စိတ်ဝိညာဉ်ကို ဖျက်စီးပစ်ခြင်း
Vol. 5 Ch. 61
ယွီကျစ်ထုံ၏ စိတ်ဝိညာဉ်(ဝါ) အစိမ်းရောင်အလင်းလုံးက အခန်းထောင့်တွင် ရှိကာ ပိတ်မိနေသည်။ ၎င်းက ထွက်ပြေးရန် ကြိုးစားတိုင်း အနက်ရောင်အရည်တို့က ၎င်းကို ထောင့်ကပ်အောင် အတင်းအကြပ် တွန်းပို့ပြီး ထိုအစိမ်းရောင်အလင်းလုံးကို အဆက်မပြတ် အားနည်းလာစေသည်။
ထိုအခါ ယွီကျစ်ထုံသည် အမှန်တကယ် မျှော်လင့်ချက်မဲ့လာသည်။
အနက်ရောင်အရည်က သူ၏ စိတ်ဝိညာဉ်ကို တိုက်စားတိုင်း ယွီကျစ်ထုံသည် သူ့အသက်ဓာတ်အားသည် အားနည်းလာသည်ဟု ခံစားမိနေသည်။ ထိုအခါ သူ၏ လက်ကျန်မှော်စွမ်းအားကို အသုံးပြုမည့် ကြံတိုင်း မအောင်မမြင်ဖြစ်ရလေ၏။ သူသည် လုံးဝ ဟန့်တားပိတ်ပင်ခံထားရသည့်အလား။
“မင်း ငါ့ကို ဘာကြောင့် သတ်ဖို့ ကြိုးစားတာလဲ။ ဘာကြောင့်လဲ…”
ဟန်လိ၏ ရက်ရက်စက်စက် တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့်အခါ ယွီကျစ်ထုံ(ဝါ) အလင်းလုံးက မချိတင်ကဲ ဝူးဝူးဝါးဝါး အော်ဟစ်လေတော့သည်။ သို့သော် ဟန်လိက ယွီကျစ်ထုံ၏ သေရေးရှင်ရေးကို အရေးစိုက်မနေပေ။
များမကြာမီ ယွီကျစ်ထုံက တဖြည်းဖြည်း အားနည်းလာပြီး အသံပင် မထွက်နိုင် ဖြစ်လာ၏။
ယွီကျစ်ထုံ၏ ငြိမ်သက်သွားမှုကို ကြည့်နေလျက် ဟန်လိက သူ၏ တိုက်ခိုက်မှုကို ချက်ခြင်း မရပ်တန့်ပေ။ ထိုအစား သူက မှိန်ဖျော့နေသော အလင်းလုံးကို ဆက်၍ စောင့်ကြည့်နေသည်။
တအောင့်အကြာတွင် ဟန်လိက အေးစက်စက် အဖြေ ပြန်ပေးသည်။
“ကျုပ် ခင်ဗျားကို လုံးဝ မယုံဘူး။ ကျုပ်သာ ခင်ဗျားနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရင် သမားတော်မော့လို မရဏလမ်းကို လိုက်ရလိမ့်မယ်…”
ထို့နောက် ဟန်လိက တဖြတ်ဖြတ်တုန်ယင်လှုပ်ခါနေသော စိတ်ဝိညာဉ်ကို တချက်ကြည့်ကာ တဖက်သို့ လှည့်၍ တုံ့ဆိုင်းခြင်းမရှိ ဂူတံခါးကို သွားဖွင့်သည်။
တံခါး ပွင့်သွားသည့်အခါ အတွင်းဘက်သို့ နေရောင်စူးစူး တိုးဝင်ကာ သည်အလင်းလုံးပေါ်သို့ ကျရောက်သည်။ သေအံမူးမူး စိတ်ဝိညာဉ်ပေါ် နေအလင်း ကျရောက်သည့်အခါ ယွီကျစ်ထုံ၏ နောက်ဆုံးလက်ကျန် စိတ်ဝိညာဉ်အားသည် လောင်ကျွမ်းခံရပြီး ဖူးကနဲ မြည်သံနှင့်အတူ အခိုးအငွေ့အဖြစ် လေထဲသို့ ပျောက်ကွယ်သွားတော့သည်။
ထိုသို့ဖြင့် ဟန်လိကြောင့် ယွီကျစ်ထုံ၏ လက်ကျန်အရိပ်အမြွက်သည် ဒီလောကမှ ရှင်းလင်းခံလိုက်ရတော့သည်။
ဟန်လိသည် ယွီကျစ်ထုံ၏ အသက်ဓာတ်အားကို ရှင်းလင်းပြီးသော်လည်း သူက သူ့အစီအစဉ်သာ အလုပ်မဖြစ်ခဲ့ပါက အဆိပ်ခုနစ်ပါးရေကို ကြိုပြင်ဆင်ထားခဲ့သေးသည်။
မော့ကျူးရင် သူ့ထံမှ ယူသွားခဲ့သော အဆိပ်ငါးပါးရေနှင့် နှိုင်းယှဉ်ပါက အခု ဒုတိယမြောက် အဆိပ်ပြွန်ထဲ၌ အဆိပ်ဖြစ်စေသော အပိုအမယ်များ ပါဝင်နေ၏။ ယင်းထဲမှ တစ်ခုသည် သာမန်သေမျိုးများကို သေစေနိုင်သော၊ အမတကျင့်ကြံသူများအပေါ်တွင်ပင် သက်ရောက်မှု ရှိသော မှိုပန်းပင်။ ၎င်း၏ သက်ရောက်မှုကြောင့် ယွီကျစ်ထုံသည် မှော်စွမ်းအားကို အသုံးမပြုနိုင် ဖြစ်ခဲ့ပြီး သူ၏ စိတ်ဝိညာဉ်သည် လွယ်လင့်တကူ ဖျက်စီးခံလိုက်ရတာပင်။
ဟန်လိသည် သူ၏ အဆိပ်ခုနစ်ပါးရေ၏ သက်ရောက်မှုအားလုံးကို ရှင်းရှင်းလင်းလင်း မသိထားပေ။ သို့သော် သူ အခန်းတံခါးဖွင့်လိုက်ချိန်၌ ယွီကျစ်ထုံသည် သေဆုံးသွားခဲ့တာ သေချာလေပြီ။
အခု ဟန်လိသည် နောက်ဆုံး၌ လွတ်လပ်သွားပြီ ဖြစ်ကာ သူ့လည်ပင်းတွင် ဝဲနေသောဓား(ဝါ) ယွီကျစ်ထုံမှာ သေဆုံးသွားခဲ့ပြီ မဟုတ်လား။
ဟန်လိက ကျောက်အခန်း၏ အလယ်သို့ တည်တည်ငြိမ်ငြိမ် ပြန်လှမ်းလာ၏။ ထို့နောက် သူက သုံးမီတာလောက်ထိ ခုန်ကာ သူ့စိတ်နှလုံးထဲတွင် မြူးထူးမှုအပြည့်ဖြင့် အော်ဟစ်လိုက်မိ၏။ သူ၏ စိတ်ခံစားချက်များကို ထုတ်ဖော်ထုတ်လွှတ်ပြီးနောက် နောက်ဆုံးတွင် သူသည် ဆယ့်ခြောက်နှစ်သာ ရှိသည့် ကလေးသဘာဝအတိုင်း ပြန်ဖြစ်သွားသည်။
“နောက်ဆုံးတော့ ငါ လွတ်လပ်သွားပြီ…”
“နောက်ဆုံးတော့ ငါ လွတ်လပ်သွားပြီ…”
“ငါ…” ဟန်လိ၏ အသံသည် ရုတ်တရက် တဝက်တပျက် တန့်သွား၏။ အကြောင်းမှာ သူသည် ကျောက်အခန်းထံ ဦးတည်သော တံခါးဝရှေ့တွင် ဧရာမလူကြီးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။ ထိုသူမှာ မော့ကျူးရင် သံကျေးကျွန်ဟု ခေါ်ဆိုခဲ့သော ဧရာမလူကြီးပင်။
ဟန်လိ၏မျက်နှာက ချက်ခြင်း ရုပ်စိုးသွား၏။ သူက ရှေ့မှ ထိုဧရာမပုံရိပ်ကို စိုက်ကြည့်နေမိသည်။ သူသည် ရုတ်တရက် သူ ကြီးမားသောအမှားတစ်ခု လုပ်ခဲ့မိပြီဟု သဘောပေါက်လိုက်မိသည်။ သူက ထိုသူ၏ တည်ရှိမှုကို မေ့သွားခဲ့ပေသည်။ ထို့ကြောင့် သူသည် သမားတော်မော့နှင့် ထိုဧရာမလူကြား ပတ်သတ်မှု၊ ထိုဧရာမလူ၏ အားနည်းချက်တို့ကို ယွီကျစ်ထုံကို မေးရန်ပါ မေ့သွားခဲ့သည်။
ဟန်လိအတွက် တခု စိတ်အေးနိုင်သည်မှာ ထိုဧရာမလူက မော့ကျူးရင်၏ ပေးခဲ့သော နောက်ဆုံးအမိန့်အတိုင်း လှိုဏ်ဂူတံခါးဝတွင်သာ စောင့်ကြပ်ပေးနေပြီး တံခါးပွင့်သွားချိန်တွင် အတွင်းသို့ တချက်လေးပင် လှည့်မကြည့်တာ ဖြစ်၏။
ဟန်လိသည် ထိုသံကျေးကျွန်မှာ ရင်ဆိုင်ရခက်မှန်း တွေးမိကာ မျက်မှောင် ကြုံ့မိသည်။ ထိုကျေးကျွန်က ၎င်း၏သခင်ဖြစ်သူ အမိန့်တိုင်းသာ လုပ်ဆောင်ပြီး ကျိုးကြောင်းပြ၍၊ သို့မဟုတ် စွဲဆောင်၍ ပြောသော စကားများကိုလည်း နားထောင်မည် မဟုတ်ပေ။ နောက်ပြဿနာတစ်ခုမှာ ဟန်လိသည် ၎င်းကို အနိုင်မတိုက်ခိုက်နိုင်ခြင်း ဖြစ်၏။ သူ့အတွက် နိုင်နိုင်ချေရှိသော တခုတည်းသော အရာမှာ အဆိပ်သာ ရှိနိုင်မည်။ သို့သော် အဆိပ်သိုလှောင်ထားသော အဆိပ်ပြွန်မှာ အခုအခါ၌ အောက်တွင် ပြောင်သလင်းခါနေပေပြီ။
ထိုအခါ ဟန်လိသည် သည်ကျောက်အခန်းထဲ၌ သံကျေးကျွန်ကို မည်သို့မည်ပုံ ရင်ဆိုင်ရန် ခေါက်တုံခေါက်ပြန် လျှောက်၍ စဉ်းစားမိတော့၏။ သို့သော် များစွာ စဉ်းစားပြီးနောက် သူ စိတ်ရှုပ်လာ၏။ သူ့ထံ၌ ခုထိ အစီအစဉ်တခု မရှိသေးပေ။
အမှတ်တမဲ့ ဟန်လိ၏အကြည့်က မော့ကျူးရင်၏ အလောင်းပေါ်သို့ ကျရောက်သွား၏။ ရုတ်တရက် သူ အကြံတစ်ခု ရသွားသည်။
“သူ့ခန္ဓာကိုယ်မှာ သံကျေးကျွန်ကို ခိုင်းစေနိုင်မယ့် အရာတစ်ခုခု ငါ ရှာတွေ့ချင်တွေ့နိုင်တယ်…” ဟန်လိက ထိုသို့ ချက်ခြင်း တွေးမိသည်။
သူက အပြင်ဘက်သို့ ဖြတ်ခနဲ လှမ်းကြည့်၏။ သူက သံကျေးကျွန်သည် ကျောက်အခန်းအနီးအနားတွင် မောပန်းဟန် မရဘဲ စောင့်ကြပ်ပေးနေသည်ကို လှမ်းမြင်သည်။
ထိုသို့ တွေ့မြင်သည့်အခါ ဟန်လိသည် အနည်းငယ် တည်ငြိမ်သွား၏။ သူက မော့ကျူးရင်၏ ခန္ဓာကိုယ်ထံ ခပ်သွက်သွက်လှမ်းလာပြီး ထိုအလောင်း၏ တလက်မမကျန်ကို အရှက်မရှိ သေချာ ရှာဖွေကြည့်သည်။