ချိုးဖျက်မရသည့် စည်းမျဉ်းသုံးခု
Vol. 5 Ch. 59
သမားတော်မော့ထံ၌ ပျော်ရွှင်ရသည့် နေ့ရက်များ သိပ်မရှိခဲ့ပေ။ သွေးကျိန်စာ၏ ဆိုးရွားလှသော အကျိုးသက်ရောက်မှုက သူ့ကို တနေ့ကုန်သွားတိုင် တစ်နှစ်နှုန်းလောက် အသက်ကြီးရင့်စေ၏။
ထိုသို့သော နှုန်းဖြင့် အသက်ကြီးရင့်လာခြင်းကို သူက ကြောက်လန့်ကာ ထိုကျိန်စာ၏ ပုံမှန်မဟုတ်သော သက်ရောက်မှုများကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာရန် အစွမ်းရှိသမျှ ကြိုးစားတော့၏။ သို့သော် သူသည် အနည်းငယ်ပင် အောင်မြင်မှု မရခဲ့ပေ။
ထိုသို့သာ ဆက်ဖြစ်နေပါက သူ ကြာကြာ မနေရတော့သည်ကို သိ၏။ တခြားတဘက်တွင်လည်း ယွီကျစ်ထုံက ပို၍ပင် နာကျင်ရ၏။ သူ၏စိတ်ဝိညာဉ်က သမားတော်မော့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့ချိန်က ထိုဖြစ်စဉ်သည် နှေးသော်လည်း သမားတော်မော့၏ စိတ်ဝိညာဉ်နှင့် သမူဟ ဖြစ်ဖို့ နာကျင်မှုကို ခံစားရသည်။
စိတ်ဝိညာဉ်တစ်ခုသည် တခြားခန္ဓာကိုယ်သစ်တစ်ခုတွင် ရှည်ကြာစွာ ရှိနေခဲ့ပါက အံဝင်ခွင်ကျဖြစ်ဖို့ ထိုသို့ အခြေအနေမျိုး ကြုံရမည်ပင်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် အသိစိတ်တစ်ခုသာ ရှိနိုင်သည့်အတွက် ပို၍ အားကောင်းသော စိတ်ဝိညာဉ်က အားနည်းသော စိတ်ဝိညာဉ်ကို ဖိနှိပ်ဖို့ ကြိုးစားပေလိမ့်မည်။ ထိုသို့ဖြင့် အံဝင်ခွင်ကျဖြစ်ဖို့ ရှည်ကြာလှသော ဖြစ်စဉ်က အစပြု၏။
ယွီကျစ်ထုံက ဟန်လိ၏ခန္ဓာကိုယ်ကို သူတို့ သိမ်းပိုက်လိုသည့်အကြောင်းရင်းကြောင့် သူ စိတ်ပူပန်သမျှ အရာအားလုံးကို ထုတ်ဖော်ဖို့ ဆုံးဖြတ်ခဲ့၏။ သူက ထိုသို့ ပြုလုပ်ရန် အင်တင်တင် ဖြစ်ခဲ့၏။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းမှာ သူ သမာတော်မော့အပေါ် သစ္စာရှိလှ၍မဟုတ်။ ကျင့်ကြံခြင်းလောက၏ ချိုးဖောက်၍မရသော စည်းမျဉ်းကြီးသုံးခုကို ကြောက်လန့်နေသောကြောင့်သာ ဖြစ်သည်။
စည်းမျဉ်းပထမတစ်ခုမှာ ကျင့်ကြံသူများသည် သေမျိုးတယောက်၏ ခန္ဓာကိုယ်ကို အတင်းအကြပ် ပိုင်စိုး၍ မရခြင်းပင်။ အကြောင်းမှာ ထိုသို့ အတင်းအကြပ် ပြုလုပ်ပါက သေမျိုးများက ဖိအားပြင်းထန်မှုကို ခံနိုင်စွမ်းမရှိဘဲ ခန္ဓာကိုယ် လောင်ကျွမ်းပျက်စီးသွားစေနိုင်မည် ဖြစ်၏။
ဒုတိယစည်းမျဉ်းမှာ စွမ်းအားပိုကြီးသောကျင့်ကြံသူက အားနည်းသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို မည်သည့်တန်ပြန်ခံစားမှုမျှ မခံရပါက သိမ်းပိုက်နိုင်၏။ စွမ်းအားအဆင့် ကွာခြားချက် ကြီးလေလေ ထိုသို့ သိမ်းပိုက်ခြင်း၌ သိမ်းပိုက်သူအတွက် ဘေးပိုကင်းလေ ဖြစ်ပေမည်။
တတိယတစ်ခုမှာ ကျင့်ကြံသူတစ်ယောက်သည် မည်မျှအစွမ်းထက်ပါစေ သူ့ဘဝ၌ ခန္ဓာကိုယ်ပိုင်စိုးခြင်းကို တစ်ကြိမ်သာ ပြုလုပ်နိုင်၏။ အကယ်၍ သူတို့က ဒုတိယအကြိမ်မြောက် ခန္ဓာပိုင်စိုးဖို့ ကြိုးစားခဲ့ပါက သူတို့၏စိတ်ဝိညာဉ်သည် ပျက်စီးရမည်။
သည်စည်းမျဉ်းသုံးခုကို ချိုးဖျက်ဖို့ ကြိုးစားသူ အရေအတွက် မည်မျှ ရှိခဲ့သည်ကို မသိရသော်လည်း ယင်းစည်းမျဉ်းသုံးခုမှာမူ လုံးဝ ချိုးဖျက်၍ မရခဲ့ပေ။ ထိုစည်းမျဉ်းသုံးခုက ခန္ဓာကိုယ်ပိုင်စိုးခြင်း နည်းလမ်းကို အသုံးပြုဖို့ ကြိုးစားသည့် မရေမတွက်နိုင်သော မကောင်းဆိုးဝါးကျင့်ကြံသူများအတွက် ကန့်သတ်ထားခြင်း ဖြစ်၏။ သူတို့ကို သေမျိုးလောက၌ ကပ်ဘေးကြီးတစ်ခု မဖန်တီးမိစေရန် ကာကွယ်ထားခြင်းလည်း ဟုတ်သည်။ မိုးကောင်းကင်မှာ ၎င်း၏စိတ်ဆန္ဒကို ဖိဆန်သူများအား မျက်မှောင်ကြုတ်၍ ကြည့်မည်သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ မိုးကောင်းကင်သည် ကျင့်ကြံသူများကို လောကအား ဗရမ်းဗတာ ဖြစ်စေမည်ကိုတော့ ခွင့်ပြုမည် မဟုတ်ပေ။
သမားတော်မော့ကသာ ကျင့်ကြံသူတစ်ယောက် ဖြစ်ပါက ယွီကျစ်ထုံသည် ခုလိုမျိုး အကျပ်အတည်း ဆိုက်လိမ့်မည် မဟုတ်ပါ။ သူက သမားတော်မော့၏ ခန္ဓာကိုယ်ကို ပိုင်စိုးနိုင်ဖို့ အခွင့်အရေး ရှိနိုင်လိမ့်မည် ဖြစ်၏။ သို့သော် သမားတော်မော့က စိတ်ဝိညာဉ်ချီလုံးဝ မရှိသည့် ကျင့်ကြံခါစ သေမျိုးသာ ဖြစ်သေးသည့်အတွက်ကြောင့် ခန္ဓာကိုယ်ပိုင်စိုးခြင်း ဖြစ်စဉ်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသည်ကို ယွီကျစ်ထုံက စိုးရိမ်ကြောက်ရွှံ့တာ ဖြစ်သည်။
အကယ်၍ ယွီကျစ်ထုံက နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးဖို့ ရှာနိုင်စွမ်း ရှိခဲ့လျှင်ပင် သူ့စိတ်ဝိညာဉ်ချီမှာ အနည်းငယ် ဆုံးရှုံးရလိမ့်မည်။ ထိုသို့သာ ဖြစ်လာခဲပါက ယွီကျစ်ထုံသည် တစုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံ ဝင်ရောက်ပြီး တည်ရှိနိုင်တော့မည် မဟုတ်ပေ။ ထိုတစုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ သူက တစ်ဆို့ကာ ကျိန်းသေပေါက် ပျက်စီးခြင်းလည်း ဆိုက်နိုင်သည်။
ခန္ဓာကိုယ်မရှိသည့်အတွက် သူသည် ကျင့်ကြံ၍လည်း သူ၏ စွမ်းအားကို အားဖြည့်မတင်းနိုင်ပေ။ ထို့ကြောင့် သူ စွမ်းအား အသုံးပြုတိုင်း ယင်းအသုံးပြုလိုက်သော စွမ်းအားကို ထာဝရ ဆုံးရှုံးသွားရလိမ့်မည်။ တချိန်တည်းမှာ သူ၏ စွမ်းအားက နည်းနည်းချင်း စိမ့်ထွက်နေခဲ့၏။ သူသည်ပင် သူ၏ စိတ်ဝိညာဉ်က ခုလက်ရှိပုံစံအတိုင်း မည်မျှ တောင့်ခံတည်ရှိနိုင်မည်ကို မသိထားပေ။
ထို့အတွက်ကြောင့် ယွီကျစ်ထုံသည် စွမ်းအားအနည်းငယ် အသုံးပြုနိုင်သော၊ ခန္ဓာပိုင်စိုးခြင်းကို တောင့်ခံနိုင်စွမ်း ရှိသော ခန္ဓာကိုယ်တစ်ခုကို ရှာမတွေ့ပါက ဘေးဖြစ်စေနိုင်မည့် မည်သည့်စွန့်စားမှုကိုမျှ ပြုလုပ်မည်မဟုတ်၊ ခုလက်ရှိ သမားတော်မော့၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာမည် မဟုတ်ပေ။
သမားတော်မော့၏ ခန္ဓာကိုယ်က သွေးကျိန်စာကြောင့် ပျက်စီးခြင်း ဆိုက်မည့်အချိန်တွင် ယွီကျစ်ထုံ၏ စိတ်ဝိညာဉ်သည် မှီ၍နေရန် ခန္ဓာကိုယ် ပျောက်သွားပေလိမ့်မည်။
သွေးကျိန်စာအောက်တွင် သမားတော်မော့၏ ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက် ဟန်လိက သူ၏ အသက်ဓာတ်အားလက်ကျန်ကိုပါ စုပ်ယူသွားနိုင်သေး၏။ ထို့ကြောင့် သူက သူ့အမုန်းတရားကို ယာယီဘေးဖယ်ထားကာ ဟန်လိကို သမားတော်မော့နှင့်သူ တွေ့ဆုံခဲ့ရသည်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို မခြွင်းမချန် လျှိုမထားဘဲ ပြောပြခြင်းပင်။
သမားတော်မော့သည် ယွီကျစ်ထုံ၏ အကြံအစည်ကို စဦးဆုံး ကြားခဲ့ချိန်က ဒေါသထွက်ခဲ့သေး၏။ သို့သော် သူက ဤအစီအစဉ်မှာ ပြီးပြည့်စုံသော အခွင့်အရေးတစ်ခု၊ သူတို့၏ ပန်းတိုင်ကို အလျင်အမြန် ရောက်စေပြီး သူ့ကို လူလိုသူလို ပြန်ဖြစ်စေနိုင်မည်အား ခပ်မြန်မြန် သဘောပေါက်ခဲ့၏။
အစပိုင်းတွင် သမားတော်မော့က ယွီကျစ်ထုံ၏ ညွှန်ကြားချက်များကို လိုက်နာရမည် ဖြစ်ပြီး သူ၏ အသိစိတ်ကို ထိန်းချုပ်ရသည်။ ယွီကျစ်ထုံကလည်း သွေးကျိန်စာကြောင့် ခံစားရသည့် အသက်အရွယ်ကြီးရင့်မှုနှန်းကို နှေးသွားစေရန် သမားတော်မော့ကို လျှို့ဝှက်နည်းလမ်းအချို့ သင်ပေးခဲ့၏။ ထိုနည်းလမ်းအချို့က သမားတော်မော့ကို စွမ်းအား ယာယီ အသုံးပြုနိုင်စေအုံးမည် ဖြစ်သည်။
ထို့နောက်တွင် သမားတော်မော့က ထာဝရနွေဦးပညာရပ်ကို ကျင့်ကြံနိုင်သော အားကောင်းသည့် စိတ်ဝိညာဉ်ရင်းမြစ် ရှိမည့် တစုံတယောက်ကို ရှာဖွေရမည်။ ထို့နောက်တွင် ထာဝရနွေဦးပညာရပ်ကို ကျင့်ကြံမည့် တစုံတယောက်က အဆင့်တစ်ခုထိ ရောက်လာပါက သမားတော်မော့သည် သူ၏ ယာယီအသုံးပြုနိုင်မည့် စွမ်းအားကို အသုံးချကာ ထိုသူ၏ ခန္ဓာကိုယ်ကို အတင်းအကြပ် ပိုင်စိုး၍ ဘဝအသစ် စတင်မည် ဖြစ်သည်။
စိတ်ဝိညာဉ်ရင်းမြစ်နှင့် ခန္ဓာကိုယ်ကို သမားတော်မော့က အောင်မြင်စွာ သိမ်းပိုက်ပြီးပါက သူသည် လုံလုံလောက်လောက် အနားယူရမည်။ ထို့နောက်တွင် သူက ယွီကျစ်ထုံအတွက် သင့်တော်သော ခန္ဓာကိုယ်တစ်ခု ရှာဖွေရန် ကူညီပေးရမည်။ ထိုခန္ဓာကိုယ်အသစ်ကို သိမ်းပိုက်ဖို့အတွက်လည်း ယွီကျစ်ထုံကို ကူညီပေးရမည်။
ထိုသို့သော သဘောတူညီမှုအရဆို သမားတော်မော့က အသာစီးရကာ ယွီကျစ်ထုံမှာ အရှုံးဘက်က ဖြစ်နေ၏။ သို့သော် စိတ်ဝိညာဉ် အံဝင်ခွင်ကျဖြစ်ဖို့ ချိန်းခြောက်မှုအောက်၌ ယွီကျစ်ထုံသည် ထိုသို့ အရှုံးဘက်ကနေရဖို့သာ ရှိသည်။ အဆုံးသပ်၌ ယွီကျစ်ထုံက သမားတော်မော့ဘက်က အသာစီးယူထားသော ဒီသဘောတူညီချက်ကို လက်ခံခဲ့ရသည်။ သို့ပေမည့် ယွီကျစ်ထုံက အမှန်တကယ် အရှုံးဘက်က ဖြစ်နေသည်က ဟုတ်နိုင်ပါမည်လော။ တကယ်တော့ သည်သဘောတူညီမှု၏ အခြေအနေကို အတိအကျ သိသူက သူသာ ဖြစ်သည် မဟုတ်လား။
ယွီကျစ်ထုံက သမားတော်မော့ကို သူ့မိသားစုထံ ပြန်၍ အကူအညီတောင်းခံရန် အကြံပေးခဲ့သေး၏။ သို့သော် အလျင်အမြန် အသက်ကြီးရင့်လာနေသော သူ့အဖို့ ယွီကျစ်ထုံ၏ အကြံကို လက်မခံခဲ့ပေ။ ထို့နောက်တွင် သူက ချီးရွှမ်ဂိုဏ်းသို့ ဝင်ရောက်ကာ ထာဝရနွေဦးကျင့်စဉ်ကို သင်ယူနိုင်မည့်သူ့အား စောင့်နေခဲ့သည်။ ထို့နောက်တွင် သူက ဟန်လိကို တပည့်အဖြစ် လက်ခံခဲ့ပြီး ထာဝရနွေဦးကျင့်စဉ်ကို သင်ပေးခဲ့သည်။ သည့်နောက် ဟန်လိနှင့်သမားတော်မော့တို့ကြား၌ ခုလိုမျိုးတွေ ဖြစ်လာခဲ့တာပင်။
ဟန်လိက ယွီကျစ်ထုံ၏ စကားများကို ကြားပြီးနောက် သူက သက်ပြင်းချ၏။ သူ့စိတ်ထဲ၌လည်း မွေးခွန်းအချို့၊ စိတ်ရှုပ်ထွေးမှုအချို့ ရှိနေသည်။ ယွီကျစ်ထုံက သူ၏စကားကို ထပ်မံ မဆက်တော့သည်ကို မြင်သည့်အခါ ဟန်လိ၏မျက်နှာက မှုန်ကုပ်လာပြီး သူက အေးစက်စက် ပြောလာသည်။ “ခင်ဗျားက သမားတော်မော့ ဘယ်လို သေဆုံးသွားခဲ့လဲဆိုတာ ကျုပ်ကို ခုထိ မပြောရသေးဘူး…”
ယွီကျစ်ထုံက ချီတုံချတုံဟန်ဖြင့် ပြောလာ၏။ “ဘာများထွေထွေထူးထူး ရှင်းပြဖို့ လိုသေးလို့လဲ။ သမားတော်မော့က မင်းရဲ့ ထာဝရနွေဦးကျင့်စဉ်အပေါ် ကျင့်ကြံတဲ့ အမြန်နှုန်းကို လျှော့တွက်ခဲ့တာပဲ။ ပြီးတော့ သူ့ရဲ့ စွမ်းအားက မင်းလောက်လည်း မသန်မာခဲ့ဘူး။ ဒါ့ကြောင့် သူက မင်းရဲ့ ခန္ဓာကိုယ်ကို မသိမ်းပိုက်နိုင်ခဲ့ဘဲ သူ့စိတ်ဝိညာဉ်သာ ဝါးမြိုခံရပြီး အဆုံးသပ်သွားခဲ့တာပေါ့…”
“ဒီတော့ ကျုပ်ခန္ဓာကိုယ်ထဲကို ဦးဆုံးဝင်ခဲ့တဲ့ အဝါရောင်အလင်းလုံးက သမားတော်မော့၊ ဒုတိယမြောက် ဝင်ရောက်ခဲ့တဲ့ အစိမ်းရောင်အလင်းလုံးကတော့ ခင်ဗျားပေါ့…”
ဟန်လိက တည်တည်ငြိမ်ငြိမ် ပြောလေ၏။ သူ၏ခန္ဓာကိုယ်အတွင်း ထိုအလင်းလုံးနှစ်ခု ကျူးကျော်ဝင်ရောက်ခံခဲ့ရခြင်းက သူ့အတွက် ပြဿနာကြီး ဟုတ်မနေသည့်အလား။
“ဟုတ်တယ်…အဲ့အချိန်တုန်းက မင်းနဲ့ သမားတော်မော့တို့ဟာ အားကုန်ပင်ပန်းနေပြီလို့ ငါ ထင်ခဲ့တယ်။ ဒါ့ကြောင့် အဲ့အခွင့်အရေးကို ငါ မဖြုန်းတီးပစ်ချင်ဘူး။ ဒါ့ကြောင့်လည်း ငါက မင်းရဲ့ခန္ဓာကိုယ်ကို ခဏလောက် ငှားယမ်းနိုင်မယ်လို့ ထင်ခဲ့တယ်…”
ယွီကျစ်ထုံက ပြန်ဖြေသည်။
“ဟက်…ခင်ဗျား တိုက်ခိုက်ခဲ့တဲ့ အကြောင်းရင်းက ဒါကြောင့် မဟုတ်မှာ ကျုပ် စိုးမိတယ်။ ကျုပ်ကတော့ ဒီအစီအစဉ်တွေကို ခင်ဗျားအနေနဲ့ စကတည်းက ကြံစည်ထားခဲ့တာလို့ ထင်မိတယ်…”
“ယွီကျစ်ထုံ…သမားတော်မော့ကို ခန္ဓာကိုယ်ပိုင်စိုးခြင်းအကြောင်း ခင်ဗျား စရှင်းပြခဲ့တဲ့အချိန်တုန်းက ကောင်းတဲ့ ရည်ရွယ်ချက် ရှိမနေဘူးလို့ ကျုပ် ဆိုရဲတယ်။ ဒါ့ကြောင့် ခင်ဗျားဟာ ခန္ဓာကိုယ်ပိုင်စိုးခြင်းရဲ့ အောင်မြင်နိုင်နှုန်းဟာ ခွန်အားကွဲခြားချက်အပေါ် တိုက်ရိုက် ပတ်သတ်နေတာကို ထုတ်မပြောခဲ့တာပဲ…”
“ကျုပ် တွေးနေတာကို ခင်ဗျား သိလား။ ကျုပ်ကတော့ ခင်ဗျားဟာ ဒါတွေအားလုံးကို အစတည်းကက အစီအစဉ်ချထားခဲ့တာလို့ ထင်တယ်။ ခင်ဗျားဟာ ကျုပ် ထာဝရနွေဦးကျင့်စဉ် အဆင့်လေးကို ရောက်တဲ့အချိန် သမားတော်မော့ကို ဝိညာဉ်ခုနစ်ပါးဝါးမြိုခြင်းနည်းစနစ် အသုံးပြုစေပြီး ကျုပ်ကို တိုက်ခိုက်စေခဲ့တယ်။ သမားတော်မော့နဲ့ ကျုပ်က ခွန်အားချင်း သိပ်မကွာတဲ့အတွက် နှစ်ယောက်လုံး ခြေကုန်လက်ပမ်း ကျတဲ့အခါကျရင် ခင်ဗျားက ကျုပ် ခန္ဓာကိုယ်ထဲ ဝင်လာပြီး သမားတော်မော့ ပင်ပင်ပန်းပန်း လုပ်ဆောင်ထားခဲ့သမျှကို အညွှန့်ခူးပြီး ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်မှာ မဟုတ်လား။ ကျုပ် ခန့်မှန်းတာ မှန်ရဲ့လား…”
အချိန်အတန်ကြာ ငြိမ်သက်နေပြီးနောက် ယွီကျစ်ထုံက သက်ပြင်းချ၏။ သူက ငြင်းဆန်ခြင်း မပြုဘဲ ပြောလာသည်။ အစတုန်းစကတော့ ငါ မင်းကို ဘာအကျိုးအမြတ်မှ မရစေချင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မင်းက သိပ်တော်နေပြီး မြေခွေးလို ဉာဏ်များလှတဲ့ မင်းဆရာ မော့ကျူးရန်(သမားတော်မော့)ထက်တောင် ပိုပြိး ထူးချွန်နေသေးတယ်၊
“မင်း ထင်တာ မှန်ပါတယ်။ ဒါတွေအားလုံးကို ငါ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ မင်းက ထာဝရနွေဦးကျင့်စဉ်ကို ငါ့ထက် တဆင့်ပဲ လျှော့တဲ့ ခြောက်ဆင့်ထိ ကျင့်နိုင်တဲ့ အရည်အချင်း ရှိနေခဲ့လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားမိခဲ့ဘူး။ မင်းအနေနဲ့ သမားတော်မော့ရဲ့ စိတ်ဝိညာဉ်ကို ဝါးမြိုကို လွယ်ကူခဲ့ရုံသာမက ငါ့ရဲ့ ထိခိုက်ထားတဲ့ စိတ်ဝိညာဉ်ကလည်း မင်းကို မယှဉ်နိုင်ခဲ့ဘူး။ ဒါ့အပြင် မင်းရှိမှာ ငါ့ရဲ့ စိတ်ဝိညာဉ်အစိတ်အပိုင်းတခုတောင် ဆုံးရှုံးခဲ့ရသေးတယ်…”
သူ ထိုသို့ ပြောပြီးနောက် သူ၏လေသံက ရုတ်တရက် မော်ကြွားသောလေသံအဖြစ်သို့ ပြောင်းသည်။ “ဟားဟား..အဲ့မော့ကျူးရန်က သာမန်သေမျိုးတစ်ယောက်ပဲ။ ဒါတောင် သူက ငါတို့လို့ ကျင့်ကြံသူတွေနဲ့ လာပြီး ခြေရာတိုင်းချင်သေးတယ်။ သူက ထိုက်တန်လို့လား…”
“ဒါ့အပြင် သူက ငါ့ကျင့်ကြံခြင်းခန္ဓာကိုယ်ကို ဖယ်ရှားဖို့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့သေးတယ်။ သူက ကျင့်ကြံခြင်းလမ်းကြောင်းကို ခြေလှမ်းချင်ခဲ့သေးတယ်။ သူက မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေတာပဲ…”
ယွီကျစ်ထုံ၏ စိတ်ထဲ၌ အချိန်ကြာမြင့်စွာ ရှိနေခဲ့သော အမုန်းတရားသည် နောက်ဆုံးတွင် လှစ်ဟပေါ်လာ၏။
“ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းဟာ စိတ်ဝိညာဉ်ရင်းမြစ်နဲ့ မွေးဖွားခဲ့ပြီး ဉာဏ်လည်လည်း ထူးကဲတယ်။ ဒီလို သာမန်လောကမှာ မင်း နေနေတာဟာ နှမြောဖို့ ကောင်းတယ်။ မင်းသာ ငါ့အတွက် သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခု ရှာပေးဖို ကူညီပေးခဲ့ရင် ငါ မင်းကို လမ်းပြပေးမယ်။ ငါ့ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ မိတ်ဆက်ပေးမယ်။ မင်းကို တပည့်အဖြစ်ပါ လက်ခံပေးမယ်။ မင်း ဘယ်လို သဘောရလဲ…”