အဆိပ်သင့်ခြင်း
Vol. 5 Ch. 68
ဟန်လိက မီးလုံးပညာရပ်၏ ကြောက်မက်ဖွယ်စွမ်းအားကို မျက်မြင်တွေ့ပြီးနောက် ကောင်းကင်မျက်လုံး ပညာရပ်အပေါ် မြင့်မြင့်မားမား မျှော်လင့်မိနေသည်။
သို့ပေမည့် ၎င်းကို လေ့ကျင့်ပြီးနောက် ဟန်လိသည် ထိုစွမ်းအင်ပညာရပ်မှာ လူတစ်ယောက်၏ မျက်လုံးထံ စွမ်းအင်ပမာဏအနည်းငယ် ကူးပြောင်းပေးသော ပညာရပ်မှန်း သဘောပေါက်သွားသည်။ ထိုပညာရပ်နှင့် ပတ်သတ်၍ ခက်ခဲသည်ဟု ဖော်ပြနိုင်သည့် အရာ ရှိမနေ၊ ၎င်းကို ကျွမ်းကျင်ဖို့ လွယ်ကူဟန် ထင်ရသည်။
သို့ပေမည့် ထိုသို့ ကျွမ်းကျင်ရန် လွယ်ကူသည်ဟု ထင်ရသော ကောင်းကင်မျက်လုံး ပညာရပ်၏ ခက်ခဲမှုမှာ ပစ်မှတ်၏ခွန်အားနှင့် တိုက်ရိုက် သက်ဆိုင်နေခြင်းပင်။ ပစ်မှတ်၏ ခွန်အားက ပို၍ ကြီးမားလေလေ ၎င်းပညာရပ်ကို ကျွမ်းကျင်ရန် ပိုခက်ခဲလာလေ ဖြစ်မည်။ ၎င်းပညာရပ်က ကျင့်ကြံသူများ ပိုင်ဆိုင်သော စွမ်းအား၏ သန့်စင်မှုနှင့် ခွန်အားကို စစ်ဆေးဖို့ အသုံးပြုနိုင်တာ ဖြစ်၏။ ၎င်းကို အထောက်အပံ့ပေးသော စွမ်းအင်ပညာရပ်ဟု သတ်မှတ်နိုင်သည်။
စစဦးတွင် ဟန်လိက ကောင်းကင်မျက်လုံးပညာရပ်ကို သူ၏မျက်လုံးနှစ်ဖက်လုံး၌ အသုံးပြုခဲ့၏။ ထို့နောက် စွမ်းအား ပြည့်ဝနေသော သူ့မျက်လုံးကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို သူ စူးစမ်းသည်။ ထိုအခါ သူ့ခန္ဓာကိုယ်၌ အဖြူရောင်အလင်းလွှာ ခပ်ဖျော့ဖျော့ ရှိနေသည်ကို သူ မြင်သည်။ သူ့ ဒန်တျန်နှင့် ပိုနီးလေလေ ယင်းအဖြူရောင်အလင်းက ပို၍ သိပ်သည်းလေပင်။
၎င်းအဖြူရောင်အလင်းက သူ၏စွမ်းအား ဖြစ်သည်။ ဟန်လိက ထိုသည်ကို မြင်သည့်အခါ ၎င်းအလင်းထံ သူ့လက်ကို မဆန့်ကြည့်မိဘဲ မနေနိုင် ဖြစ်ရ၏။ သို့သော် သူ မည်သည်ကိုမျှ မခံစားမိချေ။ သူက ထိုစွမ်းအားသည် လေနှင့် အလားတူသည်ဟု သတိပြုမိ၏။ ကောင်းကင်မျက်လုံးပညာရပ်ကို သုံး၍ ကြည့်ရှုမှသာ ထိုစွမ်းအားကို သူ ထောက်လှမ်းမိနိုင်သည်။
သို့သော် အကြိမ်ကြိမ် စူးစမ်းကြည့်ပြီးနောက် ဟန်လိက ကောင်းကင်မျက်လုံးပညာရပ်အပေါ် စိတ်ဝင်စားမှု လုံးဝ မရှိတော့ပေ။ အကြောင်းမှာ သည်ချီးရွှမ်ဂိုဏ်း၌ တန်ခိုးရှင်ပညာရပ်ကို ကျင့်ကြံသူမှာ သူ တစ်ဦးတည်း ရှိနေခြင်းကြောင့်ပင်။ သူက မည်သူ့အပေါ်တွင် ယင်းပညာရပ်ကို အသုံးပြုရပါမည်နည်း။ သူက သူ့ကိုယ်သူအပေါ်၌ တနေကုန် စူးစမ်းနေဖို့ မဖြစ်နိုင်ချေ။
ထို့အတွက်ကြောင့် သူသည် အစစ်အမှန်တိုက်ပွဲ၌ အသုံးပြု၍ရအောင် မီးလုံးပညာရပ်ကို အပြင်းအထန် လေ့ကျင့်ခြင်းအပြင် သူ ခုထိ သင်ယူရအုံးမည့် တခြားစွမ်းအင်ပညာရပ်များကို အာရုံစိုက်လာသည်။ သူက တခြားပညာရပ်များကို ဖြည်းဖြည်းချင်း စတင်လေ့ကျင့်သည်။ ထပ်ခါထပ်ခါ လေ့ကျင့်ခြင်းဖြင့် အဆင့်များ ပိုချိုးဖျက်နိုင်လိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် သူ ကျင့်ကြံတာ ဖြစ်သည်။
ဟန်လိက တခြားပညာရပ်များကို လေ့ကျင့်ခြင်းနှင့် ပတ်သတ်၍ ခက်ခဲမှုကို တွေးမိကာ သက်ပြင်းသာ ချနိုင်တော့သည်။ သို့သော် သူသည် ထိုပညာရပ်များကို ဆက်တိုက် လေ့ကျင့်နေတာ အချိန်ကြာလာသောအခါ သူ၏ ဆင်ခြင်ဆင်လက်များ သိသိသာသာ လျှော့သွားသည်။
တုန်…တုန်…။
တောင်ကြားဝင်ပေါက် အနီးအနားရှိ နာရီသံ အချက်ပေး မြည်လာ၏။ ၎င်း၏ မြည်သံက တောင်ကြားထဲထိ ပျံ့နှံ့လာသည်။
ဟန်လိ မျက်မှောင်ကြုတ်သွားသည်။ သည်တလော၌ ဆေးကုဖို့ လာရောက်သော သူများ ရုတ်တရက် တိုးလာခဲ့ပေသည်။ အကြောင်းရင်းကိုတော့ သူ မသိပေ။ လာရောက်သော အများစုမှာ လက်ကျိုး၊ခြေကျိုး၊ ဓားဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာနှင့် တခြားအလားတူ ပြင်ပဒဏ်ရာများ ရရှိကြသည်။
သူက သမားတော် တစ်ယောက်အနေဖြင့် သူ့လူနာများကို မရေးမလုပ်ဘဲ မနေဝံ့ပေ။ နာရီအချက်ပေးသံ ကြားသည့်အခါ သူ ဆေးအိတ်ကို ချက်ခြင်း ကောက်ယူကာ အိမ်ထဲကနေ တောင်ကြားထံ ထွက်လာသည်။ သမားတော်ဟူသည် အချိန်မီ၊အလျင်မီ ကုသပေးရသူ မဟုတ်လော။
သည်နံနက်ခင်း အစောပိုင်း၌ တောင်ကြားတောအုပ်၏ ဝင်ပေါက်အပြင်ဘက်တွင် ဟန်လိက သေသေသပ်သပ် ဝတ်စုံဖြင့် အဆင့်မြင့် တပည့်တစ်ယောက်ကို လှမ်းမြင်သည်။ ထိုတပည့်က တောင်ကြားအဝင် အချက်ပေးနာရီနားတွင် စိုးရိမ်ပူပန်စိတ်ဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ဟန်လိကို မြင်သည့်အခါ သူသည် ချက်ခြင်း ကသောကမြော ပြေးလာသည်။
“သမားတော်ဟန်…ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ။ ဆရာ အဆိပ်သင့်ခံထားရပြီး သေအံ့မူးမူး ဖြစ်နေလို့။ သူ့အဆိပ်ကို သမားတော်ဟန် ဖယ်ရှားပေးနိုင်မလား တချက်လောက် လာကြည့်ပေးဖို့ ကျုပ် တလေးတစား တောင်းဆိုပါတယ်…”
ထိုသူ အနားရောက်လာသည့်အခါ ဟန်လိက သူ့မျက်နှာကို မြင်ဖူးမှန်း သိလိုက်သည်။ သူ့ထံ ပူပန်တကြီး ရောက်လာသူမှာ အကြီးအကဲလီ၏ သဘောအတွေ့ဆုံး တပည့်ဖြစ်သူ၊ မုယုံပင်။ မုယုံက သူ့ဆရာကိုယ်စား ဟန်လိထံ တကြိမ်မက အရင်က လာလည်ဖူးသည်။
“အဆိပ်သင့်တာလား…” ဟန်လိက လမ်းအတိုင်း ဆက်လျှောက်လာရင်း ချက်ခြင်း မေးသည်။ သူတို့က အကြီးအကဲလီ၏ အိမ်တော်ထံ အလျင်စလို လှမ်းလျှောက်လာနေရင်း ဟန်လိက အကြီးအကဲလီ၏ ကံဆိုးမှုနောက်ကွယ်မှ အသေးစိတ်အချက်အလက်များကို မေးမြန်းသည်။ ဟန်လိက သူ ကိုယ်တိုင် အတွေ့အကြုံ မရှိသည့် အဆိပ်အချို့အပေါ်၌ သတိထားတတ်၏။
“ဟုတ်ကဲ့။ ကျုပ့်ဆရာက တောင်အောက်ကို ကိစ္စတချို့ ရှိလို့ ဆင်းသွားတဲ့အချိန် ဝံပုလွေရိုင်းဂိုဏ်းသားတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သူက ဂရုမစိုက်မိလို့ အစိမ်းရင့်ရောင် အစေ့တမျိုးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်။ စစချင်းတော့ ဆရာကလည်း သိပ်မပူပန်ခဲ့ဘူး။ သူ့ရန်သူကိုတောင် သတ်ခဲ့သေးတယ်။ သူ တောင်ပေါ် ပြန်လာတဲ့အချိန် အဲ့အဆိပ်က ရုတ်တရက် သက်ရောက်လာပြီး သူ့ကို သတိလစ်သွားစေလိမ့်လို့တော့ ဘယ်သူက သိပါ့မလဲ…”
“မင်း တခြား သမားတော်တွေကို အကူအညီ တောင်းပြီးပြီလား…”
“တောင်းတာပေါ့။ သာမန်အဆိပ်သာ ဆိုရင် ကျုပ် သမားတော်ဟန်ကို လာပြီး ဒုက္ခ မပေးပါဘူး။ အဲ့ မြည်းလို သမားတော်တွေက ကျုပ် ဆရာ အမိခံရတဲ့ အဆိပ်က ရှားပါးတာကလွဲလို့ ကျန်တာ ဘာမှ သိကြတာ မဟုတ်ဘူး။ သူတို့က အဆိပ်အမည်ကိုတောင် မဖော်ထုတ်ဝံ့ကြဘူး။ ကုသမှုလည်း မလုပ်ရဲဘူး…”
မုယုံက မကျေမချမ်းမျက်နှာပေးဖြင့် ပြောသည်။
ဟန်လိသည် ထိုအကြောင်းကို နားထောင်နေစဉ် သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားပေ။ သူက မုယုံနောက်သို့သာ ခပ်မြန်မြန် လိုက်လာသည်။ သို့သော် သူ့စိတ်ထဲရှိ သံသယက မြင့်တက်လာနေသည်။
အမှန်တကယ်အားဖြင့် သူသည် အဆိပ်များကို ကောင်းကောင်း မကုသပေးတတ်ပေ။ အတွင်းဒဏ်ရာ၊ အပြင်ဒဏ်ရာများသာ ဖြစ်ပါက သူသည် ဆေးပင် အမျိုးအစားများပေါ် မှီခို၍ ကုသပေးနိုင်သည်။ သူက သေစေနိုင်သော အဆိပ်အချို့ကို ကုသ ပေးခဲ့ဖူးလျှင်ပင် ထိုပြဿနာ၏ အဖြေကို ထုတ်ပေးနိုင်စွမ်းရှိဖို့ မသေချာပေ။
သူ့ထံ၌ အဆိပ်ရာချီကို ကုသပေးနိုင်သော သန့်စင်ဝိညာဉ်အမှုန့် ပိုင်ဆိုင်ထားသော်လည်း လောက၌ အဆိပ်အမျိုးအမည်များမှာ မရေမတွက်နိုင်အောင် ရှိသည်။ သန့်စင်ဝိညာဉ်အမှုူန့်က အကြီးအကဲလီ သင့်နေသော အဆိပ်ကို ကုသနိုင်မည်လား၊ မကုသပေးနိုင်မည်လားကို မည်သူက သိပါ့မည်နည်း။ ဒေသခံသမားတော်အချို့မှာ အဆိပ်များကို မဖယ်ရှား၊ မကုသပေးနိုင်သော်လည်း လုံးလုံး အသုံးမကျသည်တော့ မဟုတ်ပါ။ သို့မဟုတ်ပါက ချီးရွှမ်ဂိုဏ်း၏ အကြီးအကဲများက သူတို့ကို တောင်ပေါ်ကနေ ကန်ထုတ်ပစ်လိမ့်မည်။ တကယ်တော့ သည်ဂိုဏ်းသည် ဒဏ်ရာအသေးအမွှားလေးများကို ကုသပေးနိုင်မည့် ဆေးပညာတပည့်များကို ပြုစုပျိုးထောင်ပေးထားနိုင်သည်။ သို့သော် သူတို့သည် သူတို့ မကြုံဖူးသော အဆိပ်လက္ခဏာ ဖြစ်ပါက ရိုးရှင်းသောကုထုံးကိုပါ မပြောဝံ့ကြပေ။
ဟန်လိတွင်မူ ဝှက်ဖဲများ ရှိထားပေ၏။ သူက မည်သည့်အခြေအနေတွင်မဆို လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်ကာ ရှင်သန်နိုင်လိမ့်မည်။ သူသည် အကြီးအကဲလီကို မကယ်တင်နိုင်ခဲ့လျှင်ပင် သူ့ ဂုဏ်သတင်းကို လျော့ပါးစေလိမ့်မည် မဟုတ်ပါ။ တကယ်တော့ ရောဂါဝေဒနာဟူသမျှကို ပျောက်ကင်းအောင် ကုသပေးနိုင်သော သမားတော်ဟူ၍ သည်လောက၌ မရှိပေ။
ဟန်လိက အစီအစဉ်ချ၊ စဉ်းစားနေစဉ် မုယုံက အလျင်လိုနေသည်။ သူတို့နှစ်ယောက်က အကြီးအကဲလီ၏ နေအိမ်ထံ အလောတကြီး ဦးတည်နေသည်။ မုယုံ၏ အမူအရာကို ကြည့်ကာ ဟန်လိက အကြီးအကဲလီနှင့်မုယုံတို့ကြားရှိ ဆရာတပည့် ဆက်ဆံမှုသည် အတော်လေး နက်ရှိုင်းသည်ကို သိလိုက်သည်။
သူနှင့်သမားတော်မော့တို့ကြား ဆက်ဆံရေးကို ပြန်တွေးမိကာ ဟန်လိသည် ဝမ်းနည်းသလို အနည်းငယ် ဖြစ်မိသည်။ သူတို့က အမည်အားဖြင့် ဆရာတပည့် ဖြစ်ကြသော်လည်း သူတို့၏ အမှန်တကယ် ပတ်သတ်မှုက ရန်သူများကဲ့သို့ ဖြစ်ခဲ့သည် မဟုတ်လား။ သူနှင့် သမားတော်မော့ကြား ပတ်သတ်မှုက မုယုံနှင့်သူ့ဆရာတို့ကဲ့သို့သာ ဖြစ်ခဲ့လျှင်မူ။
ဟန်လိ၏ စိတ်ထဲ၌ သူသည် သမားတော်မော့ကို လေးစားမှု အမြဲထားထား၏။ တကယ်တော့ သူ၏ ဆေးပညာရပ်နှင့် ထာဝရနွေဦးပညာရပ်တို့ကို ဆုံးပါးသွားသော သမားတော်မော့က ပေးအပ်ခဲ့သည် မဟုတ်လော။
သို့သော် ဝမ်းနည်းဖို့ ကောင်းသည်မှာ ကိစ္စရပ်များသည် ထင်သလို မဖြစ်လာတတ်ပေ။ မိုးကောင်းကင်က သူတို့နှစ်ယောက်ကို လောကတခုတည်း၌ နှစ်ယောက်လုံး ရှင်သန်ခွင့်မပေး၊ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်စေခဲ့ပေသည်။ ထို့နောက်တွင် ဟန်လိ လက်ချက်ဖြင့် သမားတော်မော့သည် မထင်မှတ်စွာ မတော်တဆ သေဆုံးခဲ့ရသည်။
သူ့အတိတ်အကြောင်း ပြန်စဉ်းစားမိကာ ဟန်လိက သက်ပြင်းချမိသည်။ လက်ရှိတွင်မူ မုယုံက သူ့ကို အကြီးအကဲလီ၏ နေအိမ်ထံ အလျင်စလိုဟန်ဖြင့် ခေါ်ဆောင်လာခဲ့သည်။