သတ်ဖြတ်ခြင်း
Vol. 81 Ch. 1133
“ ဝုန်း ” ငွေရောင်မြစ်ကြီးက လျူဝမ်၏ ကျိုင်းပေါ် ကျရောက်လာသည်။
ပုဆိန်လှံရှည် အလင်းတန်းက လျူဝမ်၏ ကျိုင်းပေါ် ပေါက်ကွဲထွက်သွားသည်။ ထိုကျိုင်းက သတ်ဖြတ်ရေး စွမ်းအားများ မစုစည်းနိုင်ခင် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။
လျူဝမ်က လက်ဦးမှု ဆုံးရှုံးသွားသောကြောင့် မိုဝူကျိ၏ ချုပ်နှောင်မှုကို ခံလိုက်ရသည်။ မိုဝူကျိက လျူဝမ်ကို တုံ့ပြန်ခွင့်ပင် မပေးဘဲ ရှေ့တိုးလာလေ၏။ ထို့နောက် သူက လက်ညိုးဖြင့် ချိန်ရွယ်ထားလိုက်သည်။
သက်ရှိလောက
မိုဝူကျိ သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းပြီးနောက် သူ့တာအိုစည်းမျည်းများက ပို၍ ပြီးပြည့်စုံလာသည်။ ဤသက်ရှိလောကအောက်တွင် လျူဝမ်ကဲ့သို့ ဝိဇ္ဇာတပိုင်းတစ်ယောက်က မြန်မြန် ချိုးဖောက်ထွက်လာနိုင်မည် မဟုတ်ချေ။
သေခြင်းရှင်ခြင်းကြား နှစ်တစ်ရာမျှသာ အချိန်ရှိ၏။
သူက အရာအားလုံးကို အဘယ်ကြောင့် လိုက်ဂရုစိုက်နေရမည်နည်း။ ရုန်းထွက်မည့်အစား သူက သဘာဝတရားဆီ အဘယ်ကြောင့် မပုံအပ်ဘဲ နေရမည်နည်း။
မိုဝူကျိ၏ ကျင့်ကြံဆင့်က တိုးတက်လာကာ သဟဇာတ နတ်ဘုရား အဆင့် ၂ သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် လျူဝမ်က မိုဝူကျိ၏ သက်ရှိလောက တိုက်ကွက်အား အသက်ရှိုက်စာအနည်းငယ်အတွင်း ချိုးဖောက်နိုင်ခဲ့သည်။ သူ့ကျိုင်းမှာ အကျဉ်းထောင်သဖွယ် အာကာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ မျက်စိနှင့် မမြင်နိုင်သည့် တာအိုသင်္ကေတများက ပိုက်ကွန်သဖွယ် ဖြစ်တည်လာသည်။ ထိုအရာက မိုဝူကျိအား လွှမ်းခြုံသွားလေ၏။
လျူဝမ်က အရူး မဟုတ်ပေ။ ဤသို့အချိန်မျိုး၌ မိုဝူကျိသည် ရင်ဆိုင်ရလွယ်ကူသည့်သူ မဟုတ်မှန်း မည်သို့ မသိဘဲ နေမည်နည်း။
မိုဝူကျိက သက်ရှိလောကတိုက်ကွက်သာ ရှိမည် မကလောက်ပေ။ လျူဝမ်က ချိုးဖောက်ထွက်လာပြီး သူ့ကျိုင်းအား ဝေ့ယမ်းလိုက်သည့်အချိန် မိုဝူကျိ၏ လက်ချောင်းက ပြောင်းလဲသွားလေသည်။ သက်ရှိလောကမှ မိုးမြေ အဖြစ် ပြောင်းလဲသွားလေ၏။
သတ္တကမ္ဘာ လက်ချောင်းပညာရပ် - မိုးမြေ
ကျယ်ပြောလှသည့် မိုးမြေ တာအိုစည်းမျည်းများက လျူဝမ်၏ ပိုက်ကွန်နှင့် ထိပ်တိုက် တွေ့သွားသည်။ အာကာပြင် စည်းမျည်းများနှင့် နှစ်ဖက်လုံးမှ သဘာဝစွမ်းအားများက စတင်၍ အပြင်းအထန် ပေါက်ကွဲထွက်သွားသည်။ ထိုရင်ဆိုင်မှုအတွင်း စကြဝဠာမြို့တစိတ်တပိုင်းလောက်က မြေမျက်နှာပြင် မြင့်တက်လာပြီး ပျက်စီးသွားလေသည်။
မိုးပျက် တည်းခိုဆောင်သည် ယခင်ကတည်းက အမှုန့်ဖြစ်သွားလေပြီ။ လက်ရှိ စကြဝဠာမြို့ရှိ နယ်မြေတချို့လည်း အတူတူ ဖြစ်သွားလေ၏။ ကျင့်ကြံသူမြောက်များစွာက နောက်ဆုတ်လိုက်ကြသည်။ မည်သူကမှ တိုက်ပွဲအနား မတိုးရဲကြပေ။ ဤသို့ ပြင်းထန်လှသော တာအိုစည်းမျည်းများကြား ဆွဲသွင်းခံလိုက်ရပါက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပေမည်။
ထိုစဉ် မည်သူကမှ မိုဝူကျိအား မောက်မာသည်ဟု မလှောင်ပြောင်ရဲကြတော့ပေ။ ဤတိုက်ပွဲတိုလေးအတွင်း မိုဝူကျိက အရေးသာနေသည်မှာ သိသာလှသည်။ စက္ကန့်ပိုင်းလေးမျှ ကြာမြင့်လိုက်သော်ငြား လျူဝမ် အရိုက်ခံနေရသည့် မြင်ကွင်းမှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ဝေစု ဆုလာဘ်ရယူရန် ကြံနေသည့် ကူယူက မိုဝူကျိ၏ တိုက်ခိုက်မှုများကို မြင်လိုက်ရသည့်အခါ အတော်လေး စိုးရိမ်လာမိသည်။ သူက မှားယွင်းသွားကြောင်း သိလိုက်ပြီး မိုဝူကျိ၏ ဟုန်မုန့်စွမ်းအင်က အလွယ်လေး ရလာမည် မဟုတ်ချေ။
ဤသည်မှာ ပုံမှန်သာ ဖြစ်၏။ အကယ်၍ မိုဝူကျိ၏ ဟုန်မုန့်စွမ်းအင်ကို အလွယ်တကူ ယူသွားခံလိုက်ရပါက သူသည် ယနေ့အထိ အသက်ရှင်နေမည် မဟုတ်ချေ။
“ ရပ်လိုက် … ကျုပ်က လျန်ကျီကို သတ်ဖို့ ကြိုးစားတာလေ။ တာအိုရောင်းရင်းက ဘာလို့ ဝင်ရှုပ်ရတာလဲ ” နှစ်ခေါက် ရင်ဆိုင်ပြီးနောက် လျူဝမ်က မိုဝူကျိအတွက် ပြိုင်ဖက် မဖြစ်နိုင်ကြောင်း မရေမရာ ဖြစ်လာမိသည်။
မိုဝူကျိက လျူဝမ် စကားများကို အဘယ်ကြောင့် နားထောင်နေမည်နည်း။ ထိုပေါက်ကွဲမှုများကြား မိုဝူကျိက ရှေ့တိုးလာလိုက်သည်။ သူက နောက်ထပ် လက်ချောင်း တစ်ချောင်း ချိန်ရွယ်ထားလိုက်သည်။
ထိုလက်ချောင်းအတွင်း စည်းမျည်းများက ပြောင်းပြန် စီးဆင်းလာဟန် ပေါ်သည်။ ကောင်းကင် ဝါးမျိုမတတ် စွမ်းအားတစ်မျိုး ထွက်ပေါ်လာလေ၏။
သတ္တကမ္ဘာ လက်ချောင်းပညာရပ် တတိယတိုက်ကွက် - ကံတရား
ယခင် ဟွမ်တိလည်း ထိုတိုက်ကွက်ကြောင့် ထိခိုက်ခဲ့ရသည်။ မိုဝူကျိက လျူဝမ်သည် သူ့သက်ရှိလောကနှင့် မိုးမြေ တိုက်ကွက်တို့ကို ကာကွယ်ပေးပြီးနောက် ဤလက်ချောင်းအောက်၌ မထိမခိုက် ကျန်ရှိနေလိမ့်မည်ဟု မထင်ပေ။
မိုးမြေကို မီးပြင်းဖိုအဖြစ်… ကံတရားကို လုပ်အားအဖြစ်… ယင်ယန်ဓာတ်တို့ကို လောင်စာအဖြစ်… အရာအားလုံးကို ကြေးနီးအဖြစ်…
လျူဝမ်၏ ကျိုင်းမှ ယူဆောင်လာသော သတ်ဖြတ်ငွေ့တို့မှာ ထိုလက်ချောင်းအောက် ကျရောက်သွားသည်။ ပျောက်ကွယ်သွားသည့် သက်ရှိလောကနှင့် မိုးမြေတို့က ထိုမီးဖိုကြီးအတွင်း ပေါင်းစပ်သွားကြသည်။
ဧရမာ မီးဖိုကြီးအတွင်း လှိုင်းလုံးနှင့် တူသည့် စည်းမျည်းများက အပေါ်အောက် ရွေ့လျားနေကြသည်။ လျူဝမ်နှင့် သူ့ကျိုုင်းတို့လည်း ထိုအတွင်း နှစ်မြှပ်နေလေ၏။
“ ဝုန်း ” လျူဝမ်က သူ့စွမ်းအားစက်ကွင်း တစစီ ဖြစ်သွားသည်ကို အာရုံခံမိလိုက်သည်။ သူ့စည်းမျည်းများက ထိုကြောက်မက်ဖွယ် ဖိအားကို မကာကွယ်ပေးထားနိုင်ပေ။
လျူဝမ် မျက်ဝန်း၌ အကြောက်တရား ထင်ဟပ်လာသည်မှာ ပထမဆုံး ဖြစ်၏။
ဘယ်လိုအင်အားမျိုးလဲ …. ဘယ်လိုတိုက်ကွက်မျိုးလဲ …
လျူဝမ်က အသည်းအသန် ထွက်ပြေးလိုသော်လည်း နောက်ကျလွန်းသွားကြောင်း သိလိုက်သည်။ သူ ပိုက်ကွန် တိုက်ကွက်ကို ထုတ်စဉ်အခါက ထွက်ပြေးနိင်မည့် အခွင့်အရေး ရှိခဲ့သေး၏။ ယခု မိုဝူကျိ၏ ကံတရားလက်ချောင်းက အပြည့်အဝ အသက်ဝင်လာပြီ ဖြစ်ရာ သူ့အနေနှင့် ထွက်ပြေးနိုင်မည့် အခွင့်အရေး မရှိတော့ပေ။ မိုဝူကျိက မရပ်တန့်သရွေ့ သူ့အနေနှင့် ဘာမှမတတ်နိုင်တော့ပေ။
လျူဝမ်က မိုဝူကျိ၏ မီးဖိုအတွင်း ရှိနေစဉ် သူ့ဘေးပတ်လည်ရှိ အရာအားလုံးမှာ ပျောက်ကွယ်လာကြောင်း ခံစားမိလိုက်၏။ သူက အထိတ်တလန့် အော်ပြောလိုက်သည်
“ တာအိုရောင်းရင်း ရပ်လိုက်ပါ။ ကျုပ်တို့ကြားမှာ နားလည်မှုလွဲနေတာ ရှိနေတာပါ။ ကျုပ်တို့တွေ အေးအေးဆေးဆေး ပြောကြရအောင်လေ။ ကျုပ် ကိုယ့်ဘာသာ ဖောက်ခွဲမပစ်ချင်ဘူး။ တကယ်လို့ ကျုပ်သာ လုပ်လိုက်ရင် စကြဝဠာမြို့မှာ ရှိနေတဲ့လူတွေ ဘာဖြစ်သွားမလဲ ”
မိုဝူကျိနှင့် လျူဝမ်တို့၏ တိုက်ပွဲကြောင့် ဘေးပတ်ဝန်းကျင်မှာ အပျက်အစီးအပုံအဖြစ် ဖျက်စီးခံလိုက်ရလေပြီ။ လျန်ကျီပင် လျူဝမ် စကားများကို ကြားလိုက်ရသည့်အခါ ကြောင်အမ်းအမ်း ဖြစ်သွားမိသည်။
လျူဝမ်က ဘယ်တုန်းကများ စကြဝဠာမြို့ထဲက လူတွေကို ဂရုစိုက်ဖူးလို့လဲ …
မိုဝူကျိက သူ့တာအိုအငွေအသက် လှည့်ပတ်မှုမှာ ပို၍ ချောချောမွေ့မွေ့ ဖြစ်လာသောကြောင့် အမူအယာ ကင်းမဲ့လျက် ရှိနေ၏။
ကြည့်ရသည်မှာ စကြဝဠာတစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက် ကျရောက်နေသည့်အလား ….
သူ့မျက်လုံးကို ပိတ်ထားကာ သူ့ဘေးရှ တာအိုစည်းမျည်း တစ်ခုချင်းစီကို စတင် ခံစားနေသည်။
“ သေခြင်း ရှင်ခြင်း ကံကြမ္မာစက်ဝန်း …” လျူဝမ်က မိုဝူကျိ၏ ကံတရား မီးဖိုထဲမှ ထွက်ပြေးဖို့ ကြိုးစားစဉ် မိုဝူကျိက မျက်လုံး ပြန်ပွင့်လာသည်။ ထို့နောက် လက်ဟန်တစ်ခုက လျူဝမ်ဆီ ရောက်ရှိလာ၏။
ရှုပ်ထွေးနေသော အာကာပြင်စည်းမျည်းတို့က ရုတ်ချည်း ကြည်လင်ရှင်းလင်းသွားလေသည်။ မြောက်များစွာသော စည်းမျည်းတို့က အစီအစဉ်တကျ ဖြစ်လာလေ၏။ သေခြင်းရှင်ခြင်းတို့က ရှင်းရှင်းလင်းလင်း ကွဲထွက်လာကာ လျူဝမ်၏ ခန္ဓာကိုယ်အပေါ်တွင် အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။
ထိုစဉ် လျူဝမ်က သူ့တတိယမြောက် တိုက်ကွက် ထုတ်သုံးဖို့ အချိန်ပင် မရလိုက်ချေ။ သူက မိုဝူကျိ စက်ဝန်း၏ ချုပ်နှောင်မှုကို ခံလိုက်ရသည်။
သူ့အသက်ဓာတ်တို့ လွှင့်ပါးသွားကာ သေခြင်းတရားက နီးကပ်လာလေ၏။ လျူဝမ်က မျှော်လင့်ချက်ကင်းမဲ့နေသည့် မျက်ဝန်းများသာ ရှိတော့သည်။ အကယ်၍ ဖြစ်နိုင်ပါက ထွက်ပြေးနိုင်မည်ဆိုလျှင် ဘာမဆို လက်လျော့နိုင်ပေသည်။
ဤကမ္ဘာကြီးထဲ၌ “ ဖြစ်နိုင်လျှင် ” ဆိုသည့် စကား မရှိပေ။ သူ့အသက်ဓာတ်မှာ ချုပ်ထိန်းထားခံရပြီး မြစ်ရေလို စီးဆင်းသွားလေသည်။
“ တာအိုရောင်းရင်း … ကျုပ်တို့ကြားမှာ နားလည်မှုလွဲနေတာ ထင်တယ်။ ကျုပ်ကမ္ဘာကို ဖွင့်ပြီးတော့ ခင်ဗျား လိုချင်တာ ယူလို့ရပါတယ်။ ကျုပ်ရဲ့ ကျိုင်းကလည်း ထိပ်တန်းရတနာပါပဲ … ခင်ဗျားကို ပေးပါ့မယ် …” လျူဝမ်က မာနတွေ၊ ဂုဏ်သိက္ခာတွေ ဂရုမစိုက်နိုင်တော့ဘဲ အော်ပြောလိုက်သည်။
အသက်နှင့် ယှဉ်လာလျှင် မာနက ဘာလုပ်ရမည်နည်း။
မိုဝူကျိက စိတ်ယိုင်မသွားပေ။ သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းက ယခင်ကထက် ပိုမြန်ဆန်လာလေ၏။
“ ဝုန်း ” လျူဝမ်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားကာ သွေးမြူများ ထွက်လာသည်။ သူ့တာအိုအငွေ့အသက်တို့မှာလည်း ကံတရားလက်ချောင်းအောက်တွင် ပျောက်ကွယ်သွားလေသည်။
မိုဝူကျိက အသာပြောလိုက်သည် “ ကျုပ်က သတ္တဗုဒ္ဓကျိုင်းတောင် ယူဖို့ စိတ်မပါတာ … ခင်ဗျားရဲ့ အဆင့်နိမ့်ရတနာကို ဘာမက်မောနေရမှာလဲ ”
“ ကျုပ်ကို လွှတ်ပေးပါ …. ဝိညာဉ်ချည်နှောင်မှု လုပ်ပါ့မယ် ” သူ့အသက် ပျောက်ကွယ်တော့မည်ကို ခံစားမိပြီး သူ့ဝိညာဉ်သည်လည်း ခန္ဓာကိုယ်နှင့်အတူ ဖျက်စီးခံရမည် ဖြစ်ကြောင်း အသေအချာ သိလိုက်သည်။
မိုဝူကျိက ဘာမှဂရုစိုက်မနေဘဲ ပညာရှင်နှလုံးသားကို ထုတ်သုံးလိုက်သည်။ လျူဝမ် ခန္ဓာကိုယ်ဆီ မီးတောက်တစ်ခု ကျရောက်လာကာ အစအနမကျန် ပျောက်ကွယ်သွားလေသည်။
ထိုစဉ် မိုဝူကျိက ပြန်ဖြေလိုက်သည်
“ ခင်ဗျားလိုမျိုး အမှိုက်က ဝိညာဉ်ချည်နှောင်မှု လုပ်ခွင့်ရှိတယ်များ ထင်နေလား ”
တိုက်ပွဲတစ်ခုလုံးက မတိုတောင်းသလို ကြာလည်း မကြာခဲ့ပေ။ မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို နောက်ကျော ပြန်လွယ်ထားလိုက်သည့်အခါ အာကာပြင် စည်းမျည်းများက ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်၏။ ဤနေရာဝန်းကျင်ရှိ လမ်းများနှင့် အဆောက်အဦးများအပြင် ဝိဇ္ဇာတပိုင်း လျူဝမ် တစ်ဦးတည်းသာ ပျောက်ကွယ်သွားခဲ့သည်။
စကြဝဠာမြို့က စကြဝဠာအသင်္ချေဆိပ်ကမ်း၏ နေရာတစ်ခု ဖြစ်သော်လည်း ကျင့်ကြံသူများစွာ ရှိပေသည်။ အများစုက မိုဝူကျိ တစ်ယောက် လျူဝမ်ကို သတ်လိုက်သည်ကို မြင်ပြီး စိတ်ပြန်မထိန်းနိုင်ကြသေးပေ။ ဤသည်မှာ သူတို့အများစု မျှော်လင့်မထားသည့်အရာ ဖြစ်၏။
လူအုပ်ကြီးအမြင်၌ မိုဝူကျိတို့မှာ လျူဝမ်၏ သတ်ဖြတ်ခြင်းကို သေချာပေါက် ခံရမည် ဖြစ်၏။ အဆုံးသတ်တွင် မိုဝူကျိက လျူဝမ်အား သတ်ပစ်ခဲ့သည်။ ထို့အပြင် မိုဝူကျိက လျူဝမ်အား တိုက်ပွဲတစ်လျှောက်လုံး ဖိနှိပ်ထားနိုင်ခဲ့သည်။ လူငယ်လေး၏ ဆံပင် ပုံမပျက်သွားသည်ကို ကြည့်ကာ မိုဝူကျိနှင့် ဝိဇ္ဇာတပိုင်းအဆင့်ကြား အင်အားမည်မျှ ကွာဟနေသည်ကို သိနိုင်ပေသည်။
“စီနီယာ … ကျုပ် လျန်ကျီက မမြင်တတ်ခဲ့လို့ စီနီယာက ဝိဇ္ဇာတပိုင်းအဆင့်ဆိုတာ သတိမပြုမိခဲ့ဘူး ” လျန်ကျီက အရင်ဦးစွာ လျှောက်လှမ်းလာသူ ဖြစ်၏။ သူက စကားပြောလိုက်သော်လည်း အနည်းငယ် နေရခက်ဟန် ပေါ်နေသည်။
အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာတပိုင်း ဖြစ်နေလျှင် သူ့အနေနှင့် စီနီယာဟု ခေါ်ဝေါ်ရမည် ဖြစ်၏။ ကျင့်ကြံသူများအတွက် ကျင့်ကြံဆင့်နှင့်အင်အားတို့က အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်စွမ်း ရှိ၏။ ထို့အပြင် ဤသည်မှာ စကြဝဠာမြို့ ဖြစ်သောကြောင့် အားကောင်းမှုအပေါ် အလေးထားပေသည်။
မိုဝူကျိက လက်နှစ်ဖက် ယှက်ကာ
“ တာအိုရောင်းရင်းလျန် … ကျုပ်ကို မိုဝူကျိလို့ပဲ ခေါ်ပါ။ စီနီယာ ဖြစ်ရလောက်အောင်အထိ မဟုတ်သေးပါဘူး။ ကျုပ်ရဲ့ စီနီယာနဲ့ ကျုပ်ကို ကယ်ပေးခဲ့တာကို အမှတ်ရနေမှာပါ ”
လျန်ကျီက အကောင်းမြင်သူ တစ်ဦး ဖြစ်ကာ ပွင့်ပွင့်လင်းလင်း ရှိသူ တစ်ဦး ဖြစ်၏။ မဟုတ်လျှင် အစကတည်းက ခံရသည့်ဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု မဟုတ်ပေ။ သူက မိုဝူကျိ၏ စကားများကို ကြားကာ ရယ်မောလိုက်ပြီး
“ အစ်ကိုဝူကျိ ပြောတာ မှန်တယ်။ ဒီလိုဆိုမှတော့ ကျုပ်လည်း လောကွတ်ချော်မနေတော့ပါဘူး။ တကယ်လို့ အစ်ကိုမိုသာ စိတ်ထဲ မထားရင် သေရည်ကောင်းကောင်း ရတဲ့ ဆိုင် ခေါ်သွားပေးမယ်လေ။ စကြဝဠာမြို့ထဲမှာ အပြင်းဆုံး သေရည် ရှိတယ် …. ”
ဤနေရာ ပျက်စီးမှုကိုတော့ မိုဝူကျိက ပြန်ပေးဆပ်ဖို့ လိုအပ်သည်လား ….
လျန်ကျီက ထိုအကြောင်း တွေးပင် မတွေးပေ။ မိုဝူကျိ၏ အင်အားဖြင့် မည်သူကများ မိုဝူကျိကို အလျော်တောင်းရဲမည်နည်း။
လျူဝမ်က မိုးပျက် တည်းခိုဆောင်ကို တစ်ချက်တည်းဖြင့် ဖျက်စီးစဉ်က မည်သူကများ ဘာပြောရဲခဲ့သနည်း။
“ ကောင်းပြီလေ ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။ ကျီလီလည်း သူ့ဟုန်မုန့်စွမ်းအင်ကို လက်ခံပြီးနောက် ပြန်လည် ကုစားရန် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု လိုအပ်နေပေသည်။
“ ကူယူက တာအိုရောင်းရင်းမိုကို ဂါရဝပြုပါတယ်။ တကယ်လို့ တာအိုရောင်းရင်းမို စိတ်မရှိရင် ကျုပ်ရဲ့ တည်းခိုဆောင်မှာ အနားယူလို့ ရပါတယ် ” ကူယူက ပြုံးကာ မိုဝူကျိအား နှုတ်ဆက်လိုက်လေ၏။
မိုဝူကျိက ကူယူလို လူမျိုးကို မုန်းတီးသောကြောင့် ဘာကိုမှ ထည့်တွက်မနေဘဲ တန်းပြောလိုက်သည် “ ကျုပ် စိတ်ရှိတယ် … ကျုပ် လမ်းကနေ ဖယ် … ”
***