← Chapters

တမူထူးသော စည်းမျဉ်း

Vol. 5 Ch. 66

တမူထူးသော စည်းမျဉ်း

Vol. 5 Ch. 66

သို့ဖြစ်၍ ကလန်၏အကူအညီဖြင့် ဟန်လိမျှော်လင့်ထားသော ရည်ရွယ်ချက်ကို လွယ်လင့်တကူ ရောက်နိုင်ပေမည်။

သို့သော် ခုနစ်ထွေဆန်းကြယ်ဂိုဏ်း၌ သည်လိုမျိုး ရက်ရောမှုကို သိပ်တွေ့မြင်ရလေ့ မရှိပါ။ ဂိုဏ်း၏ ခေါင်းဆောင်များက ကျန်းဟူ(သိုင်းလောက)၌ ထူးချွန်သော သမားတော်တစ်ယောက်သည် သိုင်းကျင့်ကြံသူများအတွက် အရေးပါလှသည်ကို အလေးထားတာ ထင်ရှားသည်။

ထို့အတွက်ကြောင့် ဟန်လိမှာလည်း အားနာမနေတော့ဘဲ နတ်ဘုရားလက်တောင်ကြားကို သူ့ကိုယ်ပိုင်နေရာအဖြစ် ပေးအပ်ထားဖို့ တောင်းဆိုခဲ့သည်။ သူက သူ ဆေးပညာရပ်ကို လေ့လာပြီး သုတေသန ပြုနေစဉ်အတွင်း ဒီတောင်ကြားထဲ၌ သူ့ကို အပြင်လူများ မနှောက်ယှက်စေချင်ဟု ဆိုသည်။

ဂိုဏ်းခေါင်းဆောင်မာကမူ ဟန်လိ၏ နေ့စဉ် ဝေယျာဝစ္စများ လုပ်ဆောင်ပေးဖို့ ခပ်ငယ်ငယ် မိန်းမလှတစ်ယောက်ယောက်ကို ပို့ပေးရမလားဟု မထင်မှတ်စွာ မေးခဲ့၏။

ထိုအခါ ဟန်လိသည် မထင်မှတ်မိသဖြင့် ရင်ခုန်မြန်သွား၏။ သို့သော် သူသည် သဘောတူလိုက်မည်ဟု ဟန်ပြင်ပြီးမှ သူ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို တွေးမိကာ ပြန်တည်ငြိမ်သွား၏။ အနည်းငယ် စိတ်ပျက်မိသလို ခံစားမိပြီး ဟန်လိက ထိုကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်သည်။

ဟန်လိ၏ ငြင်းဆန်မှုကို ဂိုဏ်းခေါင်းဆောင်မာကို လေးစားမိသွား၏။ သူ့အနေဖြင့် ဟန်လိကို အမြင်သစ်တမျိုးဖြင့် မြင်မိသွား၏။ ဟန်လိကဲ့သို့ ငယ်ရွယ်သူ တစ်ယောက်က မိန်းမလှလေးတစ်ယောက်ကို ငြင်းဆန်နိုင်နေသည့် စိတ်ဓာတ်ရင့်ကျက်မှုမျိုး ရှိနေသည် မဟုတ်ပါလား။ ဂိုဏ်းခေါင်းဆောင်မာထံ၌သာ သမီးတစ်ယောက် ရှိပါက သူသည် ဟန်လိနှင့် လက်ထပ်ခိုင်းမိနိုင်သည်။

ဂိုဏ်းခေါင်းဆောင်မာ၏ သူ့အပေါ် အထင်ကြီးသွားမှုကို ဟန်လိ ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။ အကြောင်းမှာ သူက အမျိုးသမီးတစ်ယောက်၏ အလှတရားကို ငြင်းဆန်ခြင်း မဟုတ်တာ သူ ကိုယ်တိုင် သိသောကြောင့်ပင်။ သူက ခုချိန်ခါ၌ မိန်းမလှတစ်ယောက်ကို သူနှင့် အနီးကပ် ရှိနေရန် အခြေအနေ မပေးသေးသောကြောင့်သာ ငြင်းဆန်ခဲ့တာ မဟုတ်လား။

သည်လိုဖြင့် နတ်ဘုရားလက်တောင်ကြားတခုလုံးသည် ဟန်လိ၏ သီးသန့်နေထိုင်ရာနေရာ ဖြစ်လာခဲ့၏။ အပြင်သူများသည် လက်လွယ်စပယ် ဝင်ခွင့် မရတော့ပေ။

တောင်ကြားထံ လာရောက်လည်ပတ်သူများအတွက် ဟန်လိက တောင်ကြားဝင်ပေါက်တွင် နာရီကြီးတစ်ခု စီစဉ်ချမှတ်ထား၏။ သူနှင့် တွေ့ချင်သူ မည်သူမဆို သည်နာရီကို တီးခတ်ဖို့လိုမည်။ ထိုနာရီစည်းချက်သံ ထွက်ပေါ်လာပါက သူ့အနေဖြင့် လာရောက်သော ဧည့်သည်များကို တောင်ကြားဝင်ပေါက်တွင် တွေ့ဆုံမည် ဖြစ်၏။ ထိုစည်းကမ်းသပ်မှတ်ချက်ကို နာရီဘေးနားတွင် ထင်းနေအောင် ရေးသားထားသည်။ ဂိုဏ်း၏ အလယ်အဆင့်မှသည် အဆင့်မြင့်အဖွဲ့ဝင်အချို့ထိ ဒီစည်းမျဉ်းကို လိုက်နာရပေမည်။

အစပိုင်း၌ အဆင့်နိမ့်တပည့်များအတွက်တော့ သည်စည်းမျဉ်းက ပြဿနာ မဟုတ်ခဲ့၊ သို့သော် အဆင့်မြင့်အဖွဲ့ဝင်များကမူ မကျေမနပ် ဖြစ်ကြ၏။ သူတို့က ဟန်လိသည် ဘဝင်မြင့်နေသည်ဟု ထင်ကြသည်။ သည်ဟန်လိက ကောင်းကင်က မည်မျှမြင့်၍၊ မြေပြင်က မည်မျှ နက်ရှိုင်းသည်ကို မသိလေသလော။ သမားတော်မော့ကိုယ်တိုင်ဆိုပါက သည်စည်းမျဉ်းသည် ကိစ္စမရှိသော်လည်း သူ၏တပည့်ဖြစ်သူ ဟန်လိကမူ ခုလိုမျိုး လုပ်ဝံ့သည်လား။

သို့သော် ဟန်လိသည် ဒဏ်ရာအပြင်းအထန် ရထားသော သေအံ့မူးမူး တစုံတယောက်ကို ပြန်ကောင်းမွန်အောင် အချိန်တိုအတွင်း ကုသပေးပြီးနောက် ထိုမကျေမနပ်ချက်များသည် နေလာနှင်းပျောက် ဖြစ်သွားတော့၏။ မည်သူကမျှ ထိုစည်းမျဉ်းအပေါ် မေးခွန်းမထုတ်ကြတော့ပေ။

သူတို့၏ အသက်ကို ကြိမ်ဖန်များစွာ ကယ်တင်ပေးနိုင်သော သမားတော်တေစ်ယောက်ကို သည်လိုစည်းမျဉ်းလေးအတွက် မည်သူက ရန်စချင်စိတ် ရှိပါ့မည်နည်း။

နေ့ရက်များ တရက်ပြီးတရက် ကုန်ဆုံးလာခဲ့၏။ ဂိုဏ်း၏ အကြီးအကဲများသည်ပင် ဟန်လိ၏ စည်းမျဉ်းကို တဖြည်းဖြည်း လိုက်နာလာကြသည်။ သူတို့က ဆေးဝါးကုသမှု အကူအညီ တောင်းခံချင်သည့်အချိန်၌ ဟန်လိကို ပင့်ဖိတ်နိုင်ဖို့ရန် နာရီသံ မြည်အောင် တီးခိုင်းဖို့ တစုံတစ်ယောက်ကို ခိုင်းကြ၏။ ဤသည်မှာ ဟန်လိအပေါ် သူတို့က လေးစားမှု ပြသခြင်းပင်။

နတ်ဘုရားလက်တောင်ကြား၏ ထိုတမူထူးသော စည်းမျဉ်းက ဟန်လိကို ချီးရွှမ်ဂိုဏ်း၌ တဖြည်းဖြည်း ထူးခြားသူတစ်ဦး ဖြစ်လာစေသည်။

ဟန်လိသည် ဂိုဏ်းအတွင်း၌ အဆင့်မြင့်မြင့် နေရာတွင် ရှိနေသူလည်း မဟုတ်သလို ရာထူးရာခံလည်း ရှိသူ မဟုတ်နေပေ။ သို့သော် ဂိုဏ်း၌ သူကဲ့သို့ ကျော်ကြားသော တပည့်မှာ မည်သူ ရှိလေသနည်း။ ဟန်လိထံ လာရောက်ကြသော ဂိုဏ်းအကြီးအကဲများသည်ပင် သူ့ကို သမားတော်ဟန်ဟု ခေါ်ကြရလေ၏။

ဟန်လိ၏ စီနီယာအစ်ကို တပည့်လီအပေါ်တွင်မူ သည်အချက်များက သက်ရောက်မှု မရှိလေပေ။

လီဖေးယွီက တခြားသူများရှေ့တွင် အေးတိအေးစက် အမူအရာဖြင့် ရှိနေတတ်သည်သာ။ သို့သော် ဟန်လိနှင့် ဆုံသည့်အခါတိုင်းတွင်မူ သူက အပူအပင်ကင်းကင်း စိတ်လွတ်လက်လွတ် နေတတ်သည်။ အစွမ်းထက် နတ်သမားတော်ဟူသည့် အဆင့်အတန်းအသစ် ရရှိနေသော ဟန်လိအပေါ် သူ၏ ပြုမူဆက်ဆံပုံက မပြောင်းလဲသွားပေ။ လီဖေးယွီက ဖက်တီးဝမ်နှင့် တခြားသော တပည့်များကဲ့သို့ ဟန်လိအပေါ် လေးစားသမှု ပိုထားမနေပေ။ သူက ဟန်လိကို တွေ့တိုင်း နတ်သမားတော်ဟု မခေါ်၊ အမည်ကိုသာ ခေါ်ကာ ယဉ်ကျေးမှု တစက်မျှ မရှိပေ။

ထိုသည်က ဟန်လိကို အနည်းငယ် သက်တောင့်သက်သာ ဖြစ်စေ၏။ သူက ခုလို ကိန်းခမ်းကြီးကြီး နိုင်နေသည်ကို အသားမကျသေးချေ။

လီဖေးယွီအကြောင်းတွေးမိသည့်အခါ ဟန်လီက နောက်တဦး၏ မျက်နှာကိုပါ မမြင်ယောင်မိဘဲ မနေနိုင် ဖြစ်မိ၏။

မကြာသေးမီက ချီးရွှမ်ဂိုဏ်းကို ဂိုဏ်းဝင်အဖြစ် ရွေးချယ်ရန် လာရောက်ခဲ့ချိန်က သူနှင့်အတူတူ မြင်းလှည်းတစီးတည်း အတူတူ စီးခဲ့ဖူးသော တစုံတစ်ယောက်ကို မထင်မှတ်ဘဲ တွေ့ခဲ့၏။ ထိုသူမှာ ခု ခုနစ်ထွေအတုမဲ့ဂိုဏ်းခွဲဝင် ဖြစ်နေသော ဝူယန်ပင်။ အခု ဝူယန်သည် ထူးဆန်းသော နာဖျားမှု ဝေဒနာကို ခံစားနေရသည်။ သူ့ကို လာရောက်ကုသပေးသော သမားတော်များက သူ့ဝေဒနာကို ပျောက်ကင်းအောင် မကုသပေးနိုင်ဘဲ သူ့ကို အတောမသပ် နှိပ်စက်ခံနေရသလိုသာ ဖြစ်နေစေ၏။ အဆုံး၌ သူသည် ရွေးချယ်စရာ မရှိတော့ဘဲ ဂိုဏ်းခေါင်းဆောင်မာ၏ အမည်ကို အသုံးပြုကာ ဟန်လိကို သူ့ဝေဒနာအား ကုသပေးရန် အကူအညီတောင်းရတော့သည်။

ထိုဝူယန်၏ မှတ်ဉာဏ်က အတော်လေး ကောင်း၏။ သူသည် နာမည်ကျော်နေသော နတ်သမားတော်ဟန်လိကို မြင်သည်နှင့် သူနှင့်အတူ မြင်းလှည်းအတူ စီးခဲ့သော ကလေးများထဲမှတစ်ယောက်မှန်း တချက်မြင်ရုံဖြင့် မှတ်မိသွားသည်။ ထိုအခါ သူ့မျက်နှာထက်တွင် တုန်လှုပ်မှု ဖြစ်ပေါ်လာ၏။ ထိုစဉ်က ဟန်လိအပေါ် ဝူယန်၏ သဘောထားမှာ မကောင်းမွန်ခဲ့ချေ။

ဝူယန်၏ အောင့်သီးအောင့်သက် အမူအရာကို မြင်သည့်အခါ ဟန်လီက အမှန်တကယ် လှောင်ပြောင်ချင်ခဲ့၏။ ပုံမှန်ဆို သူသည် ဝူယန်၏ နာဖျားခြင်းကို ကုသပေးလိမ့်မည် မဟုတ်ပါ။ အကြောင်းမှာ သူတို့၏ အတိတ်၌ မပြေလည်မှုများ ရှိခဲ့သောကြောင့်ပင်။ သို့သော် နတ်သမားတော်ဟူသော သူ၏ ဂုဏ်သတင်းကို မထိခိုက်စေဖို့ သူသည် ဝူဖန် နှစ်ရက်နှင့် ပြန်ကောင်းမွန်လာအောင် ဆေးဝါးကောင်းများဖြင့် ကုသပေးခဲ့သည်။

သို့သော် ဆေးဝါးကောင်းများစွာ သုံးစွဲခဲ့ရခြင်းက ဟန်လိကို နာကျင်စေသည်။

တကယ်တော့ ဟန်လိသည် အခု မြင်ရသလို ခွင့်လွှတ်ကျေအေးတတ်သူ မဟုတ်ပါ။ သူက ရန်ငြှိုးတစ်ခုကို မေ့ပစ်မည့် သူမျိုး မဟုတ်ပေ။

ဤနည်းဖြင့် ဟန်လိသည် ချီးရွှမ်ဂိုဏ်း၏ တောင်ပေါ်တွင် သမားတော်မော့၏ နေရာကို တဖြည်းဖြည်း အစားထိုးလာခဲ့ကာ သမားတော်မော့ထက် သာသူဟုပင် သတ်မှတ်ခံလာရသည်။

နတ်ဘုရားလက်တောင်ကြား၌ ဟန်လိက ပုလင်းငယ်တလုံးကို ထုတ်ယူလိုက်ပြီး ၎င်းကို တောင်ကြားအတွင်းရှိ နေရာလွတ်တခု၌ သိမ်းထားသည်။ ထိုပုလင်းသည် ခုနစ်ရက်ကနေ ရှစ်ရက်ကြာတိုင်း ဆန်းကြယ်သော အစိမ်းရောင်အရည်ကို ဖွဲ့စည်းလေမည် ဖြစ်၏။ ထိုအစိမ်းရောင်အရည်ဖြင့်ဆို ရှားပါး၊သက်တမ်းရင့် ဆေးပင်များကို မြန်မြန်ဆန်ဆန် ကြီးထွားစေပြီး ကုသမည့် ဆေးဝါးများ ဖော်စပ်နိုင်ပေမည်။

သည်ဆေးပင်ဝါးပင်များ၏ ပမာဏ အနည်းစုကို သူ့ထံ ဆေးလာကုသော သူများအား ကုသရာတွင် အသုံးပြုမည် ဖြစ်၏။ အများစုကိုမူ သူ့ တကိုယ်ရေအတွက် သိမ်းဆည်းထားကာ အသုံးပြုပေမည်။ သူက ယင်းဆေးဝါးများကို အသုံးပြုကာ ကျင့်ကြံခြင်း၊ ချီသန့်စင်ခြင်းတို့ လုပ်ဆောင်ကာ ထာဝရနွေဦးပညာရပ်၌ သူ့ကျင့်ကြံမှုကို အဆင့်တက်စေမည်။

ဟန်လိက သမားတော်မော့၏ ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည်။ သည်ထိုင်ခုံက သမားတော်မော့၏ လက်တင်ထိုင်ခုံ ဖြစ်သော်ငြားလည်း သမားတော်မော့၏ နေအိမ်တွင် ရှိမနေ၊ ဟန်လီ၏ နေအိမ်တွင် ရှိနေခြင်းပင်။ သူက သမားတော်မော့၏ နေအိမ်ရှိ သူ့အတွက် အသုံးဝင်မည့် ပစ္စည်းပစ္စယများကို အားမနာတမ်း ယူဆောင်ထားခြင်းပင်။ သမားတော်မော့၏ ထိုင်ခုံပေါ်တွင် မလေးမစား ထိုင်နေသောသူ့ကို တခြားသူများက မြင်သွားပါကလည်း မည်သို့မျှ ပြောဆိုကြတော့မည် မဟုတ်ပေ။ အကြောင်းမှာ သူတို့၏ အမြင်၌ လက်ရှိ ဟန်လီက သမားတော်မော့ထက် ပို၍ တန်ဖိုးထိုက်တန်သည်ဟု ထင်ကြသောကြောင့်တည်း။ အံ့အားသင့်ဖို့ ကောင်းသည်မှာ လူများက လက်တွေ့ဆန်သော အကျိုးအမြတ်ကိုသာ ကြည့်ကြခြင်းပင်။

သမားတော်မော့၏ နေအိမ်က ဟန်လိ၏ နေအိမ်ထက် ပိုကြီးမားသဖြင့် ထိုအိမ်ထံ ရွှေ့ပြောင်းနေထိုင်ခြင်းက ပို၍ သင့်တော်သည်။ ကံမကောင်းစွာဖြင့် သမားတော်မော့ နေခဲ့သော အိမ်တွင် နေဖို့ကျတော့ ဟန်လိအဖို့ တမျိုးတမည်ကြီး ဖြစ်စေသည်။ တကယ်တော့ သမားတော်မော့ သေဆုံးရသည့် အဓိကအကြောင်းရင်းမှာ သူ ဖြစ်နေသည် မဟုတ်လား။

သူ ကိုယ်တိုင် သတ်ခဲ့သောသူ၏ အိမ်ပေါ်တွင် တက်နေခြင်းက ဟန်လီ၏ စိတ်နှလုံးကို လေးလံအေးစက်စေသည်။ ထို့ကြောင့် သူ့အိမ်တွင်နေထိုင်ခြင်းက သူ့အဖို့ ပို၍ သက်တောင့်သက်သာ ဖြစ်စေသည်။ သို့သော် ဟန်လိက သမားတော်မော့အကြောင်း တွေးမိတိုင်း သူသည် လူသေတစ်ယောက်၏ ထိန်းချုပ်မှုအောက် ရောက်နေသည့် ဝမ်းနည်းဖွယ်အချက်ကို မေ့ပစ်၍ မရပေ။

သမားတော်မော့ သေဆုံးပြီးနောက် ဟန်လိက သူ့ခန္ဓာကိုယ်အတွင်း၊အပြင်ကို အကြိမ်မရေမတွက်နိုင်အောင် သေချာ စူးစမ်းခဲ့သည်။ သူက သူ့ဒန်တျန်ထဲတွင် ကွယ်ဝှက်နေသော အအေးဓာတ်ယင်အဆိပ်၏ ချိန်းခြောက်မှုကို သန့်စင်ပစ်နိုင်ခြင်း မရှိသေးချေ။ သူက သန့်စင်သောဝိညာဉ်အမှုန့်နှင့် တခြားသော နာမည်ကျော် အဆိပ်ချေဖျက်သည့် နည်းလမ်းများကို အသုံးပြုဖို့ ကြိုးစားခဲ့သည်။ သို့သော် မချိတင်ကဲဖြစ်ဖို့ ကောင်းသည်မှာ ထိုနည်းလမ်းအားလုံးက အသုံးမဝင်ခြင်းပင်။ ကြည့်ရသည်မှာ တစ်နှစ်အတွင်း ခရီးရှည်တစ်ခု ထွက်ရမည့်အဖြစ်ကို ဟန်လီအနေဖြင့် ရှောင်၍ မရတော့သည့်ပုံပင်။

All Chapters