သဘောတူညီမှု
Vol. 5 Ch. 62
ဟန်လိသည် မော့ကျူးရင်၏ ခန္ဓာကိုယ်ပေါ်မှ တမူထူးခြားသော အရာများကို တခုပြီးတခု ဖယ်ရှားသည်။ တချို့ကို သူ သိ၏။ တချို့ကို သူ မသိပေ။ သူက ထိုအရာများကို နှစ်ပုံပုံကာ သူ့ဘေးတွင် နေရာချသည်။
သည်အရာဝတ္ထုများကို စိတ်ဖြာခွဲခြမ်းနေလျက် ဟန်လိသည် အံ့အားတသင့်ဖြစ်ကာ ရံဖန်ရံခါ အာမေဋိတ်သံပင် ပြုမိသည်။ မော့ကျူးရင်၏ ကိုယ်ပေါ်ရှိ ပစ္စည်းပစ္စယများမှာ မနည်းမနောပင်။ တချို့ဆို အန္တရာယ်ရှိကာ အသက်ကိုပင် ချိန်းခြောက်နေသော အရာများပင်။
ထူးခြားဆန်းပြားသော အဆိပ်ပြွန်ချောင်းတခု။
မြွေအဆိပ် သုတ်လိမ်းထားသော သဲအိတ်တအိတ်။
ထက်ရှသော ဒလက်ကွေးလက်နက် ဆယ်ခုမျှ။
(ဒလက်ကွေးလက်နက်ဟူသည် ပစ်သူထံ ပြန်၍ ဝေ့ကာ ပြန်လာနိုင်သည့် လက်နက်တမျိုးပင်)
ထိုအမျိုးအမည် ပစ္စည်းပစ္စယများက ကြမ်းပြင်ဘက်ပေါ် ပို၍ ပုံလာလေလေ ဟန်လိသည် ဂနာမငြိမ် ဖြစ်မိလေပင်။ သူက မော့ကျူးရင်နှင့် တိုက်ခိုက်ခဲ့ချိန်က မည်မျှ ကံကောင်းခဲ့သည်ကို သဘောပေါက်သွားမိသည်။ တဖက်လူက သူ့ကို အရှင်ဖမ်းဆီးလိုခြင်းကြောင့်သာ မဟုတ်ပါက ဟန်လိသည် ထိုချိန်တည်းက သေဖို့များပေသည်။
သူ့မျက်နှာထက်ရှိ အေးစက်စက် ချွေးတို့ကို သုတ်ကာ ဟန်လိက သူ့ကိုယ်သူ လှောင်ပြောင်ကာ ရယ်မော၏။ “ငါ့လို အသက်ရှင်နေတဲ့သူက လူသေတစ်ယောက် ပိုင်ဆိုင်တဲ့အရာတွေကို လန့်နေပါ့လား…”
မော့ကျူးရင်၏ ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းများကို ဖယ်ယူပြီးနောက် သူက ယင်းတို့ကို သေချာစူးစမ်း ကြည့်သည်။
“ဒီပုလင်းငယ်က အနံ့ဆိုးလိုက်တာ။ ဒါပေမဲ့ ဒါဟာ အဆိပ်ဖြေဆေးတမျိုးပဲ…”
“ဒီလက်နက်တခုလိုလို ဘာလိုလို ထူးထူးခြားခြားအရာက လုံးဝန်းတဲ့ပုံ ရှိတယ်။ ဒါကို ဘာအတွက် အသုံးဝင်လဲတော့ ငါ မသိပေမဲ့လို့ ဒီပစ္စည်းက သံကျေးကျွန်နဲ့ ဆက်စပ်နေလောက်တယ်။ဒါ့ကြောင့် ဒါကို အရင်ဆုံး ဘေးမှာ ခဏ ထားလိုက်မယ်…”
“ပြီးတော့ နံ့သာအိတ်…”
ဟန်လိသည် ပစ္စည်းများကို ဆက်လက်မွှေနှောက်ကာ စူးစမ်းနေ၏။ လက်ထဲတွင် အိတ်ငယ်ကို ကိုင်ကာ သူက စိတ်အားတက်ကြွလာဟန်ဖြင့် တကိုယ်တည်း အော်ဟစ်နေသေးသည်။
သူ့လက်ထဲရှိ ထိုမွှေးကြိုင်သောအိတ်က သာမန်အခြေအနေဆို တခြားသူများ၏ စိတ်အာရုံကို ဖမ်းစားနိုင်မည် မဟုတ်ပါ။ သို့ပေမည့် ဟန်လိကမူ ထိုအိတ်သည် မော့ကျူးရင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသဖြင့် မရိုးရှင်းမှန်း သိသည်။
ဟန်လိက သူ့လက်ထဲရှိ အိတ်ကို လက်ဖြင့် ချိန်ဆကြည့်သည်။ ထိုအိတ်သည် အလွန်ပေါ့ပါးနေသည်ကို သူ သတိပြုမိ၏။ ၎င်းအထဲတွင် လေးလေးလံလံ အမယ်များ မပါနေလောက်ပေ။ ဒုတိယအကြိမ်မြှောက် ချိန်ဆကြည့်ပြီးနောက် ထိုအိတ်ထဲတွင် စက္ကူစကဲ့သို့ အရာမျိုး ရှိနေနိုင်သည်ဟု သူ ခံစားမိ၏။
ဟန်လိက ထိုအိတ်ကို မဖွင့်ခင် သူ့စိတ်ကိုယ်သူ ကြိုပြင်ဆင်သည်။ သူ မျှော်လင့်ထားသလိုပင် ၎င်းအတွင်း၌ စက္ကူရွက်များ ရှိနေသည်။
သူက ထိုစက္ကူရွက်တို့ကို ကြည့်၏။ ၎င်းပေါ်၌ မော့ကျူးရင်၏ လက်ရေးဖြင့် ရေးသားထားမှု ရှိနေကာ ဤသည်က သူ့စိတ်နှလုံးကို လေးလံမှု ဖြစ်သွားစေသည်။ ထိုစက္ကူရွက်တို့ကို မည်ကာမတ္တ ကြည့်ရှုပြီးနောက် သူက ထိုလက်ရေးမူကို ပြန်ဖတ်ကြည့်သည်။ ၎င်းလက်ရေးမူမှာ မော့ကျူးရင်၏ သေတမ်းစာပင်။
သိချင်စိတ်ဖြင့် ဟန်လိက ထိုစက္ကူရွက်များပေါ်ရှိ အကြောင်းအရာများကို သေချာဖတ်ကြည့်သည်။
ဖတ်ရှုပြီးနောက် ဟန်လိက ခေါင်းမော့ကာ အချိန်အတန်ကြာ ငေးမောနေပြီး လေးလံစွာ သက်ပြင်းချသည်။ မျက်မှောင်ကြုတ်နေလျက် သူက သူ့စိတ်ထဲ၌ လေးလံလွန်းမှု ဖိစီးလာသည်ကို ခံစားမိနေသည်။
သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ခြေလှမ်းနှစ်လှမ်း လျှောက်၏။ ထို့နောက် သူက ရပ်ကာ တစုံတခုကို စဉ်းစားသည်။ သူက သူ့အတွေးကို အပြည့်အဝ မဖမ်းဆုပ်မိသည်ကို သဘောပေါက်သွားသည့်နောက် နောက်ထပ် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြန်သည်။ ထို့နောက်တွင် ရပ်တန့်ကာ သူ ထပ်မံ စဉ်းစားကြည့်ပြန်သည်။
ထိုသို့ဖြင့် သူသည် မော့ကျူးရင်၏ အလောင်းဘေးတွင် လှည့်ပတ်လျှောက်ကာ စဉ်းစားနေ၏။ သူ့မျက်နှာထက်တွင် ဂနာမငြိမ်မှု ဖြစ်ပေါ်လာသည်။ သူက မတည်မငြိမ်နိုင် ဖြစ်နေသည်။
လီဖေးယွီသာ ဟန်လိ၏ ခုလိုမျိုး စိတ်ဂယောက်ဂယက် ဖြစ်နေသည်ကို မြင်ပါက သူ့ကို လှောင်ပြောင်ပေလိမ့်မည်။
ဟန်လိ ပြောင်းလဲသွားသည့် အကြောင်းရင်းမှာ မော့ကျူးရင်၏ စိတ်ဆန္ဒပါဝင်သော သေတမ်းစာကြောင့်ပင်။ ထိုသေတမ်းစာ၌ ဟန်လိအဖို့ အလွန်အမင်း ဆိုးရွားသော သတင်းကို ချန်ထားခဲ့သောကြောင့်ပင်။ မော့ကျူးရင် သူ့ကို ပေးခဲ့သော ပိုးမွှားအလောင်းအဆိပ်ဆေးလုံးအတွက် ဖြေဆေးထဲတွင် ရှားမှရှားသော တခြားအဆိပ်တမျိုးကို ထည့်သွင်းခဲ့ပေသည်။ ထိုအဆိပ်အတွက် ဖြေဆေးမှာ မော့ကျူးရင်မိသားစု၏ အဖိုးတန်သော အနွေးဓာတ်ယန်ကျောက်စိမ်းပြားသာ ဖြစ်၏။ ထိုရတနာကလွဲ၍ နာမည်ကျော်အဆိပ်ဖြေဆေးများသည်ပင် ဟန်လိကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။
မော့ကျူးရင်၏ သေတမ်းစာသဘောအရ ဟန်လိ၏ ခန္ဓာကိုယ်ကို ပိုင်စိုးချိန်၌ အဆိုးဆုံး ဖြစ်ပြီး သူ သေသွားခဲ့လျှင်ဟု တွေးကာ ဟန်လိအပေါ် အခုလို အဆိပ်ခတ်ခဲ့တာ ဖြစ်သည်။ ထို့ကြောင့် သူက ကြိုပြင်ဆင်ခဲ့တာပင်။ သူသာ သေဆုံးသွားခဲ့ပါက ဟန်လိသည် သူ၏ ချမ်းသာကြွယ်ဝမှုများနှင့် အကျိုးအမြတ်များစွာကို အလကားသပ်သပ် ရမသွားအောင် သူ ကြို၍ ပြင်ဆင်ခဲ့တာ ဖြစ်၏။
နောက်ဆုံးအသက်ရှင်သူမှာ ယွီကျစ်ထုံ ဖြစ်လိမ့်မည်ဟု သူ လုံးဝ မတွေးထားခဲ့ပေ။ သူက သူ့သေတမ်းစာတွင် ယွီကျစ်ထုံနှင့် ပတ်သတ်၍မူ အကြမ်းဖျဉ်းသာ ဖော်ပြထားခဲ့၏။ ယွီကျစ်ထုံသည် အမတကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လျှင်ပင် နဂိုတည်းက အားနည်းနေပြီး သေရမှာ ကြောက်သူဟု သူ တွေးခဲ့သည်။ ထို့အတွက်ကြောင့်လည်း သူ့အနေဖြင့် ယွီကျစ်ထုံကို နောက်ဆုံးအသက်ရှင်သန်သူ ဖြစ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့တာပင်။
ဟန်လိက ထိုအကြောင်းကို တွေ့မြင်သည့်အခါ မော့ကျူးရင်သည် အဆုံးသပ်ကို ကြိုမခန့်မှန်းနိုင်ခဲ့သည့်အပေါ် သူ့စိတ်ထဲကနေ ခါးသက်သက် လှောင်ရယ်မိသည်။ ဟန်လိသည် သူ၏ ထာဝရနွေဦးကျင့်စဉ်၏ အဆင့်အမှန်ကိုသာ မဖုံးကွယ်ထားခဲ့ပါက သူလည်း မော့ကျူးရင်ကဲ့သို့ အဆုံးသပ်သွားနိုင်ပြီး နောက်ဆုံးတွင် အကျိုးအမြတ်များကို ရသူက မော့ကျူးရင် ဘာမဟုတ်ဟု ထင်ထားသော ယွီကျစ်ထုံသာ ဖြစ်သွားနိုင်သည်။ မည်သူပင်ဖြစ်ဖြစ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပါက အထင်သေး၍၊ လျှော့တွက်၍ မရသည့်ပုံပင်။
မော့ကျူးရင်၏ သေတမ်းစာတွင် သူ လိုချင်သော အရာမှာ ရိုးရှင်းသည်။ ဟန်လိမိထားသော အဆိပ်သည် တစ်နှစ်၊နှစ်နှစ်အတွင်း ထကြွလာမည် ဖြစ်သည်။ ထိုအဆိပ်ကို ဖယ်ရှားဖို့ ဟန်လိက မော့ကျူးရင်၏ မွေးရပ်နေအိမ်သို့ ခရီးနှင်ရလိမ့်မည်။ မော့ကျူးရင်၌ ဇနီးများနှင့်သမီးများနှင့် စီးပွားရေးများ ရှိထား၏။ သူ မထွက်သွားခင် သူက သူတို့အတွက် ကြိုတင်၍ စီမံမှုများ ပြုလုပ်ခဲ့သည်။ သူ မရှိသည့်အချိန်အတွင်း သူ့ရန်သူများက သူ့မိသားစုအပေါ် မကောင်းကြံလာမည်ကို သူ စိုးရိမ်ခဲ့ပေသည်။ သို့ဖြစ်၍ ဟန်လိသည် အဆိပ်ဖြေဆေးရဖို့ သူ့ဇနီးများနှင့်မိသားစုဝင်များကို ကာကွယ်ပေးရမည် ဖြစ်ပြီး သူတို့ကို အန္တရာယ်များလှသော ကျန်းဟူကနေ လွတ်မြောက်အောင် လုပ်ပေးရမည် ဖြစ်သည်။ ထိုမှသာ သူ့မိသားစုသည် ဘေးကင်းကင်းဖြင့် သာမန်ဘဝတခုမှာ ရှင်သန်နိုင်လိမ့်မည်။
ထို့အပြင် မော့ကျူးရင်၏ သေတမ်းစာ၌ သူ့သမီးများထဲမှ တစ်ယောက်ကို ဟန်လိက လက်ထပ်ရအုံးမည်ဟု ဖော်ပြထားသည်။ ထိုအခါကျလျှင် ဟန်လိသည် သူ မိထားသော အဆိပ်ကို ဖြေပေးနိုင်မည့် ယန်ကျောက်စိမ်းပြားရတနာနှင့်အတူ သူ့ ပိုင်ဆိုင်မှုတဝက်ကို ခန်းဝင်လက်ဖွဲ့အဖြစ် ရရှိမည်။
မော့ကျူးရင် မထွက်လာခင်က သူသည် လုံလုံခြုံခြုံ သိမ်းထားနိုင်ဖို့ ထိုအဖိုးတန်ယန်ကျောက်စိမ်းပြားကို သူ့ဇနီးများထံ ပေးခဲ့ပြီး သူတို့ သမီး၏ ခန်းဝင်အဖြစ် အသုံးပြုရမည်ဟု သေချာ မှာကြားထားခဲ့ပေသည်။ ထို့ကြောင့် ဟန်လိအနေဖြင့် သူ့သမီးကို လက်မထပ်ချင်လျှင်ပင် မဖြစ်မနေ လက်ထပ်ရမည့်ကိန်း ဆိုက်ရောက်စေသည်။
ထို့အပြင် မော့ကျူးရင်သည် သူ့သေတမ်းစာ၌ သူ့ရန်သူ ဂိုဏ်းများမှာ ကြီးမားပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်ကိုလည်း ဖော်ပြထားခဲ့သည်။ သို့အတွက်ကြောင့် ဟန်လိ၏ ခုလက်ရှိ စွမ်းရည်ဖြင့် သူသည် ထိုသူတို့ကို ပြောင်ပြောင်တင်းတင်း ရင်ဆိုင်နိုင်စွမ်း မရှိသေးပေ။
ထိုအကြောင်းရင်းကြောင့် မော့ကျူးရင်က ဟန်လိအတွက် ဟန်ဆောင်နေနိုင်မည့် အမည်အတုနှစ်ခုကို သေချာ ပြင်ဆင်ပေးထားခဲ့သည်။ ထိုအကြောင်းကို မော့ကျူးရင်ကလွဲ၍ မည်သူမျှ မသိပေ။ တချိန်တည်းမှာ သူက ယုံကြည်ရသော အကူအညီပေးနိုင်မည့်သူများ၏ အမည်များ၊ သူ့အပေါ် အကြံရှိသူများ၏ အမည်များ၊ သူ့ရန်သူများ၏ အမည်များကိုလည်း စာရင်းပြုစုထားခဲ့သည်။
နောက်ဆုံးတွင်တော့ သူက သံကျေးကျွန်နှင့်တိမ်တောင်ပံငှက်တို့ကို မည်သို့မည်ပုံ ဆင့်ခေါ်ရမည်၊ ထိန်းချုပ်ရမည့် နည်းလမ်းကို ဖော်ပြထားခဲ့သည်။
ဟန်လိကို အာရုံစိုက်မိစေသည်မှာ သံကျေးကျွန်မှာ အမှန်တကယ် စိတ်ဝိညာဉ်ကင်းမဲ့နေသော အလောင်းဖြစ်သည်ဟု ဖော်ပြထားချက်ကိုပင်။
မည်သို့ပင်ဖြစ်စေ သူ၏ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို လစ်လျူရှုထားလျှင်ပင် ဟန်လိ၏ စိတ်နှလုံးသည် မြောက်များလှစွာသော ငွေကြောင့် မလှုပ်ရှားဟု ပြောလျှင် လိမ်ရာ ကျပေလိမ့်မည်။ ဟန်လိသည် ငွေနှင့်ပတ်သတ်၍ အလေးအနက် ရှိသူ ဖြစ်၏။ ထို့ကြောင့် သူသည် မော့ကျူးရင်၏ ကမ်းလှမ်းမှုကို အတော်လေး စိတ်ဝင်စားမိသည်။
မော့ကျူးရင်၏ သမီးဖြစ်သူနှင့် လက်ထပ်ရမည့် ကိစ္စကိုမူ ဟန်လိက တမျိုးတမည် ခံစားမိသည်။ သူ့ အသက်အရွယ်ဖြင့် သူသည် ခုလိုမျိုးကိစ္စကို ပထမဆုံးအကြိမ် တွေးမိတာ မဟုတ်လား။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ မော့ကျူးရင်၏ မူလရုပ်သွင်အရ သူ့သမီးဖြစ်သူမှာလည်း လှပသူလေး ဖြစ်မည်ဟု ဟန်လိ သိသည်။
သို့သော် သူ ရင်ဆိုင်ရမည့် အန္တရာယ်ကလည်း မပေါ့ပေ။ သူသာ ဂရုမစိုက်မိပါက သူ့ဘဝကို တန်ကြေးအဖြစ် ပေးလိုက်ရနိုင်သည်။ မော့ကျူးရင်၏ ရန်သူများသည် ရိုးစင်းနေသူများ မဟုတ်ကြပေ။
မော့ကျူးရင်သည် အကျိုးအမြတ်များ ပေးကာ ဟန်လိကို သူ့မိသားစုနှင့် ချည်နှောင်ခဲ့တာ ဖြစ်ပေသည်။ သို့သော် ထိုအကျိုးအမြတ်များထဲ၌ အန္တရာယ်လည်း ရောထွေးနေပေသည်။ သို့ဆိုရလျှင် မော့ကျူးရင်သည် ဟန်လိကို သကာဖုံးထားသော အဆိပ်ဆေးလုံးကို အတင်းအကြပ် မြိုချခိုင်းခဲ့သည်ဟု ပြော၍ ရနိုင်သည်။