အသည်းကွဲသူက ကမ္ဘာ့အဆုံးမှာ ရောက်နေတယ်
Vol. 81 Ch. 1134
ကူယူက စကြဝဠာမြို့၌ ဂုဏ်သိက္ခာကြီးမားသူ တစ်ဦး ဖြစ်၏။ ယခု သူက မိုဝူကျိကို လူကိုယ်တိုင် ဖိတ်ကြားလိုက်သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ထို့ကြောင့် သူ့မျက်နှာ အမူအယာမှာ ပျက်ယွင်းသွားတော့သည်။
သူ့ဂုဏ်သိက္ခာ ပြန်လည် အဖတ်ဆယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ မိုဝူကျိအား သင်ခန်းစာပေးရန် ဖြစ်၏။ သို့သော်လည်း မိုဝူကျိက လျူဝမ်ကို အလွယ်လေး ရှင်းထုတ်လိုက်နိုင်သောကြောင့် သူက သတ္တိကောင်းနေလျှင်ပင် မိုဝူကျိအား ဘာမှမလုပ်ရဲပေ။
“ ဟီးဟီး …” ကူယူက မကျေနပ်မှုများ မျိုသိပ်ကာ ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“ စီနီယာအစ်မကျီ … နားဖို့ နေရာ အရင်ရှာကြရအောင်။ အစ်မ ဒဏ်ရာ သက်သာလာမှ ဆက်ဆုံးဖြတ်ကြတာပေါ့။ တာအိုရောင်းရင်းလျန်ကျီ …. သေရည်ကောင်းကောင်းရတဲ့ နေရာ သိတယ်လို့ ပြောခဲ့တာမလား။ ကျုပ်တို့တွေ သွားသောက်ကြရအောင်လေ ” မိုဝူကျိက ကူယူ၏ မကျေနပ်မှုကို ထည့်မတွေးပေ။
“ ကောင်းပြီလေ … တာအိုရောင်းရင်းတို့ နှစ်ယောက် ကျုပ်နောက် လိုက်ခဲ့ကြပါ ” လျန်ကျီက မိုဝူကျိသည် သေချာပေါက် မရိုးရှင်းကြောင်း ခံစားမိပေသည်။ သူက မိုဝူကျိသည် ဝိဇ္ဇာတပိုင်း မဟုတ်ကြောင်း မရေမရာ ဖြစ်လာမိ၏။
အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာတပိုင်း ဖြစ်နေလျှင် သူ လျူဝမ်ကို သတ်ပစ်နိုင်လိုက်သည်က ဘာမှထူးခြားနေမည် မဟုတ်ပေ။ ပြောရလျှင် လျူဝမ်၏ တိုက်ခိုက်စွမ်းမှာ သိပ်မြင့်လွန်းလှသည်ဟု သတ်မှတ်၍ မရပေ။ ထိုလူက စကြဝဠာမြို့အတွင်း မောက်မာနေရဲသည်မှာ ဝိဇ္ဇာတပိုင်းအဆင့် ရောက်သွားစေသည့် သောက်ရမ်းကောင်းလွန်းသော ကံကြောင့်သာ ဖြစ်၏။
သို့သော်လည်း မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့်ပင် မရောက်သေးဘဲ သဟဇာတ နတ်ဘုရားအဆင့်ဖြင့် လျူဝမ်အား အနိုင်ယူနိုင်ခဲ့သည်။ ထိုကိစ္စများက ရိုးရှင်းမည် မဟုတ်ချေ။ ဤသို့သောလူမျိုးက သေချာပေါက် အင်အားစုကြီး ဖြစ်လာလိမ့်မည်။ ထိုမတိုင်ခင် သူက မိုဝူကျိ၏ ဖြောင့်မတ်မှုကို လေးစားမိ၏။ ယခု သူက မိုဝူကျိ၏ ဖိတ်ကြားခံထားရလေရာ မငြင်းပယ်ခြင်းက ပုံမှန်ကိစ္စ ဖြစ်ပေသည်။
မိုဝူကျိတို့ ထွက်သွားပြီးနောက် အပျက်အစီးနေရာကြီးက ချက်ချင်း ပြန်လည် စည်ကားလာသည်။
ကျင့်ကြံသူများစွာက တိုက်ပွဲကွင်းပြင်ဆီ ပြေးဝင်လာကြပြီး မိုဝူကျိ မယူသွားသည့် ကျိုင်းအတွက် လုယက်ရင်း တိုက်ပွဲဖြစ်ကုန်ကြသည်။
စကြဝဠာမြို့လို နေရာမျိုး၌ တိုက်ပွဲများက ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။ ယခု မိုဝူကျိလို ပညာရှင်မျိုး ရောက်ရှိလာလေရာ ဤနေရာမှာ ပို၍ မငြိမ်မသက် ဖြစ်လာ၏။
***
ဤနေရာကြီးမှာ မိုဝူကျိနှင့် လျူဝမ်တို့ တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သော်လည်း စကြဝဠာမြို့ နေရာအများစုမှာ ပြီးပြည့်စုံသည့် အခြေအနေ ရှိနေသေး၏။
လျန်ကျီ ညွှန်းသည့် သေရည်ကောင်းကောင်း ရသည့် ဆိုင်မှာ ထိုနေရာတစ်ခုအနက် ရှိပေသည်။ ထိုဆိုင်လေးက စကြဝဠာမြို့ လူသူကင်းမဲ့သည့် ထောင့်တစ်နေရာ၌ တည်ရှိနေသည်။
ယခင် မိုဝူကျိက စားသောက်ဆိုင် သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူက လျန်ကျီနောက် လိုက်လာပြီးနောက် ထိုနေရာမှာ စားသောက်ဆိုင် မဟုတ်ဘဲ မှောင်မည်းမည်း အိမ်စုတ်လေး တစ်လုံး ဖြစ်နေသည်။
သူတို့ အိမ်အပြင်ဘက်တွင် မတ်တတ်ရပ်နေကြရင်း လေထုမှာ လေးလံလာလေ၏။ သို့သော်လည်း သူတို့သုံးယောက် ဝင်သွားလိုက်သည်နှင့် ထိုဖိအားမှာ ချက်ချင်း ပျောက်ကွယ်သွားလေ၏။ အထဲ၌ ကြည်လင်လန်းဆန်းဖွယ် ခံစားချက်ကို ပေးစွမ်းပေသည်။
အိမ်က သိပ်မကြီးဘဲ အကြမ်းဖျင်းအားဖြင့် မီတာ ၂၀ ပတ်လည်လောက်သာ ကျယ်ဝန်းပေမည်။ ဒုတိယအထပ်သို့ ဦးတည်ထားသည့် ကျောက်လှေကားလေး တစ်ခု ရှိနေသည်။
ဤအိမ်ကို မည်သည့်အမျိုးအစားဖြင့် တည်ဆောက်ထားမှန်း မသိရပေ။ ကျင့်ကြံခြင်း မရှိဘဲဖြင့် သက်တောင့်သက်သာ ဖြစ်လာနိုင်သည်။ ထို့အပြင် ဤသည်မှာ နတ်ဝိညာဉ်စွမ်းအားကြောင့် မဟုတ်ပေ။
အဆင့်နိမ့် မှော်ရတနာ လက်နက်တို့ကို နံရံပေါ်၌ အစီအစဉ်မကျ ချိတ်ဆွဲထားလေသည်။ ထို့အပြင် အိမ်ထောင့်တစ်နေရာ၌ ပန်းပဲဖို တစ်လုံးလည်း ရှိနေသည်။ အိမ်အလယ်၌ လေးထောင့်စားပွဲ တစ်လုံး ရှိကာ စားပွဲပတ်လည်၌ ထိုင်ခုံလေးများ ချထားသည်။
သူက မည်မျှကြည့်စေကာမူ ပန်းပဲ ထုလုပ်ရာ အခန်း တစ်ခန်းနှင့် တူနေသည်။ ထို့အပြင် အဆင့်နိမ့် မှော်ရတနာများ ရောင်းချသည့် ဆိုင်လေးနှင့်လည်း တူပေသည်။ မိုဝူကျိက သေရည်ဆိုင်ဟု မထင်မိပေ။
“ အစ်ကိုထုံ … ကျုပ်တို့ကို အကောင်းဆုံး သေရည်တစ်ခရား ပေးပါဗျို့ ” လျန်ကျီက အော်ပြောလိုက်သည်။ သူက သေရည်နာမည်ကိုပင် မပြောလိုက်ပေ။
“ လာပါပြီ …” အိမ်အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် နောက်တံခါးက ရုတ်တရက် ပွင့်လာသည်။ ခါးကုန်းကုန်း လူအိုကြီး တစ်ဦးက ထော့နဲ့ ထော့နဲ့နှင့် ဝင်လာလေ၏။
လူအိုကြီးက ပိတ်မည်းနက်နေသည့် သေရည်ခရားကို ကိုင်ဆောင်လာသည်။ အကယ်၍ ထိုမြင်ကွင်းကို အဝေးမှ ကြည့်လိုက်ပါက လိပ်တစ်ကောင် တွားသွားလာသလို ထင်မိပေလိမ့်မည်။
ထိုလူအိုကြီးအနားမှ ဝိညာဉ်စွမ်းအား အငွေ့အသက်တို့က မှေးမှိန်နေကာ သူအသက်ရှုနှုန်းပင် အစီအစဉ်ကျဟန် မပေါ်ပေ။ သူက သက်တမ်းကုန်ခါနီး သာမာန် နတ်ဘုရားအုပ်စိုးသူ တစ်ယောက်နှင့် တူလှသည်။
လျန်ကျီက တုံ့ဆိုင်းမနေဘဲ စားပွဲဆီ လျှောက်လှမ်းသွားကာ ထိုင်ချလိုက်သည်။ ထို့နောက် သူက မိုဝူကျိအား လက်ဝေ့ပြကာ “ တာအိုရောင်းရင်းမို ထိုင်လေ… ဒီသေရည်က အရမ်းအံ့ဩဖို့ ကောင်းတယ် ”
သို့သော်လည်း မိုဝူကျိ မျက်ခုံးတို့က တွန့်ချိုးသွားလေ၏။ အကြောင်းမှာ ဤအစ်ကိုထုံက သေချာပေါက် မရိုးရှင်းပေ။ သူ့ဆီမှ ဟွမ်တိလိုမျိုး ဝိဇ္ဇာတစ်ပါး၏ အငွေ့အသက်မျိုးကို ခံစားမိလိုက်သည်။
ဝိဇ္ဇာအငွေ့အသက်လား ….
မိုဝူကျိက အထိတ်တလန့် ဖြစ်မိသွားသည်။ သူ့ခန့်မှန်းချက် မှန်ကန်နေကြောင်း သေချာသိလိုက်တော့သည်။ အစ်ကိုထုံက သေချာပေါက် ဝိဇ္ဇာတစ်ပါးသာ ဖြစ်ရမည်။ အလွန်ဆုံးတော့ သူက ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့ပေသည်။
မိုဝူကျိက ထိတ်လန့်အံ့အားသင့်မှုကို အတင်းကျပ် ဖုံးကွယ်ထကာ လျန်ကျီအား ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုင်ချလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည် “ ဒါနဲ့ ကျုပ် စီနီယာအစ်မ အနားယူလို့ နေရာလေးများ ရှိမလား ”
“ ရှိတာပေါ့ …. ဟီးဟီး ရှိတာပေါ့ ” အစ်ကိုထုံက ပြောရင်း ရယ်မောလိုက်သည်။ ထို့နောက် သူက ကျောက်လှေကားလေးကို လက်ညိုးထိုးပြကာ “ အဲကနေ တက်သွားလိုက်ပါ။ ဒုတိယအထပ်က သန့်ရှင်းပြီးသားဆိုတော့ စိတ်ကြိုက် နားလို့ ရပါတယ် ”
မိုဝူကျိက ဒုတိယအထပ်တွင် ဘာအန္တရာယ်မှ မခံစားမိပေ။ ထို့ကြောင့် သူက ကျီလီအား ပြောလိုက်ကာ “ စီနီယာအစ်မကျီ … တက်သွားပြီးတော့ စွမ်းအင်ဗဟိုချက်ကို ကုလိုက်ပါ။ ကျုပ်တို့ ဒီအောက်ကနေ စောင့်နေပါ့မယ် ”
“ အင်း …” ကျီလီက ဤအချိန်မှာ စကားပြောရမည့်အချိန် မဟုတ်သေးကြောင်း သိပေသည်။ သူမက ကျောက်လှေကားမှ ဒုတိယအထပ်သို့ ချက်ချင်း တက်သွားလိုက်၏။
သူမ အင်အား စောစောပြန်ကောင်းလာစေခြင်းက သူမနှင့် မိုဝူကျိအတွက် အထောက်အကူ ဖြစ်လာပေမည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ကျီလီနောက်မှ ဒုတိယအထပ်အထိ ပါသွားလေ၏။ သူက နောက်ဆုံးတွင် ကျီလီ ထိုင်ကာ ပြန်လည် ကုစားတော့မှ စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။
အစ်ကိုထုံက ဝိဇ္ဇာတစ်ပါး ဖြစ်စေ၊ မဖြစ်စေ သူက မကြောက်ပေ။ ယခု ဝိဇ္ဇာဟွမ်တိပင် သူ့လူသားကမ္ဘာထဲတွင် ရှိနေသည် မဟုတ်ပါလော။ အကယ်၍ ဤအစ်ကိုထုံက သေချာမပြုမူလျှင် နောက်ထပ် တစ်ယောက် ဖမ်းထားလိုက်ပေမည်။
ကျီလီက ဒုတိယအထပ် ရောက်ကာ စတင် ကုစားနေပြီ ဖြစ်သော်လည်း အစ်ကိုထုံက စားပွဲသို့ ရောက်ရှိလာခါစ ဖြစ်၏။ သူက သေရည်ခရားကို ချလိုက်ကာ ခွက်မည်းနှစ်လုံးကို ထုတ်ပေးလိုက်သည်။
လျန်ကျီက မစောင့်နိုင်တော့ဘြ သေရည်ခရား ကိုင်ကာ မိုဝူကျိရှေ့ တစ်ခွက် ထားပေးပြီးနောက် ခွက်များကို ဖြည့်လိုက်သည်။ သူက ခွက်ကိုမြှောက်ကာ
“ ဟားဟား … ကျုပ် သေရည် မသောက်ရတာ တော်တော်ကြာသွားပြီပဲ။ ကျုပ် သေရည်ပိုးက တောင့်တနေပြီ လာလာ … ”
လျန်ကျီက ပြောလိုက်ရင်း ခွက်ကို မြှောက်ကာ သောက်ချလိုက်သည်။
မိုဝူကျိလည်း ခွက်ကို မြှောက်လိုက်၏။ သူနှင့် လျန်ကျီတို့ကြား ကွာခြားချက်မှာ သူက ခွက်ကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်ခြင်း ဖြစ်၏။
မူလက မိုဝူကျိသည် လျန်ကျီက သေရည်ကောင်းဟု ညွှန်းဆိုသည်မှာ သေရည်အတွင်း တာအိုစွမ်းအားများကြောင့်ဟု ထင်မှတ်ခဲ့သည်။ သူ သောက်ပြီးသည့်အခါမှ မှားယွင်းမှန်း သတိပြုမိလိုက်၏။
တကယ်ကို သေရည်ကောင်းပဲ …
အထဲတွင် တာအိုစွမ်းအား မပါဝင်နေပေ။ ဤသေရည်ကို မည်သည့်ပါဝင်ပစ္စည်းများမှ ပြုလုပ်ထားသည်ကို မသိရပေ။ ပါးစပ်မှတဆင့် ဗိုက်ထဲ စီးဆင်းသွားသည်က နဂါးရိုင်းတစ်ကောင် ဒေါသထွက်နေသည့်အလား ဖြစ်၏။ ထိုသေရည်ပြင်းပြင်းက သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်။ မိုဝူကျိက ပယ်ဖျက်ဖို့ ကြိုးစားလျှင်ပင် သူ့လက်ရှိကျင့်စဉ်ဖြင့် ချက်ချင်း ပယ်ဖျက်၍ မရနိုင်လောက်ပေ။
“ သေရည်ကောင်းလေးပဲ ….” မိုဝူကျိက ထိုစကားကို ပြောပြီး တစ်ဝက်တပျက် ရပ်တန့်လိုက်သည်။ ထိုသေရည်မှ သေစေလောက်သည့် အဆိပ်တမျိုးကို ခံစားမိလိုက်၏။
သူ့အဆိပ်ဖြေလမ်းကြောင်းက ချက်ချင်း တုံ့ပြန်လာကာ အဆိပ်ကို စုပ်ယူပစ်လိုက်သည်။
လျန်ကျီက ထိုအရာကို သတိမထားမိလိုက်ပေ။ သူက မိုဝူကျိအား ပြုံးပြကာ
“ တာအိုရောင်းရင်းမို … ဒီလိုသေရည်မျိုးက တစ်ကျိုက်တည်း မသောက်သင့်ဘူး။ သေရည်ပြင်းအားက နှစ်ခွက်လောက်နဲ့ မူးသွားနိုင်တယ်ဗျ။ ဘယ်လောက် ပယ်ဖျက်ဖို့ ကြိုးစားကြိုးစား အသုံးမဝင်ဘူး .. ”
ထိုသို့ပြောပြီးနောက် လျန်ကျီက ခါးကုန်းကုန်း လူအိုကြီးကို လှည့်ပြောလိုက်သည် “ အစ်ကိုထုံရဲ့ သေရည်က ပိုပြင်းလာတာပဲ ”
“ ဒါက ဘာသေရည်မျိုးလဲ ” မိုဝူကျိက အစ်ကိုထုံဘက် ပြုံးကာ လှည့်မေးလိုက်သည်။
“ ဒီသေရည်က ထျန်းယာတဲ့ ” လူအိုကြီးက ခေါင်းမော့ကာ မိုဝူကျိအား ကြည့်ရင်း သူ့သွားမည်းကြီးများဖြင့် ပြောလိုက်သည်။
လျန်ကျီက ချက်ချင်း ပြောလိုက်၏
“ အစ်ကိုထုံ .. ကျုပ် ဒီနေရာကို လာတာ ဆယ်ခေါက်ကျော်ပြီ။ တစ်ခါမှ သေရည်နာမည်ကို မပြောပြဖူးဘူး။ တာအိုရောင်းရင်းမိုကျ ပထမဆုံးအခေါက်ကတည်းက ဘာလို့ ပြောပြတာလဲ ”
အစ်ကိုထုံက ရယ်မောကာ “ ဘာလို့လဲဆိုတော့ မင်းက သေရည်နာမည်ကို သိဖို့ မလိုပေမဲ့ တာအိုရောင်းရင်းမိုက သိဖို့လိုတယ် ”
မိုဝူကျိက ခရားကို ကောက်မကာ နောက်ထပ် တစ်ခွက် ထပ်လောင်းထည့်လိုက်သည်
“ သေရည်က မဆိုးဘူး။ နာမည်လည်း ကောင်းတယ်။ ကျုပ်ဇာတိမြို့မှာ ဆိုရိုး တစ်ခု ရှိတယ်။ အသည်းကွဲနေတဲ့သူက ကမ္ဘာ့အဆုံးကို ရောက်နေတယ်တဲ့ …. ကြည့်ရတာ ဒီသေရည်ကို သောက်တဲ့သူတွေက အသည်းကွဲသူတွေ ဖြစ်လာမယ် ထင်တယ် ”
ခါးကုန်းကုန်း လူအိုကြီးက ရုတ်တရက် ဆတ်ခနဲ လှုပ်ရှားလိုက်လေ၏။ သူက ခေါင်းကို မော့ကာ မိုဝူကျိအား ကြည့်လိုက်သည်။ သူ့မျက်ဝန်း၌ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ ဘာလဲ ” လျန်ကျီက ပွင့်လင်းသူ ဖြစ်သော်လည်း မတုံးအပေ။ သူက မိုဝူကျိ၏ စကား၌ တစ်ခုခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။
မိုဝူကျိက သေရည်ကို သောက်လိုက်ပြီးနောက် သေရည်ခရားကို ကိုင်ကာ တစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။ သူက အကုန်သောက်ပြီးသည်နှင့် မြေကြီးပေါ် ပစ်ကာ “ ဘာမှမဟုတ်ပါဘူး။ သေရည်ထဲမှာ အပိုတစ်ခု ပါနေလို့ ”
လျန်ကျီက မရေမရာ မေးလိုက်သည် “ ဘာအပိုလဲ … ကျုပ်က ဘာလို့ မခံစားမိပါ့လိမ့် ”
“ မင်း ခံစားမိရင် ငါ အစ်ကိုထုံက ဒီနှစ်ဆယ်သန်းလုံး အလကား ဖြုန်းတီးခဲ့သလို ဖြစ်သွားမှာပေါ့ … အာ ” ခါးကုန်းကုန်း အမျိုးသားက သက်ပြင်းချလိုက်သည်။ သူက လျန်ကျီနှင့် မိုဝူကျိတို့ကို ဆက်မပြောတော့ဘဲ ဖြည်းဖြည်းချင်း လှည့်ထွက်သွားလိုက်သည်။
လျန်ကျီက တစ်ခုခု လွဲမှားနေကြောင်း သိလိုက်သည်။ သူက ချက်ချင်း အော်ပြောလိုက်၏ “ ရပ်လိုက် … သေရည်ထဲမှာ အဆိပ်ခတ်ထားတာလား ”
“ အဲဆိုတော့ ဘာဖြစ်လဲ … မင်းက အာရုံတောင် မခံမိတာ ဘာလုပ်နိုင်မှာမလို့လဲ ” အစ်ကိုထုံက ဖြည်းဖြည်းချင်း လှည့်လာကာ မိုဝူကျိနှင့် လျန်ကျီတို့ကို ကြည့်ပြီး ပြောလိုက်၏ “ ဒီထျန်းယာ သေရည်ကို သောက်နိုင်တာက မင်းတို့ရဲ့ ကံကောင်းမှုပဲ။ အမှိုက်သရိုက်တိုင်းက ငါ့သေရည်ကို သောက်ခွင့် ရမယ် ထင်နေလား ”
မိုဝူကျိက တုန်လှုပ်သွားလေသည်။ သူ ထိုစကားများကို ပြောခဲ့သည်မှာ မကြာသေးကြောင်း သတိပြုမိလိုက်၏။ သူက လျူဝမ်ကို သတ်စဉ်အခါက အစ်ကိုထုံလည်း အနီးအနားတွင် ရှိနေပေမည်။ သို့သော်လည်း သူက မတွေ့ခဲ့ပေ။
ထိုစဉ် မိုဝူကျိက ဤအစ်ကိုထုံသည် ဝိဇ္ဇာတစ်ပါး ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာသွားလေသည်။ ဝိဇ္ဇာတိုင်းက ရင်ဆိုင်ရ လွယ်ကူသည့်သူ မဟုတ်ချေ။
“ ခင်ဗျားက ဘယ်သူလဲ ” မိုဝူကျိပင် မတ်တတ်ပင် ထမရပ်လိုက်ချေ။ သူက အစ်ကိုထုံအား တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်၏။
***