← Chapters

လျှို့ဝှက်စခန်း

Vol. 7 Ch. Chapter 3

လျှို့ဝှက်စခန်း

Vol. 7 Ch. Chapter 3

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 3 - လျှို့ဝှက်စခန်း

"မမလင်ဒါ၊ မင်္ဂလာနေ့လယ်ခင်းပါ။"

ဖားလေးက လင်ဒါကိုတွေ့တာနဲ့ လက်ထဲက ပန်းပွားလေးကို မြှောက်ပြီးတော့ နှုတ်ဆက်တယ်။ ချိုင်းပြတ်အားကစားအင်္ကျီလေး ဝတ်ထားတာကြောင့် ချိုင်းသားဖြူဖြူဖွေးဖွေး​လေးကို လူတွေမြင်နေရတယ်။

မက်ဒါနာကတော့ ဝှီးချဲလေးကိုမောင်းရင်း ဖားလေးနားကို ​သေချာကပ်သွားတယ်။ သူ့လက်ညိုးနဲ့ ဖားလေးရင်ဘတ်ကို ထိုးကြည့်ဖို့လုပ်တော့ လင်ဒါက လက်ကို လေထဲမှာတင် ဖမ်းထားလိုက်ပြီး ထရိုက်တော့မယ့်အပြုံးနဲ့ မေးလာတယ်။

"မက်ဒါနာရေ၊ နင့်ကိုယ်နင် ဘာလုပ်နေတယ်လို့ထင်လဲ။"

"သူ့ဟာတွေ အစစ်ဟုတ်မဟုတ် တို့ကြည့်မလို့လေ။"

မက်ဒါနာက ဘာမှမထူးဆန်းသလိုမျိုး ပြောလိုက်မိတဲ့အတွက် လင်ဒါက ခါးမှာချိတ်ထားတဲ့ လက်ထိပ်ကိုဖြုတ်ပြီး မက်ဒါနာကိုဖမ်းတော့မယ့်ဟန်နဲ့ ပြောလိုက်တယ်။

"အဲဒါ တရားဥပဒေကို ချိုးဖောက်ရာကျတယ်နော်။ နင်က အချုပ်ထဲမှာ ညအိပ်ချင်လို့လား။"

ဖားလေးကတော့ ခေါင်းကိုစောင်းပြီး မက်ဒါနာကို နားမလည်နိုင်စွာနဲ့ကြည့်နေတယ်။ ရုပ်ဖျက်ထားတဲ့ အခြေအနေမှာရှိနေတဲ့ မက်ဒါနာကို ဖားလေးမမှတ်မိပါဘူး။ "ဒီက ဆံပင်ရွှေရောင်နဲ့ အစ်မကြီးက...."

"ဟိုင်း... ငါက ရုရှားကရောက်လာတဲ့ ပေါ်လီယာနာ..." မက်ဒါနာကြွားချိန်တောင် မရောက်လိုက်ဘူး လင်ဒါက မက်ဒါနာကျောကို လက်ဝါးကြီးနဲ့ ဖြန်းခနဲရိုက်ပြီး ဖားလေးနားနားကပ်ကာ ပြောလိုက်တယ်။ ဖားလေးက တကယ်ကြီး အံ့ဩသွားတဲ့ပုံစံနဲ့ ပါးစပ်ကို လက်ဝါးနဲ့အုပ်ပြီး...

"ဘုရားရေ၊ ဆာဆေးဗားနိုက်က အဲဒီငွေရောင်​ဆံပင်နဲ့အစ်မကြီးလား။ ပြီးတော့ အခုရွှေရောင်ဆံပင်နဲ့အစ်မကြီးက ငွေရောင်ဆံပင်နဲ့အစ်မကြီးပေါ့။"

မက်က ဖားလေးစကားကိုနားထောင်ရင်း သူ့ခေါင်းသူကုတ်ပြီး မှတ်ချက်ချလိုက်တယ်။ "ကြားရတာ ရှုပ်နေတာပဲ ဘာတွေမှန်းကိုမသိဘူး။"

"ဘာပဲပြောပြော အပြင်မှာရပ်ပြီး အလုပ်ကိစ္စတွေပြောလို့မကောင်းဘူး။ တစ်နေရာရာ သွားပြောကြရအောင်။"

"အင်း၊ နောက်နာရီဝက်လောက်ဆိုရင် ပရိုမိုးရှင်းပြီးတော့မှာလေ။ အဲဒီကျမှ စကားပြောရအောင်။"

ဖားလေးက အလုပ်ပြန်ကြိုးစားတော့မယ့်လေသံနဲ့ မက်ဒါနာတို့ကို မောင်းထုတ်လိုက်ပြီး လမ်းပေါ်ကလူတွေကို လက်ကမ်းစာစောင်တွေဆက်ဝေတယ်။ သူပြောတဲ့အတိုင်း အချိန်ပြည့်သွားမှ မက်ဒါနာတို့ပြန်ဝင်ပြီးစောင့်နေတဲ့ ရဲကားထဲကို ဝင်လာထိုင်တယ်။

"ဟိုင်း... ဟိုင်း၊ အားပါပြီရှင့်။" လင်ဒါက ရှေ့က ပါဆင်ဂျာခုံမှာ သွားထိုင်ပြီဖြစ်တဲ့အတွက် ဖားလေးက မက်ဒါနာရဲ့ဘယ်ဖက်ဘေးမှာ ဝင်ထိုင်လိုက်တယ်။

မက်ဒါနာကတော့ သူ့ဘေးနားက သီးဆီးယပ်ကို သေချာအကဲခတ်ကြည့်တယ်။ တကယ်ကြီး တစ်နေရာမှ ယောက်ျားလေးပုံမပေါက်တော့တာ။ "လူးဆီးယပ်ရေ၊ နင်ဘယ်တုန်းက ကောင်မလေးဖြစ်သွားတာလဲ။"

"တကယ်တော့ လွန်ခဲ့တဲ့နှစ်ဝက်လောက်က၊ စပြောင်းတုန်းက လန့်သွားပေမဲ့ ခုတော့ဘာမှမထူးဆန်းတော့ဘူး။ ပြီးတော့ ကျွန်တော်က ပြန်ပြောင်းလို့လည်း ရသေးတယ်လေ။"

ပြောရင်းဆိုရင်းနဲ့ပဲ ကားထဲမှာထိုင်နေတဲ့ ဖားလေးရဲ့ခန္ဓာကိုယ်က ယောက်ျားလေးခန္ဓာကိုယ်ပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို မိန်းကလေးအဖြစ်ပြန်ပြောင်းလိုက်ရင်း မက်ဒါနာကို ပြန်ရယ်​ပြလိုက်တယ်။

"ဒါပေမဲ့ အခုက မိန်းကလေးအဝတ်တွေနဲ့ဆိုတော့ ယောက်ျားလေးအဖြစ် ပြောင်းထားလို့မကောင်းဘူးမဟုတ်လား။"

မက်ဒါနာက သူ့နဖူးသူ လက်ဝါးနဲ့ရိုက်လိုက်မိတယ်။ 'ဒီတော့ ဒီလောကကြီးမှာ ငါတစ်ယောက်တည်း လုံးရာကနေ ပြားသွားတာမဟုတ်ဘူးပေါ့။' ဒါပေမဲ့ ခနနေတော့ မက်ဒါနာက ဖားလေးကို ပြန်မော့ကြည့်ရင်း ပြောလိုက်တယ်။

"နေဦး၊ နင်က အလိုရှိရာလိင်ကို စိတ်ကြိုက်ပြောင်းနိုင်တယ်ဆိုတော့ နင့်ဖားDNAကြောင့်လား။"

မက်ဒါနာက ဖားလေးရဲ့အသွင်ပြောင်းစွမ်းအားနဲ့ နည်းနည်းရင်းနှီးတာကြောင့် စဥ်းစားပြီးတော့ ပြောလိုက်တာ။ သဘာဝတရားကြီးထဲက တချို့ဖားတွေက အခုလိုမျိုး လိင်ပြောင်းခြင်းအမှုကို ပြုလုပ်နိုင်ကြတယ်လေ။

"ဆိုပါတော့...." ဖားလေးက ရှက်ရှက်နဲ့ ဝန်ခံလိုက်တယ်။ လင်ဒါကတော့ ကားနောက်ကြည့်မှန်ကနေတစ်ဆင့် မက်ဒါနာကို ကြည့်လိုက်ပြီး စချင်နောက်ချင်နေတဲ့ လေသံနဲ့ ပြောလိုက်တယ်။

"ဖားလေးက လိုသလိုအသွင်ပြောင်းလို့ရတယ်ဆိုပေမဲ့ ခုနောက်ပိုင်း မိန်းကလေးလိုနေတာ အသားကျနေပြီလေ။ ယောက်ျားလေးအဖြစ် ပြန်ပြောင်းတာမျိုး သိပ်မလုပ်သလောက်ပဲ။"

"မကြီးလင်ဒါကလည်း... အဖွဲ့ရဲ့စီးပွားရေးကြောင့်ပါဆို။" ဖားလေးက နှုတ်ခမ်းစူပြီးလင်ဒါကို ခွန်းတုံ့ပြန်တယ်။ လင်ဒါကတော့ တခစ်ခစ်ရယ်ရင်း ဆက်စနေတယ်။

"နင့်ကိုကိုဟယ်ရီကြောင့် မဟုတ်ဘူးလား။" ဖားလေးရဲ့မျက်နှာက လင်ဒါရဲ့စကားကြောင့် နီရဲသွားပြီး သူ့လက်ကလေးနှစ်ဖက်ကို ပေါင်ပေါ်ယှက်တင်ကာ တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ ဒါပေမဲ့ ဘာမှပြန်မပြောရှာဘူး။

"ဟော၊ တို့ပြောတာ မှန်နေပြီနဲ့တူပါရဲ့။" လင်ဒါရဲ့တခစ်ခစ်ရယ်သံက ရဲကားထဲမှာ ပဲ့တင်သံထွက်သွားတယ်။ ဖားလေးကတော့ ဆူနေတဲ့ ရေနွေးအိုးလိုမျိုး နားရွက်ထဲကနေ ရေနွေးငွေ့တွေ ထွက်လာလုမတတ်ဖြစ်နေပြီ။

"ဒါနဲ့၊ အခုနယူးယောက်ဟီးရိုးအစည်းအရုံးက ပုန်းလျှိုးကွယ်လျှိုး နေနေရတာမလို့ ဖလေရာဆီက ထောက်ပံကြေးကိုပဲ အဓိကအားကိုးနေရတာလေ။ ဒါပေမဲ့ ဖလေရာကလည်း သူ့ကုမ္ပဏီကပိုက်ဆံအားလုံးကို ဒီနေရာမှာပဲ စိုက်ထုတ်နေလို့မရဘူး။ ကုမ္ပဏီက အများပိုင်ကိုး။ ဒီတော့ သူ့ကိုယ်ပိုင်အ​ကျိုးအမြတ်ထဲကနေပဲ ကူရတာမလို့ သိပ်မလုံလောက်ဘူးလေ။ ဒါကြောင့် ဖားလေးက အချိန်ပိုင်းလုပ်နေတာ။"

လင်ဒါက တစ်ဆက်တည်း ရှင်းပြလိုက်တဲ့အတွက် မက်ဒါနာလည်း နားလည်သွားတယ်။ ကြည့်ရတာ ဖားလေးက အဖွဲ့ရန်ပုံငွေအတွက် ကြိုးစားပန်းစား အလုပ်လုပ်နေပုံပဲ။ မျက်နှာလေးနီပြီး ရှက်နေတဲ့ ဖားလေးမျက်နှာကို ထပ်ကြည့်မိတော့ မက်ဒါနာဖားလေးကို ပိုသနားသွားတယ်။ သူ့ခင်ဗျာ ယောက်ျားလေးသိက္ခာတောင် မရှိတော့ဘူး။

"ဒါနဲ့ ဝဲလ်ဆင့်လူတွေက သူမြို့ထဲမှာ အချိန်ပိုင်းလုပ်နေတာ မသိဘူးလား။" မက်ဒါနာက စိတ်ထဲမှာ ထင့်ခနဲပေါ်လာတဲ့ သံသယတစ်ခုကို ထုတ်မေးလိုက်ပါတယ်။ လင်ဒါကလည်း ခေါင်းညိတ်လိုက်ပြီး

"မေးခွန်းကောင်းပဲ၊ အခုထိမြူတန့်ဌာနစိတ်က ဖားလေး လိင်ပြောင်းနိုင်တာကို မသိကြသေးဘူး။ ဒီတော့ သူတို့က ဖားကောင်လေးကိုတွေ့ရင် လိုက်ဖမ်းကြမှာဆိုပေမဲ့ ဖားကောင်မလေးကိုတော့ သာမန်သူလိုကိုယ်လူ ပြည်သူတစ်ယောက်လိုပဲ ထင်နေကြမှာ။"

သူတို့ကားထဲမှာ စကားပြောနေတာ အတော်ကြာသွားပြီ။ ဖားလေးလည်း အရှက်ပြေသွားပြီး လင်ဒါကို မေးလိုက်တယ်။

"မကြီးလင်ဒါ၊ ကျွန်မတို့အခုစခန်းကိုသွားမှာမဟုတ်လား။"

လင်ဒါက ခေါင်းညိတ်ပြလိုက်ပြီး မက်ကို နောက်သွားရမယ့်နေရာဆီ လမ်းညွန်ပေးလိုက်တယ်။ မကြာခင်မှာပဲ သူတို့တွေ ၁၉၉၀လောက်က နယူးယောက်မြို့က အထပ်မြင့်တိုက်ခန်းဟောင်းတွေ တန်းစီပြီးရှိနေတဲ့ ရပ်ကွက်တစ်ခုကိုရောက်လာတယ်။

"အဆောက်အဦးနံပါတ် Fမှာရပ်လိုက်တယ်။" မက်က ကားကိုရပ်လိုက်တယ်။ နောက်တော့ ကားထဲကနေ သူတို့တွေ စထွက်ကြတယ်။ လင်ဒါက သူတို့ကို ဦးဆောင်ပြီး တိုက်ခန်းတွဲFထဲကိုဝင်ပြီး စင်္ကြန်လမ်းအဆုံးထိ လျှောက်သွားတယ်။ နံရံတစ်ခုရှေ့ရောက်တော့ လင်ဒါက နံရံကနေကျွံထွက်နေတဲ့ အုတ်တစ်ချပ်ကို ဆွဲယူလိုက်တော့ နံရံကြီး ဘေးကိုရွေ့သွားပြီး သတ္တုတံခါးကြီးတစ်ချပ်ပေါ်လာတယ်။ သူတို့တံခါးတစ်ချပ်ရှေ့​ရောက်သွားပြီး ဖွင့်လိုက်တော့ တံခါးနောက်မှာ ရှိနေတာက လှေကားတွေပါ။

"လျှို့ဝှက်မြေအောက်ခန်းလား။" မက်ဒါနာက ဝှီးချဲပေါ်ကနေမေးတော့ လင်ဒါက ခေါင်းညိတ်ပြတယ်။

"အကြီးကြီးတော့မဟုတ်ဘူး။" သူတို့လျှို့ဝှက်လှေကားအတိုင်း ဆင်းသွားတော့ အပေါ်က တံခါးတွေက အလိုလိုပြန်ပိတ်သွားတယ်။

တကယ်ပဲ မြေအောက်ခန်းက အကြီးကြီးမဟုတ်ဘူး။ အဲဒီအစား တိုက်ခန်းတွဲရဲ့မြေကွက်အရွယ်အစားဖြစ်တဲ့ ပေလေးဆယ်ခြောက်ဆယ်ပဲရှိတာ။ အဲဒီလိုမြေအောက်ခန်းထဲမှာ နှစ်ထပ်ကုတင်ငါးလုံးလောက်ကို အတူထည့်ထားပြီး အလယ်မှာတော့ စားပွဲဝိုင်းတစ်လုံးကိုချပြီး အစည်းအဝေးခန်းအသွင် ဖော်ထားတယ်။

"ဒီမြေအောက်ခန်းကို အရင်က စူပါဟီးရိုး မက်တယ်ပလာဒင်သုံးခဲ့တာ။ ဖလေရာက သူတို့ကိုသုံးခွင့်ပေးထားတာ။ မြို့ထဲမှာဆိုရင် တခြားနေရာတွေက သူတို့အတွက် မလုံခြုံဘူးလေ။"

လင်ဒါက ပြောလိုက်တယ်။ မက်ဒါနာလည်း ခေါင်းညိတ်တယ်။ လင်ဒါ့စကားအရဆိုရင် ဒီနေရာက နယူးယောက်ဟီးရိုးအစစ်တွေရဲ့ဌာနချုပ်တော့ ဟုတ်တဲ့ပုံမပေါ်ဘူး။ အဲဒီအစား ပုန်းခိုရာနေရာတစ်ခုနဲ့ တူနေပါတယ်။

"ကြက်ဥတွေကို ခြင်းတစ်​ခြင်းထဲမှာ အကုန်ထည့်ထားလို့ မဖြစ်ဘူးမဟုတ်လား။" ဖားလေးက ပြောလိုက်ပြီး ဓာတ်လှေကားထဲက လှမ်းထွက်လိုက်ပါတယ်။ မြေအောက်ခန်းထဲမှာတော့ လူငါးယောက်ရှိနှင့်နေပြီး ဟယ်ရီက အားလုံးရဲ့အလယ်မှာပါ။ ဟယ်ရီက ဖားလေးကို လက်လှမ်းပြလိုက်တယ်။

"သီးဆီးယပ်၊ ပြန်လာပြီလား။"

မက်ဒါနာတို့အုပ်စုကတင် လေးယောက်ရှိတာကြောင့် ဖားလေးအပါအဝင်ဆိုရင် အခန်းထဲမှာ ဆယ်ယောက်ရှိသွားပြီး တခြားပစ္စည်းတွေနဲ့ဆိုတော့ ပြည့်ကျပ်နေသလို ခံစားရတယ်။ မက်ဒါနာ အခန်းထဲလှည့်ကြည့်တော့ ဟီးရိုးအကူပစ္စည်းတချို့ကို နေရာတိုင်းမှာ ချထားတာတွေ့ရပြီး စားနပ်ရိက္ခာတွေနဲ့ အဝတ်အစားတွေကိုပါ တွေ့ရပါတယ်။

"ဒါတောင် တခြားသူတွေ ပြန်မလာသေးဘဲ မြို့ထဲမှာ ခိုးပြီးကင်းလှည့်နေလို့။ အားလုံးပြန်လာရင် ပိုပြီးကြပ်တယ်။" ဖားလေး မြေအောက်ခန်းအကြောင်း ပိုရှင်းပြလေ မက်ဒါနာသူ့ကိုသနားလာလေပဲ။ ဒီဆယ်ကျော်သက်ကောင်မလေး အဲလေ ကောင်လေးက ကျဥ်းမြောင်းတဲ့နေရာတစ်ခုမှာ လူပေါင်းစုံနဲ့ အတူနေနေရတယ်လို့။

"ဟူး...." မက်ဒါနာက သူ့ကိုယ်သူ ကွန်တိန်နာအိမ်ရာမှာ နေဖူးတာကို ခနမေ့လိုက်ပြီး လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ အဲဒီနောက် အခန်းထဲက လူတွေကို တစ်ယောက်ချင်းစီလိုက်ကြည့်တယ်။

ပထမဆုံးတစ်ယောက်က အားလုံးရဲ့အလယ်မှာရှိနေတဲ့ ဟယ်ရီပါ။ သူက လောလောဆယ် ဒီမှာဦးဆောင်တဲ့သူဖြစ်ပုံပဲ။ တခြားတစ်ယောက်က တကယ့်ကိုထင်မထားတဲ့သူပါ။ တစ်ကိုယ်လုံးမှာ အမာရွတ်တွေရှိနေတဲ့ လူမည်းဗီလိန်ကြီးဓားနတ်ဆိုးက ဧရာမဓားအိမ်ကြီးနဲ့တွဲလျက်ဓားကို ပေါင်ပေါ်မှာတင်ပြီး ကုတင်တစ်လုံးကို ထိုင်ခုံလုပ်ထိုင်နေတာ။

"အမေရိကမှာ ငါလုပ်စရာရှိတယ်လို့ ပြောခဲ့သေးတယ်မဟုတ်လား။ အခုလုပ်စရာရှိတာ လုပ်ပြီးလို့ ဒီကိုခနလာလည်တာ။" ဓားနတ်ဆိုးက မက်ဒါနာကို ပြုံးပြပြီးပြောလိုက်တယ်။ ခါတိုင်းလိုပဲ သူ့မျက်လုံးတွေက မြင်နိုင်ပုံမရဘူး။ ဒါပေမဲ့ ကြောက်စရာအရှိန်အဝါတွေက သူ့ဆီက ဖြာထွက်နေပြီး ပိုပြီးသန်မာလာတယ်။

ဗီလိန်တစ်ယောက်က ဘာလို့လျှို့ဝှက်ဟီးရိုးအဖွဲ့ဆီ လာလည်တာလဲ မက်ဒါနာတွေးလို့ကိုမရတာ။ "ငါနတ်ဆိုးကိုးကွယ်သူကောင်လေးတွေဆီကနေ မှော်စာအုပ်ရလာပြီ။ ငါ့မှော်စာအုပ်နဲ့ပေါင်းပြီးတော့ ပိုအစွမ်းထက်မယ့် နည်းလမ်း​ကို ရှာတွေ့ခဲ့ပြီးပြီ။"

နတ်ဆိုးကိုးကွယ်သူကောင်လေးတွေက သူတို့လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျနေတာပါ။ ဒါပေမဲ့ သူတို့က ရာဇဝတ်သားကြီးတွေမဟုတ်တာကြောင့် အဆင့်မြင့်ထောင်ထဲမှာ အထားခံထားရတာမဟုတ်တာတော့ ကျိန်းသေတယ်။ အဲဒီလိုနေရာမျိုးကို ခိုးဝင်ဖို့ဆိုတာ Aအဆင့်က အကြမ်းဆုံးဗီလိန်ဖြစ်တဲ့ ဓားနတ်ဆိုးအတွက်တော့ အလွယ်လေးပါ။

"ဒါဖြင့်၊ ရှင်က ဘာလို့ဒီကိုရောက်နေတာလဲ။"

ဓားနတ်ဆိုးက မက်ဒါနာရဲ့မေးခွန်းကြောင့် ပြုံးလိုက်တယ်။ "ငါ့ကို ဆိုးဆိုးဝါးဝါးဆက်ခံခဲ့တာတွေအတွက်

ဒီနိုင်ငံမှာ ငါ လက်စားချေရမယ့်လူတွေအများကြီးရှိနေတယ်။"

ဓားနတ်ဆိုးလိုလူမျိုးက အထူးတပ်ဖွဲ့ထဲကနေပြီး ဒီအတိုင်း ထွက်ပြေးသွားတာတော့ မဟုတ်လောက်ဘူး။ သူ့မှာလည်း တခြားအကြောင်းပြချက်ရှိမှာပဲ။ ဒါပေမဲ့ မက်ဒါနာမေး​မနေတော့ဘူး။ အနည်းဆုံးတော့ သူ့ကိုဒီမှာတွေ့ရကတည်းက သူတို့ရန်သူမဖြစ်လောက်တော့ဘူး။ မျက်​မမြင်ဓားသမားရဲ့ရန်သူ​အတွက် မက်ဒါနာ ဆုတောင်းပေးရုံကလွဲလို့ ဘာမှစိုးရိမ်စရာမရှိဘူး။

"အယ်... နင်တို့ရော ဒီရောက်နေတာလား။"

တခြားအဖွဲ့ဝင်နှစ်ယောက်က ပိုတောင် အံ့ဩစရာကောင်းနေသေးတယ်။ လေဒီဘက်တာဖလိုင်းနဲ့ချီလုလုတို့ပါ။ ဖားလေးက ခေါင်းညိတ်လိုက်ပြီး "သူတို့က အချိန်ပြည့်အဖွဲ့ဝင်တွေ ဖြစ်လုနီးပါးပဲ။ အခုလည်း ဝဲလ်ဆင်ရဲ့နောက်အကြံအစည်တွေကို ဖော်ထုတ်ဖို့ ကြိုးစားနေကြတာ။"

မက်ဒါနာက သဘောတကျနဲ့ ခေါင်းညိတ်လိုက်မိတယ်။ နယူးယောက်ဟီးရိုးအစည်းအရုံးလေးက သေးငယ်ပေမဲ့ ဟီးရိုးတွေလုပ်တဲ့ တကယ့်အလုပ်တွေကိုပဲ လုပ်နေကြတာဖြစ်ပါတယ်။ မက်ဒါနာက လာရင်းကိစ္စကို သတိရသွားပြီး သူတို့အားလုံးကို ကြည့်ကာ မေးလိုက်ပါတယ်။

"ဒါနဲ့ နင်တို့တွေ နယူးယောက်မြို့မှာ လူတွေပျောက်နေတဲ့ သတင်းတွေကို သတိထားမိလား။"

ဟယ်ရီက စဥ်းစားပြီး ပြန်ပြောလိုက်တယ်။ "အဲဒီလိုကိစ္စတွေ ကြားမိပေမဲ့ အချိန်အတော်ကြာတဲ့အထိ ငါတို့တွေက သာမန်ပဲလို့ ထင်နေခဲ့ကြတာ။ လင်ဒါက ပိုးကောင်အသိုက်တစ်ခုကို ရှာမတွေ့ခင်အထိပေါ့။"

နယူးယောက်ဟီးရိုးအစည်းအရုံးရဲ့လှုပ်ရှားနိုင်စွမ်းက လက်ရှိအချိန်မှာ အကန့်အသတ်ရှိပါတယ်။ သူတို့ သတိမထားမိတာ သဘာဝကျတယ်။ မက်ဒါနာ သိထားသလောက် လင်ဒါတောင် ရဲဌာနဒေတာတွေကြောင့် သတိထားမိလာတာ။

"တကယ်တော့ ငါ့စိတ်ထဲမှာ ထင့်နေတာ တစ်ခုရှိတယ်။" မက်ဒါနာက အခုလိုစကားစလိုက်ပြီး ဆက်ပြောတယ်။

"အရင်လတုန်းက ဘဏ္ဍာစိုးသုံးကောင် မီးပန်းပိုးကောင်တွေ တိုက်ခိုက်တာခံရတယ်။ အခုလည်း လင်ဒါက ရေဆိုးမြောင်းတွေထဲမှာ ပိုးကောင်တွေတွေ့ခဲ့တယ်ဆိုတော့ နယူးယောက်မြို့မှာ သေချာပေါက် ပိုးကောင်သိုက်ရှိနေပြီ။"

ဒီသတင်းတွေကို သူတို့အားလုံး သိထားပြီးသားဖြစ်ပေမဲ့ အချက်အလက်တွေကို စုစည်းပြီး မသုံးသပ်ကြဖူးသေးဘူး။ မက်ဒါနာက ဆက်ပြောတယ်။ "ပိုးကောင်သိုက်တစ်ခုကို ကိုင်တွယ်ဖို့က S rank အမြောက်အများလိုအပ်တယ်ဆိုတာကို ဖရာလီတာတို့အုပ်စုက သက်သေပြပြီးပြီ။ ပြီးတော့ သူတို့အုပ်စုက လူမနေတဲ့နေရာမှာတိုက်ပွဲဖြစ်ခဲ့တာမလို့ တိုက်ပွဲစကေးက သိပ်မသိသာတာ။ နယူးယောက်မြို့အောက်မှာ ပိုးကောင်သိုက်ရှိနေရင် ငါတို့ရင်ဆိုင်ရ ခက်ခဲလိမ့်မယ်။"

Sအဆင့် မြူတန့်တွေ လူနေထူထပ်တဲ့နေရာမှာ တိုက်ပွဲဖြစ်တိုင်း အသေအပျောက်များတတ်ပါတယ်။ ပြီးတော့ နယူးယောက်မြို့က မြောက်အမေရိကတိုက်ရဲ့အကြီးဆုံးမြို့တွေထဲက တစ်ခုပါ။ ပြီးတော့ သူတို့အတွေ့အကြုံအရ ပိုးကောင်သိုက်တွေက S rank တစ်ယောက်တည်းနဲ့ ရှင်းနိုင်တာမျိုးမဟုတ်ဘူး။

"ဒီမစ်ရှင်မှာ ငါတို့ပိုးကောင်တွေကို ဖျက်ဆီးရင်းနဲ့ မြို့ကိုပါ ထိခိုက်စေနိုင်လောက်တယ်။ ဒါပေမဲ့ မလုပ်ဘဲနေရင်လည်း ပိုဆိုးတာတစ်ခုခု ဖြစ်မလာနိုင်ဘူးလို့ပြောလို့မရဘူး။ ဩစတေးလျမှာ တစ်မြို့လုံးပျောက်သွားပြီးပြီ။"

မက်ဒါနာက အခုတလောရေပန်းစားနေတဲ့ နိုင်ငံတကာသတင်းတစ်ပုဒ်ကို ထုတ်ပြောလိုက်တယ်။ တခြားအကြောင်းပြချက်မရှိတာကြောင့် မဟာမိတ်ထဲကလူတွေက မြို့ပျောက်သွားတာကို ပိုးကောင်တွေကြောင့်လို့ ဆုံးဖြတ်ထားကြတာ။

"ဒီတော့ တကယ်နှိမ်နင်းရေးလုပ်ပြီဆိုရင် မြို့ကိုရွှေ့ပြောင်းဖို့လိုမယ်ပေါ့။" လင်ဒါက မေးငေါ့ပြီး မက်ဒါနာကို မေးလိုက်တယ်။ မက်ဒါနာကလည်း ခေါင်းညိတ်လိုက်ပြီး လင်ဒါကို ပြန်ဖြေတယ်။

"ဟုတ်တယ်၊ ဒီမှာရှိတဲ့လူတိုင်းလိုလိုက တရားမဝင်ဟီးရိုးတွေချည်းပဲဆိုတော့ နယူးယောက်မြို့သားတွေကို မြို့ကိုစွန့်ပယ်ခိုင်းလို့မရတာ သေချာတယ်။ ဒီတော့ နင်တို့ကိုပဲ အားကိုးရမှာ။"

လင်ဒါက သက်ပြင်းချလိုက်တယ်။ "ဒါက ငါတို့အလုပ်ဆိုပေမဲ့ အောင်မြင်မလား မအောင်မြင်လားတော့ ကျိန်းသေမပြောတတ်ဘူး။ သိတဲ့အတိုင်းပဲ မြူတန့်ဌာနစိတ်က နေရာတိုင်းမှာ ဝင်ပါနေတာ။ တတ်နိုင်သလောက်တော့ ကြိုးစားကြည့်ပေးမယ်။"

ကျန်တဲ့လူတွေအားလုံးလည်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြတယ်။ မက်ဒါနာနဲ့လင်ဒါကတော့ အဆိုးဆုံးပေါ့။ မြူတန့်ဌာနစိတ်က လင်ဒါပိုးကောင်တွေကို ရှာတွေ့တာတောင် တစ်မြို့လုံးကို ရှာဖွေရေးဆင်းဖို့ ငြင်းဆန်နေဆဲမဟုတ်လား။

"အဲဒါတွေက နောက်မှပါ၊ လောလောဆယ် ပိုးကောင်သိုက်နေရာကို ငါတို့မသိရသေးဘူး။ အဲဒီအတွက်ကတော့ နယူးယောက်ဟီးရိုးတွေ ကူညီမှဖြစ်မယ်။ ရဲတွေအတွက်ကျ ရေဆိုးမြောင်းတွေထဲ ဆင်းပြီးလေ့လာဖို့ အန္တရာယ်များလွန်းတယ်။"

မက်ဒါနာက ပြောလိုက်တယ်။ ရေဆိုးမြောင်းတွေထဲကို ကိုယ်တိုင်ဆင်းဖူးတဲ့ လင်ဒါကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူကိုယ်တိုင်လည်း ကံကောင်းလို့ မသေဘဲလွတ်လာတာပါ။

"အဲဒီအတွက်ကတော့ မပူနဲ့ ငါတို့မှာ ဟီးရိုးနှစ်ဆယ်လောက်ရှိသေးတယ်။ ပြဿနာက ရေဆိုးမြောင်းတွေထဲ ငါတို့ဝင်စစ်ဆေးနေတုန်း တခြားအဖွဲ့အစည်းတွေ ဝင်မရှုပ်ဖို့လိုတယ်။"

နယူးယောက်ဟီးရိုးအစစ်တွေက လောလောဆယ်

ဝရမ်းပြေးတွေလိုဖြစ်နေတာပါ။ တစ်စုံတစ်ယောက်ကသာ သူတို့ကို ဝင်နှောင့်ယှက်ရင် မစ်ရှင်တစ်ခုလုံး ပျက်စီးသွားပါလိမ့်မယ်။

"အဲဒီအတွက်က မပူနဲ့၊ နင်တို့ကို ဝင်နှောင့်ယှက်မှာဆိုလို့ မြူတန့်ဌာနစိတ်နဲ့ နယူးယောက်အစည်းအရုံးအတုပဲရှိတာ။ သူတို့ကို ငါတို့ရဲတွေက အာရုံလွှဲဖို့ ကူညီပေးမယ်။"

လင်ဒါက ပြောလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက စိတ်ထဲမှာ စိုးရိမ်ပူပန်နေဆဲပဲ။ သူက မက်ကိုကြည့်ပြီး မေးလိုက်တယ်။ "မက်၊ ပိုးကောင်အသိုက်တစ်ခုရဲ့ပျှမ်းမျှအင်အားကို နင်သိလား။"

မက်က အင်ပါယာပိုးဟပ်ဖြစ်တာကြောင့် အသိုက်တွေနဲ့ပတ်သက်ပြီး တစ်ခုမဟုတ်တစ်ခုတော့ သိတာသေချာပါတယ်။ "ပုံမှန်အားဖြင့် ပိုးကောင်အသိုက်တစ်ခုမှာ မျိုးပွားမိခင်ကြီးတစ်ကောင်ဆီရှိတယ်။ သူတို့အင်အားက ဒီကမ္ဘာက အဆင့်အတန်းနဲ့ယှဥ်မယ်ဆိုရင် Sအဆင့်ထက် နည်းနည်းပိုစွမ်းတယ်။ ဒါပေါ့၊ ဘုရင်မကိုမွေးထုတ်ပေးမယ့် တော်ဝင်မျိုးပွားမိခင်ကြီးတွေက ပိုစွမ်းတယ်။"

မက်က သူ့စကားကို ခနရပ်ထားပြီးမှ ဆက်ပြောတယ်။ "အခုက ဘုရင်မလောင်းလျာမွေးပြီးတာ သေချာပြီဆိုတော့ နယူးယောက်အသိုက်မှာရှိနေတာ သာမန်မျိုးပွားမိခင်ပဲနေမယ်။ သာမန်မျိုးပွားမိခင်တွေရဲ့တာဝန်က မျိုးစိတ်တစ်ခုကို အရေအတွက်တစ်ခုအထိ မွေးထုတ်ပေးဖို့နဲ့ မျိုးစိတ်ကိုဦးဆောင်မယ့် အယ်ဖာဗိုလ်ချုပ်တစ်ယောက်ကို မွေးဖွားပေးဖို့ပဲ။ ဗိုလ်ချုပ်တွေက မျိုးပွားမိခင်တွေထက် ပိုစွမ်းတယ်။ နယူးယောက်မျိုးပွားမိခင်ကြီးက မျိုးစိတ်ဗိုလ်ချုပ်ကိုမမွေးရသေးခင် သွားနှိမ်နင်းနိုင်ရင် ပိုကောင်းလိမ့်မယ်။"

မက်ပြောမှ အားလုံးပိုစိုးရိမ်လာတယ်။ "ဒါပေမဲ့ အေမီနဲ့ဖရက်နှစ်ယောက်တည်းနဲ့ ကိုင်တွယ်နိုင်ပါ့မလား။" မက်ဒါနာ ပြောလိုက်တယ်။ ဓားနတ်ဆိုးက လက်ထောင်ပြလိုက်ပြီး "ဓားအသစ်အစွမ်းကို စမ်းတဲ့အနေနဲ့ ငါပါလို့ရတယ်မဟုတ်လား။"

သူတို့စကားပြောနေတုန်း တခြားတစ်ဖက်မှာတော့ အေမီက ဒဏ်ရာကြောင့် အိပ်ရာပေါ်မှာမှိန်းနေတဲ့ မယ်လီကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေတယ်။

All Chapters