← Chapters

ဝိညာဉ်ကိုးပါး ကောင်းကင်ဘုံ

Vol. 62 Ch. 854

ဝိညာဉ်ကိုးပါး ကောင်းကင်ဘုံ

Vol. 62 Ch. 854

ဝမ်ပေါင်လဲ့မှာ သူ မက်ခဲ့သည့် အမှောင်အိပ်မက်ထဲ၌ အမှောင်ပညာရပ် များစွာကို လေ့လာနိုင်ခဲ့၏။ သို့သော် သူသည် ကျင့်ကြံခြင်းအဆင့် နိမ့်နေခဲ့သောကြောင့် ၎င်းတို့ထဲမှ အများစုအား ထုတ်သုံးနိုင်စွမ်းမရှိခဲ့ပေ။ ယခုတွင်မူ သူသည် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်သို့ ရောက်နေပြီဖြစ်ရာ သူ အသုံးပြုနိုင်သည့် ပညာရပ်များစွာ ရှိလာပြီဖြစ်သည်။

ဥပမာပြရလျှင် ယန်စွမ်းအားချုပ်နှောင်ခြင်း ပညာရပ်ဆိုသည်မှာ ဝိညာဉ်များအား ပစ္စည်းတစ်ခုပေါ်တွင် စုဝေးသွားအောင် လုပ်နိုင်သည့် ပညာရပ်တစ်ခု ဖြစ်သည်။ ထို ပညာရပ်အား အသုံးပြုနိုင်ရန် လိုအပ်ချက်အများကြီး ရှိပြီး ဝိညာဉ်များမှာ မိမိအား ခုခံတွန်းလှန်ရန် ကြိုးစားနေမည်ဆိုပါက အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့အပြင် အမှောင်ဂိုဏ်းထဲ‌တွင် ထိုပညာရပ်အား တားမြစ်ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ထားသေးသည်။

သို့သော် ယခုတွက်မူ ဝမ်ပေါင်လဲ့အတွက် တားမြစ်ပညာရပ်ဟူ၍ မရှိတော့ပေ။ သူ ထိုပညာရပ်အား ထုတ်သုံးလိုက်သောအခါ ဧကရာဇ်ဆယ့်နှစ်ပါး၏ ဝိညာဉ်ခန္ဓာကိုယ်များမှာ အပြင်းအထန် တုန်ရီသွားကာ အနက်ရောင် အလင်းတန်း ဆယ့်နှစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ ထုတ်ယူထားသည့် ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်ဆီသို့ ဦးတည်သွား၏။ ထို့နောက် ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။

တစ်အောင့်ခန့် ကြာပြီးနောက် ထို ရုပ်သေးရုပ်ဆယ့်နှစ်ရုပ်မှာ တုန်ရီလာကြပြီး ၎င်းတို့ဆီမှ အစောပိုင်း ထာဝရဝိညာဉ်အဆင့် အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။ ထို အငွေ့အသက်များမှာ တည်ငြိမ်မှုမရှိသေးသောကြောင့် တစ်သားတည်း ပေါင်းစည်းသွားနိုင်ရန် အချိန်ထပ်ပေးရဦးမည် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အလောတကြီး ဖြစ်မနေသောကြောင့် ကိစ္စမရှိပေ။ ထို့ကြောင့် သူသည် အခြား မည်သည့်ပြဿနာမှ မရှိကြောင်း သေချာသွားအောင် စစ်ဆေးပြီးသွားသောအခါ သူ၏ ညာဘက်လက်ကို မြှောက်၍ ဝှေ့ယမ်းကာ ထို ရုပ်သေးရုပ်ဆယ့်နှစ်ရုပ်အား သိမ်းဆည်းလိုက်တော့သည်။

" သူတို့ကို အချိန်နည်းနည်းပေးပြီး အားဖြည့်လိုက်မယ်ဆိုရင် ငါ့ဆီမှာ ထာဝရဝိညာဉ်အဆင့် ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်တောင် ရှိသွားမှာ "

" ပြီးတော့ ဝိညာဉ်တစ်သန်းလည်း ရှိနေသေးတယ်... "

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေတော့သည်။ သူသည် ကျင့်ကြံခြင်းအဆင့် တိုးတက်သွားခဲ့ရုံသာမက အခြား ဆုလာဘ်ပေါင်း မြောက်မြားစွာကိုလည်း ရရှိခဲ့သည်ဟု ခံစားနေရ၏။ ထို့ကြောင့် သူသည် ရုပ်သေးရုပ် တစ်သိန်းကျော်နှင့် ၎င်းတို့ထဲ၌ ရှိနေကြသည့် ဝိညာဉ်တစ်သန်းအား သူ၏ သိုလှောင်အိတ်ထဲသို့ ပျော်ရွှင်စွာ သိမ်းဆည်းလိုက်တော့သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။

" ပုံမှန်အတိုင်းဆိုရင် သင်္ချိုင်းကုန်းတွေထဲမှာ လူသေတွေနဲ့အတူ မြှုပ်ထားတဲ့ ပစ္စည်းတွေ ရှိနေနိုင်တယ်။ ဒါက နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ တော်ဝင်သင်္ချိုင်းကုန်း ဖြစ်နေပြီး ခေတ်အဆက်ဆက်က ဧကရာဇ်ကြီး‌တွေအားလုံးကို ဒီနေရာမှာ မြှုပ်နှံထားတာဆိုတော့ ပစ္စည်းတွေအများကြီး ရှိနေလောက်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ နတ်ဘုရားအာရုံအား အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်တော့သည်။ သူ၏ နတ်ဘုရားအားရုံမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသောကြောင့် တော်ဝင်သင်္ချိုင်းကုန်းကြီးမှာ အလွန်အင်မတန်မှ ကြီးမားနေသည့်တိုင်အောင် ၎င်းမှာ ထိုနေရာကြီး တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုနေရာကြီးအား အလျင်အမြန် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် တစ်ကိုယ်လုံး ဆတ်ခနဲတုန်ရီသွားရပြီး မျက်လုံးများပြူးသွားရတော့သည်။

" ဒါတွေက... " ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအာရုံမှတစ်ဆင့် မြင်လိုက်ရသည့် အရာများကြောင့် အသက်ရှူသံများ မြန်ဆန်လာရ၏။ တစ်အောင်ခန့်အကြာတွင် သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ ပျောက်ကွယ်သွားတော့သည်။ သူ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် သူသည် နန်းတော်ကြီး၏ အထက်ရှိ ကောင်းကင်ယံထဲ၌ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ထိုကောင်းကင်ယံထဲမှ နေ၍ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူ၏ နတ်ဘုရားအာရုံထဲ၌ မြင်ခဲ့ရသည့် တောင်ကြီးလေးလုံးအား ချက်ချင်းပင် ရှာတွေ့သွား၏။ ထို တောင်ကြီးလေးလုံးမှာ နန်းတော်ကြီးအား ဗဟိုချက်တစ်ခုအဖြစ် သတ်မှတ်ကာ ဝန်းရံထားကြခြင်း ဖြစ်သည်။

အပေါ်ယံတွင် ထို တောင်ကြီးလေးလုံးမှာ တောင်တန်းများနှင့် တူနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မမျက်လုံးဖြင့် ကြည့်ရှုလိုက်သောကြောင့် အမှန်အတိုင်း မြင်လိုက်ရ၏။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ အံ့ဩတုန်လှုပ်သွားရတော့သည်။

ပထမဆုံး တောင်ကြီးမှာ အချိန်နှင့်အမျှ တစ်သားတည်း ပေါင်းစည်းနေခဲ့ရာမှ တောင်ကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ မရေမတွက်နိုင်လောက်အောင် များပြားသော ဝိညာဉ်ကျောက်တုံးများ တစ်တုံးပေါ်တစ်တုံး ထပ်သွားရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။ ထို ဝိညာဉ်ကျောက်တုံးများထဲမှ ဝိညာဉ်ချီများမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်၍ ထိုတောင်ကြီးမှာ သာမန်တောင်ကြီးတစ်လုံးနှင့် တူနေသောကြောင့်သာ စစချင်းတွင် ဝမ်ပေါင်လဲ့မှာ သတိမထားမိခဲ့ခြင်း ဖြစ်သည်။

" အနည်းဆုံး ဝိညာဉ်ကျောက်တုံး အတုံးဆယ်သန်းကျော်လောက်အထိကို ရှိနေနိုင်တယ်... " ဝမ်ပေါင်လဲ့မှာ ပင့်သက်များ ရှိုက်မိသွားပြီး အံ့ဩတုန်လှုပ်နေရတော့သည်။ သူသည် ထိုတောင်ကြီး၏ အနီးသို့ အလျင်အမြန် ရောက်ရှိလာပြီး အနီးကပ် ကြည့်ရှုစစ်ဆေးကြည့်လိုက်၏။ ထိုအခါ သူသည် နောင်တကြီးစွာ ရကာ ရင်ထုမနာ ဖြစ်သွားရတော့သည်။

" ငါ နောက်ကျသွားပြီကွ။ လွန်ခဲ့တဲ့ အနှစ် တစ်သောင်းလောက်တုန်းကသာ ဒီနေရာကိုရောက်လာခဲ့မယ်ဆိုရင်... " ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ သုန်မှုန်သွားပြီး သူ၏ နှလုံးသားထဲမှ ခံစားချက်များကို ရှင်းမပြနိုင်လောက်အောင် ဖြစ်သွားရ၏။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် ဒုတိယတောင်ကြီးအား လှမ်းကြည့်လိုက်သည်။ ၎င်းမှာ မရေမတွက်နိုင်လောက် အောင်များပြားသော ဆေးလုံးများဖြင့် ဖွဲ့စည်းထားသည့် တောင်ကြီးတစ်လုံး ဖြစ်ပေသည်။ သို့သော်... ဝိညာဉ်ကျောက်တုံးများကဲ့သို့ပင် ထို ဆေးလုံးများထဲတွင်လည်း ဝိညာဉ်ချီများ မရှိတော့ပေ။ ၎င်းတို့မှာ အတွင်းပိုင်းထဲ၌ ယိုယွင်းပျက်စီးကာ အာနိသင်များ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

" နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲက ကောင်တွေက အရူးတွေလားဟ။ ဘာလို့ ဒီလောက်တောင် အဖြုန်းအတီး ကြမ်းရတာလဲ " ဝမ်ပေါင်လဲ့မှာ ရင်နာနာနှင့် ထို ဆေး‌လုံးတောင်ကြီးဆီသို့ ရောက်ရှိသွားပြီး ၎င်းအား ကြောင်အန်းအန်းနှင့် စိုက်ကြည့်နေလိုက်တော့သည်။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် တတိယမြောက် တောင်ကြီးနှင့် စတုတ္ထမြောက် တောင်ကြီးတို့ဆီသို့ ဆက်သွားလိုက်၏။ ထို တောင်ကြီးနှစ်လုံးမှာ ‌ဓမ္မရတနာတောင်ကြီးနှင့် စစ်သင်္ဘောကြီးတောင်ကြီးတို့ ဖြစ်ကြပေသည်။

ဝမ်ပေါင်လဲ့မှာ ဓမ္မရတနာတောင်ကြီးဆီသို့ ရောက်ရှိသွားခဲ့စဉ်တုန်းက အနည်းငယ်ခန့်သာပို၍ နောင်တရသွားခဲ့ရ၏။ သို့သော် သူသည် အဆောင်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ရာ အချိန်၏တိုက်စားမှုကြောင့် ဆွေးမြည့်ပျက်စီးနေပြီဖြစ်သော ဓမ္မရတနာများမှာ တန်ဖိုးသိပ်မရှိကြောင်း သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ နစ်နာဆုံးရှုံးမှုများအတွက် အနည်းငယ်ခန့် စိတ်မကောင်း ဖြစ်သွားရသည့်တိုင်အောင် ထိုတောင်ကြီးအား စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့၏။

သို့သော် ဝမ်ပေါင်လဲ့မှာ မရေမတွက်နိုင်လောက်အောင် များပြားသည့် စစ်သင်္ဘောကြီးများဖြင့် ဖွဲ့စည်းထားသော နောက်ဆုံးတောင်ကြီးဆီသို့ ရောက်ရှိလာသောအခါ အလွန်အင်မတန်မှ စိတ်ဓာတ်ကျသွားရပြီး ရင်ကွဲလုမတတ် ခံစားလိုက်ရတော့သည်။

" ဘုရားရေ.... တော်တော်လေးကို ဖြုန်းတီးရာ ကျပါတယ်ကွာ... " ဝမ်ပေါင်လဲ့မှာ အော်ငိုပစ်ချင်ပါသော်လည်း မျက်ရည်များထွက်မလာပေ။ ထို့အပြင် သူသည် ထိုတောင်ကြီးထဲ၌ ဓမ္မစစ်သင်္ဘော အစင်းရေ တစ်ထောင်ကျော်ခန့် ရှိနေသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် ဆိုးသွားတော့သည်။ သူသည် မျက်လုံးဖြင့်မမြင်နိုင်သော လက်ဖဝါးကြီးတစ်ခု၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားရ၏။

" နတ်မျက်လုံးလူမှုအဖွဲ့အစည််းက လက်ဖျားခါလောက်အောင်ပါပဲလား။ သူတို့‌တွေ ဘယ်လောက်ပဲ အစွမ်းထက်နေထက်နေ ဓမ္မစစ်သင်္ဘော အစင်းရေတစ်ထောင်လောက်ကို လူသေတွေနဲ့အတူ မြှုပ်ထားစရာအကြောင်း လုံးဝမရှိဘူးလေ။ ဘယ်မျိုးမစစ်ကောင်က အခုလိုလုပ်ခဲ့တာလဲ " ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အမျက်ချောင်းချောင်း ထွက်သွားပြီး ရင်ကွဲနာကျသွားရ၏။ သို့သော် တစ်ချိန်ထဲမှာပင် သူသည် သံသယများ ဝင်လာရတော့သည်။ အဘယ်ကြောင့်ဆိုသော် သေသေချာချာ တွေးကြည့်လိုက်မည်ဆိုပါက နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ယခုလောက် အစွမ်းထက်နေစရာအကြောင်း လုံးဝမရှိပေ။ ထို့ကြောင့် သူသည် သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သက်ပြင်းများ ချမိသွားတော့သည်။

" ဒီ စစ်သင်္ဘောကြီးတွေ အကုန်လုံးကို လူသေတွေနဲ့ တစ်ပြိုင်နက်တည်း မြှုပ်ခဲ့တာမဟုတ်ဘဲ အကြိမ်ရေတွေ အများကြီးခွဲပြီးတော့ မြှုပ်ခဲ့ကြတာပဲ.... မျိုးမစစ်ကောင်တစ်ကောင် သေသွားတိုင်း သူတို့နဲ့အတူ ဓမ္မစစ်သင်္ဘောကြီးတွေကို မြှုပ်ပေးခဲ့တာ ဖြစ်မှာ။ ပြီးတော့ ဒီ ဓမ္မစစ်သင်္ဘောကြီးတွေ အကုန်လုံးရဲ့ ကိုယ်ထည်တွေပေါ်မှာ အက်ကွဲကြောင်းတွေနဲ့ ချည်းပဲ။ ဒီ အက်ကွဲကြောင်းတွေကို ကြည့်ရတာ အချိန်ရဲ့ တိုက်စားမှုကြောင့် ပေါ်ပေါက်လာတာမျိုး မဖြစ်နိုင်ဘူး။ ဒီ မျိုးမစစ်ကောင်‌တွေ အသက်ရှင်လျက် ရှိနေခဲ့တုန်းက ထိခိုက်ပျက်စီးသွားခဲ့ကြတာပဲ ဖြစ်ရမယ်... "

" အဲလိုပဲ ဖြစ်မှာပါလေ။ ဒီ လူမှုအဖွဲ့အစည်းရဲ့ သက်တမ်းက ဘယ်လောက်အထိ ရှိနေပြီလဲဆိုတာကို အတိအကျမှ မသိနိုင်ဘဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်ပြီးနောက် ရှေ့သို့လှမ်းသွားလိုက်ပြီး မကျေမချမ်း ဖြစ်နေသည့် အမူအရာနှင့် ဓမ္မစစ်သင်္ဘောကြီးတစ်စင်းအား ရွေးချယ်လိုက်၏။ သူ ထို ဓမ္မစစ်သင်္ဘောကြီးအား အသေးစိတ် ကြည့်ရှုစစ်ဆေးပြီးသွားသောအခါ ထို ဓမ္မစစ်သင်္ဘောကြီးများအားလုံးမှာ သေဆုံးသွားကြပြီဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများသာ ကျန်ရစ်ခဲ့ကြခြင်းဖြစ်ကြောင်း သေချာသွားတော့သည်။

ထို့အပြင် ၎င်းတို့ ရရှိခဲ့သည့် ဒဏ်ရာများနှင့် အချိန်၏ တိုက်စားမှုများကြောင့် ၎င်းတို့အား တည်ဆောက်ရာ၌ အသုံးပြုထားကြသည့် ပစ္စည်းများ၏ တန်ဖိုးမှာလည်း အလွန်အင်မတန်မှ နိမ့်ကျနေကြပြီ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ဒီအတိုင်း ထားခဲ့ရမည်ဆိုပါက ကျေနပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် နှုတ်ဆိတ်ကာ အချိန်အတော်အတန်ကြာအောင် မလှုပ်မယှက် ရပ်နေလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူ၏လက်အား မြှောက်ကာ လေထဲ၌ လှမ်း၍ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူသည် ဓမ္မစစ်သင်္ဘောတစ်စင်းကို လှမ်းယူကာ ၎င်းအား စတင် ပြုပြင်မွမ်းမံနေလိုက်တော့သည်။

၎င်းမှာ ရုပ်အလောင်းတစ်ခု ဖြစ်နေပြီး တန်ဖိုး မရှိတော့သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အဆောင်ပစ္စည်းသန့်စင်ရာ၌ ကျွမ်းကျင်နေသောကြောင့် အမှိုက်များအား ရတနာများအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေဆဲပင်။ ထို့ကြောင့် သူသည် အလိုအလျောက် ပေါက်ကွဲနိုင်သည့် စစ်သင်္ဘောအချို့အား တစ်စစီဖြုတ်ကာ ၎င်းတို့အား ဓမ္မစစ်သင်္ဘောကြီးများထဲသို့ ထည့်သွင်းပေါင်းစည်းလိုက်သောအခါ သေဆုံးနေပြီဖြစ်သည့် ဓမ္မစစ်သင်္ဘောကြီးများထဲမှ အချို့အား ပြန်၍ တန်ဖိုးမြှင့်တင်ပေးနိုင်ခဲ့၏။

သူသည် ၎င်းတို့အား ပြန်လည်အသုံးပြုနိုင်စွမ်းရှိအောင် ပြုပြင်မွမ်းမံနိုင်ခဲ့ခြင်း ဖြစ်၏။ ထို ဓမ္မစစ်သင်္ဘောကြီးများမှာ ၎င်းတို့၏ နဂိုမူလ စွမ်းအားများထဲမှ အချို့အဝက်အား တစ်ခဏမျှ ပြန်လည်ရရှိသွားမည်ဖြစ်ပြီး အလိုအလျောက်ပေါက်ကွဲသွားကြမည် ဖြစ်သည်။ သို့သော် ထိုပေါက်ကွဲမှုပြင်းအားမှာ အလွန်အင်မတန်မှ အားပျော့ပြီး သာမန် ဓမ္မစစ်သင်္ဘောတစ်စင်း၏ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိပေမည်။

သို့သော် ထိုကဲ့သို့သော ဓမ္မစစ်သင်္ဘောမျိုး အစင်းရေ တစ်ထောင်ခန့် ရှိနေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့ အားလုံးကို ပြန်လည်ပြုပြင်မွမ်းမံနိုင်မည်ဆိုပါက အကျိုးအမြတ် အမြောက်အမြား ရရှိသွားမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် အံကြိတ်ကာ သူ၏ ရုပ်သေးရုပ် တစ်သိန်းကျော်အား ထုတ်ယူလိုက်၏။ ယခုတွင် ၎င်းတို့ထဲ၌ ဝိညာဉ်များ ရှိနေပြီဖြစ်ရာ ၎င်းတို့အား ထိန်းချုပ်ရသည်မှာ ပို၍လွယ်ကူသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ထို ရုပ်သေးရုပ်များ၏ အကူအညီများနှင့်အတူ သုံးရက်အတွင်းတွင် ဓမ္မစစ်သင်္ဘော အစင်းရေ ကိုးရာကျော်အား သူ၏ကိုယ်ပိုင် အလိုအလျောက် ပေါက်ကွဲနိုင်သည့် စစ်သင်္ဘောကြီးများအဖြစ် ပြုပြင်ပြုပြင်မွမ်းမံနိုင်ခဲ့၏။

" သူတို့ရဲ့ စွမ်းအားတွေက သာမန်အဆင့်မှာပဲ ရှိပေမယ့် တခြားလူတွေကို ခြောက်လှန့်တဲ့နေရာမှာ သုံးလို့ရပါတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ လက်ရှိတွင် သူသည် ထိုဓမ္မစစ်သင်္ဘောကြီး၏ ပုံပန်းသွင်ပြင်အပိုင်းကိုသာ အားရပေသည်....

သူ၏ ပြုပြင်မွမ်းမံမှုများကြောင့် ထို ဓမ္မစစ်သင်္ဘောကြီးများ၏ ပေါက်ကွဲမှုအားများမှာ အားပျော့နေကြသည့်တိုင်အောင် ၎င်းတို့၏ ပုံပန်းသွင်ပြင်များမှာ ကြောက်မက်ဖွယ်ရာကောင်းနေဆဲ ဖြစ်ပြီး သာမန်ဓမ္မစစ်သင်္ဘောကြီးများနှင့် မထူးမခြားနား ရှိနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီးနောက် ထိုရလဒ်များအား စိတ်မပါလက်မပါနှင့် လက်ခံလိုက်ရ၏။ ထို့နောက် သူသည် ထို ဓမ္မစစ်သင်္ဘောကြီးများအားလုံးကို သိမ်းဆည်းလိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်ကြီးအား စိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။

" ကဲ... ငါ သွားဖို့အချိန်ကျပြီ " ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး သူ၏ နတ်ဘုရားအာရုံဖြင့် တော်ဝင်သင်္ချိုင်းကုန်းကြီးအား နောက်ဆုံးတစ်ကြိမ် ထပ်၍ ကြည့်ရှုစစ်ဆေးလိုက်၏။ သူသည် သူ သတိမထားမိဘဲ ကျော်သွားမိခဲ့သည့် အရာများ လုံးဝမရှိကြောင်း သေချာသွားသောအခါမှ လေထဲတွင် ရစ်ဝဲနေသည့် နန်းတော်ကြီးအား လှမ်းကြည့်လိုက်တော့သည်။

" ဒါ‌‌တွေအားလုံးက တကယ်မရှိတဲ့ ပုံရိပ်ယောင်တွေ ဖြစ်နေတာ နှမြောစရာဘဲ။ အဲလိုသာမဟုတ်ရင် ငါ ဒီ နန်းတော်ကြီးကို တစ်စစီဖြုတ်ပြီးတော့ ပြန်ရောင်းလို့ ရလောက်တယ် " ဝမ်ပေါင်လဲ့မှာ နောင်တရနေသည့် အမူအရာဖြစ် ခေါင်းယမ်းလိုက်ပြီးနောက် လှစ်ခနဲလှုပ်ရှားကာ ကောင်းကင်ယံဆီသို့ ဦးတည်သွားလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်သီးတစ်ချက် လှမ်းထိုးလိုက်တော့သည်။

ထိုအခါ ကောင်းကင်ယံထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး ဝမ်ပေါင်လဲ့ကြောင့် ဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ တစ်ဖက်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်အင်မတန်မှ မြင့်မားနေသလို အခြားတစ်ဖက်တွင်လည်း သူသည် ဧကရာဇ်ကြီးအဖြစ်သို့ ရောက်သွားခဲ့သည်ဖြစ်ရာ ဤ တော်ဝင်သင်္ချိုင်းကုန်းကြီး၏ ပိုင်ရှင် ဖြစ်နေပြီမဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုထစ်ချုန်းသံများ ထွက်ပေါ်လာသည်နှင့် တော်ဝင်သင်္ချိုင်းကုန်း၏ ထွက်ပေါက်အား ဖွင့်လိုက်တော့သည်။

ထို ဝဲကြီး ပေါ်ပေါက်လာပြီးနောက် ဝမ်ပေါင်လဲ့မှာ အပြင်သို့ ထွက်သွားတော့မည့် ဆဲဆဲတွင် ရုတ်ရက်ဆိုသလို ခြေလှမ်းများ ရပ်တန့်သွားပြီး ငေးငိုင်သွား၏။ သူသည် ထိုဝဲကြီး၏ အပြင်ဘက်ရှိ မည်းနက်နေသော အမှောင်ထုကြီးအား လှမ်းကြည့်ရင်း အပြင်ဘက်မှနေ၍ ထိုဝဲကြီးထဲသို့ ပျံလွင့်လာနေသည့် အငွေ့အသက်များကို အာရုံခံမိလိုက်သောအခါ မျက်လုံးများ အရောင်တလက်လက် တောက်ပလာရတော့သည်။

" ဒီ အငွေ့အသက်ကြီးက... " ဝမ်ပေါင်လဲ့မှာ အသက်အောင့်ကာ သူ၏ နတ်ဘုရားအာရုံအား အရင်ဆုံးထုတ်လွှတ်ကာ ၎င်းအား ဝဲကြီးထဲသို့ ထည့်သွင်းလိုက်ပြီးနောက် ပြင်ပကမ္ဘာအား အာရုံခံကြည့်လိုက်၏။ ထိုအခါ သူသည် သူ ရောက်နေသည့် ကမ္ဘာကြီးထဲရှိ ဟင်းလင်းပြင်ကြီးနှင့် ၎င်းထဲ၌ အဆုံးအစ မရှိလောက်အောင် ပျံ့လွင့်နေသော မြူခိုးများကို မြင်လိုက်ရပြီး သူ ရှိနေသည့် တော်ဝင်သင်္ချိုင်းကုန်း ရုပ်တုကြီးမှာ အောက်သို့ အဆက်မပြတ် နစ်ဝင်နေသည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် မှင်တက်သွားရတော့သည်။

" ဒါက... အမှောင်နယ်မြေလားဟ "

အမှောင်နယ်မြေအား လူမှုအဖွဲ့အစည်း အမျိုးမျိုးထဲ၌ အမည်အမျိုးမျိုး ခေါ်ဝေါ်ကြပေသည်။ ဥပမာပြရလျှင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ၎င်းအား ဝိညာဉ်ကိုးပါးနယ်မြေဟု ခေါ်ကြ၏။ ဝမ်ပေါင်လဲ့မှာမူ ၎င်းအား အမှောင်ဂိုဏ်း ဖွင့်ပေးခဲ့သည့် အမှောင်နယ်မြေကြီးအဖြစ် သိထားသည်။ သူသည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေခဲ့သောကြောင့် ထို နယ်မြေအကြောင်းအား ကြားရုံမျှသာ ကြားဖူးခဲ့ပြီး အထဲသို့ မဝင်နိုင်ခဲ့ပေ။

သို့သော် ယခုတွင်မူ သူသည် ထိုပြင်ပကမ္ဘာထဲရှိ အငွေ့အသက်များကို အာရုံခံမိလိုက်ပြီးနောက် သေချာသွားပြီဖြစ်ရာ စိတ်ဓာတ်များ တက်ကြွသွားရတော့သည်။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ဝဲကြီး၏ အပြင်ဘက်သို့ ထွက်သွားလိုက်ပြီးနောက် ‌အောက်သို့ အဆက်မပြတ် နစ်ဝင်နေသည့် ရုပ်တုကြီးပေါ်တွင် ရပ်ရင်း သူ၏ ဘေးဘီဝဲယာအား ငေးကြည့်နေလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်တုံးတစ်တုံး ကန်ရေပြင်ပေါ်သို့ ကျသွားသကဲ့သို့ပင်။ သူ့ကြောင့် ဘေးပတ်ပတ်လည်ရှိ မြူခိုးများအားလုံး တုန်ရီသွားရပြီး နဂိုတုန်းက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ကမ္ဘာကြီးထဲ၌ ငိုကြွေးသံများ ထွက်ပေါ်လာရတော့သည်။

သူ၏ မျက်စိတစ်ဆုံးရှိ မြူခိုးများအားလုံးမှာ အပြင်းအထန် တုန်ရီနေကြ၏။ ၎င်းမှာ အရပ်မျက်နှာ အနှံ့မှနေ၍ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားကြသည်။ ထို့ကြောင့် ပို၍ပင် အရွယ်အစားကြီးမားသည့် ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ဆက်လက်ပျံ့နှံ့သွားနေတော့သည်။

သို့ဖြစ်ရာ ၎င်းမှာ... သူ့အား အားပေးကြိုဆိုကာ ကြည်ညိုလေးစားမှုအပြည့် ရှိနေသည့်ပုံပင်။

" ဘယ်လို စေတနာသဒ္ဓါတရား ထက်သန်တဲ့ လူမျိုးကများ အပင်ပန်းခံပြီးတော့ ဒီရုပ်တုကြီးကို အမှောင်နယ်မြေထဲ ပစ်ထည့်ပေးခဲ့ရတာလဲဟ... " ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အံ့အားသင့်သွားရသလို သူ့ကိုယ်သူ ကျေနပ်နေရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ အသက်ရှုလိုက်ရုံမျှဖြင့် ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြပြီး သူ၏ ချပ်ဝတ်တန်ဆာကြီး၏ အောက်ရှိ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်ကြီးမှာလည်း အလျင်အမြန် ပြန်လည်သက်သာလာနေသည် မဟုတ်ပါလော။

All Chapters