နတ်သမားတော်ဟန်လိ
Vol. 5 Ch. 65
ဟန်လိသည် သမားတော်မော့ ထိုင်လေ့ထိုင်ထရှိသော ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ သူ့လက်ထဲတွင် ထာဝရနွေဦးပညာရပ် မန္တာန်စာသားများ ပါဝင်သော စာအုပ်ကို ကိုင်ကာ ဖတ်ရှုနေသည်။
သူသည် ထိုစာအုပ်ပါအခြင်းအရာများကို စိတ်ဝင်တစား တခန်းချင်း ဖတ်ရှုနေ၏။
သမားတော်မော့က မှော်စွမ်းအားကို မကျင့်နိုင်သည့် သူ၏ စွမ်းရည်ကြောင့် လက်လျှော့ဖို့ ဆန္ဒမရှိခဲ့ပေ။ သူက စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ရမည့် အချက်ကို လစ်လျူရှုကာ သည်ထာဝရနွေဦးပညာရပ်ကို နားလည်ဖို့ အဆက်မပြတ် ကြိုးစားခဲ့သည်။
ဟန်လိသည် ဒီလျှို့ဝှက်သောစာအုပ်ကို တခြားအရာများနှင့်အတူ သမားတော်မော့ထံ၌ တွေ့ရှိခဲ့တာ ဖြစ်သည်။ သည်စာအုပ်တွင် သူ ကျင့်ကြံခဲ့သော ဦးဆုံးအလွှာခြောက်ခု ပါဝင်ရုံသာမက သူ အရင်က လုံးဝ မမြင်ဖူးခဲ့သော နောက်ထပ်ကျင့်စဉ်အလွှာနှစ်ခုလည်း ပါဝင်သည်။ ထိုမမျှော်လင့်သော တွေ့ရှိမှုက ဟန်လိကို အလွန်စိတ်လှုပ်ရှားစေခဲ့၏။
ဟန်လိသည် သူ ကျင့်ကြံနေသည်မှာ မိုးနှင့်လေတို့ကို ဆင့်ခေါ်နိုင်သော ဒဏ္ဌာရီလာပညာရပ် ဖြစ်သည်ကို သိသည့်အခါ ကျင့်ကြံဖို့ အာသီသ ပိုတိုးပွားလာ၏။
တကယ်တော့ မသေမျိုးနတ်ဘုရားတစ်ပါး မဖြစ်လာချင်သူ မည်သူ ရှိပါ့မည်နည်း။
နေမင်းက ကောင်းကင်ယံ ဗဟိုတည့်တည့် ရောက်သည့်အခါ နွေးထွေးသော နေရောင်ခြည်သည် သက်တောင့်သာသာ ကျင့်စဉ်ကျမ်းကို ဖတ်နေသော ဟန်လိပေါ်သို့ ကျရောက်လာသည်။ ထိုအခါ သူက အနည်းငယ် မျက်စိကျိန်းသွားသည်။
ဟန်လိက ခေါင်းအနည်းငယ်မော့ကာ ကောင်းကင်ထက်သို့ လှမ်းကြည့်၏။ သူက စူးရှတောက်ပမှုကို ခံစားမိရသည်။
ထိုအခါ စာအုပ်ကို သူ့မျက်နှာရှေ့သို့ ထား၍ နေအလင်းရောင်ကို ဟန့်တားလိုက်သည်။ ထို့နောက် သူက သက်တောင့်သက်သာဖြင့် သတ္တမအဆင့်မန္တာန်ကို အလွတ်ရသည့်အထိ ဆက်၍ ဖတ်ရှုနေသည်။
သူ၏ ဆေးဝါးအကူအညီများကို ဆက်တိုက်အသုံးပြုမှုကြောင့် သူသည် ထာဝရနွေဦးပညာရပ်၏ သတ္တမအဆင့်ထိ ချိုးဖျက်ဝင်ရောက်တော့မည်ကို တွေ့ရှိခဲ့သည်။ နောက်ထပ်အနည်းငယ် ပို၍ နားလည်လာပါက သူသည် အတားအဆီးကို ချိုးဖျက်နိုင်တော့မည် ဖြစ်သည်။
သမားတော်မော့ သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့သည့်နေမှစ၍ နှစ်ဝက်ကျော် ရှိလာခဲ့လေပြီ။
သည်အဖြစ်အပျက် ပြီး၍ နှစ်ရက်မြောက်နေ့တွင် သမားတော်မော့၏ သေဆုံးခြင်းကို ဖုံးကွယ်ထားဖို့ ဟန်လိသည် သူကိုယ်တိုင် သမားတော်မော့၏ လက်ရေးဖြင့် သမားတော်မော့မှာ သူ့မိသားစုထံ အလည်အပတ် သွားရန် မွေးရပ်မြေသို့ ပြန်သွားချင်ကြောင်း ရေးသားခဲ့သည်။ သမားတော်မော့၏ အမည်ကို အသုံးပြုကာ သူက ထိုစာကို ဂိုဏ်း၏ စီနီယာတပည့်များထဲမှ တစ်ယောက်ထံ ပေးလိုက်သည်။
ထိုစာထဲ၌ သူသည် သမားတော်မော့၏ ဆေးပညာအမွေကို ဆက်ခံထားနိုင်သဖြင့် သမားတော်မော့ မရှိသည့်အချိန်အတွင်း လူနာများကို အစားထိုး ကြည့်ပေးနိုင်ကြောင်းကိုပါ ထည့်ရေးထားခဲ့သည်။
ထိုစာကို လက်ခံရရှိပြီးနောက် ဂိုဏ်း၏ အကြီးအကဲတော်တော်များများက သံသယ မဝင်ကြပေ။ သည့်အရင်များကလည်း သမားတော်မော့သည် ဆေးဝါးပင်များ စုဆောင်းဖို့အတွက် သူ နေထိုင်ရာတောင်ကနေ လပေါင်းများစွာကြာ မကြာဆိုသလို ထွက်သွားတတ်သည် မဟုတ်လား။ ထို့အပြင် ဒီချီးရွှမ်ဂိုဏ်း၌ သမားတော်မော့၏ လေးစားခံအဆင့်အတန်း၊ ဂိုဏ်းခေါင်းဆောင်ဝမ်၏ အသက်ကို ကယ်တင်ပေးခဲ့သော အကျိုးပြုခဲ့မှုတို့ကြောင့် သူ ဆန္ဒရှိသလို လွတ်လွတ်လပ်လပ် လုပ်နိုင်ခဲ့သည်။
သို့သော် ဟန်လိက သမားတော်မော့၏ ဆေးပညာအမွေကို ဆက်ခံနိုင်သည်ဟူသော အချက်အပေါ်တွင်မူ အကြီးအကဲများထံ၌ မတူညီသော အမြင်အမျိုးမျိုး ရှိကြ၏။ သည်အချက်အပေါ် တချို့က ယုံတဝက်၊မယုံတဝက်၊ တချို့က သံသယ ရှိကြသည်။
သမားတော်မော့၏ လူနာအများစုမှာ သာမန်ဖျားနာခြင်း၊ ဓားဒဏ်ရာရခြင်းစသော အသေးအမွှား ကျန်းမာရေးပြသနာများ ရှိသည့် ဂိုဏ်းတပည့်များ ဖြစ်ကြသော်လည်း သူ၏ အဓိကတာဝန်ကမူ ဂိုဏ်းခွဲခေါင်းဆောင်များ၊ အကြီးအကဲများနှင့် အဆင့်အတန်းမြင့်သူများကို ကုသပေးရခြင်းသာ။ တခြားတပည့်အများစုက ကုသဖို့အတွက် တောင်ထိပ်ရှိ တခြားသမားတော်အချို့ထဲမှ တစ်ယောက်ယောက်ကို သွားရှာကြရသည်။
သို့အတွက်ကြောင့် အစပိုင်းတွင် စီနီယာဂိုဏ်းဝင်များသည် ဟန်လိကို သမားတော်မော့၏ နေရာ၌ အစားထိုးခြင်းကို ချက်ခြင်း ခွင့်မပြုကြပေ။ သူတို့က ဟန်လိ၏ အရည်အချင်းကို စမ်းသပ်ဖို့ တပည့်အချို့ကို ဦးဆုံး ကုသခိုင်းသည်။
တခြားသူများက သူ၏ဆေးပညာရပ်အပေါ် သံသယရှိသည်ကို ဟန်လိသည် အရေးမစိုက်ပေ။ သူ သမားတော်မော့၏ နေရာကို အစားယူရသည့် အကြောင်းရင်းမှာ ဒီနတ်ဘုရားလက်တောင်ကြားတွင် နေထိုင်ရသည်ကို သဘောကျခြင်းနှင့် ဆေးဥယျာဉ်ကြောင့်ပင်။
သူ တောင်ကြားထဲ၌ ဆက်နေ၍ တောင်ကြားထဲရှိ လူတိုင်းက သူ၏ ထိန်းချုပ်မှုအောက် ရောက်သွားပါက သူ့အနေဖြင့် လျှို့ဝှက်ကျောက်စိမ်းပုလင်းကို အသုံးပြုကာ ရှားပါးသော ဆေးဝါးပင်များကို ပိုမြန်မြန်ဆန်ဆန် ကြီးထွားစေနိုင်မည်ပင်။ ထိုလျှို့ဝှက်ချက်ကို တခြားသူများ သိသွားမည်ကိုလည်း ပူပန်နေဖို့ မလိုတော့ပေ။
ထို့အပြင် အချိန်တခု ကြာပြီးနောက် သမားတော်မော့ မပြန်လာပါက သည်တောင်ကြားကို ဂိုဏ်းခွဲခေါင်းဆောင်၊ သို့မဟုတ် အကြီးအကဲများထဲမှ တစ်ယောက်ယောက်က ဒီတောင်ကြားကို ပြန်သိမ်းပိုက်လိမ့်မည် ဖြစ်၏။
ထို့အတွက်ကြောင့် သည်တောင်ကြားတွင် အနှောက်အယှက်ကင်းကင်း ဆက်နေနိုင်ဖို့ ဟန်လိက သူ့ဆေးပညာရပ် စွမ်းရည်ကို ပြသခဲ့၏။ သူ ကြိတ်၍ စိုက်ပျိုးထားသော ရှားပါးဆေးပင်များကိုပါ အသုံးပြုသည့်အတွက် သူ၏ ကုသခြင်းစွမ်းရည်သည် နှစ်ဆတိုးသွားခဲ့သည်။ ထိုအခါ သူ ကုသပေးသော သူများသည် သူတို့၏ ဝေဒနာများမှာ ဟန်လိ၏ ဆေးကို သောက်သုံးပြီးနောက် ချက်ခြင်း ပျောက်သွားသည်က များသည်။ ထို့အတွက် ဟန်လိ၏ဆေးပညာရပ်အပေါ် သူတို့သည် ယုံကြည်မှု ရှိလာသည်။
သူ၏ အစွမ်းထက်ဆေးဝါးကောင်းများကြောင့် လူနာများ၏ အတွင်းဒဏ်ရာ၊ အပြင်ဒဏ်ရာများ၊ သေလုမြောပါး ဖြစ်နေသော ဝေဒနာများထံမှ သုံးရက်အတွင်း ပြန်သက်သာလာအောင် သူ လုပ်ပေးနိုင်ခဲ့သည်။ ထိုအခါ ဟန်လိသည် အောင်မြင်မှု ရလာ၏။
အမှန်တော့ ဟန်လိ၏ ဆေးပညာရပ်စွမ်းရည်သည် သမားတော်မော့နှင့် ယှဉ်နိုင်ဖို့ အဝေးကြီးပင်။ သို့သော် သူ၏ ကောင်းမွန်လှသော ဆေးဝါးများကြောင့် ထိုကွာခြားချက်ကို ဟန်လိက ကျော်လွှားနိုင်ခဲ့သည်။
တခါတုန်းကလည်း ဟန်လိသည် ဒဏ်ရာအပြင်းအထန်ရထားသော တပည့်တစ်ယောက်ကို ရက်အနည်းငယ်အတွင်း ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သည်။ ထိုအခါ အဆင့်အတန်းမြင့်သော သူများမှာလည်း ဆက်၍ ထိုင်မနေနိုင်တော့ပေ။
အခု သူနှင့် တွေ့ချင်နေသောသူမှာ မထင်မှတ်စွာ သူ အရင်က တွေ့ခဲ့ဖူးသောသူ တစ်ယောက် ဖြစ်နေ၏။ ထိုသူမှာ အရိုးသန့်စင်တောင်စွန်း၌ ဟန်လိ တွေ့ခဲ့ဖူးသော ဂိုဏ်းဆောင်မာပင်။
(မှတ်ချက်…အတွင်းစည်းတပည့်များကို စစ်ဆေးပြီးနောက် ဂိုဏ်းခေါင်းဆောင်မာအကြောင်းကို အခန်းငါးတွင် ဖော်ပြထားခဲ့ပြီး ဖြစ်၏။ )
ဂိုဏ်းခေါင်းဆောင်မာသည် ဟန်လိကဲ့သို့ ဂိုဏ်း၏အမည်ခံတပည့်သာသာ ဖြစ်သူကို မ မှတ်မှတ်ရရ မရှိနေခဲ့ပေ။ ဟန်လိနှင့် သူ တွေ့ဆုံသည့်အခါ သမားတော်မော့၏ အလုပ်တာဝန်ကို ဟန်လိအား လက်လွှဲယူစေချင်ခဲ့၏။ တကယ်တော့ သူ့အနေဖြင့် သမားတော်မော့၏ နေရာကို ဟန်လီ့အား ပေး၍ မရပေ။ အကြောင်းမှာ ဟန်လိသည် ငယ်ရွယ်သေးသောကြောင့်ပင်။ ဆယ့်ခုနစ်အရွယ်သာ ရှိသေးသော ဟန်လိကို တခြားသူများက လေးစားမှု ထားကြမည် မဟုတ်ပါ။ သို့သော် သူ၏ တလဝင်ငွေက သူ တာဝန်ယူထားသော ရာထူးအပေါ် မူတည်ပေ၏။
အဆုံးသပ်တွင် ဂိုဏ်းခေါင်းဆောင်မာက ဟန်လိကို သမားတော်မော့၏ နေရာကို ဆက်ခံစေချင်ခဲ့ကာ သူတို့ခေါင်းဆောင်ပိုင်းကလည်း ဟန်လိကို အရေးပေးကြမည် ဖြစ်၏။