စကြဝဠာမြို့၏ ပညာရှင်
Vol. 81 Ch. 1131
ရွှေရောင်ဆံပင် အမျိုးသားတို့ အဖွဲ့က လျန်ကျီကို အမှန်တကယ် ကြောက်ကြဟန် ပေါ်သည်။ သူတို့က သူတို့နောက် ဆက်လိုက်မလာကြပေ။
သူတို့ အတော်လှမ်းလှမ်း သွားပြီးနောက် ကျီလီက ထိုလေးယောက် လိုက်မလာသည်ကို မြင်မှ သက်ပြင်းချလိုက်နိုင်။ သူမက လျန်ကျီအား လေးလေးစားစား ဦးညွှတ်ကာ “ ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ် ”
လျန်ကျီက မြန်မြန် လက်ခါကာ
“ အဲဒီလေးယောက်က နာမည်ဆိုး ရှိတယ်။ သူတို့က စကြဝဠာအသင်္ချေဆိပ်ကမ်းရဲ့ ကျင့်ကြံသူအများကြီးကို ထိခိုက်အောင် လုပ်ခဲ့ကြသေးတယ်။ ကျုပ်က ခင်ဗျားကို များများစားစား မကူညီလိုက်ရပါဘူး။ သူတို့ ပြောတဲ့အတိုင်း ကျုပ်က ကိုယ့်ဘာသာ ကာကွယ်နိုင်ရုံလောက်လေးရယ် … ”
လျန်ကျီက ခေါင်းတခါခါဖြင့် ဆက်မပြောတော့ပေ။
ကျီလီက လျန်ကျီ စကားကို နားလည်သွားသည်။ လျန်ကျီက သူမအတွက် အကူအညီများစွာ မဖြစ်သည်မှာ သူမကို ကယ်တင်ပေးပြီးနောက် ဘာမှမကူညီပေးနိုင်၍ ဖြစ်၏။ သူမ စွမ်းအင်ဗဟိုချက် ဖျက်စီးခံလိုက်ရပြီ ဖြစ်ရာ အသက်ရှင်နေသေးသည်က ထူးဆန်းဖွယ် ဖြစ်နေလေပြီ။ ထို့အပြင် သူမက လျန်ကျီနောက် လိုက်နေ၍ မရပေ။
“ တာအိုရောင်းရင်းလျန် …. ဒါက စကြဝဠာအသင်္ချေဆိပ်ကမ်းလား ” ကျီလီက မြန်မြန် မေးလိုက်သည်။
လျန်ကျီက ပြန်ဖြေလိုက်သည်
“ ဟုတ်တယ် …. ဟိုးအရင်ကတော့ ဒီနေရာက စကြဝဠာအသင်္ချေဆိပ်ကမ်း ဖြစ်ခဲ့တယ်။ တကယ်လို့ ဒီနေရာကို ပထမဆုံး ရောက်လာတာဆိုရင် ဒီနေရာက ကောလဟာလတွေနဲ့ အရမ်းကွာခြားတယ်လို့ ထင်နေတာမလား။ စကြဝဠာအသင်္ချေဆိပ်ကမ်းမှာ ကျင့်ကြံသူအများကြီး စုံစည်းကြတယ်ဆိုပြီး ကောလဟာလတွေ ထွက်နေတာလေ။ ဒီနေရာက စည်ကားသိုက်မြိုက်သင့်တယ် မလား ”
ကျီလီက မသိမသာ ခေါင်းညိတ်လိုက်၏။ သူမ စိတ်ထဲ၌ စကြဝဠာအသင်္ချေဆိပ်ကမ်းက စည်ကားသိုက်မြိုက်သော နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာ၌ ပါရမီရှင်များစွာ ရှိသင့်ပေ၏။ ဥက္ကာခဲပျက်တစ်ခုလိုမျိုး သီးသန့်ကွဲထွက်ကာ လူသူကင်းမဲ့နေသည့် နေရာ မဖြစ်သင့်ချေ။
လျန်ကျီက အားရပါးရ ရယ်မောလိုက်ပြီးနောက်
“ ကပ်ဘေးကြီးက စကြဝဠာအသင်္ချေဆိပ်ကမ်းအပေါ် မသက်ရောက်ဘူးလို့ ထင်နေတာလား။ တကယ်တော့ အတော်လေးကို အခြေအနေဆိုးတယ်။ တကယ်လို့ ခင်ဗျားသာ စကြဝဠာအသင်္ချေဆိပ်ကမ်းမှာ ဘယ်လောက်တောင် ကမောက်ကမ ဖြစ်နေမယ်ဆိုတာကို မြင်ရင် ကိုယ့်မျက်လုံးတောင် ယုံနိုင်မှာ မဟုတ်လောက်ဘူး။ စကြဝဠာအသင်္ချေဆိပ်ကမ်းက အမြဲတမ်း အဆင့်တန်းမြင့်မြင့် နေရာတစ်ခု ဖြစ်ခဲ့တာလေ ….
ဆိပ်ကမ်းခေါင်းဆောင် ရှင်းလီကျန်းက ဝိဇ္ဇာတွေထဲမှာ အားမကောင်းဆုံးဆိုပြီး သတင်းတွေ ထွက်ဖူးသေးတယ်။ အဆုံးသတ်ကျ သူလည်း ကပ်ဘေးထဲမှာ ပျောက်ကွယ်သွားရတာပါပဲ ….
ဒါနဲ့ ဒီကို လာတုန်းက တစ်ခုခုကို သတိထားမိလား။ စကြဝဠာအသင်္ချေဆိပ်ကမ်းက ပျောက်ကွယ်သွားသလိုမျိုးလေ …. အဲဒါက ဟိုလေးယောက်ရဲ့ လက်ချက်ပဲ။ စကြဝဠာအသင်္ချေဆိပ်ကမ်းရဲ့ ကာကွယ်ရေး အစီအရင်က ပျောက်သွားတာ ကြာပြီဆိုတော့ သူတို့က သူတိုနည်းလမ်းနဲ့ သူတို့ သုံးထားကြတာ။ သူတို့က ရောက်လာတဲ့သူတွေ အရှိန်လျော့သွားအောင် ပုံရိပ်ယောင် ဖန်တီးထားကြတာလေ ”
ကျီလီက ထိုစကားများကို ကြားသောအခါ ကြောင်အမ်းအမ်း ဖြစ်သွားမိ၏။ ခဏအကြာတွင် သူမက မရေမရာ လေသံဖြင့် မေးကြည့်လိုက်သည် “ အဲလိုဆို စကြဝဠာအသင်္ချေဆိပ်ကမ်းမှာ ဘယ်သူမှ မကျန်ခဲ့ဘူးလား ”
အကယ်၍ စကြဝဠာအသင်္ချေဆိပ်ကမ်း၌ တစ်ယောက်မှ မကျန်တော့လျှင် အမှောင်ကမ္ဘာသို့ သွားရမည့် ကူးသန်းရေး အစီအရင်လည်း သေချာပေါက် ရှိတော့မည် မဟုတ်ချေ။
“ အဲဒီမှာ လူတွေ ရှိနေပါသေးတယ်။ စကြဝဠာအသင်္ချေဆိပ်ကမ်းအလယ်မှာ လျို့ဝှက် စကြဝဠာမြို့ ရှိသေးတယ်။ အဲဒီမှာ အလဲအလှယ်တို့၊ အပေးအယူတို့ လုပ်လို့ ရတယ်။ ဒါပေမဲ့ ခင်ဗျား အသက်ဆက်ရှင်နေသေးတယ်ဆိုရင်ပေါ့ …. ” လျန်ကျီက ထေ့ငေါ့ပြောလိုက်သည်။
သူက ကျီလီကို ကယ်တင်ခဲ့ခြင်းမှာ လုပ်နိုင်စွမ်း ရှိနေသေး၍ ဖြစ်၏။ သို့သော်လည်း သူ လုပ်နိုင်ချင်သည့် အရာများစွာ ရှိမှန်း သိသော်လည်း မလုပ်နိုင်မှန်း သိပေသည်။
ကျီလီက စိတ်အားတက်ကြွစွာ ပြန်ဖြေလိုက်သည်
“ တာအိုရောင်းရင်းကို တစ်ခုလောက် မေးလို့ ရမလား။ အဲဒီ စကြဝဠာမြို့ထဲမှာ တခြားကမ္ဘာနယ်ပယ်ဆီ ခေါ်သွားပေးနိုင်မဲ့ ကူးသန်းရေး အစီအရင်မျိုး ရှိလား ”
လျန်ကျီက မိုဝူကျိကို ကြည့်လိုက်မိသည်။ ထို့နောက် သူက ခေါင်းခါကာ
“ တာအိုရောင်းရင်း … အရင်ဆုံး ခင်ဗျားဘာသာ ဂရုစိုက်သင့်တယ်။ ခင်ဗျားရဲ့လက်ရှိအနေအထားနဲ့ စကြဝဠာမြို့ဆီ သက်တမ်းကုန်လုနီး ဖြစ်နေတဲ့ လူတစ်ယောက်ကို ခေါ်လာတာက ကိုယ့်အသက်ကို စတေးနေသလိုပဲ ”
လျန်ကျီက ထိုသို့ ပြောပြီးသည့်နောက် ရပ်တန့်လိုက်သည်။ ကျီလီက ယခု စကြဝဠာအသင်္ချေဆိပ်ကမ်းမှ ထွက်သွားလျှင်ပင် သူမဘာသာ သေတွင်းထဲ ခုန်ချသလို ဖြစ်မည်မှန်း သိနေ၏။ ဤသည်မှာ အပြင်ဘက်၌ သူမကို စောင့်ဆိုင်းနေသည့် လူလေးယောက်ကို ထည့်မတွက်ရသေးပေ။
ကျီလီက မြန်မြန် ဦးညွှတ်ကာ
“ တာအိုရောင်းရင်း ကျွန်မကို စကြဝဠာမြို့ဆီ ခေါ်သွားပေးနိုင်မလား …. ကျွန်မရဲ့ စွမ်းအင်ဗဟိုချက်က ပျက်စီးနေပြီးတော့ စိတ်စွမ်းအားက အားနည်းနေပြီ။ တကယ်လို့ ဘယ်သူမှ ဦးဆောင်ခေါ်မသွားရင် ကျွန်မ မြို့ကိုတောင် ရှာမတွေ့လောက်ဘူး ”
လျန်ကျီက အားတင်းပြုံးကာ “ ခင်ဗျားကို ခေါ်သွားပေးနိုင်ပါတယ်။ ဒါပေမဲ့ …. ”
လျန်ကျီ စကားမဆုံးခင် သူ့အမူအယာ ပျက်ယွင်းသွားလေသည်။ သူက ခပ်မြန်မြန် ပြောလိုက်၏ “ မြန်မြန် လိုက်လာခဲ့ ”
ကျီလီ၏ စွမ်းအင်ဗဟိုချက်က ပျက်စီးနေဆဲ ဖြစ်ကြောင်း သတိပြုမိသွားကာ လျန်ကျီက သူ့သဘာဝစွမ်းအားများဖြင့် ကျီလီအား ဆွဲခေါ်သွားလိုက်သည်။
လျန်ကျီက ကျီလီအား အချိုးအကွေ့တချို့ ခေါ်လာပြီး အမွေးတိုင်ဝက်စာ ကြာပြီးနောက် ကျီလီက အရာအားလုံးကို ရှင်းလင်းသွားတော့သည်။ ကြီးကျယ်ခမ်းနားသည့် ကျောက် မြို့က ကျီလီ မျက်စိရှေ့ ပေါ်လာလေ၏။
ဟုတ်တယ် …. ကျောက်မြို့ …
မြို့ဝင်ပေါက်နှင့် မြို့နံရံများကို ဧရာမ ကျောက်တုံးများဖြင့် တည်ဆောက်ထားလေ၏။ ဤသည်မှာ သူမ ရောက်ဖူးသည့် တခြားသော မြို့များနှင့် လုံးလုံး မတူပေ။ ကြည့်ရသည်မှာ ရှေးဟောင်းမျိုးနွယ် မြို့နှင့် ပိုတူပေ၏။ ကျောက်မြို့တစ်ခုလုံး၌ စကြဝဠာမြို့ဟု ညွှန်းဆိုသည့် လက္ခဏာရပ် ရှိမနေပေ။
“ ညီမရေ … ကျုပ်တော့ ဒီလောက်အထိပဲ ကူညီနိုင်တယ်။ ခင်ဗျား အသက်ရှင်တာ၊ မရှင်တာက ခင်ဗျားအပေါ်ပဲ မူတည်တယ် ” ထိုသို့ပြောပြီးနောက် လျန်ကျီက မြို့ထဲ ခပ်သုတ်သုတ် ဝင်သွားလေ၏။
ကျီလီက ကျောက်မြို့အတွင်း မြန်မြန် လိုက်ဝင်လိုက်သည်။ အပြင်ဘက်၌ မြို့မှာ သီးသန့်ဆန်ကာ လူသူကင်းမဲ့ဟန် ပေါ်သည်။ သူမက လူတစ်ဦးတစ်လေပင် မမြင်မိခဲ့ပေ။ သူမ မြို့ထဲ ဝင်လိုက်သည်နှင့် မြို့သည် အတော်လေး လူရှုပ်ကြောင်း သတိထားမိလိုက်၏။ မြို့၏ လမ်းမထက်၌ လူများစွာ ရှိနေလေသည်။
သို့သော်လည်း အားလုံးက ခက်ထန်ကြမ်းတမ်းကြဟန် ပေါ်သည်။ သက်တောင့်သက်သာ မရှိနေပေ။
ကျီလီက လျန်ကျီသည် လမ်းတစ်ခုအတွင်း ဝင်သွားကြောင်း မြင်လိုက်ရ၏။ သူမက ဘယ်ဆက်သွားရမှန်း မသိတော့ဘဲ လျန်ကျီ သွားသည့် ဦးတည်ရာနောက်သာ လိုက်လာလိုက်သည်။
“ ဘာလို့ လိုက်လာတာလဲ ” လမ်းနှစ်သွယ်ကို ဖြတ်ကူးပြီးနောက် သူမက လျန်ကျီနှင့် ပြန်ဆုံ၏။
လျန်ကျီက သစ်သားအိမ်လုံး အပြင်ဘက်၌ ရပ်နေသည်။ ဤအိမ်လေးပေါ်၌ စာလုံးတချို့ ရေးချိတ်ထားလေ၏ “ မိုးပျက် တည်းခိုဆောင် ”
ကျီလီက ပြန်မဖြေနိုင်လိုက်ခင် လျန်ကျီက မြန်မြန် အထဲဝင်ခိုင်းလိုက်သည် “ ဒီကို ရောက်လာမှတော့ မြန်မြန် ဝင်ခဲ့ ”
သူမကို အထဲခေါ်လိုက်ပြီးနောက် လျန်ကျီလည်း အထဲဝင်လိုက်သည်။ ကျီလီက ဤနေရာအကြောင်း ဘာမှမသိသလို မိတ်ဆွေအပေါင်းအသင်းလည်း မရှိပေ။ ထို့အပြင် သူမနှင့် မိုဝူကျိတို့ နှစ်ယောက်လုံးက ဒဏ်ရာအပြင်းအထန် ရနေသေး၏။ ထို့ကြောင့် သူမက အကူအညီတချို့ ရလိုရငြား မျှော်လင့်ချက်ဖြင့် လျန်ကျီနောက် လိုက်လာခဲ့သည်။
ကျီလီအတွက် သူမ တစ်ယောက်တည်းဆိုလျှင် ကိစ္စများက တူညီမည် မဟုတ်ပေ။ သူမက အရင်ကူညီပေးခဲ့သူကို ထပ်ရှာကာ အကူအညီတောင်းမည့်အစား နောက်ထပ်နေရာသာ ရှာမိလောက်သည်။ သို့သော်လည်း သူမက မိုဝူကျိကို သယ်ထားရသေး၏။သူမက သေဆုံးသွားလျှင် ကိစ္စအသေးလေး ဖြစ်သော်လည်း သူမသာ မိုဝူကျိကို ဆွဲသွင်းမိပါက ငြိမ်းချမ်းစွာ အနားယူနိုင်မည် မဟုတ်ပေ။
လျန်ကျီက ကျီလီအား အခန်းတစ်ခုဆီ ခေါ်လာပြီးနောက် အတားအဆီးတချို့ ချထားလိုက်သည် “ အဲဒီလူက ခင်ဗျားကို ကျုပ်ရဲ့ အပေါင်းအသင်း ထင်နေတာ …. ကျုပ်ကို သတ်ပြီးသွားရင် ခင်ဗျားကိုလည်း လွှတ်ပေးမှာ မဟုတ်ဘူး။ အဲကြောင့် ခင်ဗျားကို ဒီနေရာ ခေါ်လာတာ ”
“ အဆင့်မြင့် ပညာရှင်တစ်ယောက်ကို ရန်စမိခဲ့တာလား ” ကျီလီက မေးလိုက်၏။
လျန်ကျီက ကျီလီအတွက် ဆေးတစ်လုံး ထုတ်ပေးကာ “ ဒီဆေးလုံးက ခင်ဗျားရဲ့ စွမ်းအင်ဗဟိုချက်ကို ပြန်ကောင်းလာအောင် မလုပ်ပေးနိုင်ပေမဲ့ ဒဏ်ရာတွေအတွက်တော့ ကောင်းတယ် ”
ကျီလီက ဆေးလုံးကို မျိုချလိုက်ပြီးနောက် လျန်ကျီက ဆက်ပြောပြလိုက်သည်
“ ကျုပ်က လျူဝမ်ရဲ့ တပည့်တွေကို သတ်မိခဲ့တာ။ ကျုပ် ထွက်ပြေးတော့မယ်လုပ်တုန်း ခင်ဗျားနဲ့ တွေ့တာပဲ …. ကျုပ်ရဲ့ အကျင့်ဟောင်းက ပြန်ပေါ်လာပြီးတော့ ခင်ဗျားကို ကယ်မိသွားပြန်ရော။ အဲဒီခွေးသား လျူဝမ်က မြန်မြန် ပြန်ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး။
သူကြောင့် ကျုပ်က ဒီနေရာကို ပြန်လာလိုက်ရတာ … ဒီနေရာမှာ စည်းမျည်းများများ မရှိပေမဲ့ ဒီမှာ လျူဝမ်က လှုပ်ရှားချင်ရင် သတိထားဖို့ လိုသေးတယ် ”
“ ကျွန်မ ရှင့်ကို အချိန်ဆွဲမိတာ တောင်းပန်ပါတယ် ” ကျီလီက ထိုအရာကို မသိလောက်အထိ တုံးအမနေပေ။ ကျီလီကြောင့်သာ မဟုတ်လျှင် လျန်ကျီက ဤနေရာမှ ထွက်သွားနိုင်လောက်လေပြီ။
လျန်ကျီက ရယ်မောကာ လက်ခါပြလိုက်ရင်း
“ ခင်ဗျား အမှား မဟုတ်ပါဘူး။ လျူဝမ် မြန်မြန် ပြန်ရောက်လာမယ်ဆိုတာ ဘယ်သူက ကြိုသိမှာလဲ။ ကျုပ်သာ ခင်ဗျားနဲ့ မတွေ့ခဲ့ရင် ကျုပ် အသက်ရှင်ရက် ထွက်လာနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားကိုသာ ကျုပ်က ပြဿနာကြား ဆွဲသွင်းမိသလို ဖြစ်သွားတာ …
ကျုပ်ကြောင့် လျူဝမ်က ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး ”
လျန်ကျီက အပြစ်ရှိစိတ်များဟန်တော့ မရချေ။ အကယ်၍ သူသာ ကျီလီကို အရင်မကယ်တင်ပေးခဲ့လျှင် သူမ သေနေလောက်လေပြီ။
“ အဲဒီ လျူဝမ်က အရမ်းအားကောင်းတာလား ” ကျီလီက စိုးရိမ်စွာ မေးလိုက်၏။
ဤတစ်ကြိမ်၌ လျန်ကျီ၏ လေသံမှာ ပို၍ လေးနက်လာကာ
“ သူက အရမ်းအားကောင်းတယ်။ စကြဝဠာမြို့ထဲမှာ သူက ထိပ်တန်း ပညာရှင်ငါးယောက်ထဲက တစ်ယောက်ပဲ။ ကျန်တဲ့သူတွေနဲ့ ယှဉ်ရင် ဘယ်လောက် အားကောင်းလဲတော့ သေချာမသိဘူး။ ဒါပေမဲ့ သူက ဝိဇ္ဇာတပိုင်းအဆင့် ရောက်နေပြီဆိုတာတော့ သေချာတယ် ”
လျန်ကျီ၏ အသံမှာ ပြောနေရင်း တိုးသွားလေ၏။ ဝိဇ္ဇာတပိုင်းအဆင့်မှာ သဟဇာတ နတ်ဘုရားအဆင့်နှင့် တစ်ဆင့်မျှသာ ကွာဝေးသော်လည်း အင်အားကွာခြားချက်မှာ အတော်ကြီးမားပေသည်။
ကျီလီက ရုတ်တရက် မိုဝူကျိ၏ ကမ္ဘာအတွင်း ပိတ်မိနေသည့် ဝိဇ္ဇာဟွမ်တိအကြောင်း တွေးမိသွားလေ၏။ အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာတစ်ပါးအား ဖမ်းထားနိုင်လျှင် ဝိဇ္ဇာတပိုင်းအဆင့်လောက်က ကျန်းမာနေသည့် မိုဝူကျိအတွက် ပြဿနာ မဟုတ်ပေ။
“ ဝုန်း ဝုန်း ဝုန်း ” အဝင်ဝရှိ အတားအဆီးများက အပြင်းအထန် တုန်ခါလာလေ၏။
ကျီလီက စိတ်ပူပင်စွာ ထရပ်လိုက်သည်။ လျန်ကျီက အတားအဆီးကို ဖွင့်ကာ ဆိုင်အကူအား အေးစက်စက် ကြည့်လိုက်ရင်း “ ငါ ဒီမှာ နေဖို့ ပေးမထားဘူးလား ဒါမှမဟုတ် ငါ လုပ်တာ တစ်ခုခု မှားလို့လား။ ဘာလို့ လာနှောင့်ယှက်တာလဲ ”
ဆိုင်အကူလေးက မြန်မြန် ဦးညွှတ်ကာ
“ စီနီယာလျန် … ကျုပ် အားနာပါတယ်။ ကျုပ်တို့က ပါးမွှားလိုမျိုး တည်ရှိမှုဆိုတာ ခင်ဗျားလဲ သိမှာပါ။ ဒီတစ်ခါတော့ စီနီယာ ကျုပ်တို့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ တကယ်လို့ ဝိဇ္ဇာတပိုင်း အရှင်လျူသာ ရောက်လာရင် ကျုပ်တို့ ဆိုင်အသေးလေး ပျက်စီးသွားလိမ့်မယ် ”
ဆိုင်အကူက နှိမ့်ချစွာ ပြောလိုက်သည်။
အစပိုင်းတွင် ဒေါသထွက်နေသည့် လျန်ကျီက ပြန်ထိန်းထားလိုက်ရသည်။ ဆိုင်အကူလေးက ရိုရိုကျိုးကျိုး ပြောလာသည့်အခါ သူက ဆက်၍ ဒေါသမထွက်နိုင်တော့ပေ။
“ ကောင်းပြီလေ … ငါ ချက်ချင်း ထွက်သွားပေးမယ် ” လျန်ကျီက လက်ဝေ့ပြရင်း ပြောလိုက်သည်။ သူ ဒေါသထွက်နေသည်မှာ သိသာလှ၏။
ထိုသို့ပြောပြီးနောက် ကျီလီဘက် လှည့်ကာ
“ သွားကြစို့ … ကျုပ်တို့ ပုန်းပုန်း၊ မပုန်းပုန်း တိုက်ခိုက်မှုက ရောက်လာဦးမှာပဲ …. ကျုပ် လျန်ကျီက အမြဲတမ်း ပွင့်ပွင့်လင်းလင်းပဲ လုပ်တယ် ”
“ တာအိုရောင်းရင်းလျန် ခဏလေး နေပါဦး … ကျွန်မ မိတ်ဆွေ နှိုးလာတော့မယ် ” ကျီလီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
***