← Chapters

အမတကျင့်ကြံသူ

Vol. 5 Ch. 58

အမတကျင့်ကြံသူ

Vol. 5 Ch. 58

"အဟွတ်... ပြောရမယ်ဆို ကျုပ်ကလည်း ခံရသူပါပဲ။"

သူ့ပါးစပ်ကို စဖွင့်လိုက်သည်နှင့် ယွီကျစ်ထုံက ဟန်လိထံမှ စာနာမှုကို ရယူဖို့ရာ သမားတော်မော့နှင့်သူ့ကြားမှ ပတ်သတ်မှုကို ဘေးချိတ်ကာ ချည်နှောင်ထားမှုအားလုံး ဖြတ်တောက်ပစ်ရန် ကြိုးစားလာသည်။ သို့သော် သူ၏ အပြုအမူက အချည်းနှီးဖြစ်သွားရ၏။ ဟန်လိက အနည်းငယ်မျှ လှုပ်ရှားမသွားခဲ့ပေ။ မည်သည့် ရွေးချယ်စရာမှမရှိဘဲ ယွီကျစ်ထုံက ဆက်လက်ရှင်းပြရန်သာ လုပ်ဆောင်နိုင်ခဲ့သည်။

"အစက ကျုပ် အမတကျင့်ကြံသူတစ်ယောက်ပါ။"

ယွီကျစ်ထုံက ဟန်လိကို သူ၏ သမိုင်းကြောင်းအား ရိုးသားစွာ ပြောပြလာပြီး သမားတော်မော့နှင့် ဆုံတွေ့ခဲ့ရသည့်အကြောင်းအရာများ၊ သူက မည်သို့ ဤအခြေအနေနှင့် အဆုံးသတ်ခဲ့ရကြောင်း အရာအားလုံးကို အသေးစိတ်ရှင်းပြလေသည်။ သို့သော် ဤသည်မှာ သူ၏ အပြောသာလျှင်ရှိပြီး ဇာတ်ကြောင်းအတွင်း သူ့ကိုယ်သူ ခံရသူအဖြစ် ပြောင်းလဲပစ်ကာ တာဝန်ခံရမည့် မကောင်းသောအရာများအားလုံးကို သေဆုံးသွားသည့် သမားတော်မော့ ခေါင်းပေါ်သို့ တွန်းပို့ပစ်ခဲ့သည်။ အဆုံးမှာတော့ သေပြီးသားသူက မည်သည့်အရာမှ ပြောနိုင်ခြင်းမရှိတော့ပေ။

ဟန်လိက သူပြောသည့် အကြောင်းအရာများကို အပြည့်အဝယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့သော် သူ ယခုလေးတင် ကြားခဲ့ရသည့် ဇာတ်လမ်းနှင့် သမားတော်မော့ အသက်ရှင်နေစဥ် ပြောခဲ့သော စကားများကို နှိုင်းယှဥ်ကာ ဟန်လိသည် သူ ယခုလေးတင် ကြားခဲ့ရသည့် ဇာတ်လမ်းက ခုနစ်ဆယ်ရှစ်ဆယ်ရာခိုင်နှုန်းခန့် မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့က ဖြစ်နိုင်ချေမြင့်မားခြင်း မရှိသော်လည်း သူတို့ ကြုံတွေ့ခဲ့သည့်အခြေအနေများက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ဇာတ်ကြောင်းအတွင်းမှ ယုံကြည်၍မရနိုင်သော အကြောင်းအရာများကို ဖယ်ထုတ်ပြီးနောက် ဟန်လိက အမှန်တရားကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

ဟန်လိသည် သမားတော်မော့က သူ၏ အတိတ်နှင့် ပတ်သတ်ကာ သူ့ကို လိမ်စရာအကြောင်း မရှိကြောင်း နားလည်ထားသည်။ သမားတော်မော့ထံမှ ကြားထားသည့် ဇာတ်ကြောင်းအရ သူက အငိုက်ဖမ်းတိုက်ခိုက်ခံရကာ သူ၏ မူလအသွင်အပြင်နှင့် စွမ်းအားတို့ကို ပြန်လည်ရရှိအောင် နည်းလမ်းရှာဖွေနေခြင်းမှာ အမှန်တရားဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သမားတော်မော့က ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး သူ့ကို လိမ်စရာအကြောင်းမရှိပေ။

သို့သော် ဟန်လိသည် ယခင်က သမားတော်မော့ သူ့အား ပြောဖူးခဲ့သော သူ၏အသက်စွမ်းအားတို့ကို ပြန်လည်ရရှိနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သောစာအုပ်အကြောင်း ပြန်တွေးမိလိုက်သည်။ ဖြစ်ပျက်သမျှအရာအားလုံးကို တွေးတောပြီးနောက် ထိုအကြောင်းအရာက ယွီကျစ်ထုံ၏ စကားများနှင့် မကိုက်ညီသဖြင့် မှားယွင်းနေသည်ဟု ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် သမားတော်မော့က ယွီကျစ်ထုံကြောင့် သူ၏ ငယ်ရွယ်မှုကို ရရှိလာအောင် ပြုလုပ်နိုင်ခဲ့သော်လည်း ယွီကျစ်ထုံကြောင့်သာ ကျိန်စာမိခဲ့ရခြင်း ဖြစ်လေသည်။

မူလတွင် ယွီကျစ်ထုံက ကျင့်ကြံရေးကလန်တစ်ခုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ သူက ထာဝရနွေဦးကျင့်စဥ်ကို အဆင့်ခုနစ်အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ သူ့တွင် ကျွမ်းကျင်မှုအချို့ ရှိသည်ဟု ဆိုနိုင်သော်လည်း အဆုံးတွင် သူ၏ ပါရမီအကန့်အသတ်ကြောင့် ထာဝရနွေဦးကျင့်စဥ်ကို ထပ်မံအဆင့်တိုးတက်လာအောင် မလုပ်နိုင်တော့ဘဲ အခြေတည်အဆင့်သို့ ဝင်ရောက်ရန် လိုအပ်ချက်များမပြည့်မီခဲ့ပေ။

အခြေတည်အဆင့်သို့ မရောက်နိုင်သော ကျင့်ကြံသူများကို ကျင့်ကြံသူများဟုပင် ဆုံးဖြတ်၍မရနိုင်ပေ။ အများဆုံး သူတို့ကို အစွမ်းထက်သည့် သေမျိုးများအဖြစ်သာ ဆုံးဖြတ်၍ရနိုင်ပြီး အမတကျင့်ကြံသူများ ဖြစ်လာရန် လမ်းတစ်ဝက်သို့ ရောက်နေသည်ဟု ဆိုနိုင်ပေသည်။ ယွီကျစ်ထုံက အဆင့်တက်နိုင်စွမ်းမရှိခဲ့သည့်အတွက်ကြောင့် သူက ဉာဏ်အလင်းပွင့်ရန် လောကတစ်ခွင်ကို စူးစမ်းလေ့လာဖို့ရာ ဆုံးဖြတ်ခဲ့ပြီး သူ၏ စိတ်တံခါးကို ဖွင့်ကာ အခြေတည်အဆင့်သို့ ရောက်ရှိနိုင်မည့် အတားအဆီးအား ချိုးဖျက်နိုင်ရန် မျှော်လင့်နေခဲ့သည်။

သူသည် ကျင့်ကြံခြင်း၌ အထောက်အကူ ပြုနိုင်မည့် အဖိုးတန် ဆေးဖက်ဝင်အပင်များကို ရှာဖွေနိုင်ရန်မျှော်လင့်ခဲ့သည်။ သို့သော် ထိုအခွင့်အရေးက နည်းပါးလွန်းသည်ကို သူ သိရှိခဲ့ပြီး မည်သို့ပင်ဖြစ်စေ ၎င်းက ကံတရားပေါ်၌ မူတည်နေသည့် ပြဿနာဖြစ်သည်။

မျှော်လင့်ချက်များနှင့် ပြည့်နေခဲ့သည့် အသက်နှစ်ဆယ်အရွယ် ယွီကျစ်ထုံက 'လောကုတ္တရာနယ်မြေ' ဟု ခေါ်သည့် ကျင့်ကြံသူများနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

အရောင်စုံလှသော အပြင်ဘက် လောကကြီးက အံ့သြစရာအဖြစ်အပျက်များ၊ စိတ်အနှောက်အယှက်ဖြစ်စရာများနှင့် ပြည့်နှက်နေခဲ့ပြီး ယွီကျစ်ထုံကို ၎င်းတို့၏ ခမ်းနားထည်ဝါမှုများထဲ နစ်မြုပ်သွားစေခဲ့သည်။ သူ၏ မူလစိတ်အခြေအနေက တည်ငြိမ်သည်ဟု မဆိုနိုင်ဘဲ ထိုနှစ်အနည်းငယ်အတွင်းမှာပင် သူ့စိတ်ကဖျက်ဆီးပစ်ခံလိုက်ရပေသည်။ သူက လွှမ်းမိုးနိုင်စွမ်းရှိသော ကလန်ကြီးတစ်ခု၏ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်ဖြစ်လာပြီး လောကကြီး၏ စည်းစိမ်ချမ်းသာများတွင် စတင်ပျော်မွေ့လာခဲ့သည်။ ရလဒ်အနေနှင့် သူ၏ အမတနှလုံးသားက တဖြေးဖြေးအားနည်းလာတော့သည်။

ကလန်မှ ထွက်ခွာသွားသူများနှင့် ပတ်သတ်၍ နှစ်ပေါင်းတစ်ရာကြာသည့်အခါ ယွီကျစ်ထုံကဲ့သို့သော တပည့်မျိုးက သူတို့၏အမည်ကို ကလန် စာရင်းထဲမှ အလိုအလျောက် ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းမှာ ထွက်ခွာသွားသည့် တပည့်များက ကလန်နှင့် မည်သည့်ပတ်သတ်မှုမှမရှိတော့ဘဲ သေမျိုးတစ်ယောက် ဖြစ်သွားသည်ဟု ဆိုနိုင်ပေသည်။ ယွီကျစ်ထုံကဲ့သို့သော တပည့်များက ကလန်သို့ မည်သည့်အခါမှ ပြန်သွားနိုင်လိမ့်တော့မည် မဟုတ်ပေ။ သူ၏ တိုက်ရိုက်မျိုးဆက်များထဲမှ တစ်ယောက်က အလွန် ကြီးမားသော ပါရမီအရည်အချင်းနှင့် အမတလမ်းကို လျှောက်လှမ်းနိုင်ခြင်းမရှိပါက ပြန်သွားခွင့်ရလိမ့်တော့မည် မဟုတ်ပေ။

ဤကဲ့သို့ဆက်သွားလျှင် ယွီကျစ်ထုံက ကျင့်ကြံရန်အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်ဖြစ်သော်လည်း သက်တမ်းတလျှောက် စည်းစိမ်ချမ်းသာများထဲ ပျော်မွေ့ကာ နေထိုင်နိုင်ရန် ဖြစ်နိုင်ချေမြင့်မားနေဆဲဖြစ်သည်။ ထိုသည်မှာ အခြေတည်အဆင့်သို့ တက်ရောက်ရန် ကျရှုံးခဲ့သော ကျင့်ကြံသူမျအတွက် အလွန်အဖြစ်များသည့် အခြေအနေဖြစ်သောကြောင့် ရေးကြီးခွင်ကျယ် လုပ်စရာမရှိပေ။

တစ်နေ့တွင် ကောင်းကင်က ကူညီခြင်းလား ကြမ္မာနတ်သမီးက သူ့အား ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ခြင်းလား မသိသော်လည်း ယွီကျစ်ထုံ မြို့ထဲက လမ်းများတွင် လျှောက်သွားနေရင်း ရုတ်တရက် ဝိညာဥ်ဆေးပင်အရောင်းဆိုင်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အံ့အားသင့်စရာကောင်းစွာပင် သူက အမှန်တကယ် ထိုနေရာ၌ အလွန် ကောင်းမွန်သည့် ဝိညာဥ်ဆေးပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ထိုဝိညာဥ်ဆေးပင်ကို 'သွေးဝိညာဥ်မြက်' ဟု ခေါ်လေသည်။ ၎င်း၏ အသွင်အပြင်က သွေးစွန်းမြက်နှင့် ကိုးဆယ့်ငါးရာခိုင်နှုန်းခန့် တူညီသည့်အတွက် ဆေးပင်များနှင့် မရင်းနှီးသူတို့အတွက် သတိမပြုမိဘဲ ရှိတတ်ပေသည်။ ထိုဂရုမစိုက်တတ်သည့်ဆိုင်ရှင်က အမှန်တကယ်ပင် ထိုမြက်နှစ်ခုကို အတူတူထားလိမ့်မည်ဟု မည်သူက သိပါမည်နည်း။

ယွီကျစ်ထုံသည် ထိုသွေးဝိညာဥ်မြက်ကို မြင်သောအခါ အလွန် ဝမ်းမြောက်သွားခဲ့သည်။ ထိုဝိညာဥ်မြက်နှင့်ဆိုလျှင် သူသည် အဆင့်တက်ရန်အတားအဆီးကို ချိုးဖျက်နိုင်မည့် အခွင့်အရေးက အလွန်တိုးမြင့်လာပေလိမ့်မည်။ ဝိညာဥ်ဆေးပင်ကို ရှာတွေ့လိုက်ခြင်းက မီးညှိလိုက်ခြင်းနှင့်တူပေသည်။ သူ၏ နှလုံးသားအတွင်းမှ မီးလျှံက တစ်ဖန် စတင် တောက်လောင်လာသည်။

သူက ထိုဆေးပင်ကို ဝယ်ယူတော့မည့်အချိန်၌ နောက်ထပ် အမတကျင့်ကြံသူတစ်ယောက်က ဆိုင်အတွင်း ဝင်လာလိမ့်မည်ဟု မည်သူက သိပါမည်နည်း။ သူ့ရှေ့တွင် ထိုကဲ့သို့ အဖိုးတန်ဆေးပင်ကိုမြင်သောအခါ ထိုသူက သွေးဝိညာဥ်မြက်ကို ဝယ်ယူရန် ယွီကျစ်ထုံနှင့်တိုက်ခိုက်တော့သည်။

ဤအခြေအနေကို မြင်သည့်အခါ ဆိုင်ရှင်က သူတို့အား ဖြေရှင်းချက်တစ်ခုပေးလာသည်။ စျေးအမြင့်ဆုံးပေးနိုင်သူကို ထိုဆေးပင်အား ရောင်းချမည်ဖြစ်၏။ နောက်ဆုံးတွင် ယွီကျစ်ထုံက အနည်းငယ်မျှသော ကွာဟချက်ဖြင့် လေလံအောင်နိုင်ခဲ့သည်။

သူက အနိုင်ရပြီးနောက် ဆေးဆိုင်မှ အလျင်စလို ထွက်ခွာလာသည်။ သူသည် တစ်ဖက်လူက အလွယ်တကူ လက်လျှော့လိမ့်မည်မဟုတ်ကြောင်း သိရှိပေသည်။ ယွီကျစ်ထုံက စိုးရိမ်နေသောကြောင့် သူနေထိုင်ရာကလန်သို့ အလုံခြုံဆုံးလမ်းမှပြန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် လမ်းတစ်ဝက်တွင် တစ်ဖက်လူက သူ့ကို လိုက်မီလာပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

တစ်ဖက်ကျင့်ကြံသူက သူ့ထက် အစွမ်းထက်သောကြောင့် ယွီကျစ်ထုံသည် ဆိုးရွားလှသော အရှုံးနှင့် ရင်ဆိုင်ခဲ့ရပေသည်။ သို့သော် သူက ဝိညာဥ်ဆေးပင်ကို လက်မလျှော့ချင်သေးဘဲ ဖြစ်နေသည်။ သူက အံကိုကြိတ်ကာ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးရန်ဆုံးဖြတ်လိုက်သည်။ သူသည် ကလန်မှ သူ့အား ပေးအပ်ထားခဲ့သည့် တစ်ခုတည်းသောရတနာကို ထုတ်ယူကာ ရူးမိုက်စွာဖြင့် ပြိုင်ဘက်နှင့်အတူ သေပစ်ရန်ဟူသည့် အတုအယောင် ရည်ရွယ်ချက်ကို ပြသခဲ့သည်။ ဤနည်းလမ်းဖြင့် ယွီကျစ်ထုံသည် တစ်ဖက်လူကို ခြောက်လှန့်၍ မောင်းထုတ်နိုင်ခဲ့ပေသည်။

သူက အနိုင်ရရှိခဲ့လျှင်ပင် လက်ရှိအခြေအနေ၌ ဒဏ်ရာများစွာ ရရှိထားခဲ့သည်။ ထိုအချိန်၌ သူက အခြားလူကို မောင်းထုတ်နိုင်ခဲ့သော်လည်း သူ့ကိုယ်သူ ကုသရန် ဆေးဝါးရှာဖွေနေသည့် သမားတော်မော့နှင့် တွေ့ဆုံခဲ့ရသည်။

ထိုသည်က ယွီကျစ်ထုံ၏ ကံကြမ္မာဖြစ်နိုင်ပေသည်။ သူ၏ အတွေ့အကြုံမရှိမှုကြောင့် ယွီကျစ်ထုံသည် လူသားများ၏ နှလုံးသားက အဆိပ်ပြင်းလှသည်ကို မသိရှိခဲ့ပေ။ သူက သမားတော်မော့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မြင်သောအခါ အလွန်အဖိုးတန်သည့် ဝိညာဥ်ဆေးပင်ကိုရရှိလာကြောင်း တုံးအစွာ ဖော်ထုတ်မိခဲ့သည်။

ထိုကဲ့သို့ဖြင့် ယွီကျစ်ထုံက သူ၏ ကပ်ဘေးကို သူကိုယ်တိုင် ဖိတ်ခေါ်မိခဲ့တော့သည်။ သမားတော်မော့က သူ့ဒဏ်ရာများအတွက် ကုသဆေးကို အပြင်းအထန် ရှာဖွေနေကြောင်း သူ မသိခဲ့ပေ။ ယခု သမားတော်မော့က ယွီကျစ်ထုံထံ၌ သူ့ကို ကယ်တင်ပေးနိုင်မည့် အစွမ်းထက်ဝိညာဥ်ဆေးပင် ရှိနေကြောင်း သိရှိသွားလေရာ သူက ရှိသမျှနည်းလမ်းအားလုံး အသုံးပြုပြီး ယွီကျစ်ထုံထံမှ ဆေးပင်ကို ရယူရန် တောင်းဆိုလိမ့်မည် ဖြစ်သည်။

သို့သော် ယွီကျစ်ထုံက မည်သို့သဘောတူနိုင်ပါမည်နည်း။ သူသည်လည်း သူ့ဒဏ်ရာများကို ပြန်လည်သက်သာစေရန် အံ့အားသင့်ဖွယ် အာနိသင်တို့ကို လိုအပ်ပေသည်။ လက်ရှိသူက သာမန်သေမျိုးတစ်ယောက်နှင့် ခြားနားခြင်းမရှိပေ။

သမားတော်မော့က သူ၏ ညှိနှိုင်းမှု မအောင်မြင်သည်က်ု မြင်သည့်အခါ သူ့နှလုံးသားအတွင်း၌ အမုန်းတရားများဖြစ်ပေါ်လာ၏။ သမားတော်မော့က သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး သက်ပြင်းချရင်း ကံကြမ္မာကို လက်ခံလိုက်ပုံပေါ်လေသည်။ သူက ဉာဏ်သုံးကာ ကောင်းမွန်သည့်အခွင့်အရေးကို စောင့်ဆိုင်းရပေလိမ့်မည်ဟု တွေးရင်း သမားတော်မော့က ယွီကျစ်ထုံကို သေအောင်အဆိပ်ခတ်ရန် ဆုံးဖြတ်ခဲ့သည်။

သာမန်အခြေအနေတွင် သာမန်အဆိပ်များက ယွီကျစ်ထုံကို သက်ရောက်စေလိမ့်မည် မဟုတ်သော်လည်း သမားတော်မော့၏ အဆိပ်က ဖြေဆေးမရှိသည့်အဆိပ် ဖြစ်လေသည်။

ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိပြီးသားဖြစ်သည့် ယွီကျစ်ထုံက ယခုတွင် ပြင်းထန်သော အဆိပ်နှင့်ပါ ရင်ဆိုင်ခဲ့ရပေသည်။ လှုပ်ရှားမှုတိုင်း၌ ရုန်းကန်နေရပြီး သူက သေလုဆဲဆဲအခြေအနေသို့ ကျရောက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သမားတော်မော့က သူ့ကိုယ်သူ ဖော်ပြလာပြီး ယွီကျစ်ထုံထံသို့ ရန်လိုလှစွာ လျှောက်လာခဲ့သည်။

ယခုမှသာလျှင် ယွီကျစ်ထုံက အဖြစ်အပျက်တို့ကို နားလည်သွားခဲ့သည်။ သူက သမားတော်မော့ကို ထိုကဲ့သို့ အောင်မြင်သွားစေရန် ခွင့်မပြုနိုင်ပေ။ ဤကဲ့သို့သော အန္တရာယ်များသည့် အခြေအနေတွင် သူက ကြာကြာခုခံနိုင်ရန် နည်းလမ်းရှာဖွေရလိမ့်မည် ဖြစ်သည်။ ကြီးမားလှသော ဒေါသတရား၏ အောက်တွင် သူက ရွေးချယ်စရာမရှိဘဲ သွေးဝိညာဥ်ကျိန်စာကို အသုံးပြုကာ သွေးအနှစ်သာရများအားလုံးနှင့် သူ့ခန္ဓာကိုယ်အတွင်းမှ ဝိညာဥ်စွမ်းအင်တို့ကို သွေးကျိန်စာအဖြစ် ပြောင်းလဲပြီး သမားတော်မော့၏ မျက်နှာသို့ ထွေးထုတ်လိုက်သည်။ ထို့နောက် ယွီကျစ်ထုံ၏ ဝိညာဥ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားခဲ့လေသည်။

သူ့ဝိညာဥ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီးနောက်မှသာလျှင် ယွီကျစ်ထုံက သူ အမှားလုပ်မိကြောင်း သတိပြုမိလိုက်သည်။ သူက ဝိညာဥ်ချည်နှောင်ရတနာကို ပြင်ဆင်ထားရန် မေ့သွားခဲ့သည့်အတွက်ကြောင့် သူ့ဝိညာဥ် ယာယီ ခိုနားနိုင်မည့် နေရာ မရှိတော့ပေ။ ရွေးချယ်စရာမရှိတော့ဘဲ သူက သမားတော်မော့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခဲ့ရသည်။ ဝိညာဥ်များက မှီတွယ်စရာနေရာ မရှိသည့်အခါ တဖြေးဖြေး ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

သမားတော်မော့၏ မျက်နှာသို့ သွေးကျိန်စာ ထွေးထုတ်ပြီးသည်နှင့် သူက ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း တည်ငြိမ်အောင် လုပ်ဆောင်ပြီးနောက် ထူးဆန်းသည့်အရာ မည်သည်မှ ဖြစ်ပျက်မလာသည်ကို သတိပြုမိကာ သတိထားနေမှုကို ဖြေလျှော့လိုက်ပြီး ထိုအကြောင်း တွေးတောနေမှုကို ရပ်တန့်လိုက်သည်။

သူ၏ ဆေးပညာဗဟုသုတကို အခြေခံကာ သမားတော်မော့က ယွီကျစ်ထုံ၏ အလောင်းကို ရှာဖွေခဲ့ပြီး သူ ရှာတွေ့သမျှ ဆေးတို့ကို ဝါးမြိုခဲ့သည်။ ထင်ထားသလိုပင် အမတကျင့်ကြံသူများထံမှ ဆေးတို့က ထူးထူးခြားခြား အာနိသင်ရှိပေသည်။ သမားတော်မော့က ဆေးလုံးများကို ဝါးမြိုပြီးနောက် သူ၏ အတွင်းချီကို ပြန်လည်ရရှိလာခဲ့သည်။

သမားတော်မော့က ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ နားမလည်နိုင်သော ထာဝရနွေဦးကျင့်စဥ်အပါအဝင် ယွီကျစ်ထုံနှင့် သက်ဆိုင်သမျှ အရာအားလုံးကို ယူဆောင်လိုက်သည်။ သူ ထွက်မသွားခင် သမားတော်မော့က သူ့ဒဏ်ရာများ သက်သာလာပြီးနောက် သူ့ရန်သူများအားလုံးကို လက်စားချေရန် ဆုံးဖြတ်ခဲ့ပေသည်။

All Chapters