← Chapters

မီးလုံးပညာရပ်

Vol. 5 Ch. 67

မီးလုံးပညာရပ်

Vol. 5 Ch. 67

နေ့တဝက်လောက် ထိုင်နေသော ဟန်လီသည် ရုတ်တရက် လက်ပင့်ကာ လက်ချောင်းတချောင်းကို ဆန့်ထုတ်လိုက်သည်။

တအောင့်အကြာ၌ သူ ဆန့်ထုတ်လိုက်သော လက်ချောင်းနှင့် လက်မဝက်လောက်ရှိ လေဟာနယ်သည် ရုတ်တရက် လှိုင်းထကာ မီးပွားလေးများ ပေါ်လာသည်။ ထိုမီးပွားများက စပေါ်လာသည့်အခါ၌ တခြစ်ခြစ် မည်သံပေးကာ တွန့်လိမ်ခေါက်ပြီး လေထဲ၌ သစ်ကြားသီးအရွယ်အစားရှိ အနီရောင်မီးတောက်လုံးတစ်ခုအသွင် ဖွဲ့စည်းလေသည်။ ထိုမီးလုံးက ကြီးမားခြင်း မရှိသော်လည်း တလျှံလျှံ ပူပြင်းမှုကို ထုတ်လွှတ်ပေးကာ အခန်းတခုလုံး အပူလှိုင်းများ ပြည့်လာသည်။

ဟန်လီက ထိုင်ခုံပေါ် မှီချသည့် ကိုယ်ဟန်နှင့် ရှိနေကာ သူ့မျက်နှာကို သူ ဖတ်ရှုနေသော စာအုပ်ဖြင့် ဖုံးကွယ်ထားသည်။ သူ့လက်ချောင်းထိပ်ရှိ မီးလုံးငယ်မှ အပူပြင်းသဖြင့် တခြစ်ခြစ်အသံကို ထုတ်ဖော်နေခြင်းကြောင့်သာ မဟုတ်ပါက သူ အိပ်ပျော်တော့မည့်အနေထား ရှိ၏။ ထိုမီးလုံးက သူ၏ မလှုပ်မယှက် ရှိနေသော လက်ချောင်းထိပ်တွင် ရှိနေခြင်းကို ဟန်လီက သေချာ စိုက်ကြည့်နေသည်။

အချိန် ကုန်လာနေရင်း ထိုမီးလုံးသည် ၎င်း၏ အပူစွမ်းအင်အတိုင်း ဆက်ရှိနေသေးကာ ငြှိမ်းသေမည့်ပုံ မရသေးပေ။ သို့သော် ဟန်လီကမူ တဖြည်းဖြည်း လှုပ်ရှားမှု ရှိလာ၏။ ထိုမီးလုံးကို ထောက်ပိုးထားသော သူ့လက်ချောင်းမှာ အနည်းငယ် တုန်ခါလာသည်။ သူ့လက်ချောင်း တုန်ခါမှုက သူ့လက်ကောက်ဝတ်၊ ထိုမှသည် သူ့လက်တဖက်လုံးပေါ် သက်ရောက်မှု ရှိလာသည်။ မကြာမီ သူ၏ ခန္ဓာကိုယ်တခုလုံး စတင် တုန်ခါလာသည်။

ဟန်လီက ထိုင်ခုံပေါ်တွင် နောက်မှီနေရာကနေ ဆတ်ခနဲ ကောက်ထလာ၏။ သူ့မျက်နှာကို ဖုံးထားသော စာအုပ်ပင် လွင့်ကာ အောက်သို့ ပြုတ်ကျသွားသည်ကို သူ သတိမမူပေ။

သူက လက်ချောင်းထိပ်ရှိ မီးလုံးကိုသာ စူးစူးစိုက်စိုက် ကြည့်နေ၏။ သူ့မျက်နှာမှာ နီမြန်းလာကာ အသက်ရှုရ ခက်လာပုံ ရသည်။ သူ့နှဖူးမှသည် လည်တိုင်ထိ ချွေးစေးများ ပြန်လာသည်။

တအောင့်ကြာပြီးနောက် မီးလုံးက ဟိုဒီရမ်းလာသည်။ မီးတောက်က ကြီးသွားလိုက်၊ သေးသွားလိုက် ဖြစ်နေကာ တသမတ်တည်း အနေထား ရှိမနေတော့ပေ။ သည့်နောက်၌ ထိုမီးတောက်က ထပ်မံ သေးငယ်သွားကာ မီးပွားဖြစ်သည့်အထိ ကြုံ့ကာ လေထဲတွင် ပျောက်ကွယ်သွားချေသည်။

ထိုမီးလုံး ပျောက်ကွယ်သွားသည်နှင့် ဟန်လီက ဝန်တခု ထမ်းထားရတာ လျော့သွားသလို ခံစားမိသည်။ သူ၏မီးလုံးက သူ့စွမ်းအင်များစွာကို ကုန်ဆုံးစေသောကြောင့်ပင်။ အလွန်အမင်း ပင်ပန်းသွားပြီးနောက် ဟန်လီက ထိုင်ခုံပေါ် ပြန်မှီချလိုက်မိသည်။

“ဒီမီးလုံး ပညာရပ်ကို ကျင့်ကြံရတာ စိတ်ဒုက္ခ ရောက်ရတယ်။ ဒီပညာရပ်ကို နှစ်ဝက်လောက် ငါ လေ့လာနေခဲ့တာတောင်မှ ခုထိ ဒါကို ပြည့်ပြည့်ဝဝ မထိန်းချုပ်နိုင်သေးဘူး။ ငါ လုပ်နိုင်တာဆိုလို့ ဒီမီးလုံးကို အချိန် မဆိုသလောက် ပိုကြာအောင် ထိန်းနိုင်တာ တစ်ခုလေးပဲ…”

သူ့ကိုယ်သူ ထိုသို့ဆိုကာ ဟန်လီသည် ခေါင်မိုးမျက်နှာကြက်ကို မော့ကြည့်နေမိသည်။

ထာဝရနွေဦးပညာရပ်၏ နောက်ဆုံးစာမျက်နှာအချို့တွင် မှော်စွမ်းအင်ပညာရပ် တချို့ ပါဝင်၏။ ထိုပညာရပ်များမှာ ဂိုဏ်းသို့ ခုမှ ဝင်ရောက်ခါစ ကျင့်ကြံသူများအတွက် အခြေခံအဆင့်ပညာရပ်များသာ ဖြစ်သည်မှာ တချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ထာဝရနွေဦးပညာရပ်၏ မန္တာန်များကိုသာ သိထားသော ဟန်လိအဖို့ ဤသည်မှာ သူ့အတွက် ရတနာတစ်ခု ပိုင်ဆိုင်ရသလိုမျိုး ခံစားမိခဲ့ရသည်။ ထိုပညာရပ်များက သည်စာအုပ်တွင် ပါဝင်သည်ကို သိခါစ၌ ဟန်လီသည် စိတ်လှုပ်ရှားမှုကြောင့် လေးငါးခြောက်ရက်လောက် အိပ်မပျော်နိုင်ပါ ဖြစ်ခဲ့သည်။

သူသည် သမားတော်မော့ ဒီမှော်ပညာရပ်အချို့ကို အသုံးပြုတာ ကိုယ်တိုင်မြင်ခဲ့ဖူးသည် ဖြစ်၍ သူ ခုလောက် စိတ်လှုပ်ရှားမိသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ဟန်လီက သမားတော်မော့၏ ခွန်အားသည် ကြောက်မက်ဖွယ် ဖြစ်သည်ကို သိထားခဲ့သည်။ ထို့အတွက်ကြောင့် သူသည် ဒီပညာရပ်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာနေခဲ့တာပင်။

ကံမကောင်းစွာဖြင့် ခုလက်ရှိတွင် ဟန်လိသည် ထာဝရနွေဦးပညာရပ်၏ ဆဋ္ဌမအထွတ်အထိပ်အဆင့်တွင်သာ ရှိသေးသည့်အတွက် ရွှေခွက်ကိုင်ကာ မူးစေ့ပဲစေ့ တောင်းစားနေရသော သူဖုန်းစားတစ်ယောက်ကဲ့သို့ ဖြစ်နေချေသည်။ သူသည် မည်သည့် အခြေခံစွမ်းအင်ပညာရပ်ကိုမျှ မသင်ဖူးပေ။ ထို့အတွက် အရိုးရှင်းဆုံး မန္တာန်တစ်ခုကိုပင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ သို့သော် အခုအခါ၌ သူသည် ရုတ်တရက် စွမ်းအင်ပညာရပ်များကို တွေ့ရှိမိလေပြီ။ သူက မကျေနပ်မိဘဲ မည်သို့ နေပါ့မည်နည်း။

သည်စာအုပ်၏ နောက်ဆုံးစာမျက်နှာများတွင် ပညာရပ်ငါးခု၊ ယင်းတို့၏ သက်ဆိုင်ရာ မန္တာန်များ ပါဝင်နေခဲ့သည်။ ထိုပညာရပ်များမှာ မီးလုံး၊ ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်၊ နန်းတွင်းပျံသန်းခြင်း၊ ဆွဲငင်ခြင်းနှင့် ကောင်းကင်မျက်လုံး ပညာရပ်များ ဖြစ်ကြသည်။ ဟန်လိအဖို့ ထိုပညာရပ်များနှင့် မန္တာန်များအားလုံးသည် ရှေးကျ၊လေးနက်ကာ နားလည်သဘောပေါက်ဖို့ ခက်ခဲလှသည်။

ပညာရပ်များ၏ မန္တာန်စာသာများကို ရှေးကျသော ဘာသာစကားဖြင့် ရေးဖွဲ့ထားခြင်းမှာ အံ့အားသင့်စရာတော့ မရှိပေ။ သူသည် စာအုပ်အချို့ကို ဖတ်ဖူးသော်လည်း ရှေးဟောင်းစာပေများကိုမူ ထူးထူးထွေထွေ နားမလည်ပေ။ ထို့ကြောင့် သူသည် မန္တာန်စာသားများ၏ အဓိပ္ပာယ်ကို ချက်ခြင်း ဖမ်းဆုပ်နိုင်စွမ်း မရှိချေ။

အကူအညီမဲ့စွာဖြင့် ရွေးချယ်မှု မရှိပါဘဲ နောက်ဆုံးတွင်တော့ ဟန်လိသည် ထာဝရနွေဦးပညာရပ်များကိုသာ စတင်လေ့လာရတော့၏။ ယင်းပညာရပ်ကို လေ့လာခြင်းအပေါ် သူ၏ အသက် မှီတည်နေသည့်အလား။ သူက ကျားကုတ်ကျားခဲ လေ့လာ၏။ ရှေးဘာသာစကားဖြင့် ရေးသားထားသော စာအုပ်ပုံများကြားလည်း ခေါင်းထိုးကာ ရှာဖွေ ဖတ်ရှုလေ့လာသည်။ သူသည် မန္တာန်စာသားများ၏ အဓိပ္ပာယ်ကို နေ့ကော၊ညပါ လေ့လာသည်။ လက်မလျှော့ဘဲ ဟန်လိသည် သည်စာအုပ်အတွင်းရှိ ပညာရပ်များအားလုံးကို နားလည်သဘောပေါက်အောင် အပြင်းအထန် အားထုတ်မှု ပြုသည်။

သူက ကျောင်းမတက်ဘူး၊ ပညာအဆင့်မြင့်မြင့် မသင်ဖူးသော်လည်း အဆုံးမရှိသည့်စွမ်းအင်ကို ကျင့်ကြံခြင်းတွင် အမှားလုပ်မိပါက သူ့ မဖြစ်ညစ်ကျယ်အသက်ပါ ပေးလိုက်ရနိုင်သည်ကို နားလည်သည်။ ဟန်လိက သူ့အကြောင်းသူတွေးကာ စိုးရိမ်ပူပန်မိ၊ကြောက်ရွှံ့မိ နေသည်။ သူသည် အနည်းငယ်ပင် ဂရုမစိုက် မနေဝံ့ချေ။

သုံးလလောက် အပြင်းအထန် လေ့လာပြီးနောက် နောက်ဆုံးတွင် ဟန်လီသည် ပညာရပ်၊မန္တာန်စာသာများ၏ နောက်ကွယ်မှ သဘောတရားကို ကျွမ်းကျင်လာသည်။ ထို့အတွက်ကြောင့် သူသည် ထိုပညာရပ်များကို အမှန်တကယ် လက်တွေ့ စတင်ကျင့်ကြံနိုင်ခဲ့တာ ဖြစ်သည်။

သို့ပေမည့် ဟန်လီ၏ သုံးလလောက် အရူးအမူး လေ့လာသည့် နည်းလမ်းက သူ့စိတ်ပိုင်းနှင့်ရုပ်ပိုင်းကို ပင်ပန်းစေသည်။

ထာဝရနွေဦးပညာရပ်အပေါ် နားလည်မှု၊ သူ့ဉာဏ်ရည်တို့ကြောင့် သူ့အနေဖြင့် စွမ်းအင်ပညာရပ်များကို သင်ယူနိုင်ဖို့ သိပ်ခက်လှမည် မဟုတ်ဟု တွေးခဲ့ဖူးသည်။ သို့သော် သူသည် အခု ခေါင်းခြောက်နေမိပြီပင်။ သူက ထိုပညာရပ်များ၏ နောက်ကွယ်မှ သဘောတရားကို သိနေတာ ထင်ရှားသည်။ သို့သော် အမှန်တကယ် လက်တွေ့ ကျင့်ကြံသည့်အခါ၌ သူ မည်သို့ပင် လုပ်ဆောင်ပါစေ အောင်မြင်မှု မရဘဲ ဖြစ်နေသည်။ မန္တာန်စာသားများက မှားနေ၍လော၊ သူ ထိုစာသားများကို မှား၍ ဖတ်မိနေ၍လော၊ သို့မဟုတ် သူ့ စွမ်းအင်က နေရာမှန် မဟုတ်နေ၍လော သူ မသိဘဲ ဖြစ်နေသည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းကိုပါ ရှာမရသည့်အခါ သူ အတော့်ကို ကြံရာမရ ဖြစ်လာသည်။

သူ မည်သည့်အတွက်ကြောင့် ကျရှုံးနေသည်ကိုလည်း သူ မသိတော့ပေ။ စွမ်းအင် ချို့တဲ့သည် ဆိုလျှင်လည်း သူက ဝိညာဉ်စွမ်းအားကြွယ်သော ဆေးပင်နှစ်ပင်ကို စားသောက်ခဲ့ပြီး ယင်းပြဿနာကို ဖြေရှင်းခဲ့ပြီးပြီ။

ထို့အတွက် ဟန်လိသည် တန်ခိုးရှင်စွမ်းအင်ပညာရပ်များကို ကျင့်ကြံဖို့ သူ၏ ပါရမီက သူ ထင်ထားသလို မကြီးမားနေတာ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချမိတော့သည်။

ခါးခါးသီးသီး၊ အချိန်ကြာကြာ ကျင့်ကြံပြီးသည့်နောက်မှ နောက်ဆုံးတွင် သူ့အနေဖြင့် မီးလုံးပညာရပ်နှင့် ကောင်းကင်မျက်လုံးပညာရပ်တို့၌ အောင်မြင်မှု နည်းနည်း ရလာရုံသာ ရှိ၏။ ကျန်သည့် တခြားပညာရပ်သုံးခုကိုမူ သူ လုံးဝ မအောင်မြင်သေးပေ။ သူက ယင်းတို့၏ စဦးအဆင့်ကိုပင် ရောက်နိုင်စွမ်း မရှိ ဖြစ်နေ၏။

သို့အတွက် သူက မီးလုံးပညာရပ်နှင့် ကောင်းကင်မျက်လုံးပညာရပ်တို့၌သာ အာရုံစိုက်ဖို့ ရှိတော့သည်။ သူသည် ထိုစွမ်းအင်ပညာရပ်နှစ်ခုအပေါ်သာ မျှော်လင့်ချက် အသင့်အတင့် ထားလိုက်တော့သည်။

ထိုနှစ်ခု၌ မီးလုံးပညာရပ်၏ စွမ်းအားက ဟန်လိကို စိတ်မပျက်စေပေ။ တကယ်တော့ ယင်းစွမ်းအားက ဟန်လီ မျှော်လင့်ထားသည်ထက်ပင် ပိုနေသေးသည်။

မီးလုံးပညာရပ်ကြောင့် ဖြစ်ပေါ်လာသော မီးလုံးက သေးငယ်သည်ကလွဲ၍ ၎င်း၌ လျှော့တွက်၍ မရသော ကြောက်မက်ဖွယ်အပူချိန် ပါဝင်သည်။ မီးလုံး မလောင်ကျွမ်းပစ်နိုင်သည့် အရာ မရှိလေသည့်အလား။

ထိုမီးလုံးနှင့် ထိမိပါက သံမဏိဓားသည်ပင် ချက်ခြင်း အရည်ပျော်သွားနိုင်သည်။

ထိုသို့သော မီးစွမ်းအားကို တွေ့မြင်သည့်အခါ ဟန်လိက ယင်းမီးလုံးကို စမ်းသပ်ဖို့ ရေထဲသို့ပင် ၎င်းကို ပစ်ထည့်ခဲ့သေးသည်။ မီးလုံးနှင့်ထိမိသော ရေမှာ ဆူပွက်လာပြီး မီးလုံးက ရေနှင့်ထိ၍ ငြှိမ်းသေရမည့်အစား ချက်ခြင်း မီးထတောက်ကုန်သည်။ ထိုမီးလုံးပညာရပ်၏ စွမ်းအားကို သဘောပေါက်ပြီးနောက် ဟန်လိသည် ယွီကျစ်ထုံက သေမျိုးများကို အဘယ်ကြောင့် အထင်သေးအမြင်သေး ရှိလှသည်ကို နားလည်သွားသည်။

ဟန်လိက မီးလုံးပညာရပ်ကဲ့သို့ ဆင်တူသော တန်ခိုးရှင်ပညာရပ် တခုခုကို သိရှိသည့် သာမန်ကာလျှံကာ ကျင့်ကြံသူတစ်ယောက်သည်ပင် ကျန်းဟူ(သိုင်းလောက)ရှိ ကျွမ်းကျင်သူများကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်သည်ဟု တွေးမိသည်။ အနည်းငယ် ပိုအစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက ကျန်းဟူတခွင် မွှေနှောက်ပစ်ဖို့မှာ ခက်လိမ့်မည် မဟုတ်ပေ။

စွမ်းအားကွာဟမှုက ကြီးမားလွန်းလှသည်။ ယွီကျစ်ထုံက သေမျိုးများကို သူ့ခြေထောက်အောက်တွင် လွယ်လင့်တကူ နင်းခြေပစ်နိုင်သည့် အင်းဆက်များကဲ့သို့ ရှုမြင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပါ။

All Chapters