စကြဝဠာအသင်္ချေ ဆိပ်ကမ်း
Vol. 81 Ch. 1130
ရံဖန်ရံခါ၌ ကျီလီက မိုဝူကျိအား သွားကြည့်တတ်သည်။
ရက်များစွာ ကြာမြင့်ပြီးနောက် မိုဝူကျိက ယခင်အတိုင်း အတူတူ ဖြစ်နေဆဲ ဖြစ်၏။ အသက်ဓာတ် အရိပ်အယောင် မရှိသော်လည်း သူ့အထဲ၌ ဝိညာဉ်စွမ်းအား ခပ်ဖျော့ဖျော့ လှည့်ပတ်နေသည်။ ကျီလီက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ အကယ်၍ သူမ ရှာမတွေ့ခင် မိုဝူကျိသာ ပျောက်ကွယ်သွားခဲ့လျှင် ဝိညာဉ်ဖြတ် စုတ်တံက ဘာအသုံးဝင်ဦးမည်နည်း။
စကြဝဠာအသင်္ချေ ဆိပ်ကမ်းက အရမ်းအလှမ်းကွာလွန်း၏။ ကျီလီက နှစ်ရာချီ သွားလာနေခဲ့ကာ သူမ ကျင့်ကြံဆင့်မှာလည်း သဟဇာတ နတ်ဘုရား အဆင့် ၄ တွင် အခြေကျသွားလေပြီ။ ယခင် ဒဏ်ရာရခဲ့စဉ်နှင့် ယှဉ်ကြည့်လျှင် ကျီလီ၏ ကျင့်ကြံနှုန်းမှာ နှစ်ဆမက မြန်ဆန်နေပေ၏။ နှမြောစရာကောင်းသည်က ကျီလီသည် ကျင့်ကြံဖို့ရာအတွက် စိတ်အခြေအနေ မဟုတ်ပေ။ သူမ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် အမြန်နှုန်းကို ထပ်မြင့်လိုက်သည်။
နှစ်များစွာ သွားလာပြီးနောက် ကျီလီ၏ စိတ်ထဲ၌ ဖြေသိမ့်စရာ တစ်ခု ရှိလာသည်။ ထိုဖြေသိမ့်စရာ တစ်ခုမှာ စကြဝဠာအသင်္ချေ ဆိပ်ကမ်း၏ နေရာအတိအကျကား သူမ ကျောက်စိမ်းပေလွှာထဲ နောက်ဆုံးတွင် ပေါ်လာခဲ့ပြီ ဖြစ်၏။
ထိုရက်၌ ကျီလီက သင်္ဘောပျံပေါ် ရပ်ကာ ကျောက်စိမ်းပေလွှာကို ကြည့်လိုက်သည်။ ထို့နောက် သူမက စကြဝဠာအသင်္ချေ ဆိပ်ကမ်းဆီ ရောက်ဖို့ရာ အချိန် မည်မျှ လိုအပ်ကြောင်း တွက်ချက်ကြည့်လိုက်သည်။ ထိုစဉ် သူမက စကြဝဠာအသင်္ချေ ဆိပ်ကမ်း၏ တည်နေရာသည် သူမ ကျောက်စိမ်းပေလွှာမှ ပျောက်ကွယ်သွားကြောင်း သတိထားမိလိုက်၏။ သူမက စတင်၍ စိုးထိတ်မိလာသည်။
ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ယခု သူမ ဦးတည်နေသည့် ပန်းတိုင်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ရာ ဘာဆက်လုပ်ရမည်နည်း။
ကျီလီက အရှိန်လျော့ချလိုက်သည်။ သူမက အကြောင်းအရင်းကို ရှာမတွေ့သေးခင် ပုံရိပ်လေးခုက သူမရှေ့ ရောက်ရှိလာလေ၏။ သူတို့က သူမ လမ်းကို ပိတ်ဆို့နေသည်မှာ သိသာလှသည်။
ကျီလီက လူများကို သတ်ဖြတ်ရခြင်းအား သဘောမကျသော်လည်း သူမက တုံးအသူ မဟုတ်ချေ။ ထို့အပြင် သူမက နှစ်များစွာ အတွေ့အကြုံ ရှိပေ၏။ ဤသို့ကိစ္စမျိုး ဖြစ်လာသည့်အခါ သူမအနေနှင့် ထိုလူများ တမင်သပ်သပ် လမ်းပိတ်ထားသည်ကို မည်သို့ မသိဘဲ နေမည်နည်း။
ကျီလီကို နှောင့်ယှက်ကြသော လေးဦးမှာ ယောက်ျားသားချည်း ဖြစ်ကြသည်။ ရှေ့ဆုံးက လူမှာ ဖြူဖျော့ဖျော့ မျက်နှာနှင့် ရွှေရောင်ဆံပင် ရှိ၏။ သူ့မျက်လုံးမှာ အနည်းငယ် အပြာရိပ်လေးသမ်းနေပြီး ကျင့်ကြံဆင့်ကား အလယ်အလတ် သဟဇာတ နတ်ဘုရားအဆင့် ဖြစ်ဟန် ပေါ်သည်။
အခြားသုံးယောက်က ရွှေရောင်ဆံပင် အမျိုးသားနှင့် ကျင့်ကြံဆင့်အတူတူ ဖြစ်ကြပြီး တစ်ခုတည်းသော ခြားနားချက်မှာ သူတို့က သူ့ထက် အနည်းငယ် ပုနေခြင်းသာ ဖြစ်၏။
ကျီလီက သူတို့လေးယောက်ဆီမှ သတ်ဖြတ်ငွေ့များကို ခံစားမိပေသည်။
“ မင်းရဲ့ ကမ္ဘာကို ဖွင့်လိုက်ပြီတော့ ပစ္စည်းတွေကို ယူခွင့်ပေးလိုက် … ပြီးရင် ချက်ချင်း ထွက်သွား ” ရွေရောင်ဆံပင် အမျိုးသား၏ လက်ဝဲဘက်တွင် ရပ်နေသည့် အမျိုးသားက ပုရုံသာမက သူ့အသားရေမှာလည်း အတော်လေး မည်းနေသည်။ သူက ဧရာမ ဓားကြီးကို ကိုင်ဆောင်ထား၏။
ကျီလီက ထိုစကားများကို ကြားလိုက်ရသည့်အခါ စိတ်ထဲ လေးလံမိသွားသည်။ အကယ်၍ သူတို့ဘက်မှ တစ်ယောက်တည်း ဖြစ်နေလျှင် ကျီလီက ကြောက်မည် မဟုတ်ပေ။ အလွန်ဆုံး သူမက ထွက်ပြေးရုံမျှသာ ဖြစ်၏။ ယခုလက်ရှိ၌ သူတို့ဘက်၌ လူလေးယောက် ရှိနေပြီး သူမ ကျင့်ကြံဆင့်ထက် နိမ့်သည့်သူဟူ၍ မရှိပေ။ ထို့အပြင် သူမက မိုဝူကျိကို ခေါ်ဆောင်သွားရမည် ဖြစ်သောကြောင့် သူမအတွက် သိပ်မကောင်းချေ။
မည်သိုပင် ဖြစ်စေ သူမက မိုဝူကျိကို တစ်ခုခု ဖြစ်ခွင့် မပြုနိုင်ပေ။ ကျီလီက ထိုအတွေးဖြင့် ပျံသန်းရေး ရတနာကို သိမ်းလိုက်ပြီး မိုဝူကျိကို ပွေ့ကာ သယ်ဆောင်ထားလိုက်သည်။
ပျံသန်းရေး ရတနာ သိမ်းဆည်းပြီးသည်နှင့် လူလေးယောက်လုံးက ကျီလီ၏ ရုပ်ရည်သွင်ပြင်ကို မြင်တွေ့လိုက်ရသည်။
သူတို့ ဖြတ်သန်းလာသည့်တစ်လျှောက် မိန်းမလှများစွာ မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ကျီလီလို စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်၏။ သူမက သူတို့အကြည့်မလွဲနိုင်လောက်အောင်အထိ စွဲမက်ဖွယ် ကောင်းလှသည်။
လေးယောက်သား ကျီလီအား ကြည့်နေကြသည်။ သူတို့က ကျီလီသည် ဖြူစင်ရိုးသားသည့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း ပြောနိုင်ပေ၏။
“ ကျွန်မ ပစ္စည်းတွေကို ပေးရင် လွှတ်ပေးမှာ သေချာလား ” ကျီလီက ပြောလိုက်ရင်း မှော်ရတနာကို ထုတ်ယူဖို့ ပြင်ဆင်ထားလိုက်သည်။
သူမက ထိုလေးယောက်သည် သူမကို အလွယ်လေး လွတ်ပေးမည် မဟုတ်ကြောင်း သေချာသိနေ၏။
“ ဒါပေါ့ ”ရွှေရောင်ဆံပင် အမျိုးသားက ပြောလိုက်ပြီးနောက် လေးယောက်သား ဆက်တိုက် တိုက်ခိုက်ကြတော့သည်။
လေးယောက်လုံးက တိုက်ပွဲအတွေ့အကြုံများသည့်အတွက် ကျီလီအား အဘယ်ကြောင့် အချိန်ဆွဲခွင့် ပေးမည်နည်း။ တိုက်ခိုက်ရည်အရ ကျီလီများစွာ ရှိလျှင်ပင် သူတို့နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ကျီလီအား အချိန်ဆွဲနေခွင့် မပေးတော့ပေ။ တကယ်တော့ သူတို့က သူမအား မှော်ရတနာ ဆွဲထုတ်ခွင့်ပင် မပေးလိုက်ချေ။
ကျီလီက မြန်မြန်ဆန်ဆန် တောင်ဝှေးရှည် တစ်ချောင်း ထုတ်ယူလိုက်သည်။ သူမ တောင်ဝှေးရှည် အပြည့်အဝ အသက်မဝင်လာခင် လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက သူမ စွမ်းအားစက်ကွင်းကို ဖျက်စီးပစ်လိုက်ကြသည်။
သဘာဝစွမ်းအား ပေါက်ကွဲမှုများ ထွက်ပေါ်လာကာ ကျီလီက သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။ သူမက မိုဝူကျိကို ထိုစွမ်းအားများ မထိခိုက်စေရန် အကောင်းဆုံး ကြိုးစား ကာကွယ်ပေးခဲ့သော်လည်း သူမ မတားဆီးနိုင်သည့် တစိတ်တပိုင်းတော့ ရှိနေသေး၏။ မိုဝူကျိက ထိုတိုက်ခိုက်မှု၏ တစိတ်တပိုင်းကို လက်ခံလိုက်ရသည်။
ကျီလီ စိတ်ထဲ လေးလံမိလာသည်။ ထိုသို့ဆိုလျှင်ပင် သူမက ဘေးကို ပြေးထွက်လိုက်သေး၏။ သူမ သေဆုံးရမည်ဆိုလျှင်ပင် မိုဝူကျိအား သူမလက်ထဲ သေခွင့် မပြုနိုင်ပေ။ အကယ်၍ သူမကြောင့်သာ မဟုတ်လျှင် မိုဝူကျိက ထိုကမ္ဘာထဲ ရှိနေဦးမည် ဖြစ်၏။
အသားမည်းမည်း ပုတိုတို အမျိုးသားက ကျီလီသည် သူ့ဘက် ပြေးဝင်လာကြောင်း သတိထားမိလိုက်သည်။ သူက အတော်လေး စိတ်ကျေနပ်သွား၏။ သူက လက်တစ်ချက်မြှောက်ကာ ကျီလီ၏ စွမ်းအင်ဗဟိုချက်ဆီ မီးခိုးရောင်အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်သည်။
သူက စက္ကန့်ပိုင်းလေးအတွင်း တွေးလိုက်သည်။ ကျီလီသာ ထိုအလင်းတန်းကို ကာကွယ်လိုက်သည်နှင့် သူက သူမအား အသက်ရှင်လျက် ဖမ်းဆီးနိုင်လိမ့်မည်။ သူ့ကို အနည်းငယ် ထိခိုက်သွားလျှင်ပင် လုပ်ရန် ဆန္ဒ ရှိ၏။ အကယ်၍ သူသာ ကျီလီလိုမျိုး စွဲမက်ဖွယ် မိန်းမလှလေးကို ဖမ်းနိုင်ခဲ့လျှင် သူ့အပိုင် ဖြစ်လာပေမည်။ သူက ထိုအမျိုးသမီး၏ ပစ္စည်းအားလုံးကို အပိုင်ရဖို့ရာတော့ မမျှော်လင့်မိပေ။
“ ဖူး ” ကျီလီ ခန္ဓာကိုယ်ပေါ်၌ နောက်ထပ် သွေးမြူတစ်ခု ဖြစ်လာသည်။ ပုတိုတို အမျိုးသားကို အံ့အားသင့်သွားစေသည်က ကျီလီသည် ဤနေရာတွင် ချောင်ပိတ်ခံရမည့်အစား သူမစွမ်းအင်ဗဟိုချက်ကို ထိခိုက်စေဖို့ရာသာ ရွေးချယ်ခဲ့လေသည်။
သို့သော် ဘာအသုံးဝင်မည်နည်း။
သူမ စွမ်းအင်ဗဟိုချက် ပျက်စီးသွားပြီ ဖြစ်၍ သေဆုံးရပေမည်။ သူ့အတွက် တစ်ခုတည်းသော မကောင်းသည့်အချက်မှာ သူမက သူ့ဖမ်းဆီးမှုကို မခံလိုက်ရခြင်းသာ ဖြစ်၏။
ကျီလီက ခန္ဓာကိုယ်တစ်လျှောက် နာကျင်မှုများကို အားတင်းထားလိုက်သည်။ ထို့နောက် သူမ၏ သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအားတို့မှာ အလျှင်အမြန် ပျောက်ကွယ်လာကြောင်း ခံစားမိလိုက်၏။
ကျီလီကို အံ့ဩသွားစေသည်က ဧရာမ အာကာပြင်ကျွန်း ဆိပ်ကမ်းတစ်ခုကို မြင်လိုက်ရခြင်း ဖြစ်၏။ ဤသည်မှာ စကြဝဠာအသင်္ချေ ဆိပ်ကမ်းသာ ဖြစ်ရမည်။ ယခင် သူမ ကျောက်စိမ်းပေလွှာအတွင်း ပျောက်ကွယ်သွားခဲ့သော စကြဝဠာအသင်္ချေ ဆိပ်ကမ်းက တဖန် ပြန်ပေါ်လာလေသည်။
ကျီလီက နောက်ဆုံး သဘာဝစွမ်းအား အငွေ့အသက်လေးကို လောင်မြိုက်ကာ ဆိပ်ကမ်းဆီ ဦးတည်လိုက်သည်။
***
ကျီလီ၏ စွမ်းအားစက်ကွင်းက တစစီ ဖြစ်သွားသည့် အခိုက်အတန့် သဘာဝစွမ်းအားက မိုဝူကျိဆီ ထိမှန်သွားကာ သူ့ အသိစိတ်ပင်လယ်မှာ တုန်ခါသွားလေ၏။ သူ့စိတ်ဆန္ဒမှာ ပို၍ ကြည်လင်လာသည်။ သိပ်မကြာခင် သူ တစ်ခါမှ မတွေ့ဖူးသေးသည့် တာအိုအငွေ့အသက်တမျိုးကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူ့အသိစိတ်ပင်လယ်ဆီ ဝင်ရောက်သွားလေ၏။
သူ့အသိစိတ်ပင်လယ်အတွင်း ဖီကာရွံ့စေးဖြင့် ဖန်တီးထားသော ကမ္ဘာဦး စိတ်ဝိညာဉ်မှာ အလယ်တွင် လွှင့်မျှောနေပေသည်။ ယခင် ထိတွေ့နိုင်ခြင်း မရှိခဲ့သည့် စွမ်းအားက ထိုကမ္ဘာဦး စိတ်ဝိညာဉ်၏ စုပ်ယူမှုကို ခံလိုက်ရသည်။
ဤသည်မှာ အပ်ကျမ်းစာအုပ်၏ စွမ်းအား ဖြစ်၏။
လက်ရှိ အပ်ကျမ်းစာအုပ် စွမ်းအားကို မိုဝူကျိက ခံစားမိသွားလေပြီ။ သူက ထိုအပ်ကျမ်းစာအုပ်၏ တာအိုအငွေ့အသက် ဖြစ်ကြောင်း သေချာသိလိုက်၏။ နောက်ဆုံးတွင် သူက ယခင် ထိုစွမ်းအားကို မခွဲခြားနိုင်သည့် အကြောင်းအရင်းကိုလည်း သဘောပေါက်သွားသည်။ အကြောင်းမှာ အပ်ကျမ်းစာအုပ်၏ စွမ်းအားက မပေါင်းစပ်သွားခင် သူ့ဝိညာဉ်ထဲအထိ ထိုးဖောက်သွားသောကြောင့် ဖြစ်၏။ ထိုအရာက တကယ်တော့ စည်းမျည်းနှင့် စွမ်းအားတမျိုး ဖြစ်နေသည်။
အကယ်၍ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ထိုစွမ်းအားကို နှစ်သန်းချီကြာလျှင်ပင် ရှာတွေ့နိုင်မည် မဟုတ်ချေ။
သို့သော်လည်း သူက အတွေ့အကြုံသစ် ရရှိလိုက်သည်။ နောင်၌ သူက ကမ္ဘာဦး စိတ်ဝိညာဉ်၏ အကူအညီပင် မလိုလောက်တော့ပေ။ သူက အပ်ကျမ်းစာအုပ်၏ တာအိုအငွေ့အသက်ကို အလွယ်တကူ ခွဲခြားနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။
ဤသည်မှာ လူသားတာအို ကျင့်ကြံခြင်း၏ အရေးသာမှု ဖြစ်ပေသည်။ သူက သူ့လူသားတာအို အပိုင်မဟုတ်သည့် စွမ်းအားတမျိုးကို ခံစားမိသည်နှင့် ဖယ်ထုတ်ပစ်နိုင်လိမ့်မည်။ ယခင် ထိုစွမ်းအားကို မခံစားမိခြင်းမှာ သူက တစ်ခါမှ မကြုံတွေ့ဖူး၍ ဖြစ်၏။ စကြဝဠာကြီးထဲ၌ စည်းမျည်းမရှိသည့် တာအိုအငွေ့အသက် ရှိနေလိမ့်မည်ဟု မသိခဲ့ချေ။
စည်းမျည်း မပါရှိသည်က ဖြစ်နိုင်သလို ဤစကြဝဠာကြီးနှင့် မသက်ဆိုင်သည့် စည်းမျည်း ရှိနေတာမျိုးလည်း ဖြစ်နေနိုင်သည်။
မိုဝူကျိက စိတ်စွမ်းအား နည်းနည်းလေးဖြင့် အပ်ကျမ်းစာအုပ် စွမ်းအားများကို သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ထဲ ဆွဲယူနိုင်ခဲ့သည်။ နောက်အခိုက်အတန့်လေး၌ ပညာရှင်နှလုံးသားက သူ့အသိစိတ်ပင်လယ်အတွင်း စတင်လောင်ကျွမ်းလာသည်။ ထိုအရာက သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ရှိ အပ်ကျမ်းစာအုပ် တာအိုအငွေ့အသက်များကို လောင်ကျွမ်းပစ်နေခြင်း ဖြစ်၏။ ပညာရှင်နှလုံးသား မီးတောက်အောက်တွင် အရာအားလုံးက ဗလာနတ္ထိ ဖြစ်သွားတော့သည်။
အပ်ကျမ်းစာအုပ်၏ တာအိုအငွေ့အသက်များက ပျောက်ကွယ်သွားသည့်အခါ မိုဝူကျိ၏ အသက်ဓာတ်လမ်းကြောင်းက တဖန် အသက်ဝင်လာလေ၏။ အသက်ရှုလမ်းကြောင်းမှာလည်း နှိုးထလာကာ သူ့ချီသွေးကြော ၁၀၈ ခုလုံးက စတင် လှည့်ပတ်လာသည်။ ထိုအခိုက်အတန့်လေး၌ ဝိညာဉ်စွမ်းအား လှည့်ပတ်မှု ဖြစ်လာစေ၏။
နှမြောစရာကောင်းသည်က မိုဝူကျိသည် အပ်ကျမ်းစာအုပ်ကြောင့် ဒဏ်ရာရနေသည်မှာ ကြာမြင့်လွန်းလှလေပြီ။ အကယ်၍ ယခု သူအသိစိတ် ပြန်ရလာလျှင်ပင် ချက်ချင်း အင်အားအပြည့် ဖြစ်မလာသေးပေ။
***
“ ဘာလို့များ အတင်းကြိုးစားနေရတာလဲ ” သဟဇာတ နတ်ဘုရားလေးယောက်က ကျီလီနား ရောက်ရှိလာကြသည်။ အသားမည်မည်း ပုတိုတို အမျိုးသားက ခေါင်းတခါခါဖြင့် ပြောလိုက်သည်။
ကျီလီက မိုဝူကျိကို အတင်းကာကွယ်ပေးထားသောကြောင့် နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူမက ထိုလေးယောက်အား စူးစူးဝါးဝါး စိုက်ကြည့်ကာ “ ရှင်တို့ သတ်ချင်ရင် သတ်ပစ်လိုက် ”
“ မင်းကို သတ်ဖို့လား …. အများကြီး တွေးမနေပါနဲ့။ ငါတို့က မင်းကို ဘာလို့ သတ်ရမှာလဲ။ လာလာ ငါတို့နဲ့ သွားကြစို့ ” ရွှေရောင်ဆံပင် အမျိုးသားက လက်ကို မြှောက်ကာ သူမကို ခေါ်ဆောင်သွားဖို့ ချိန်ရွယ်လိုက်သည်။
ကျီလီ၏ သဘာဝစွမ်းအားများက ပျောက်ကွယ်လုနီးပါး ဖြစ်သွားကာ စွမ်းအားစက်ကွင်းပင် မထိန်းထားနိုင်တော့ပေ။ သူမက တစ်ဖက်လူ၏ လက် ရောက်လာမှန်း မြင်နေသော်လည်း မရှောင်နိုင်တော့ပေ။
“ ဝုန်း ” သဘာဝစွမ်းအား ပေါက်ကွဲထွက်သွားသည်။ ပုခုံးလောက် ဆံရှည်နှင့် လူငယ်လေးက သူတို့လေးယောက်ရှေ့ ပေါ်လာသည်။
“ မင်းတို့တွေလား … နေ့တိုင်း နေ့တိုင်း လူအများကြီး သေနေတာ ။ မင်းတို့တွေက ဘာလို့ မသေသေးတာလဲ ” လူငယ်လေးက မထီမဲ့မြင် ပြောလိုက်သည်။
ရွှေရောင်ဆံပင် အမျိုးသားက ထိုလူငယ်လေးကို မကြောက်ဘဲ လေသံအတူတူဖြင့် ပြန်ချေပလိုက်သည် “ လျန်ကျီ … အခု မင်းဘာသာတောင် မကာကွယ်နိုင်ဘဲနဲ့ ငါ့ကိစ္စမှာ ဘယ်လိုဝင်ရှုပ်ရဲတာလဲ။ မင်းက သေချင်နေတာလား ”
လျန်ကျီက အသာပြန်ပြောလိုက်၏
“ သေသေရှင်ရှင် ငါ့ကိစ္စပါ။ မင်းတို့တွေ စိုးရိမ်ပေးနေဖို့ မလိုဘူး။ ဒါပေမဲ့ မင်းတို့တွေ တစ်ယောက်မှ ခေါ်သွားလို့ မရဘူး ”
“ ငါ့ညီအစ်ကိုတွေက မင်းကို မကြောက်ဘူး ” ရွှေရောင်ဆံပင် အမျိုးသားက ပြောလိုက်သော်လည်း သူ့နောက်မှ လူများက ထိုလူငယ်လေးအား တကယ်ကြောက်ကြ၏။
လူငယ်လေးက သူတို့နှင့် ကျင့်ကြံဆင့် တူနေသော်လည်း ထိုလူငယ်လေးက နောက်ပိုင်း သဟဇာတ နတ်ဘုရားကိုပင် သတ်ပစ်နိုင်ခဲ့သည်။
ထိုဆံရှည် လူငယ်လေးက မထီမဲ့မြင့် ပြုံးလိုက်ပြီးနောက် ကျီလီအား ပြောလိုက်၏
“ ဒီက တာအိုရောင်းရင်း ကျုပ်နောက် လိုက်ခဲ့ပါ … အဲဒီလူတွေ ကျုပ်တို့ နောက်လိုက်လာမှာ မဟုတ်ဘူး ”
ထိုသို့ပြောပြီးနောက် ဆံရှည်လူငယ်လေးက လှည့်ထွက်သွားလေသည်။ သူက ထိုလေးယောက်ကို အာရုံစိုက်ဟန် မပေါ်ပေ။
***