← Chapters

သံကျေးကျွန်၏ ရုပ်သွင်အမှန်

Vol. 5 Ch. 63

သံကျေးကျွန်၏ ရုပ်သွင်အမှန်

Vol. 5 Ch. 63

“သမားတော်မော့ရဲ့ ကမ်းလှမ်းမှုကို ခုချက်ခြင်း ငါ လက်ခံသင့်လား။ ဒါမှမဟုတ် ငါ ဆုံးဖြတ်ချက် မချခင် သေချာအောင် စောင့်ကြည့်ရအုံးမလား…”

ဟန်လိသည် မည်သို့လုပ်ဆောင်ရမည့်အပေါ် အဖြေမရသေးပေ။

ထို့နောက် ဟန်လိက သံကျေးကျွန်ထံ လှမ်းကြည့်ကာ မော့ကျူးရင်၏ သေတမ်းစာအဆုံးတွင် ချန်ထားခဲ့သော မန္တာန်အကြောင်း တွေးမိသွားသည်။ သူ့စိတ်ထဲတွင် စူးစမ်းလိုစိတ် မြင့်တက်လာပြီး ထိုသံကျေးကျွန်ကို ထိန်းချုပ်ရန် အဆင့်များကို ပြင်ဆင်သည်။

ဟန်လိက သူ့လက်ဖဝါးနှင့် အံဝင်ခွင်ကျ ဖြစ်သည့် နာရီတစ်ခုကို ပစ္စည်းပုံများအတွင်းမှ ရွေးယူလိုက်သ်ည။ ထိုနာရီက ကြည့်ပျော်ရှုပျော်ပင်။ တချက်ကြည့်ရုံဖြင့် ထိုနာရီကို ကျွမ်းကျင်သော လက်မှုသည်တစ်ယောက်က ပြုလုပ်ထားမှန်း သူ သိ၏။ ပုံမှန်နာရီများနှင့် ကွဲခြားမှုမှာ နာရီအောက်ခံဘောင်ပေါ်တွင် သွေးစသွေးန အငွေ့အသက် ရှိနေခြင်းပင်။

ထိုနာရီကို ဝိညာဉ်မြှူဆွယ်ခြင်းဟု ခေါ်၏။ သူက ၎င်း၏ လုပ်ဆောင်မှုများကို သေချာ စူးစမ်းကြည့်နေသည်။ အပေါ်ယံကြည့်ရုံဖြင့် ၎င်း၏ ထူးခြားမှုကို သူ မြင်နိုင်စွမ်း မရှိပေ။ သို့သော် မော့ကျူးရင်၏ ညွှန်ကြားချက်များအတိုင်း သူ လုပ်ဆောင်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော သံကျေးကျွန်ကို ထိန်းချုပ်နိုင်လေ၏။

ဟန်လိသည် ထိုနာရီငယ်ကို သူ့ဘယ်လက်ပေါ်တွင် ဝတ်ဆင်ပြီး ညာလက်တွင် ဓားမြှောင်ကို ကိုင်ဆုပ်ထားသည်။ သတိထားကာ ကျောက်တံခါးနား သူ တဖြည်းဖြည်း လျှောက်လာပြီး သံကျေးကျွန်ထံ ချဉ်းကပ်လာ၏။

ထိုလူ့ဘီလူးကြီးနှင့် ပေနှစ်ဆယ်လောက်အကွာသို့ ရောက်သည့်အခါ သူက ရပ်၏။ သူ ထိုထက် ပိုနီးကပ်သွားပါက မတော်တဆမှုတစ်ခုခု ဖြစ်လာခဲ့လျှင် ကာကွယ်နိုင်စွမ်း မရှိမှာ စိုး၍ ဖြစ်သည်။ သည်အခိုက်တွင် သံကျေးကျွန်က ဟန်လိဘက်သို့ မျက်နှာမူလာသည်။

ဟန်လိက ဓားမြှောင်ဖြင့် သူ့လက်ရှိ နာရီကို ညင်သာစွာ ထိရိုက်သည့်နောက် ကြည်လင်စူးရှသော အသံတစ်သံ မြည်လာ၏။

ဟန်လိက မျက်မှောင်ကြုတ်သွားသည်။ ထိုအသံက ပုံမှန်နာရီမှ ထွက်ပေါ်တတ်သော နာရီစည်းချက်သံနှင့် အတူတူပင်။ ထို့အတွက်ကြောင့် ၎င်းက သည်သံကျေးကျွန်ကို မည်သို့ ထိန်းချုပ်နိုင်ပါ့မည်နည်း။

သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူ့ခန္ဓာကိုယ်ကို နောက်သို့ ကြုံ့ကာ ထိန်းချုပ်မှု ကျရှုံးမည့် အရိပ်အယောင် ပြသည်နှင့် ကျောက်အခန်းထဲ ပြန်ပြေးရန် ပြင်ဆင်ထားသည်။

ထိုနာရီသံကို ကြားသည့်အခါ သံကျေးကျွန်၏ ပုခုံးမှာ သိသိသာသာ လှုပ်သွား၏။ ထိုတုန့်ပြန်မှုကို မြင်သည့်အခါ ဟန်လိသည် စိတ်အေးသွားကာ နာရီကို ထပ်မံ၍ ဓားဖြင့် ပွတ်ဆွဲသည်။

တန်…တန်…။ နာရီသံ ဆက်တိုက် မြည်လာ၏။ သံကျေးကျွန်၏ ခန္ဓာကိုယ်သည် လှုပ်ခါလာကာ ကောင်းကောင်း မရပ်နိုင် ဖြစ်လာပြီး နောက်ဆုံးတွင် မြေပေါ်သို့ ပစ်ကျကာ သတိလစ်သွားလေသည်။

ဟန်လိက သံကျေးကျွန်ပေါ်သို့ အလျင်အမြန် ခုန်တက်ကာ သူ့လက်နှစ်ဖက်ဖြင့် ၎င်း၏ ဝတ်ရုံရှည်ကို ဖယ်ရှားသည်။ ထိုအခါ ဟန်လိကို ထိတ်လန့်သွားစေသော ဖောင်းပွနေသည့်မျက်နှာတစ်ခု ပေါ်လာသည်။

ဟန်လိသည် စိတ်မသက်မသာဖြစ်မှုကို အတင်းဖိနှိပ်လိုက်ရ၏။ သူ၏ ဓားမြှောင်ဖြင့် သူ့ လက်ကောက်ဝတ်ကို လှီး၏။ သူ့လက်မှ သွေးများသည် သံကျေးကျွန်၏မျက်နှာပေါ်သို့ ကျဆင်းသွားသည်။ ယင်းနောက် ဟန်လိက သူ့လက်ကောက်ဝတ်ကို သွေးထွက်မလွန်စေရန် အဝတ်စဖြင့် တုတ်နှောင်ကာ စည်းသည်။ ထိုသို့ ပြုလုပ်ပြီးနောက် ဟန်လိသည် ဘေးတဖက်တွင် ရပ်ကာ သံကျေးကျွန်၏ တုန့်ပြန်မှုကို စောင့်ကြည့်နေသည်။

ထူးဆန်းစွာပင် သံကျေးကျွန်မျက်နှာထက်ရှိ သွေးများအားလုံးမှာ တစ်စက်မျှ မကျန်သည့်အထိ စုပ်ယူခြင်း ခံလိုက်ရသည်။ ဘေးမှ ကြည့်နေသော ဟန်လိမှာ မင်သက်မိနေသည်။

သွေးများကို စုပ်ယူပြီးနောက် သံကျေးကျွန်က မျက်လုံးဖွင့်ကာ ဖြည်းဖြည်းချင်း ထရပ်သည်။ သူက စကားပြောနိုင်စွမ်း မရှိပုံရ၏။ သူ၏မျက်လုံးမှာလည်း အသက်ဓာတ် ကင်းမဲ့နေကာ မည်သည့်စိတ်ခံစားချက်မျှ ရှိမနေပေ။

သို့သော် ထိုသံကျေးကျွန်က ဟန်လိထံ ခေါင်းလှည့်ကြည့်လာသည့်အခါ သူတို့ မျက်လုံးချင်းဆုံချိန်၌ ဟန်လိ၏ စိတ်ထဲတွင် တဝီဝီအသံကို ကြားလိုက်ရသည်။ ဟန်လိ၏ စိတ်ထဲ၌ ထူးဆန်းသလို၊ ရင်းနှီးသလို ခံစားမှုတစ်ခု မြင့်တက်လာ၏။

ဟန်လိသည် အံအားသင့်မိသည်။ သို့သော် သူက ထိုသံကျေးကျွန်၏ လူသေမျက်နှာ၌ အမိန့်နာခံမှု အပြည့် ဖြစ်လာသည်ကို မြင်သည့်အခါ သူသည် ချက်ခြင်း ပြန်တည်ငြိမ်သွားသည်။ ဟန်လိက ဒီသံကျေးကျွန်၏ ကြမ္မာကို သူ ထိန်းချုပ်နိုင်သည်ဟု ခံစားမိသည်။ ထိုခံစားချက်မှာ ကောင်းမွန်လှလေ၏။

ဟန်လိက စိတ်ကျေနပ်မှု၊ အံ့အားသင့်မှုကို ထိန်းချုပ်ကာ ထိုလူ့ဘီလူးကို စမ်းသပ်ဖို့ငှာ အမိန့်ပေးလိုက်သည်။

“ငါ့အတွက် ဟိုကျောက်နံရံကို သွားဖြိုလိုက်စမ်း…”

စကားတခွန်းမှ မဆိုဘဲ သံကျေးကျွန်သည် ကျောက်တံခါးထံ လျှောက်သွားကာ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၍ တံခါးကို လေးငါးချက်လောက် ထုရိုက်လေသည်။ ထို့နောက် သူက လေကဲ့သို့ အဟုန်ဖြင့် ဟန်လိဘေးနား ပြန်ရောက်လာကာ နောက်ထပ်ပေးမည့် အမိန့်ကို စောင့်သည်။

ထိုအခါ ဟန်လိသည် ပါးစပ်နားရွက်တက်ချိတ်မတက် ပြုံးမိလေ၏။ အမိန့်နာခံရန် အမြဲစောင့်နေသော သည်လို အစွမ်းထက်အကူအညီပေးမည့်သူဖြင့်ဆို သူ့အတွက် အနာဂတ်တွင် ဖြစ်လာနိုင်မည့် မည်သည့်သာမန်အန္တရာယ်ကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိပြီ မဟုတ်ပါလား။

ထိုဧရာမလူ့ဘီလူးကို ကြည့်မိလေလေ ဟန်လိသည် ပို၍ အူမြူးလာလေပင်။ ထိုလူ့ဘီလူးကြီ၏ မူလက ရုပ်စိုးသော မျက်နှာကပင် အခုအခါ သူ့မျက်လုံးထဲတွင် ကြည့်၍ ကောင်းလာ၏။ တချိန်တည်းမှာ ထိုမျက်နှာကို ဟန်လိသည် ရင်းနှီးသလိုမျိုး ခံစားမိသည်။

“ငါ သိတဲ့သူ တစ်ယောက်ယောက်ရဲ့ မျက်နှာ ဖြစ်နေတာလား…”

ထိုသို့ ခံစားမိ၍ ဟန်လိသည် အလန့်တကြား ဖြစ်မိသွားသည်။

၎င်းလူ့ဘီလူး၏ မျက်နှာကို ပထမဆုံးအကြိမ် ခုမှ တွေ့တာ ဖြစ်၍ သူ့အနေဖြင့် မည်သည့်အတွက်ကြောင့် ရင်းနှီးသလိုမျိုး ခံစားရလေသနည်း။

ထိုမေးခွန်းအတွက် အဖြေရှာနိုင်ဖို့ ဟန်လိက သည်ဧရာမလူကြီး၏ နှာခေါင်းနှင့် မျက်လုံးများကို သေချာ စူးစမ်းကြည့်တော့သည်။

ထိုဖောင်းပွနေသော မျက်နှာကို မူလအရွယ်အစားတိုင်း သူ စိတ်ကူး၍ ခြုံ့ကြည့်မိသည့်အခါ ထိုမျက်နှာသည် အမှန်တကယ် ရုပ်စိုးမနေသည်ကို သူ တဖြည်းဖြည်း တွေ့လာသည်။ တကယ်တော့ သံကျေးကျွန်၏ မျက်နှာမှာ ရိုးသားဖြောင့်မတ်ပုံပေါ်နေ၏။ ဟန်လိသည် ထိုသို့ တွေ့မိသည့်အခါ ရင်းနှီးမှုနှင့် ထိတ်လန့်မှုကို တပြိုင်တည်း ခံစားမိသည်။

သူ့မျက်နှာ ဖြူရောသွားမိ၏။ အချိန်အတန်ကြာ ငြိမ်သက်သွားပြီးနောက် သူ့လက်နှစ်ဖက်ဖြင့် ထိုဧရာမလူ၏ မျက်နှာကို ညင်သာစွာ ထိကြည့်သည်။

“အစ်ကိုကျန်း…တကယ်ပဲ မင်းလား…”

ထိုဧရာမလူ၏ မျက်နှာသည် သူ့ မိတ်ဆွေကောင်းဖြစ်ခဲ့သော ကျန်းထျယ်နှင့် တူနေပေသည်။ သမားတော်မော့၏ အဓိပ္ပာယ်ဖော်၍ မရသော ပြောခဲ့ဖူးသည့် စကားအချို့ကို ပြန်တွေးမိကာ ဟန်လိသည် အခုလူ့ဘီလူးကြီးနှင့် ကျန်းထျယ်တို့သည် ဆက်စပ်နေမည်ကို သေချာသွားသည်။ သည်လူ့ဘီလူးက ကျန်းထျယ်၏ဗလာကင်းမဲ့သော ခန္ဓာကိုယ်ဖြင့် ပြုလုပ်ထားသည်မှာ အမှန်ဖြစ်ပါက ကျန်းထျယ်၏ စိတ်ဝိညာဉ်သည် ပျောက်ကွယ်သွားခဲ့တာ ကြာမြင့်ခဲ့ပေမည်။ သို့သော် သူ၏ခန္ဓာကိုယ်က အဘယ်ကြောင့် ခုလောက်ထိ ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းလာခဲ့ရသနည်း။

All Chapters