← Chapters

လီဖေးယွီနှင့် မိန်းမလှငယ်

Vol. 5 Ch. 69

လီဖေးယွီနှင့် မိန်းမလှငယ်

Vol. 5 Ch. 69

အကြီးအကဲလီ၏ နေအိမ်မှာ ကြီးမားလှခြင်း မရှိ၊ ရိုးရိုးရှင်းရှင်း ရှိသော အိမ်ငယ်တလုံးသာ ဖြစ်သည်။

အနီးအနားဝန်းကျင်ရှိ အိမ်များမှာ နှစ်မီတာလောက် မြင့်မားပြီး မီတာဝက်မျှ ထူသော မြေသားနံရံဖြင့် ခြံဝန်းခတ်ထားသည်။ လခြမ်းပုံ ခြံတံခါးဝင်းကို ဖြတ်လာပြီးနောက် ဟန်လိက ခြံထဲတွင် ဧည့်သည်များစွာ ရှိနေသည်ကို လှမ်းမြင်သည်။

ခြံဝန်းထဲ လှမ်းဝင်လာပြီးနောက် သည်ထဲတွင် အမှန်တကယ် ရှိနေသူများမှာ ခြံစည်းရိုးအပြင်ဘက်မှ မြင်ရသည်ထက် များနေသည်ကို သူ သိလိုက်ရ၏။ သူတို့က နှစ်ယောက်တစု၊သုံးယောက်တစု ရှိနေကာ အကြီးအကဲလီ၏ အခြေအနေကို ခပ်တိုးတိုး ဆွေးနွေးနေကြသည်။

ဟန်လိသည် အကြီးအကဲလီမှာ ချီးရွှမ်ဂိုဏ်းတွင် သဘောမနော ကောင်းသောသူမှန်း ကြားသိထားပြီး ဖြစ်၏။ အဆင့်နိမ့်တပည့်များ၊ သို့မဟုတ် လုပ်ဖော်ကိုင်ဖတ်များအပေါ် သူက စိတ်ဆိုးခဲသူ ဖြစ်သလို ဂိုဏ်းထဲတွင်လည်း အကျိုးအမြတ်၊အာဏာကို မမက်မောသူ တစ်ယောက်လည်း ဟုတ်သည်။ ထို့ကြောင့် ခြံထဲ၌ အဆင့်မျိုးစုံ ရောက်နေကြကာ လူများနေခြင်းပင်။

ဟန်လိ ရောက်လာသည့်အခါ ခြံဝန်းထဲမှ သူများက သူ့ကို သိကြသည်။ အဆင့်နိမ့်ဂိုဏ်းဝင်များက သူ့နား ချက်ခြင်း ရောက်လာကာ လာနှုတ်ဆက်၏။

“ကျန်းကျန်းမာမာ ရှိရဲ့လား နတ်သမားတော်ဟန်…”

“သမားတော်ဟန် ရောက်လာတာကို…”

စိတ်ပါလက်ပါ နှုတ်ဆက်သံများက ဟန်လိနားထဲ ဇယ်စပ်မပြတ် တိုးဝင်လာချေ၏။ သူသည် ထိုသို့ ဆူသံညံသံများကို မကြားချင်သော်လည်း ရွေးချယ်စရာ မရှိ၍ သည်းခံရသည်သာ။

သူ့ကို လာနှုတ်ဆက်ကြသူများကို ကြည့်ကာ ဟန်လိကလည်း တောက်ပစွာ ပြန်ပြုံး၍ နှုတ်ဆက်သည်။ သို့ပေမည့် ဟန်လိသည် ဖော်ရွှေဟန် ပေါက်သော်လည်း အမှန်ကမူ သည်လို အာလာပသလ္လာပ စကားများ မပြောချင်ပေ။

ကံကောင်းစွာဖြင့် ဒုဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများကမူ စကားလာမပြောဘဲ သူ ရောက်လာသည်ကို အသိအမှတ်ပြုဟန်ဖြင့် ဟန်လိထံ ခေါင်းသာ ညိတ်ပြကြခြင်းပင်။

မုရုံ၏ နိမ့်ကျသော အဆင့်ကြောင့် သူသည် ဘေးကနေ ပူပန်တကြီး ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။ ဂိုဏ်းဝင်များက ဟန်လီအနား တိုးကပ်လာကာ စကားစမြည် ပြောဖို့ ကြိုးစားလာကြစဉ် မုယုံ၏မျက်နှာထက်တွင် စိတ်ပူပင်ဟန် ပေါ်လာကာ သူ့လက်နှစ်ဖက်ကို မရပ်တန်း ပွတ်သပ်နေလေ၏။

နောက်ဆုံးတွင် ဟန်လိက နောက်ဆုံးတစ်ယောက်ကို နှုတ်ဆက်ပြီးနောက် မုယုံသည် ဆက်၍ မစောင့်နိုင်တော့၊ ချက်ခြင်း ရှေ့သို့ အသည်းအသန် တိုးလာကာ ဟန်လိ၏လက်ကို ဆွဲ၍ အိမ်ထဲသို့ ပြေးဝင်လေတော့သည်။ မုယုံ၏ ရိုင်းစိုင်းကာ ယဉ်ကျေးမှု မရှိသော သည်အပြုအမူက နတ်သမားတော်ဟန်နှင့် စကားကောင်းကောင်း ပြောချင်နေသော လူအချို့ကို မကျေမနပ် ဖြစ်သွားစေသည်။

အပြင်ပိုင်းတွင် ဟန်လီက ဟန်လုပ်ပြုံးလိုက်ရသော်လည်း အမှန်တကယ်ကမူ မုယုံ၏ ဆုံးဖြတ်ချက်ကို သူ ကျေနပ်မိပေသည်။ သည်လိုဖြင့် သူသည် မည်သူ့ကိုမျှ မစော်ကားမိစေဘဲ ဆူညံပွက်နေသောသူများထံမှ ထွက်လာနိုင်တော့သည်။

အလျင်စလိုအားဖြင့် မုယုံက ဟန်လီကို ဧည့်ခန်းထဲ ခေါ်ချလာသည်။

အထဲ၌ လူ သိပ်မများပါ။ မိသားစုဝင်အချို့နှင့် အကြီးအကဲနှစ်ယောက်သာ ရှိသည်။ ဂိုဏ်းခေါင်းဆောင်မာလည်း ရှိနေသည်။ သို့သော် ဟန်လိကို အံ့အားသင့်မိသွားစေသည်မှာ လီဖေးယွီလည်း အခန်းထဲ၌ ရှိနေတာပင်။

သူ သိသလောက် အကြီးအကဲလီနှင့်လီဖေးယွီတို့ကြား ပတ်သတ်မှု ရှိမနေပေ။ လီဖေးယွီက ဘာကြောင့် သည်နေရာတွင် ရောက်နေရသနည်း။

သူ့စိတ်ထဲ မေးချင်စိတ်များ ပြည့်လာစဉ် ဟန်လီသည် စီနီယာတပည့်လီက မျက်ရည်စများနှင့် မိန်းမလှငယ်လေးတစ်ယောက်ကို နှစ်သိမ့်ပေးနေသည်ကို သတိပြုမိသွားသည်။ လီဖေးယွီ၏ ခု အမူအရာသည် သူ့ ရောင်းရင်းတပည့်များပေါ် ပုံမှန်အားဖြင့် ပြုမူတတ်သော အေးစက်စက်ဟန်ပန်နှင့် အတော်လေး ကွာခြား၏။

လီဖေးယွီ၏ ဟန်အမူအရာကို ကြည့်ကာ ဟန်လိသည် ထိုကောင် ဒီနေရာတွင် မည်သည့်အတွက် ရှိနေသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ မင်သက်သွားသလို သူက အတော်လေးလည်း ရယ်ချင်မိသွား၏။

ဟန်လိက အေးတိအေးစက် လီဖေးယွီကို အချစ်နွံထဲ ကျသွားစေသော ထိုမိန်းကလေးငယ်၏ အလှကို စူးစမ်းလိုက်သည်။

ထိုမိန်းကလေးက အသက်ဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်လောက် ရှိမည်။ သူမက နီညိုရောင်သလင်းဆံထိုးတစ်ခုကိုလည်း ပန်ဆင်ထား၏။ ထို့အပြင် သူမသည် ကြာပွင့်စိမ်းရောင် ဝတ်စုံကိုလည်း ဝတ်ဆင်ထားသည်။ သူမ၏မျက်လုံးနှစ်လုံးက ငိုထားသဖြင့် နီရဲ မို့မောက်နေပြီး သူမကို ချစ်စရာကောင်းသော မိန်းကလေးငယ်တစ်ယောက်ဟု ထင်ရစေသည်။ သူမ၏ ခုပုံစံမှာ အမျိုးသားများကို ထွေးပွေ့ပေးချင်စိတ် ပေါက်စေလေမည်။

“သူမက ငယ်ရွယ်လှပသားပဲ…” ဟန်လီသည် လီဖေးယွီက ထိုမိန်းမလှလေး၏ အချစ်ကို ရထားသည့်အကြောင်း တွေးမိကာ သူ့စိတ်ထဲ၌ မနာလိုဝန်တိုမှု ခပ်ရေးရေး ဖြစ်မိသည်။ သူလည်း ထိုသို့သော အလှပဂေးလေး တစ်ယောက်ကို လက်တွဲဖော်အဖြစ် ရယူနိုင်စွမ်း ရှိ၊မရှိကိုမူ သူ မသိပေ။

ဟန်လိက ထိုမိန်းကလေးငယ်ကို လေ့လာနေသည်ကို သတိပြုမိသွား၍လားမသိ၊ မုယုံက အိမ်ထဲမှ လူတိုင်းနှင့် ဟန်လိကို ရင်းနှီးမှု ရသွားစေရန် ခပ်သွက်သွက် မိတ်ဆက်ပေးသည်။

ဂိုဏ်းခေါင်းဆောင်မာနှင့် အရင်တည်းက ဟန်လိ မြင်ဖူးသော ဖြူရောရော မျက်နှာဖြင့် အကြီးအကဲချန်းတို့ကိုတော့ မိတ်ဆက်နေဖို့ မလိုပေ။ ဟန်လိက အကြီးအကဲလီ၏ ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ရှေ့သို့ ခြေလှမ်းလာသည်။

“ဂိုဏ်းခေါင်းဆောင်မာ၊ အကြီးအကဲချန်းတို့ကို နှုတ်ဆက်ပါတယ်…”

“ဟားဟား…သမားတော်လေး ရောက်လာပြီပဲ…” ဂိုဏ်းခေါင်းဆောင်မာက ဟန်လိနှင့် အတော်လေး ရင်းနှီးသလို ပြုမူ ပြောဆိုလာသည်။ သူတို့ကြား၌ အဆင့်အတန်းခြင်း ကွာခြားချက် မရှိသည့်အလား။

“သမားတော်ဟန်က သမားတော်ဟန်ပေါ့။ ဘာကြောင့် ခင်ဗျားက ‘လေး’ ဆိုတာကို ထည့်ပြောနေရတာလဲ…”

ဟန်လီက ဂိုဏ်းခေါင်းဆောင်မာ သူ့အား ညွှန်းဆိုခေါ်ခဲ့သော သမားတော်လေးဟူသော စကားကို စိတ်ထဲကနေ မကျေမချမ်းဖြစ်ကာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

တခြားတဖက်တွင် အကြီးအကဲချန်းကမူ မထုံတတ်တေး အေးစက်စက် အမူအရာဖြင့် ရှိနေသည်။ သူက ခေါင်းညိတ်ရုံသာ ညိတ်ပြ၏။ သူ့အပြုအမူက ဂိုဏ်းခေါင်းဆောင်မာနှင့် ဆန့်ကျင်ဘက်ပင်။ ဟန်လီသည် အကြီးအကဲချန်း၏ မထူးခြားနား အမူအရာကို စိတ်ထဲမထားပါ။ သူက အကြီးအကဲချန်းသည် သူ့ခံစားချက်များနှင့် လိုအင်ဆန္ဒများကို ဖြတ်တောက်ဖို့ လိုအပ်သော ထူးထူးခြားခြား ကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်သည်အား သိထားသည်။ သူ၏ ထိုကျင့်ကြံသော နည်းလမ်းကြောင့် အကြီးအကဲချန်းသည် လူတိုင်းကို အေးတိအေးစက်၊မထူးခြားနား ဆက်ဆံတတ်ပေသည်။

အကြီးအကဲချန်းနှင့် ဂိုဏ်းခေါင်းဆောင်မာတို့အပြင် ဟန်လီ မသိသော မျက်နှာနီစပ်စပ်ဖြင့် အရပ်မြင့်မြင့် အကြီးအကဲတစ်ယောက်လည်း ရှိနေသည်။ ထိုအကြီးအကဲ၏ လက်ဖဝါးများက ကြမ်းရှကာ သူ့ လက်ချောင်းတိုတိုများကလည်း ထူထူထဲထဲ တောင့်တောင့်တင်းတင်း ရှိသည်။ တချက်ကြည့်ရုံဖြင့် ထိုအကြီးအကဲသည် ထူးခြားသော သိုင်းပညာရပ်ကို လေ့ကျင့်ထားတာ သိသာသည်။

“သူက အကြီးအကဲကျောက်၊ ကျုပ်ဆရာနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ပဲ။ အရင်တုန်းက သူ့အလုပ်က တောင်တန်းအပြင်ဘက်မှာ ရတနာစုဆောင်းခြင်းဂိုဏ်းခွဲကို ကြီးကြပ်ပေးရတာ။ သူ ပြီးခဲ့တဲ့နှစ်ရက်ကမှ ဒီကို ရောက်လာခဲ့တာလေ…”

မုယုံက ဟန်လီကို ထိုအကြီးအကဲနှင့် မိတ်ဆက်ပေးသည်။

ဟန်လိအတွက် ထိုအကြီးအကဲကျောက်မှာ အေးစက်သည်လည်း မဟုတ်၊ ပျူငှာသည်လည်း မဟုတ်ပေ။ အကြီးအကဲကျောက်က နှာမှုတ်ကာ စကားတခွန်းမှ မဆိုပေ။ သူ့မျက်လုံးထဲတွင်လည်း ဟန်လိကို သံသယရှိနေတာ ထင်ရှားသည်။ သူသည် ခု ဖိတ်ခေါ်ထားသော သမားတော်ဟန်၏ အရည်အချင်းကို ငယ်ရွယ်နေမှုကြောင့် မယုံကြည်တာ သိသာသည်။

အကြီးအကဲကျောက်က သူ့အပေါ် မဖော်ရွှေဟန် ပြ၍ ဟန်လိကလည်း ဘာသိဘာသာ နေနေသည်။ အကြီးအကဲကျောက်၏ အပြုအမူအတိုင်း ဟန်လိကလည်း သူ့လေးစားမှုကို ပြသရာ၌ တုံးတိတိလေသံဖြင့်သာ နှုတ်ဆက်သည်။

All Chapters