← Chapters

ဝိညာဉ်ဖြတ် စုတ်တံ

Vol. 81 Ch. 1128

ဝိညာဉ်ဖြတ် စုတ်တံ

Vol. 81 Ch. 1128

မဟုတ်ဘူး …. မိုဝူကျိ မသေသေးဘူး …

သူ့ခန္ဓာကိုယ်ထဲ၌  စွမ်းအားလှည့်ပတ်မှု အရိပ်အယောင် ကျန်ရှိနေသေးသည်။ သို့သော်လည်း ကျီလီက မိုဝူကျိ၏ အသက်ဓာတ်ကို အာရုံမခံနိုင်သေးပေ။

ဘယ်လိုလုပ်ရမလဲ …

ကျီလီက စိုးရိမ်ကာ ကြောက်ရွံ့လာလေ၏။ သူမက ယခုအချိန် ကျင့်ကြံရေး၌ အာရုံစိုက်လျှင် နောက်တဆင့် တက်လှမ်းနိုင်မည့်အကြောင်းကိုပင် မေ့လျော့သွားလေသည်။

ကျီလီက စိတ်စွမ်းအားကို မိုဝူကျိ၏ ခန္ဓာကိုယ်ထဲ ပို့လွှတ်လိုက်၏။ သူမကို အံ့အားသင့်သွားစေသည်က မိုဝူကျိတွင် ဝိညာဉ်လမ်းကြောင်း တစ်ခုမှ ရှိမနေပေ။

ဆိုလိုသည်မှာ သူ့ဝိညာဉ်လမ်းကြောင်း အားလုံး ဖျက်စီးခံလိုက်ရပြီလား။ သူ့ဒဏ်ရာက သူမထက်တောင် ပိုဆိုးနေတာလား ….

ဆေးပညာ ဗဟုသုတများအရ ကျီလီသည် မိုဝူကျိကို မမီပေ။ အကယ်၍ မိုဝူကျိသာ အပ်ကျမ်းစာအုပ် ပြဿနာကို မဖြေရှင်းနိုင်လျှင် ကျီလီအနေနှင့် ကူညီဖို့ရာ မတွေးသင့်တော့ပေ။

ထိုစဉ် ကျီလီက သူမအတွက် ပင်းထန်းဝါး ယူလာပေးသူမှာ မိုဝူကျိ ဖြစ်ကြောင်း သေချာသွားသည်။ မိုဝူကျိအပြင် မည်သူကမှ ပင်းထန်းဝါးကို သူမဘေး ထားပေးမည် မဟုတ်ပေ။

ပင်းထန်းဝါး အပိုင်းအသေးလေး ကျန်နေသေး၏။

ကျီလီက လက်ကျန် အပိုင်းလေးကို ကောက်ကာ မိုဝူကျိ၏ ခန္ဓာကိုယ်အတွင်း ပေးပို့ချင်မိသည်။ သို့သော်လည်း မိုဝူကျိက ဝိညာဉ်လမ်းကြောင်း တစ်ခုပင် မရှိနေပေ။ တကယ်‌တော့ သူ့အသက်ဓာတ်ပင် ခမ်းခြောက်လုနီးပါး ဖြစ်နေလေရာ သူမအနေနှင့် သူ့ကို မည်သို့ ကူညီပေးရမည်နည်း။

အစပိုင်းတွင် ကြောက်လန့်နေခဲ့သော်လည်း ကျီလီက စိတ်ပြန်ထိန်းလိုက်နိုင်၏။ သူမက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ဤနေရာသည် စည်းမျည်းများ ပြီးပြည့်စုံလွန်းနေသောကြောင့် အတော်လေး အံ့အားသင့်မိသွားသည်။ ထို့အပြင် သူမက ဤကမ္ဘာအတွင်း  ရက်စက်မှုနှင့် သတ်ဖြတ်မှု အငွေ့အသက်များကို မခံစားမိပေ။

ဘယ်နေရာလဲ …. နတ်ဘုရားကမ္ဘာထဲမှာ ဒီလိုနေရာမျိုး ရှိသေးတယ်လား …

သိပ်မကြာခင် ကျီလီက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများကို မြင်သွားသည်။ တစ်ခုချင်းစီတွင် သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားာများနှင့် စည်းမျည်းများ ပါဝင်နေပေသည်။ ထိုမျှတင် မကသေးဘဲ နတ်ဘုရားကျောက်များနှင့် နတ်ပစ္စည်း အပုံလိုက်ကိုလည်း သတိထားမိလိုက်သည်။

ဟုန်မုန့်စွမ်းအင်၊ ဖီကာရွံ့စေး … တို့လည်း ရှိနေသည်။

သာမာန်အရွယ်အစားရှိ ဆေးမီးပြင်းဖို တစ်လုံးလည်း ရှိနေသည်။

ထိုမီးပြင်းဖိုက စွမ်းအားတစ်မျိုး ထုတ်လွှင့်နေဟန် ပေါ်ကာ  ….

မိုးမြေ မီးပြင်းဖိုလား ….

မိုးမြေ မီးပြင်းဖိုကို မမြင်တွေ့ဖူးသော်လည်း ကျီလီက ကြားဖူးပေသည်။ ခဏအကြာတွင် သူမက တစ်ကိုယ်လုံး ကြက်သီးများ ထလာမိ၏။ မိုးမြေ မီးပြင်းဖိုအပြင် ဧရာမ အဝိုင်းပြားကြီး တစ်ခုလည်း ရှိနေသေးသည်။ အဆုံးမဲ့ အချိန်စည်းမျည်းတို့က ထိုစက်ဝန်းပြားအတွင်း လှည့်ပတ်နေကြသည်။ သူမပင် အပြည့်အဝ မကြည့်ရှုနိုင်ပေ။

သူမ၏ မှန်းဆချက်အရ ထိုအရာမှာ မိုးမြေ မီးပြင်းဖိုထက် အားနည်းမည် မဟုတ်ချေ။

ဒီပစ္စည်းတွေက ဘယ်သူဟာလဲ ….

ဤသည်မှာ မိုဝူကျိ၏ ပစ္စည်းများသာ ဖြစ်ပြီး ဤကမ္ဘာသည်လည်း မိုဝူကျိ၏ ကမ္ဘာသာ ဖြစ်ရမည်။

 မိုဝူကျိက ဘယ်နေရာကနေ ဒီလိုကမ္ဘာမျိုး ရလာတာလဲ ….

အစစ်အမှန် ဝိညာဉ်ကမ္ဘာထက်ပင် ပို၍ အဆင့်မြင့်လောက်ပေသည်။

ကျီလီက မိုဝူကျိ၏ ကမ္ဘာဖြစ်ကြောင်း မယုံနိုင်သေးပေ။ မိုဝူကျိက မည်မျှ အားကောင်းစေကာမူ ကမ္ဘာကို ဤမျှအထိ ပြီးပြည့်စုံစေဖို့ရာ မဖြစ်နိုင်ပေ။

အကယ်၍ မိုဝူကျိတွင် ပြီးပြည့်စုံသည့် ကမ္ဘာရှိနေလျှင် သူ့အင်အားက သဟဇာတ နတ်ဘုရားအဆင့်ကို ကျော်လွန်လောက်လေပြီ။ မိုဝူကျိက သဟဇာတ နတ်ဘုရားအဆင့်ကို ကျော်လွန်သွားလျှင် ဤမျှ ဒဏ်ရာအပြင်းအထန် ရမလာနိုင်ချေ။

ပုံမှန်အားဖြင့် သူမက မိုဝူကျိ မည်သို့လူမျိုးနှင့် ရင်ဆိုင်ခဲ့ရခြင်း မသိပေ။ အကယ်၍ မိုဝူကျိ၏ မဟာဖျက်စီးရေး ပညာရပ်ကြောင့်သာ မဟုတ်လျှင် သူမက မိုဝူကျိကို ဤအခြေအနေဖြင့်ပင် မြင်တွေ့ရမည် မဟုတ်ပေ။

သိပ်မကြာခင် ကျီလီက အတားအဆီး ချထားသည့် ဆေးစိုက်ခင်း တစ်ခုကို အာရုံခံလိုက်မိ၏။ ကြည့်ရသည်မှာ အထဲ၌ တစ်ယောက်ယောက် ရှိနေဟန် ပေါ်သည်။

ကျီလီက မိုဝူကျိအား သယ်ဆောင်ကာ ဆေးစိုက်ခင်းဘေးသို့ ဆင်းသက်လိုက်သည်။ သူမက ဆေးစိုက်ခင်းအတွင်းရှိ လူကို မြင်လိုက်ရသည့်အခါ အထိတ်တလန့်ဖြင့် အော်လိုက်မိ၏  “ ရှင်ကိုး ”

ထန်းဟန်က အရိုးခြောက်သဖွယ် ဖြစ်နေသော်လည်း ကျီလီက တစ်ခါကြည့်ရုံဖြင့် တန်းမှတ်မိလိုက်သည်။ ဤသူက သူမကို ဒဏ်ရာရစေခဲ့သူ ဖြစ်၏။

“ အာ .. သူက မင်းကို ကယ်ဖို့ တကယ်ကြီး ပင်းထန်းဝါးကို ရှာတွေ့ခဲ့တယ်ပေါ့ ” ထန်းဟန်က ကျီလီကို မြင်လိုက်သည်နှင့် ရေရွတ်လိုက်သည်။ သူက မိုဝူကျိ၏ ဆေးစိုက်ခင်းကို ကြည့်ရှုဖို့ ပိတ်လှောင်ခံထားရသောကြောင့် မိုဝူကျိ ကမ္ဘာအတွင်းရှိ ပစ္စည်းများအကြောင်း မသိပေ။ သူ သိသည်က ဤကမ္ဘာမှာ မရိုးရှင်းကြောင်းသာ ဖြစ်၏။

ဟွမ်တိ စကားကို ကြားကာ ကျီလီကက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။

သူမ ဟွမ်တိကို မှတ်မိသွားစဉ်အခါက ဟွမ်တိ၏ ကမ္ဘာများလားဟု တွေးမိသွားသည်။ သူမက မိုဝူကျိနှင့်အတူတူ သူ့ကမ္ဘာထဲ ပစ်ထည့်ထားခံရသည်ဟုပင် ထင်မိသွားသေး၏။

ဟွမ်တိ၏ စကားများနှင့် သူ့ဘေးပတ်လည်ရှိ အစီအရင်အလံများကြောင့် သူမ အတွေးမှာ မှားသွားကြောင်း သိလိုက်သည်။ ဤသည်မှာ မိုဝူကျိ၏ ကမ္ဘာဖြစ်ပြီး ဟွမ်တိကို ဖမ်းထည့်ထားခြင်း ဖြစ်ပေမည်။ သူမကိုလည်း မိုဝူကျိက ကယ်ဆယ်ကာ ကမ္ဘာထဲ ထည့်ထားခြင်းသာ ဖြစ်လိမ့်မည်။ ခြားနားချက်မှာ သူမက ပိတ်လှောင်မခံရဘဲ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်လေ၏။

မိုဝူကျိက ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် သူမကို ကယ်နိုင်မည့် အင်အား မရှိကြောင်း သိလိုက်၍ ပင်းထန်းဝါးကို သူမဘေးနား ထားပေးခဲ့ခြင်း ဖြစ်ပေမည်။ ကံကောင်းစွာဖြင့် သူမက ဝိညာဉ် မပျောက်ကွယ်သွားခင်  ပင်းထန်းဝါး စွမ်းအားကို စုပ်ယူနိုင်ခဲ့၏။ ထို့နောက် သူမက နောက်ဆုံးထွက်သက်အခြေအနေမှ ပြန်လည် ကောင်းမွန်လာအောင် လုပ်နိုင်ခဲ့သည်။

ဟွမ်တိက ကျီလီ၏ အမူအယာကို သတိပြုမိကာ ကိုယ့်နဖူးကိုသာ ရိုက်လိုက်တော့သည်။ ကြည့်ရသည်မှာ ကျီလီက ဤအရာမှာ မိုဝူကျိ ပိုင်နက် ဖြစ်ကြောင်း မသေချာသေးဟန် ပေါ်၏။

အကယ်၍ သူသာ သူ့ကမ္ဘာဖြစ်ကြောင်း ဟန်ဆောင်နေလျှင် သူမကို အရူးလုပ်နိုင်လောက်၏။ သူက သူမကို အရူးလုပ်ပြီးနောက် ထွက်ပြေးမည့် အခွင့်အရေးကို ရှာနိုင်လိမ့်မည်။

“ မိုဝူကျိက ရှင့်ကို ဖမ်းပြီးတော့ ခေါ်လာတာလား ”ကျီလီက ဟွမ်တိအား ကြည့်လိုက်ပြီးနောက် မိုဝူကျိအား ကြည့်လိုက်သည်။ သူမ စိတ်ထဲ မသိမသာ နွေးထွေးသွားမိသည်။

သူမက ဤလောကကြီးထဲ၌ သူမအကြောင်းကို တွေးပေးမည့်သူ ရှိနေလိမ့်မည်ဟု မမှတ်မိနိုင်တော့ပေ။ လွန်ခဲ့သည့် နှစ်များစွာကတည်းက သူမကို ကယ်ပေးခဲ့သူမှာ မိုဝူကျိသာ ဖြစ်၏။

သူမက ထိုလူကြောင့် ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီး နောက်ပိုင်းတွင် မိုဝူကျိက ထိုလူအား ဖမ်းဆီးနိုင်ခဲ့သည်။ ထို့နောက် မိုဝူကျိက သူမကို ကယ်တင်ရန်အတွက် ပင်းထန်းဝါးပင် တွေ့ခဲ့သေး၏။

ဤစကြဝဠာတစ်ခုလုံး၌ သူမအတွက်  မိုဝူကျိသာ မိတ်ဆွေအစစ် အဖြစ် မှတ်ယူနိုင်သည့် တစ်ခုတည်းသောသူ ဖြစ်ပေမည်။

 မဟုတ်သေးဘူး ရင်းနှီးတဲ့ ဆွေမျိုး တစ်ယောက်လို ….

ဤစကြဝဠာတစ်ခုလုံး၌ သူမကို ကယ်မည့်သူမှာ မိုဝူကျိသာ ရှိလောက်သည်။

“ ဟုတ်တယ် … သူက ငါ့ကို ဖမ်းထားတာ ” ဟွမ်တိက သက်ပြင်းချလိုက်၏။

“ သူက ဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ” ကျီလီက သတ်ဖြတ်ငွေ့ကို ထုတ်ဖော်ရင်း မေးလိုက်သည်။

သူမက တခြားသူများကို နာကျင်အောင် လုပ်ခဲသော်လည်း မိုဝူကျိက သူမအတွက် ထူးခြားပေသည်။

ဟွမ်တိက မဖြေခင် ပါးစပ်ဟောင်းလောင်းဖြင့်  “ ငါ့ကြောင့် သူ ဒဏ်ရာရတယ် ထင်နေတာလား ”

“ မဟုတ်ဘူးလား ” ကျီလီက မကျေမနပ် ပြောလိုက်သည်။

ဟွမ်တိက ပြန်ဖြေလိုက်၏  “ တကယ်လို့ ငါသာ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ဒီနေရာမှာ ပိတ်မိနေမှာတောင် မဟုတ်ဘူး ”

“ အဲဆို သူက ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ ” ကျီလီက မျက်မှောင်ကျုတ်လိုက်သည်။

ဟွမ်တိက သာမာန်ကာလျှံကာ ဖြေလိုက်သည်  “ ငါလည်း ဘယ်သိမလဲ ”

“ ဒီလိုဆိုမှတော့ ရှင့်ကို အရင်သတ်ပစ်ရမယ် ” ကျီလီက လက်ကို မြှောက်ကာ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။

“ ခဏ …” ဟွမ်တိက မိုဝူကျိလက်မှ လွတ်အောင် မာနကိုပင် စတေးထားခဲ့သည်။ သူက ကျီလီ လက်ထဲ၌ အလွယ်လေး မသေဆုံးနိုင်ပေ။ သူက မြန်မြန် ပြောလိုက်ရ၏ “ ငါကြောင့် ဒဏ်ရာရတာ မဟုတ်ဘူး။ မင်ယွဲ့လို့ ခေါ်တဲ့ တစ်ယောက်ကြောင့် အပ်ကျမ်းစာအုပ်ကနေ ဒဏ်ရာရသွားတာ ”

“ နတ်ဘုရားဧကရာဇ် မင်ယွဲ့ရဲ့ အပ်ကျမ်းစာအုပ်လား ” ကျီလီက မေးလိုက်သည်။ သူမ မျက်ဝန်း၌ မယုံကြည်နိုင်မှုများ ထင်ဟပ်နေလေ၏။

“ မင်ယွဲ့နဲ့ သူ့အပ်ကျမ်းစာအုပ်အကြောင်း သိတယ်လား ” ဤတစ်ခါ အံ့အားသင့်သွားသူမှာ  ဟွမ်တိ ဖြစ်၏။

မင်ယွဲ့က နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲမှ ဖြစ်ကာ သူအပ်ကျမ်းစာအုပ်မှာ လူအများကြား နာမည်ကျော်ကြားလှသည်။ ထိုသို့ဆိုလျှင်ပင် အရိုက်အရာခံ နတ်ဘုရား မဟုတ်သည့် ကျင့်ကြံသူ မည်မျှက  အပ်ကျမ်းစာအုပ်အကြောင်း သိနိုင်မည်နည်း။

ကျီလီအား ပို၍ ထိတ်လန့်သွားစေသည်က လူတစ်ယောက်က အပ်ကျမ်းစာအုပ် ထိမှန်ပြီးနောက် သေချာပေါက် သေဆုံးမည့်အချက်ကို ဖြစ်ပေသည်။ ယခုအချိန်အထိ မိုဝူကျိက မသေဆုံးသေးသောကြောင့် မိုဝူကျိ မည်မျှ အားကောင်းကြောင်း ပြသနေခြင်း ဖြစ်၏။

မဖြစ်သေးဘူး … သူ့ခန္ဓာကိုယ်ကနေ အပ်သဏ္ဍာန်မြှားကို မြန်မြန် ဖယ်ထုတ်ပစ်ရမယ် ….

ထိုအတွေးဖြင့် ကျီလီက ဟွမ်တိအား ဂရုမစိုက်နေတော့ဘဲ လှည့်ထွက်သွားတော့သည်။

“ ခဏ …. မင်းက အပ်သဏ္ဍာန်မြှားကို ဘယ်လိုဖယ်ထုတ်ရမလဲဆိုတာ သိတာလား ” ဟွမ်တိက ကျီလီ၏ အမူအယာကို သတိထားမိကာ ခေါ်လိုက်သည်။ သူက ဤမိန်းမငယ်လေးက သူ မသိသည့်အရာကို သိနေလိမ့်မည်ဟု သံသယ ဝင်လာမိသည်။

သူ့အမြင်၌ ကျီလီသည် မိန်းမငယ်လေး တစ်ယောက်မျှသာ ဖြစ်၏။

ကျီလီက ဟွမ်တိကို အာရုံမရှိပေ။ သူမက မိုဝူကျိကို ပွေ့ထားရင်း စိတ်စွမ်းအားဖြင့် နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူမက ဤကမ္ဘာမှ ထွက်သွားလို၏။

နောက်အခိုက်အတန့်လေး၌ ကျီလီက ဓားသွေးကျောက်အရွယ် ဥက္ကာခဲတစ်ခုပေါ် ရောက်ရှိလာသည်။ သူမက မိုဝူကျိကို  သယ်ထားရင်း ကမ္ဘာမှ ထွက်လာနိုင်လေသည်။

သိပ်မကြာခင် ကျီလီက သူမသည် မိုဝူကျိ၏ ကမ္ဘာအတွင်း ပြန်မသွားနိုင်ကြောင်း သတိပြုမိသွား၏။ တကယ်တော့ သူမက အာရုံခံ၍ပင် မရတော့ချေ။

ကျီလီက သူမ အဘယ်ကြောင့် ထွက်လာနိုင်လဲ သိပေသည်။ အကြောင်းမှာ မိုဝူကျိက သူမအား ခွင့်ပြုပေးထား၍ ဖြစ်၏။ လက်ရှိ သူမက မိုဝူကျိ နှိုးမလာမချင်း ထိုကမ္ဘာအတွင်း ပြန်သွားနိုင်မည် မဟုတ်ချေ။

သို့သော်လည်း ကျီလီက မိုဝူကျိ ကမ္ဘာအတွင်း ပြန်သွားနိုင်မည့် ကိစ္စကို သိပ်အာရုံမစိုက်ပေ။ သူမ၏ ဦးစားပေးမှာ မိုဝူကျိအား သူ့ခန္ဓာကိုယ်မှ အပ်သဏ္ဍာန်မြှား ဖယ်ထုတ်ပေးရန် ဖြစ်၏။

အခြားသူများက မသိတာ ဖြစ်နိုင်သော်လည်း သူမက အမှန်တကယ် သိထားသည်။

ယခင် နတ်ဘုရားမျှော်စင်ထဲ ရှိစဉ်အခါက သာမညနတ်ဘုရား ပေကျီနှင့် တွေ့ဆုံခဲ့သည်။

ပေကျီက နတ်ဘုရားအရိုက်အရာနှင့် သာမည နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။ ယခင် နတ်ဘုရားမျှော်စင် တိုက်ပွဲအတွင်း ကျီလီက ကြင်နာတတ်သောကြောင့် သူ့အား ကယ်တင်ပေးခဲ့သည်။ ထိုကြောင့် ပေကျီက ကျီလီအား အပ်ကျမ်းစာအုပ်အကြောင်း ပြောပြခဲ့သည်။

အပ်ကျမ်းစာအုပ်မှာ တကယ်တော့ သူ့အစ်မ  ပေတင်း၏ မှော်ရတနာ ဖြစ်ပေသည်။ မင်ယွဲ့က ထိုမှော်ရတနာအကြောင်းကို ကြားကာ ပေတင်းအား သတ်ပစ်ခဲ့ပြီး မှော်ရတနာကို ယူသွားလေသည်။ ထိုအပ်ကျမ်းစာအုပ်ကြောင့် မင်ယွဲ့က နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲမှ တစ်ပါး ဖြစ်လာခဲ့သည်။

အပ်ကျမ်းစာအုပ်က ကြောက်စရာကောင်းသော မှော်ရတနာ ဖြစ်ပေသည်။ သူ့ဘာသာ မြှားခုနှစ်စင်း ထုတ်လွှင့်နိုင်စွမ်း ရှိသည်။ တစ်ယောက်ယောက်သာ ထိုမြှားချက် မှန်သွားသည်နှင့် သေဖို့ရာ သေချာနေလေပြီ။

သို့သော်လည်း ကောင်းကင်တာအိုမှာ အမြဲတမ်း တရားမျှတပေသည်။ ထိုကြောက်မက်ဖွယ် သဘာဝ ရှိထားသော်လည်း ထိုအရာကို ချုပ်ထိန်းနိုင်သည့် ပစ္စည်းတစ်မျိုး ရှိနေသေး၏။ ဤအရာမှာ ဝိညာဉ်ဖြတ် စုတ်တံဟု ခေါ်ဆိုပေသည်။

ဝိညာဉ်ဖြတ် စုတ်တံမှာ အပ်ကျမ်းစာအုပ်နှင့် ရင်ဆိုင်နိုင်သည့် တစ်ခုတည်းသော မှော်ရတနာ ဖြစ်၏။ အပ်ကျမ်းစာအုပ်၏ ထိမှန်မှုကြောင့် မပျောက်ကွယ်သွားသရွေ့ ဝိညာဉ်ဖြတ် စုတ်တံက ထိုလူအား ကယ်တင်နိုင်လေသည်။

လက်ရှိ ကျီလီ ရှာဖို့ လိုအပ်နေသည့် တစ်ခုတည်းသောအရာ ဖြစ်၏။ ဤအရာမှာ ဝိညာဉ်ဖြတ် စုတ်တံ ဖြစ်ပေသည်။

***

All Chapters