်လာမှုကြောင့် သူ၏ တစ်စစီ စုတ်ပြဲနေသော ခန္ဓာကိုယ်ကြီးမှာလည်း ပို၍ တည်ငြိမ်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

သို့ဖြစ်ရာ သူသည် သူ၏ လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်ရန် ထာဝရကြယ်မီးတောက်နှင့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့ကိုပင် မလိုတော့သည့်ပုံပင်။ ထိုခံစားချက်ကြီးမှာ အားကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွားပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ၎င်းတို့နှစ်ခုစလုံးအား ပြန်လည်သိမ်းဆည်းလိုက်တော့သည်။

သူ ထိုသို့ ပြန်လည်သိမ်းဆည်းလိုက်ချိန်တွင် သူ ခံစားနေရသည့် နာကျင်မှုများမှာ ပိုမိုပြင်းထန်လာပါသော်လည်း သူ တွက်ချက်ထားသည့်အတိုင်း သူ၏ ခန္ဓာကိုယ်ကြီးမှာ တည်ငြိမ်နေဆဲပင်။

" ဒီ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးက တော်တော်လေးကို တမူထူးခြားတာပဲကွ "

" ဒီလိုဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ကို လုံးဝတည်ငြိမ်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို စပြီးတော့ စဉ်းစားလို့ရပြီ။ အဲဒီအပြင်... ငါ့ရဲ့ နတ်မျက်လုံးပညာရပ်က ပြီးပြည့်စုံသွားပြီးမလို့ အနာဂတ်မှာ ငါ တခြားလူတွေကို လိုက်လံသတ်ဖြတ်နေသရွေ့ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေက အဆုံးအစ မရှိလောက်အောင် မြင့်တက်လာတော့မှာ " ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရသလို နတ်မျက်လုံးပညာရပ်မှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းသည်ဟုလည်း ခံစားလိုက်ရ၏။ ထို့အပြင် သူသည် နတ်မျက်လုံးပညာရပ်၏ မူလဇာစ်မြစ်အကြောင်းကိုလည်း ပို၍ စိတ်ဝင်စားလာရတော့သည်။

သို့သော် သူသည် ထိုကိစ္စများနှင့် ပတ်သက်၍ တွေးပူနေ၍ မဖြစ်ကြောင်း သိထား၏။ ထို့အပြင် သူသည် ဝိညာဉ်အဘိုးကြီးအား ဇီဝိန်ချုပ်ပေးလိုက်ရသည်ကိုလည်း နောင်တရနေခြင်း မရှိပေ။ သူသည် ထိုအဘိုးကြီးအား နဂိုကတည်းက အယုံအကြည် မရှိသည်မဟုတ်ပါလော။ ထိုသို့ဖြင့် သူသည် ထိုအတွေးများကို မေ့ပျောက်ထားလိုက်ပြီးနောက် ခေါင်းမော့ကာ သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူသည် တော်ဝင်သင်္ချိုင်းကုန်းကြီးထဲ၌ ရတနာများ ရှိမရှိ ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်စဉ်မှာပင်...

နန်းတော်ထဲ၌ မလှုပ်မယှက် ဒူးထောက်နေကြသည့် ဧကရာဇ်ဝိညာဉ်ကြီးများမှာ တုန်ရီသွားကြ၏။ ထို့နောက် သူတို့မှာ မတ်တတ်ထကာ ဝမ်ပေါင်လဲ့ဘက်သို့ တစ်ပြိုင်နက်တည်း လှည့်လာကြပြီးနောက် သူ့အား ဒူးထောက်အရိုအသေပေးလိုက်ကြတော့သည်။

" မင်္ဂလာပါ ဧကရာဇ်ကြီး "

သူတို့သာလျှင် ထိုကဲ့သို့ ပြုမူနေကြသည်မဟုတ်ပေ။ နန်းတော်ကြီး၏ အပြင်ဘက်တွင်လည်း ဝိညာဉ်တစ်သန်းမှာ မတ်တတ်ထလာကြပြီး သူရှိရာဘက်သို့ တစ်ပြိုင်နက်တည်း လှည့်လာကြ၏။ ထို့နောက် ၎င်းတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား ဒူးထောက်အရိုအသေပေးကာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် အသံကြီးဖြင့် ဂါရဝပြုလိုက်ကြတော့သည်။

" မင်္ဂလာပါ ဧကရာဇ်ကြီး "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ချင်ချင်းဆိုသလိုပင် မျက်လုံးများမှေးသွားရ၏။ ထို့နောက် သူသည် ပထမဦးဆုံးအနေနှင့် သူသည် ဝမ်ပေါင်လဲ့ ဖြစ်နေဆဲ ဖြစ်ပြီး သူ ဝိညာအဘိုးကြီးအား ဝါးမျိုခဲ့သည့် ဖြစ်စဉ်မှာ အတုအယောင်တစ်ခု မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း ဟုတ်မဟုတ် သေချာအောင် လေ့လာဆန်းစစ်ကြည့်လိုက်၏။ ထို့နောက် သူသည် အပြင်ဘက်တွင် ရပ်နေသည့် ဧကရာဇ် ဆယ့်နှစ်ပါးနှင့် ဝိညာဉ်တစ်သန်းအား လှမ်းကြည့်လိုက်သည်။ သူသည် အကြောင်းအရင်းအတိအကျ မသိပါသော်လည်း စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ချက်ကို သတိထားမိသွားပြီ ဖြစ်သည်။ ယခုလိုဖြစ်နေရခြင်းမှာ သူ ထို ဝိညာဉ်အဘိုးကြီးအား ဝါးမျိုခဲ့သောကြောင့် ဖြစ်နိုင်သလို အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသည့် အချက်ကြောင့်လည်း ဖြစ်နိုင်ရုံသာမက သူ၏ ချပ်ဝတ်တန်ဆာကြီးကြောင့်လည်း ဖြစ်နိုင်ပေသည်....

ထို့အပြင် ထိုအချက်သုံးချက်စလုံး ပူးပေါင်းသွားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထို ဧကရာဇ် ဆယ့်နှစ်ပါးနှင့် ဝိညာဉ်တစ်သန်းအား ထိန်းချုပ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။ သူတို့၏ အမြင်တွင် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဧကရာဇ်ကြီး ဖြစ်နေပြီဖြစ်သည်။

" ဒီ ဧကရာဇ် ဆယ့်နှစ်ပါးထဲက တစ်ပါးချင်းစီတိုင်းက ထာဝရဝိညာဉ်အဆင့် နတ်ဝိညာဉ်တစ်ခုနဲ့ အတူတူပဲ "

" ဝိညာဉ်တစ်သန်းကတော့ ထာဝရဝိညာဉ်အဆင့်မှာ ရှိမနေကြပေမယ့် သူတို့အားလုံးက ယွမ်ယင်အဆင့် စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတာလေ "

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး မျက်ဝန်းများ အရောင်တောက်ပသွားရ၏။ သူသည် ဝိညာဉ်အဘိုးကြီးမှာ သူ့ကိုယ်သူ အသက်ပြန်သွင်းပြီးပါက ယခုလိုဖြစ်လာအောင် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ချက်ချင်းပင် ချက်ချင်းပင် နားလည်သွားတော့သည်။

" ဝိညာဉ်အဘိုးကြီးရာ။ ဝိညာဉ်တွေကို ထိန်းကျောင်းတဲ့နေရာမှာ ခဗျားက ကျုပ်လောက် အရည်အချင်းမရှိပါဘူး။ ပြီးတော့ ဝိညာဉ်တွေနဲ့ ယန်စွမ်းအားတွေကို ချုပ်နှောင်ရတဲ့ နည်းလမ်းကိုလည်း ခဗျားကြီး သိထားမှာ မဟုတ်ဘူး။ ကျုပ်က ဒီ ဝိညာဉ်တစ်သန်းကျော်ကို ပိုင်ဆိုင်ရဖို့ ကံပါလာပြီးသားဗျ " ဝမ်ပေါင်လဲ့မှာ အော်ဟစ်ရယ်မောကာ သူ၏ ညာဘက်လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်အမြောက်အမြား ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ အရေအတွက်မှာ ခန့်မှန်းခြေ တစ်သိန်းဝန်းကျင်ခန့် ရှိပေသည်။ ၎င်းတို့မှာ ဝိညာဉ်တစ်သန်း၏ လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါသော်လည်း အနည်းဆုံး ၎င်းတို့အတွက် နေရာထိုင်ခင်းများ ပေးနိုင်ပေသည်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် သန့်စင်ထားသည့် အစွမ်းထက် ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်ကို ထုတ်ယူလိုက်၏။ ၎င်းတို့ ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းနှင့် အပြင်ပိုင်းမှ အမှောင်မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်၌ ဤ ကမ္ဘာကြီးထဲမှ မဟုတ်သော အမှောင်အချုပ်အနှောင်များအဖြစ် ပြောင်းလဲသွားတော့သည်။

" အမှောင်ပညာရပ်... ယန်စွမ်းအားချုပ်နှောင်ခြင်း "

All Chapters