ရန်သူကို သုတ်သင်ပြီး နိုးထလာခြင်း
Vol. 5 Ch. 57
အပိုင်း (၅၇) ရန်သူကို သုတ်သင်ပြီး နိုးထလာခြင်း
သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေသည့် အေးစက်မှုများက တဖြေးဖြေး ထွက်ပေါ်လာကာ လျင်မြန်စွာဖြင့် ဟန်လိ၏ ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားကာ ဟန်လိကို မှင်တက်နေခြင်းမှ နိုးထလာစေသည်။
ဟန်လိ၏ ခေါင်းက ကြည်လင်လာသည့်အခါ သူ ပထမဆုံး ခံစားမိသည့်အရာက သူ့ခေါင်းထဲရှိ ပြင်းထန်သော ဖိအားဖြစ်ပြီး သူ့တစ်ကိုယ်လုံး နာကျင်မှုက လိုက်ပါလာသည်။ သူက အပြင်းအထန် ဖျားနာနေသည့် လူနာကဲ့သို့ အလွန်အမင်းအားနည်းနေသည်ဟု ခံစားနေရပြီး သူ၏ မျက်ခွံများက လေးလံနေကာ သူမည်မျှအားထုတ်ပါစေ ဖွင့်၍မရနိုင်ပေ။
အနည်းငယ် မူးဝေမှုကို ခံစားနေရဆဲဖြစ်သည့် ဟန်လိက အစောပိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်စဥ်းစားလိုက်သည်။
ဟန်လိ၏ စိတ်ထဲတွင် ထိတ်လန့်မှုတစ်ခုကို ချက်ချင်းခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ရုန်းကန်နေခဲ့ပြီး ပြင်းထန်သောတုန်လှုပ်မှုတို့က သူ့ခန္ဓာကိုယ်တစ်ခွင်ကို ဖြတ်သန်းသွားကာ သူ၏ ရီဝေနေသော စိတ်တို့ကို ရှင်းလင်းလာစေပြီး လက်ရှိပတ်ဝန်းကျင်အခြေအနေအား လျင်မြန်စွာ အကဲဖြတ်လာနိုင်စေသည်။
"ဟာ့!" သူ့ ခန္ဓာကိုယ်က သမားတော်မော့၏ အပိုင်စီးခြင်းကို မခံခဲ့ရသည်အား သတိပြုမိသည့်အခါ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိပေသည်။ သူ့ ခန္ဓာကိုယ်ကိုလှုပ်ရန်မပြောနှင့် မျက်ခွံများကို ဖွင့်၍မရသည်က အမှန်ဖြစ်သော်လည်း သူ့တစ်ကိုယ်လုံးပျံနှံနေသည့် နာကျင်မှုလှိုင်းတို့က သူ့ကို ရှင်းလင်းစွာ ပြောပြနေသည်မှာ သမားတော်မော့ အကြံအစည်က ကျရှုံးသွားပြီး သူ၏ ခန္ဓာကိုယ်ကိုအပိုင်စီးခြင်းမခံခဲ့ရဟု ဖြစ်လေသည်။
"သမားတော်မော့ရဲ့ အစီအစဉ်က ဘာလို့ ကျရှုံးသွားတာလဲ။ သူ တစ်ခုခုမှားသွားတာလား။"
အံ့အားသင့်မှုတို့နှင့် ဟန်လိက လက်ရှိအခြေအနေကို ရှင်းပြနိုင်ရန် သင့်တော်သည့် အကြောင်းပြချက်တစ်ခုကိုသာ တွေးတောနိုင်စွမ်းရှိခဲ့ပေသည်။
ဟန်လိက နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှုများဖြင့် မျက်လုံးများကို ဖွင့်ရန် နောက်တစ်ကြိမ်မကြိုးစားခင် သူ့ခန္ဓာကိုယ်၌ အင်အားတချို့ပြန်လည်ရရှိလာအောင် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ တခဏကြာပြီးနောက် သူသည် ဘေးပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို ကြည့်ရှုရန် မျက်လုံးများကို ဖွင့်ကြည့်နိုင်ခဲ့ပေသည်။
သူ့မျက်လုံးများကို ဖွင့်ပြီးနောက် ပထမဆုံး မြင်တွေ့ရသည်မှာ သမားတော်မော့၏ သနားစရာအခြေအနေကို ဖြစ်သည်။ သူ၏ ဆံပင်များက ဖြူဖွေးနေပြီး သူ့မျက်နှာက အရိုးပေါ်အရေတင်ဖြစ်ကာ အရေးအကြောင်းများနှင့် မျက်တွင်းဟောက်ပက်ဖြစ်နေခဲ့သည်။ ကြည့်ရသည်မှာ သူ၏ ငယ်ရွယ်သောအသွင်ကို မပြောင်းလဲခင်ကထက် ဆယ်နှစ်ခန့် ပိုမို အသက်ကြီးသွားပုံရလေသည်။ အိုမင်းရင့်ရော်ခြင်းဟူသည့် လက္ခဏာတို့ကို ပြသနေခဲ့သော သူ့အသွင်အပြင်က သနားစရာလူအိုကြီးတစ်ယောက်သာ ဖြစ်နေခဲ့သည်။
ဟန်လိ အရှေ့မှ သမားတော်မော့၏ မျက်လုံးများက ပြူးကျယ်နေခဲ့ပြီး သူက ဟန်လိအား ထိတ်လန့်ကြောက်ရွံ့နေသည့် အကြည့်တို့နှင့် ကြည့်နေခဲ့သည်။
ဟန်လိသည်လည်း တူညီစွာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ကြွက်သားများက ချက်ချင်း တောင့်တင်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်၏ အားနည်းနေသော ခံစားမှုအားလုံးက ပျောက်ကွယ်သွားပြီး ယခု သူ့ထံတွင် ရှိသည့် တစ်ခုတည်းသော အတွေးမှာ အသာစီးယူကာ လှုပ်ရှားရန်သာ ဖြစ်သည်။
ရှင်းလင်းစွာပင် သူ၏ ယခင်သင်ခန်းစာမှ သင်ယူခဲ့သော ဟန်လိသည် နောက်တစ်ကြိမ် အခြားတစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက် ကျရောက်လိုခြင်းမရှိတော့ပေ။
သို့သော် ဟန်လိသည် တစ်စုံတစ်ခုက ထူးဆန်းနေသည်အား သတိပြုမိလိုက်သည်။ သူ့ ပြိုင်ဘက်၏ မျက်နှာက အကြောက်တရားတို့နှင့် အေးခဲနေကာ သမားတော်မော့ထံ၌ အသက်ရှုနေသည့် လက္ခဏာမျိုး မရှိတော့ပေ။ သူက သေဆုံးသွားသည့်ပုံပေါ်ပြီး ထိုသို့သေဆုံးသွားသည်မှာ အချိန်အတန်ငယ်ကြာနေခဲ့ပုံရလေသည်။
ဟန်လိက သတိထားမှုကိုမလျှော့ချဘဲ မျက်မှောင်ကြုတ်၍ ဆက်လက် စိုက်ကြည့်နေခဲ့ကာ သဲလွန်စတချို့ရှိမရှိ သမားတော်မော့၏ မျက်နှာအသွင်အပြင်တို့ကို အာရုံစိုက် လေ့လာနေခဲ့သည်။
မိနစ်သုံးဆယ်ခန့် စေ့စေ့စပ်စပ်လေ့လာကြည့်ပြီးနောက် ဟန်လိသည် သမားတော်မော့က အသက်ရှိနေသေးသည့် အရိပ်အယောင်တို့ မရှိတော့သော သေလူတစ်ယောက်ဖြစ်နေပြီကို လက်ခံလိုက်ရပေသည်။
ဟန်လိက တုန့်ဆိုင်းစွာနှင့် သမားတော်မော့ထံ ဂရုတစိုက်ရွေ့လျားသွားကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သမားတော်မော့၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ နောက်တစ်ဖက်က နှာခေါင်းအောက်သို့ ထားလိုက်သည်။ ထိုအနေအထားဖြင့် ခဏမျှစောင့်ကြည့်ခဲ့သော်လည်း အခြားမည်သည့် တုန့်ပြန်မှုမှ ရှိမလာခဲ့ပေ။
သမားတော်မော့၏ သေဆုံးခြင်းကို နောက်ဆုံး အတည်ပြုပြီးမှသာလျှင် ဟန်လိက စိတ်သက်သာရာရသွားကြောင်း ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် ခံစားခဲ့ရသည့် တင်းကျပ်မှုက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခုထိတိုင် ဟန်လိသည် သူ၏ အကြီးမားဆုံး ရန်သူဖြစ်သည့် ကောက်ကျစ်လှသော သမားတော်မော့က အမည်မတပ်နိုင်သည့် သေဆုံးမှုမျိုးဖြင့် သေဆုံးသွားလိမ့်မည်ဟု မယုံကြည်နိုင်မှု အချို့ရှိနေဆဲပေသည်။
ဟန်လိက သူ့နဖူးကို ထိကြည့်လိုက်သည့်အခါ သူ့နဖူးတွင် ကပ်ထားခဲ့သည့် 'ဝိညာဥ်ချိပ်ပိတ်အဆောင်' က အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီကို သတိပြုမိလိုက်သည်။ ဤသည်မှာ ဟန်လိကို ထူးဆန်းသလို ခံစားမိလိုက်ရစေသည်။ သူက နောက်ပိုင်း၌ အစီအရင်အဆောင်များနှင့် ချိပ်ပိတ်ခြင်းနည်းစနစ်တို့ဖြင့် ပတ်သတ်သည်တို့ကို လေ့လာပြီးနောက်မှသာ အဖြစ်အပျက်တို့ကို သတိပြုနိုင်မည်ဖြစ်သည်။ ကြည့်ရသည်မှာ အဝါရောင်အဆောင်အတွင်းမှ စွမ်းအား အားလုံးက အသုံးပြုပြီးသွားသည့်အတွက်ကြောင့် ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပုံရကာ ထို့ကြောင့်သာ စန်လိက ရှာဖွေနိုင်ခြင်းမရှိပုံရလေသည်။
ယခုမှ စိတ်အေးလက်အေးဖြစ်သွားသော ဟန်လိက ဂရုတစိုက်ဖြင့် သမားတော်မော့ရှိနေသည့် နေရာတစ်ဝိုက်ကို စတင်စစ်ဆေးကာ အသက်စွမ်းအင်အစအန ကျန်ရစ်မလား ရှာဖွေရန်ဆုံးဖြတ်လိုက်သည်။
ဟန်လိသည် ဖယောင်းတိုင်များက ဆက်လက်ထွန်းလင်းနေဆဲဖြစ်ပြီး အချိန်အကြာကြီး ကုန်ဆုံးသွားခြင်းမရှိသေးကြောင်း သူ့ကို ပြောပြနေသည်။ အခြားတစ်ဖက်တွင် ကျောက်စိမ်းအပိုင်းအစများက ၎င်းတို့၏ တောက်ပမှုနှင့် စွမ်းအင်တို့ ဆုံးရှုံးသွားရကာ မည်သူ့မျက်လုံးများကိုမှ ဖမ်းစားနိုင်ခြင်း မရှိတော့ပေ။
သူ၏ အာရုံစိုက်မှုက ကျောက်တုံးအခန်း၏ ဘယ်ဘက်ထောင့်သို့ ရောက်ရှိသွားပြီး ဟန်လိသည် ယခင် စစ်ဆေးမှုမှ လွတ်ထွက်သွားသော အရာဝတ္ထုတစ်ခုပေါ်သို့ အာရုံစိုက်သွားခဲ့သည်။ ဟန်လိက ထိုအရာနှင့် စိမ်းသက်ခြင်းမရှိပေ။ ၎င်းသည် သူ၏ အိပ်မက်အတွင်း ကျူးကျော်လာခဲ့ပြီး ထွက်ပြေးသွားနိုင်ခဲ့သည့် အစိမ်းရောင် အလင်းလုံးဖြစ်ပြီး ဟန်လိ၏ ဝါးမြိုမှုကြောင့် ၎င်းအရွယ်အစားက သုံးပုံတစ်ပုံခန့်သာ ကျန်တော့သည်။
ထိုအချိန်တွင် ၎င်းက အခန်းထောင့်မှ တစ်နေရာတွင် ပြင်းပြင်းထန်ထန် တွင်းတစ်ခု တူးထုတ်နေခဲ့ပြီး ဟန်လိ သတိပြုမိသွားမည်ကို ကြောက်ရွံ့စွာဖြင့် မြင်ကွင်းမှ ပုန်းကွယ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။
ဟန်လိက မေးဖျားကို လက်ဖြင့်ပွတ်ရင်း ထိုမြင်ကွင်းကို ရွှင်မြူးစွာ ကြည့်နေခဲ့သည်။
ထို့နောက် သူက လျင်မြန်စွာ ထရပ်လိုက်ပြီး အလင်းလုံးထံ ခြေလှမ်းကျဲများဖြင့် လျှောက်သွားခဲ့ပေသည်။
သူက အလင်းလုံးနှင့် လက်မဝက်ခန့် အကွာအဝေးသို့ ရောက်မှသာ ရပ်လိုက်ပြီး သူ့ပါးစပ်ကို ဖြေးညင်းစွာ ဖွင့်လိုက်သည်။
"ကျုပ်တို့နှစ်ယောက် အချင်းချင်း သိမယ်လို့ ထင်တယ်။ ခင်ဗျားက ယွီကျစ်ထုံ ဖြစ်ရမယ်။ ကျုပ်ပြောတာ မှန်တယ်မလား။"
ယွီကျစ်ထုံ ရှိနေသည့် အစိမ်းရောင်အလင်းလုံးလေးက ဟန်လိ သူ့အမည်ကို ခေါ်လိုက်သည်အား ကြားသောအခါ စတင်တုန်ယင်လာသော်လည်း တခဏကြာပြီးနောက် တစ်ဖန် စတင်တောက်ပလာသည်။
"မင်း မှန်းတာ မှန်တယ်။ ကြည့်ရတာ မင်းက တကယ်ကို သမားတော်မော့ရဲ့ တပည့်ပဲ။ မင်းက သူ့လိုပဲ ရင်ဆိုင်ရခက်တယ်။" အလင်းလုံးလေးက သူ၏ ကံကြမ္မာကို လက်ခံလိုက်ရပြီး ပြောလိုက်သည်။ ထိုအသံမှနေ၍ ဟန်လိသည် ၎င်းက အမှန်တကယ်ပင် သမားတော်မော့နှင့် စကားပြောခဲ့သည့် လူငယ်ဖြစ်ကြောင်း သိလိုက်သည်။
၎င်းက သရုပ်မှန်ကို ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ ဟန်လိ၏ အတွေးတို့ကို အတည်ပြုပေးလိုက်သည်။
ယခု ဟန်လိက သူ မည်သည့်အရာနှင့် ရင်ဆိုင်နေရကြောင်း သိလိုက်ပြီးနောက် ဟန်လိက မေးလိုက်သည်။ "ခင်ဗျားကလည်း ကျုပ် အသက်ကို ယူပြီး ကျုပ်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးချင်ခဲ့တဲ့ တရားခံတွေထဲက တစ်ယောက်ဆိုတော့ ကျုပ်ကို တစ်ခုခုရှင်းပြသင့်တယ်လို့များ မထင်ဘူးလား။ ဟန်လိက ထိုတရားခံနှင့် စကားပြောနေသော်လည်း မည်သည့်ဒေါသကိုမှ ဖော်ပြမလာဘဲ တည်ငြိမ်စွာဖြင့် အကြံပြုလိုက်သည်။
သို့ဆိုလျှင်ပင် ယွီကျစ်ထုံသည် ဟန်လိ၏ ကွဲပြားသော သဘောထားကို မြင်တွေ့လိုက်ရပြီး သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုအချို့ကို ခံစားမိလိုက်ပေသည်။
သူတို့၏ ဝိညာဥ်နှစ်ခုကြားမှ လတ်တလောတိုက်ပွဲတွင် သူသည် ဟန်လိ၏ စွမ်းအားကို တွေ့ကြုံခဲ့ရပြီး သူ့ ဝိညာဥ်သည်ပင် တစ်စိတ်တစ်ပိုင်း ဝါးမြိုခံလိုက်ရကာ သူ၏ အတွင်းချီက ထက်ဝက်လျော့ကျသွားခဲ့ရသည်။ ကျန်ရစ်နေသေးသည့် အတွင်းချီတစ်ဝက်မှာ အသေးစားမန္တာန်လေးများကိုသာ ထုတ်ဖော် အသုံးပြုနိုင်ပြီး ဟန်လိကိုသတ်ရန် သို့မဟုတ် သူ့ကိုယ်သူကာကွယ်ရန် မလုံလောက်ဘဲ သူ့နှလုံးသားထဲ၌ ကြောက်ရွံ့မှုသာ ဖြစ်ပေါ်လာစေသည်။
"မင်း ဘာသိချင်တာလဲ။"
ဟန်လိသည် ယခုလေးတင်မှ အသက်အန္တရာယ်ခြိမ်းခြောက်မှုကနေ လွတ်မြောက်လာသည့်အတွက် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိလိမ့်မည်မဟုတ်ကြောင်း သိရှိပေသည်။ သူက တည်ငြိမ်နေပုံပေါ်သော်လည်း သူ၏ ခံစားချက်အစစ်အမှန်က မည်သို့ ခံစားနေရသည်ကို မည်သူက သိပါမည်နည်း။ တစ်နည်းအားဖြင့် ငြိမ်သက်နေသည့် မီးတောင်တစ်ခု၏ ဖျက်ဆီးခြင်းစွမ်းအားကို မည်သူမှ အတိအကျ ခန့်မှန်းနိုင်ခြင်း ရှိလိမ့်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ယွီကျစ်ထုံ၏ အကောင်းဆုံး ရွေးချယ်မှုမှာ ဟန်လိ၏ စိတ်ရှည်သည်းခံမှုကို စမ်းသပ်ခြင်းနှင့် လှည့်ကွက်များ အသုံးပြုခြင်းကို မပြုလုပ်ရန်သာ ဖြစ်လေသည်။ နောက်ဆုံး သူလိုချင်သည့်အရာမှာ သူ၏ အလျင်စလို လှုပ်ရှားမှုကြောင့် ဟန်လိကို ဒေါသဖြစ်မသွားစေရန်သာ ဖြစ်သည်။
"အရင်ဆုံး ခင်ဗျား ဘယ်သူလဲဆိုတာ ပြော။ ခင်ဗျား သမားတော်မော့နဲ့ ဘယ်လိုသိလာတာလဲ။ ပြီးတော့ ခင်ဗျားရဲ့ မူလအစီအစဥ်က ဘာလဲဆိုတာ ကျုပ်ကို အကုန်လုံး ရိုးရိုးသားသား ပြောပြတာလိုချင်တယ်။ အခု ကျုပ်မှာ အပေါဆုံးက အချိန်ပဲမို့ ခင်ဗျား ပြောသမျှအားလုံး နားထောင်ပေးနိုင်တယ်။" သူ ပြောနေစဥ် ဟန်လိက မျက်နှာဖုံးတပ်ထားသကဲ့သို့ ယွီကျစ်ထုံ၏ ထောက်လှမ်းမှုများက စိတ်ခံစားချက်တို့ကို ဖုံးကွယ်ထားပုံရသည်။