← Chapters

ဝိညာဉ်လိမ်

Vol. 5 Ch. 64

ဝိညာဉ်လိမ်

Vol. 5 Ch. 64

ဟန်လိ၏စိတ်ထဲ၌ ကျန်းထျယ် တွေ့ကြုံခဲ့ရမည့် ခါးသီးလှသော အတွေ့အကြုံများကို ခန့်မှန်းကြည့်ဖို့ ကြိုးစားမိနေသည်။

ကြည့်ရတာ သမားတော်မော့က ယွီကျစ်ထုံနှင့် ပူးပေါင်းကာ ကျန်းထျယ်ကို ဆင်သံချပ်ကာကျင့်စဉ်ကို သင်ပေး၍ လှည့်ဖြားခဲ့တာ ဖြစ်ပေမည်။ ချီးရွှမ်ဂိုဏ်းမှ လူများ၏ အမြင်တွင်လည်း ထိုသို့သာ ထင်ကြပေလိမ့်မည်။ ထို့နောက်တွင် သူတို့က ကျန်းထျယ်၏ စိတ်ဝိညာဉ်ကို ဖယ်ရှားရန် မှော်စွမ်းအင်နည်းစနစ်အချို့ အသုံးပြုခဲ့ကြတာ ဖြစ်မည်။

ဟန်လိ၏ ခန့်မှန်းမှုမှာ အမှန်တကယ်ဖြစ်ခဲ့သည်နှင့် သိပ်ကွဲပြားမှု ရှိမနေပေ။

သမားတော်မော့က ဆင်သံချပ်ကာပညာရပ်ကို ယွီကျစ်ထုံ၏ အလောင်းသန်စင်ခြင်းနည်းစနစ်နှင့် ပေါင်းကာ နာခံကာ အစွမ်းထက်သည့် ရုပ်သေးအုပ်စုကို ဖန်တီးဖို့ စိတ်ကူးမိခဲ့တာ ဖြစ်၏။ သည်ရုပ်သေးအုပ်စုသည် ကျန်းဟူ(သိုင်းလောက)ကို လှုပ်ခတ်စေနိုင်လောက်သည်။ သို့သော် သူက ထိုသို့သော ရုပ်သေးတစ်ယောက်ကိုသာ ဖန်တီးနိုင်ခဲ့ကာ သူ့လက်အောက်တွင် ထား၍ ရတနာတစ်ခုကဲ့သို့ သဘောထားခဲ့သည်။ သူက ၎င်းရုပ်သေး(ဝါ)သံကျေးကျွန်ကို တောင်များအတွင်းဘက် လူသူကင်းမဲ့သော နေရာတွင် လျှို့ဝှက်ထားခဲ့ပေသည်။ ထို့နောက် သမားတော်မော့သည် အပြင်သို့ ထွက်သွားခဲ့ပြီး သူ နေထိုင်ရာတောင်သို့ ပြန်ရောက်လာသည့်အခါကျမှ ဝှက်ထားသော သံကျေးကျွန်ကို ထုတ်ယူခဲ့တာပင်။

ယွီကျစ်ထုံကမူ ထိုအလောင်းကောင်အား စိတ်မဝင်စားခဲ့ပေ။ တကယ်တော့ သူက စိတ်ထဲကနေပင် အထင်သေးကာ နှာခေါင်းရှုံ့ခဲ့သေး၏။ အကြောင်းမှာ သူ့ထံ၌ ခန္ဓာကိုယ်သာ ရှိနေပါက သည်လိုအလောင်းကောင်ရုပ်သေးများကို ချီအသုံးပြု၍ သိပ်မခက်ခဲဘဲ ဖန်တီးနိုင်သောကြောင့်ပင်။ ထို့အပြင် သည်အလောင်းရုပ်သေးသည် ကျင့်ကြံသူများ၏ အကြွင်းအကျန်ခန္ဓာကိုယ်ရုပ်သေးဖြင့် လုံးဝ မယှဉ်သာပေ။ ထို့အတွက်ကြောင့် ၎င်းသည် သေမျိုးလောက၌သာ အသုံးတည့်နိုင်သည်။ ကောင်းသည့်အချက်ကတော့ ဒီလိုရုပ်သေးမျိုးကို ဖန်တီးဖို့ လိုအပ်သော သတ္တုများကို စုစည်းဖို့လွယ်ခြင်း၊ သန့်စင်ခြင်းဖြစ်စဉ်က ရိုးစင်းခြင်း၊ အတွင်းချီအနည်းငယ်ဖြင့် ၎င်းနည်းစနစ်ကို အသုံးပြုနိုင်ခြင်းပင်။

တအောင့်အကြာတွင် ဟန်လိက လူ့ဘီလူးကြီး၏မျက်နှာထက်ထံမှ သူ့လက်ကို ဖယ်ရှားလိုက်၏။ သူ့အကြည့်မှာလည်း ပျက်စီးသွားသော ကျောက်တံခါးထံ ကျရောက်သွားသည်။

ထိုအခိုက်တွင် သူ၏ စိတ်နှလုံးမှာ အေးစက်လာသည်ဟု ခံစားမိ၏။ အကြောင်းမှာ ကျန်းထျယ်၏ အခြေအနေကြောင့်သာမဟုတ်၊ သူကိုယ်တိုင်အေးစက်စက် ဖြစ်လာခဲ့တာပင်။

သူ၏ မိတ်ဆွေဖြစ်ခဲ့သူ ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရမှုကြောင့် ဟန်လိက ခေါင်းမော့ကာ မုန်းတီးမှုအပြည့်ဖြင့် အော်ဟစ်လိုက်၏။ “မော့ကျူးရင်၊ ယွီကျစ်ထုံ…”

ကျန်းထျယ်က သူ့မိတ်ဆွေဖြစ်၍ ခုလိုမျိုး တွေ့ကြုံ့ခဲ့ရသည့်အပေါ် သူ ဒေါသထွက်ခဲ့တာဟု သူ့ကိုယ်သူ ထင်ခဲ့သည်။

သို့ပေမည့် အမှန်တကယ်ကမူ ဝမ်းနည်းမှုအချို့အပြင် သူသည် ဒေါသတကြီး မဖြစ်ခဲ့ပေ။

သူ့စိတ်နှလုံးသည် အေးစက်လာခဲ့ခြင်းကြောင့်သာ ဖြစ်ချေ၏။

သည်အခိုက်တွင် သူကိုယ်တိုင်ပင် အတော်လေး ပြောင်းလဲသွားခဲ့ပြီကို သဘောပေါက်မိသည်။

နောက်ဆုံးတွင် တွေဝေနေရာကနေ သူ သတိပြန်ဝင်လာပြီး ဒီလူ့ဘီလူးကြီးကို စိတ်ရှုပ်ထွေးစွာ ကြည့်မိ၏။ ၎င်းကို သူ မည်သို့ ခေါ်ဆိုရမည်အား မသိ ဖြစ်နေ၏။

သမားတော်မော့ ပြောခဲ့သော ဝိညာဉ်ပျောက်သူ၊ လမ်းလျှောက်နေသောအလောင်းကောင် စသည့် အသုံးအနှုန်းများကို သူ တွေးမိ၏။ ထို့နောက်တွင် ဟန်လိသည် ခပ်တိုးတိုး ရေရွတ်သည်။ “အစ်ကိုကျန်း…မင်းက နောက်ဘဝကို ရောက်သွားပြီလို့ ငါ ယူဆတယ်။ ဒါ့ကြောင့် မင်းအတွက် ဒီခန္ဓာကိုယ် မလိုအပ်တော့ဘူး။ ကျေးဇူးပြုပြီး မင်းရဲ့ ညီဖြစ်သူ၊ ကျုပ်ကို ဒီခန္ဓာကိုယ်ကို အသုံးပြုခွင့် ပေးပါ။ ကျုပ် သေချာ ဂရုစိုက်ပါ့မယ်။ ကျုပ်ရဲ့ အပြုအမူအတွက်လည်း အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်…”

စကားအနည်းငယ် ပြောပြီး စိတ်အေးသွားသည့်နောက် ဟန်လိက လူ့ဘီလူးကို မျက်နှာချင်းဆိုင်ကာ ပြောလာ၏။

“ အစ်ကိုကျန်းရဲ့ ကျန်ခဲ့တဲ့ ခန္ဓာကိုယ်ဖြစ်ပြီး ကိုယ်ပိုင်စိတ်ဝိညာဉ် မရှိတဲ့အတွက်ကြောင့်မို့ ငါ မင်းကို ဝိညာဉ်လိမ်လို့ အမည်မှည့်လိုက်မယ်…။ အနာဂတ်မှာ မင်း ငါ့ကို ကူညီပေးနိုင်မယ့် လက်တဖက် ဖြစ်လာဖို့ ငါ မျှော်လင့်တယ်…”

ဟန်လိ၏ စကားများကို နာခံယူနေစဉ် ထိုလူ့ဘီလူး၏ အမူအရာမှာ အမိန့်နာခံသည့် အမူအရာသာ ရှိပြီး မည်သည့်တုန့်ပြန်မှုမျှ ရှိမနေပေ။ သူသည် အသိစိတ်မဲ့ကာ အမိန့်အတိုင်းသာ လုပ်ဆောင်နိုင်၏။

“မတွေးတတ်၊မဆင်ခြင်တတ်တဲ့ ဒီလူ့ဘီလူးကို ဒီစကားတွေ ပြောနေမိတာ ငါ့ကိုယ်ငါတောင် မယုံနိုင် ဖြစ်ရတယ်။ ငါ ကြောင်တောင်တောင်နိုင်နေတာပဲ…”

ဟန်လိသည် ထိုသို့ဆိုကာ ခေါင်းယမ်းလိုက်၏။

“ဝိညာဉ်လိမ်…ဆက်စောင့်နေပါ…”

ဟန်လိ၏အမူအသွင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူ ခန့်မှန်းမသိလိုပင် သူ၏စိတ်နှလုံးသည် အေးစက်လာခဲ့ကာ သူ့ကိုယ်ပိုင်စိတ်ခံစားမှုများကို လွယ်လင့်တကူ နှောက်ယှက်၍ ရနိုင်မည် မဟုတ်ပေ။

ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် ခြေတဝက်နင်းထားပြီးသော ဟန်လိသည် ဤသည်က သူ့အတွက် ကပ်ဘေးဖြစ်မလား၊ မဟာကံကောင်းမှုကြီးဖြစ်မလားကိုမူ မရေရာပေ။

ဟန်လိသည် သမားတော်မော့၏ အလောင်းကို သစ်ပင်ကြီးတပင်အောက်၌ မြှုပ်နှံ့ခဲ့၏။ ထို့အပြင် သူက ဝိညာဉ်လိမ်ကို ဒီကျောက်အခန်းအား ဖျက်စီးခိုင်းသည်။ သူကိုယ်တိုင်ပင် ဒီအခန်း၏ မူလအသွင်အပြင်ကို မပြောနိုင်သည့်အခါကျမှ သူ ရပ်တန့်ကာ အနားယူခဲ့၏။

သည့်နောက် ညနေခင်းအချိန်ရောက်လာကာ နေဝင်သွားသည်။

ဟန်လိက ကျောက်အခန်းဖြစ်ခဲ့သော နေရာရှေ့တွင် ရပ်၍နေ၏။ သူက သည်နေရာကို သေချာကြည့်ပြီး အရင်ပုံစံနှင့် လုံးဝ မတူတော့သည်ကို တွေ့သည့်အခါ စိတ်ကျေနပ်သွား၏။

“ဝိညာဉ်လိမ်…သွားကြစို့…”

“ငါတို့ မနက်ဖြန်ကျ လုပ်ရမယ့် ကိစ္စအချို့ ရှိသေးတယ်။ မင်းမှာ အသိစိတ်မရှိတာ နှမြောစရာပဲ။ မဟုတ်ရင် ငါ့အနေနဲ့ တချို့ကိစ္စတွေ ပိုအဆင်ပြေသွားအောင် မင်းနဲ့ ဆွေးနွေးတိုင်ပင်လို့ ရမှာ…”

နေဝင်ချိန်၌ ဟန်လိက သူ ဝိညာဉ်လိမ်ဟု အမည်မှည့်ခဲ့သော ဧရာမလူနှင့် လျှောက်လာ၏။ ဝိညာဉ်လိမ်၏ အမူအရာသည် အေးစက်စက် နိုင်၏။ ၎င်း၏အသွင်ဟန်ပန်သည် ဒုစရိုက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ယောက်နှင့်ပင် တူသေးသည်။

ဝိညာဉ်လိမ်ကို ဖုံးကွယ်ထားမည့် နေရာတစ်ခု စီစဉ်ပြီးနောက် ဟန်လိက သူ နေရာထိုင်ရာသို့ ပြန်လာခဲ့၏။ သူက အိမ် ပြန်ရောက်လာသည်နှင့် ပြန်မရောက်တာ ကြာပြီဖြစ်သော အရွယ်ရောက်ပြီးလူကြီးတစ်ယောက်ကဲ့သို့ အိမ်ထဲရှိ ပရိဘောဂများကို ပွတ်သပ်ကာ နေရာစုံသို့ ကြည့်၍ တကိုယ်တည်း ရေရွတ်လိုက်သည်။

“ဟူး..ဒီနေ့ဟာ နေ့တာရှည်လွန်းလှတယ်။ ဒီနေ့ဟာ ငါ့ဘဝရဲ့ အစောပိုင်းဆယ်နှစ်တုန်းကထက်တောင် ပိုကြာရှည်ခဲ့သလိုပဲ…”

သူ၏ ပူပန်မှုများကို ဘေးချပြီးနောက် ဟန်လိသည် အိပ်ယာပေါ် ပစ်လှဲချကာ ခေါင်းအုံးနှင့် ထိမိသည်နှင့် သူ အိပ်ပျော်သွားလေတော့သည်။

သူ အတော်ပင်ပန်းနေခဲ့ပြီ ဖြစ်၏။ သူ စိတ်ကော၊ရုပ်ကော မောပန်းလွန်းခဲ့ရတာ မဟုတ်လား။

“ဒါပေမဲ့ အသက်ရှင်ရတဲ့အရာဟာ တကယ်ပဲ အံ့အားသင့်ဖွယ်ကောင်းပါတယ်…”

သူသည် ထိုသို့ပင် မတွေးနိုင်တော့ဘဲ အိပ်မောကျသွားတော့သည်။ သူ့ နှုတ်ခမ်းထောင့်တွင်တော့ မသိမသာ အပြုံးတခု တွဲခိုနေ၏။

All Chapters