ဝိဇ္ဇာတစ်ပါး ဘယ်လောက် အားကြီးတယ်ဆိုတာကို မင်း မသိပါဘူး
Vol. 82 Ch. 1135
အစ်ကိုထုံက သက်ပြင်းချကာ
“ ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ငါတို့တွေ အတူတူ တိုက်ကြမယ်။ ငါ့ဘေးမှာ မင်း အိပ်မက်တောင် မမက်ဖူးတဲ့ အရာတွေ လုပ်နိုင်လာလိမ့်မယ် ”
မိုဝူကျိ၏ စိတ်စွမ်းအားက ကျီလီ ပြန်ကုစားနေဆဲ ဖြစ်ကြောင်း အာရုံံခံလိုက်မိသည်။ သူက စိတ်အေးလက်အေးဖြင့် ပြောလိုက်သည် “ကျုပ်က ခင်ဗျားကို မသိပေမဲ့ သိတဲ့သူတော့ ရှိတယ် ”
မိုဝူကျိက ဟွမ်တိအား အစ်ကိုထုံအကြောင်း မေးဖို့ မထုတ်ခင် အစ်ကိုထုံက သရော်ကာ
“ ငါ့ကို သတိမထားမိတာ ပိုကောင်းလိမ့်မယ်။ ငါ့ဇာစ်မြစ်က မင်းကို လန့်သွားစေနိုင်တယ် ”
မိုဝူကျိက ခေါင်းခါကာ
“ ခင်ဗျားလိုမျိုး ဝိဇ္ဇာတစ်ပါးလောက်က ကျုပ်ကို ခြောက်ဖို့ မလုံလောက်သေးဘူး။ ခင်ဗျားက ကိုယ့်ဘာသာ အထင်ကြီးနေတာကိုး … အို ကျုပ် မှားသွားတယ်။ ခင်ဗျားက ဝိဇ္ဇာအဟောင်းပဲ ”
“မင်းက ဘယ်သူလဲ ” သူက မိုဝူကျိ စကားများကို ကြားလိုက်ရသည့်အခါ အစ်ကိုထုံ၏ ခါးကုန်းကုန်းက တစ်ဖြောင့်တန်း ဖြောင့်မတ်သွားလေ၏။
မိုဝူကျိနှင့် လျန်ကျီရှေ့တွင် နှစ်မီတာ မြင့်မားသည့် လူကြီးတစ်ယောက် ပေါ်လာသည်။ ယခင် ခါးကုန်းကုန်း အစ်ကိုထုံနှင့် ဘာတူဦးမည်နည်း။
စွမ်းအားစက်ကွင်း အရှိန်အဝါ တစ်ခု ထွက်ပေါ်လာကာ သတ်ဖြတ်ငွေ့များ ပြည့်နှက်သွားလေ၏။ မိုဝူကျိက နှုတ်ခမ်းတွန့်ခနဲ စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်သည်။ သူ့တာအိုစည်းမျည်းများက စွမ်းအားစက်ကွင်းအတွင်း ရောယှက်နေကာ အစ်ကိုထုံ၏ စွမ်းအားစက်ကွင်းကို အပြည့်အဝ ကာဆီးထားလေ၏။
တစ်ချိန်တည်းတွင် လျန်ကျီက သူ့ခန္ဓာကိုယ်တစ်လျှောက် နုံးကျလာသည့် ခံစားချက် ကြီးစိုးလာသည်။ နတ်သဘာဝစွမ်းအားများအကြောင်း ပြောနေဖို့ပင် မလိုပေ။ သူက စိတ်စွမ်းအားပင် မထုတ်လွှင့်နိုင်တော့ပေ။
“ မင်းက အဆင်ပြေတယ်လား ” အစ်ကိုထုံက မိုဝူကျိအား အလန့်တကြား စိုက်ကြည့်လိုက်သည်။
မိုဝူကျိက သူ့ထျန်းယာသေရည်ကို သောက်ထားသော်လည်း အဆင်ပြေနေသေးတယ်လား။
ဝိဇ္ဇာများပင် ထိုသို့ မလုပ်နိုင်ပေ။
အစ်ကိုထုံ ဝန်းကျင်ရှိ ဘေးပတ်လည်မှာ ကမောက်မက စတင်၍ ဖြစ်ပေါ်လာသည်။ သတ်ဖြတ်ငွေ့ ပြင်းပြင်းတစ်ခုက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူ့ကို ထိုးဖောက်မြင်နိုင်သူတိုင်း ဤနေရာမှ အသက်ရှင်လျက် ထွက်သွားဖို့ မေ့ထားလိုက်သင့်ပေသည်။ ထို့အပြင် ဤလူက သူ့ထျန်းယာသေရည်ကိ သောက်သုံးပြီးနောက် အဆင်ပြေပြေ ကျန်ရှိနေသေး၏။
“ တာအိုရောင်းရင်းမို အားနာပါတယ်ဗျာ …. ကျုပ် ခင်ဗျားကိုပါ ပတ်သတ်စေမိပြီ ” လျန်ကျီက သက်ပြင်းချလိုက်၏။ သူက အစ်ကိုထုံသည် ဤသို့ အန္တရာယ်များလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤအစ်ကိုထုံက သူနှင့် ရန်ငြိုးမရှိသည့်သူကို လုပ်ကြံရန် ပုန်းအောင်းနေခဲ့သည်။
မိုဝူကျိက လက်ဝေ့ကာ လျန်ကျီအား မစိုးရိမ်ဖို့ လက်ဟန်ပြလိုက်သည်။ ထို့နောက် သူက သူ့လူသားကမ္ဘာမှ ဟွမ်တိအား ထုတ်ကာ “ ဟွမ်တိ … ကျုပ်ကို ကူကြည့်ပေး။ အဲဒီလူက ဘယ်သူလဲ ”
“ ခင်ဗျား တကယ်ကြီး အဆင်ပြေတယ်လား ” ဟွမ်တိက အစ်ကိုထုံကို သတိမထားမိပေ။ ထို့အစား သူက မိုဝူကျိအား သရဲတစ္ဆေမြင်သကဲ့သို့ ကြည့်လိုက်သည်။
ဟွမ်တိက အမှန်တကယ် နားမလည်နိုင်ပေ။ အပ်ကျမ်းစာအုပ် ထိမှန်ထားသည့် လူတစ်ယောက်က ဤမျှအချိန်တိုလေးအတွင်း ပြန်ကောင်းလာသည်လား။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူ့တွင် ဝိညာဉ်ဖြတ် စုတ်တံ ရှိနေလျှင်ပင် ဤမျှမြန်မြန် ပြန်ကောင်းလာမည် မဟုတ်သေးချေ။
မိုဝူကျိက နှာခေါင်းရှုံ့ကာ “ ကျုပ်အကြောင်း မေးနေတာ မဟုတ်ဘူး။ ဒီလူအိုကြီးကို တစ်ချက်ကြည့်ဖို့ ပြောနေတာ ”
လူအိုကြီးလား …
ဟွမ်တိက နှစ်မီတာအမြင့်ရှိ ခက်ထန်ထန် အမူအယာနှင့် လူကြီးကို ကြည့်လိုက်သည်။ ဒါက လူအိုကြီးလား
ဟွမ်တိက အစ်ကိုထုံအား မမှတ်မိခင် အစ်ကိုထုံက အရင်မှတ်မိသွားလေသည် “ ခင်ဗျားက ဟွမ်တိလား … ဝိဇ္ဇာဟွမ်တိလား ”
“ ဟုတ်တယ် …. ငါက ဟွမ်တိပဲ ” ဟွမ်တိက ထိုစကားများ ပြောလိုက်ပြီးနောက် အစ်ကိုထုံကို မှတ်မိသွားပေသည် “ ဘယ်သူများလဲလို့ …. ဝိဇ္ဇာ ထုံမင်ကိုး။ ခင်ဗျား မြန်မြန်ကြီး မသေဘူးဆိုတာ သိနေတယ် .. ”
“ ဟွမ်တိ ဒါက ….” ဟွမ်တိ၏ ဇာစ်မြစ်ကို သိရှိပြီးနောက် ထုံမင်က အမှန်တကယ် အံ့အားသင့်သွားသည်။
ဝိဇ္ဖာတစ်ပါးက မိုဝူကျိ၏ ချုပ်နှောင်မှုကို ခံထားရသည်လား ….
ဒီလို ကြမ်းတမ်းခက်ထန်သူက စကြဝဠာကြီးထဲမှာ ဘယ်အချိန်က ပေါ်လာတာလဲ ….
ဝိဇ္ဇာဟွမ်တိက ခါးသီးစွာ ရယ်လိုက်ပြီး “ ဒါက ဘယ်လို ထင်လို့လဲ ”
မိုဝူကျိက ဟွမ်တိအား ကြက်ပေါက်စလေးကို ‘မ’ လိုက်သကဲ့သို့ ဆွဲကိုင်လိုက်သည်။ ဟွမ်တိက ဘာလုပ်နိုင်မည်နည်း။
“ အဲဆိုတော့ ခင်ဗျားက ဝိဇ္ဇာ ထုံမင်ကိုး ” မိုဝူကျိက လက်ဝေ့ကာ ဟွမ်တိအား သူ့လူသားကမ္ဘာထဲ ပြန်ထည့်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ
“ ကျုပ်က ဝိဇ္ဇာတွေ စုဆောင်းရတာ သဘောကျတယ်။ ခင်ဗျားနဲ့ တွေ့ခဲ့တဲ့အပြင် ခင်ဗျားကလည်း ကျုပ်ကို ရန်စထားတာဆိုတော့ … ”
“ ခဏလေး နေပါဦး ” အကယ်၍ သူသာ မိုဝူကျိသည် ဟွမ်တိကို ဖမ်းဆီးထားမှန်း မသိခဲ့လျှင် သူ ထုံမင်က မိုဝူကျိအား ရပ်ခိုင်းမည် မဟုတ်ချေ။
သို့သော် ယခုတွင် သူက မိုဝူကျိကို ရှင်းထုတ်ရန် ယုံကြည်ချက် မရှိတော့ချေ။
“ လျှောက်ပြောဖို့ တွေးမနေနဲ့ ” မိုဝူကျိက စွမ်းအားစက်ကွင်းကို ဖြန့်ကျက်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ အာကာပြင် အစီအရင် သင်္ကေတများ ဆက်တိုက် ဖြစ်ပေါ်လာသည်။
ဤတစ်ကြိမ်၌ ဝိဇ္ဇာထုံမင်က သူနှင့် တိုက်ဖို့ ရွေးချယ်လာခြင်း ဖြစ်၏။ သူ့အနေနှင့် ယဉ်ကျေးနေမည် မဟုတ်ချေ။
“ တာအိုရောင်းရင်းမိုက ဝိဇ္ဇာဟွမ်တိကို ဖမ်းနိုင်ခဲ့တာဆိုတော့ ခင်ဗျားရဲ့ စွမ်းဆောင်ရည်တွေက မရိုးရှင်းဘူးဆိုတာ ပြနေတာပဲ။ ကြည့်ရတာ ကျုပ်တို့ အလုပ်တွဲလုပ်နိုင်လောက်မယ် ” ထုံမင်က လက်နှစ်ဖက် ယှက်ကာ အလေးအနက် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက လက်ဝေ့လိုက်သည်နှင့် လျန်ကျီဆီမှ မှိန်ဖျော့ဖျော့ စွမ်းအားတစ်ခု စုပ်ယူခံလိုက်ရသည်။ လျန်ကျီက အလန့်တကြား ထခုန်ကာ “ တာအိုရောင်းရင်းမို အဆိပ်မရှိတော့ဘူး ”
မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ သူက ထုံမင်၏ အပြုအမူကို အနည်းငယ် အံ့အားသင့်မိလေ၏။ သူတို့ အခြေအနေကို မဆွေးနွေးနိုင်ခင် ထုံမင်က လျန်ကျီ၏ အဆိပ်ကို ဖယ်ပေးလိုက်သည်။ သူက အဆိပ်ကို အသက်ရှိုက်စာအနည်းငယ်အတွင်း ဖယ်ရှားနိုင်သော်လည်း ထုံမင်၏ အပြုအမူက သူ့သဘောထားကို ကိုယ်စားပြုနေသည်။
“ တာအိုရောင်းရင်းမို ကျုပ် တောင်းပန်တဲ့အနေနဲ့ အကောင်းဆုံးသေရည် ထုတ်လာပါ့မယ် ” ထုံမင်က လက်ဝေ့လိုက်သည့်အခါ အစိမ်းရောင် သေရည်ခရားက စားပွဲပေါ် ရောက်လာသည်။ ထို့နောက် သူက ခွက်သုံးခွက်လုံးကို ဖြည့်ကာ သူ့ခွက်ကို မြှောက်လိုက်ပြီး “ အရင်ဆုံး လေးစားသမှုနဲ့ ကျုပ် အရင်သောက်ပါ့မယ် ”
ထိုသို့ပြောပြီးနောက် ထုံမင်က တစ်ကျိုက်တည်း သောက်ချပစ်လိုက်သည်။
လျန်ကျီက အနည်းငယ် တွေဝေနေသေးသော်လည်း မိုဝူကျိက ခွက်ကို အပြောင်ရှင်းကာ သောက်ပြီးလေပြီ။
သူ့ခန္ဓာကိုယ်တစ်လျှောက် ငြိမ့်ညောင်းညောင်း ခံစားချက်တစ်ခု ပြန့်နှံ့သွားသည်။ မိုဝူကျိတွင် ဝိဇ္ဇာရုပ်ခန္ဓာ ရှိသော်လည်း သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်မိသေး၏။ အကယ်၍ သူသာ ယခုကျင့်ကြံလိုက်လျှင် နောက်တဆင့် သေချာပေါက် ရောက်သွားလိမ့်မည်။
သေရည်အနံ့ပြင်းပြင်းက လေနှင့် ရောပါလာသည်။ မကြာခင် အိမ်တစ်ခုလုံး၌ ထိုရနံ့လေးနှင့် ပြည့်နှက်သွားလေ၏။
ထုံမင်က သူ့ခွက်ကို သောက်ပြီးနောက် မိုဝူကျိ ဘာမှမပြောခင် အရင်ဆုံး ပြောလိုက်သည်
“ တာအိုရောင်းရင်းမို … ကျုပ်က သေရည်ထဲမှာ အဆိပ်ထည့်တာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျုပ်ကို ကူညီပေးဖို့ ပညာရှင်တချို့ ရှာချင်ရုံလေးပါ ”
မိုဝူကျိက ဝေဖန်လိုက်သည် “ ခင်ဗျားက နတ်ဘုရားအရိုက်အရာနဲ့ ဝိဇ္ဇာတစ်ပါးလေ။ ဒီလိုနည်းလမ်းမျိုးနဲ့ ကူညီပေးမဲ့သူ လိုက်ရှာဖို့ လိုလို့လား ”
ထုံမင်က ခါးသက်သက် ရယ်မောလိုက်ပြီး
“ ဝိဇ္ဇာတဲ့လား … ဟားဟား ကျုပ်က အရှက်ရဆုံး ဝိဇ္ဇာတစ်ပါး ဖြစ်နေမှာ စိုးမိပါ့ …. ကျုပ်က သဟဇာတ နတ်ဘုရားတစ်ကောင်ကြောင့် ကျဆုံးသွားရတဲ့ ကံဆိုးလွန်းတဲ့သူ မလို့လေ ”
“ ဝိဇ္ဇာ ” ဆိုသည့် စကားကို ကြားပြီးနောက် လျန်ကျီက စိုးရိမ်လာကာ စကားပင် မပြောနိုင်တော့ပေ။ သူက ဝိဇ္ဇာများအကြောင်း ကြားဖူးပေသည်။ သူတို့သည် စကြဝဠာထိပ်ဆုံး၌ ရပ်တည်နေကြသည့် အရိုက်အရာခံ နတ်ဘုရားများ ဖြစ်ကြသည်။ ဝိဇ္ဇာတစ်ပါး၏ အပြုအမူတစ်ခုက သက်ရှိ သန်းပေါင်းများစွာအပေါ် သက်ရောက်မှု ရှိပေသည်။ သူက ဝိဇ္ဇာတစ်ပါးနှင့် တစ်စားပွဲတည်း ထိုင်၍ သေရည်သောက်နေရလိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ပေ။
မိုဝူကျိက မျက်မှောင်ကျုတ်လိုက်သည်။
သဟဇာတ နတ်ဘုရားက ဝိဇ္ဇာတစ်ပါးကို ကျရှုံးသွားစေတာလား ….
ဟွမ်တိက သတ္တဗုဒ္ဓကျိုင်းကြောင့် ဒဏ်ရာအပြင်းအထန် ရနေစဉ် သာမာန် သဟဇာတ နတ်ဘုရားတစ်ပါးကြောင့်တော့ ကျရှုံးသွားမည် မဟုတ်လောက်ပေ။
“ ကျုပ်က သဟဇာတ နတ်ဘုရားကြောင့် ဘယ်လို ကျရှုံးသွားတာလဲလို့ တွေးနေတာမလား။ အများကြီး တွေးနေဖို့ မလိုဘူး။ အဲဒီ သဟဇာတ နတ်ဘုရားက ကျုပ်ကို သတ်လိုက်ပေမဲ့ တကယ် ရိုက်စားလုပ်သွားတာက ဟိုခွေးသား လော့ရှုမလို့ပဲ ” ထုံမင်က အံ့ကြိတ်ကာ မုန်းတီးစွာ ရေရွတ်လိုက်၏။
“ ဂျုနီယာမောင်လေးမို ငါ့ကို တစ်ခါ ကယ်ခဲ့ပြန်ပြီ ” ကျီလီ၏ အသံကြည်ကြည်လေး ထွက်ပေါ်လာသည်။ ယခင်လို အသံအက်အက် မဟုတ်တော့ချေ။
မိုဝူကျိက ထရပ်ကာ
“ ပင်းထန်းဝါးက တကယ်မဆိုးဘူးပဲ။ စီနီယာအစ်မကျီလီ … တာအိုရောင်းရင်းလျန် ကျုပ်တို့ သွားကြရအောင် ”
ကျီလီက သူမ စွမ်းအင်ဗဟိုချက်ကို ပြန်လည်ကုစားနိုင်ခဲ့သည်ကို မြင်ပြီး မိုဝူကျိက ထုံမင်နှင့် ဆက်မပြောနေတော့ပေ။ ထို့အပြင် သူသာ ထုံမင်ကို ထိန်းသိမ်းဖို့ ကြိုးစားလျှင်ပင် အနိုင်ရလဒ်မှာ မဆုံးဖြတ်နိုင်ကြောင်း သိပေသည်။
ထုံမင်က မိုဝူကျိ ထွက်သွားတော့မည့်အကြောင်း ကြားသည့်အခါ မြန်မြန် အော်ပြောလိုက်သည် “ တာအိုရောင်းရင်းမို … ကျုပ် ပြောတာ နားထောင်ကြည့်ပါဦး ”
မိုဝူကျိ၏ အမူအယာမှာ ပျက်ယွင်းသွားကာ အေးစက်စက် ပြောလိုက်၏
“ ထုံမင် … ဒီနေ့ ကျုပ်မိတ်ဆွေကို အဆိပ်ခတ်တဲ့ ကိစ္စကို လွှတ်ပေးလိုက်တာက ကျုပ်ရဲ့ စီနီယာအစ်မက ခင်ဗျားရဲ့ နေရာမှာ ဒဏ်ရာ ပြန်ကုသခဲ့လို့ပဲ …. တကယ်လို့ ခင်ဗျား ဘယ်လိုပြုမူရမှန်း မသိရင် ကျုပ် မယဉ်ကျေးတဲ့အတွက် အပြစ်လာမတင်နဲ့ ”
ထုံမင်က ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့သည်။ မိုဝူကျိက သူ့လိုလူမျိုးက ဤနေရာတွင် ဘာလုပ်နေမှန်း မသိတော့ပေ။ သို့သော်လည်း အကယ်၍ ထိုလူသာ သူ့ကို ထပ်ပြီး ဆွဲထားလျှင် သူတို့ တိုက်ခိုက်မိလောက်ပေမည်။ သူက ထုံမင်ထက် အားနည်းနေလျှင်ပင် သိပ်ကွာမည်တော့ မဟုတ်ပေ။ ထို့ကြောင့် သူက ထုံမင်အား ကြောက်နေဖို့ မလိုအပ်ပေ။
“ ကျုပ်က ဝိဇ္ဇာရဲ့ လျို့ဝှက်ချက်ကို သိထားတယ်။ တကယ်လို့ ကျုပ်သာ မမှားရင် ခင်ဗျားရဲ့ အင်အားနဲ့ဟုန်မုန့်စွမ်းအင်တို့နဲ့ဆိုရင် အဲဒီလော့ရှုက သေချာပေါက် ခင်ဗျားနောက် လိုက်လာမှာပဲ။ ခင်ဗျားက လော့ရှုရဲ့ ရန်သူဆိုရင် ကျုပ်ရဲ့ မိတ်ဆွေပဲလေ ” ထုံမင်က လေးလေးနက်နက် ပြောလိုက်သည်။
မိုဝူကျိက ရပ်လိုက်သည်။ သူက ဝိဇ္ဇာတပိုင်းအဆင့် ရောက်နိုင်ခြင်း၊ မရောက်နိုင်ခြင်းကို သံသယ မဝင်မိပေ။ သူ့လူသားတာအိုနှင့် ကျင့်ကြံရေး အရင်းအမြစ်များဖြင့် ဝိဇ္ဇာတပိုင်းအဆင့်သို့ ရောက်ဖို့ရာ အချိန်တစ်ခုမျှသာ လိုအပ်ပေမည်။ သို့သော်လည်း ဝိဇ္ဇာအဆင့်မှာ မရင်းနှီးသောအရာ ဖြစ်၏။
ဟွမ်တိက ဆိုးဆိုးရွားရွား ထိခိုက်မိပြီးသည့်နောက်တွင်ပင် ကြောက်စရာ ကောင်းနေဆဲ ဖြစ်၏။ ဝိဇ္ဇာအစစ် တစ်ပါးက မည်မျှ အားကောင်းမည်ကို တွေးကြည့်၍ ရပေသည်။ အကယ်၍ ထုံမင်သာ ဝိဇ္ဇာ၏ လျို့ဝှက်ချက်ကို သိထားလျှင် သူက နားထောင်ဖို့ရာ ဆိုးကျိုးမရှိပေ။
“ ခင်ဗျားက အရမ်းအားကောင်းတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ အခု အစောပိုင်း သဟဇာတ နတ်ဘုရားအဆင့်ပဲ ရှိသေးတာမလား။ လျူဝမ်ကို အလွယ်လေးကို သတ်နိုင်လိုက်တာဆိုတော့ ခင်ဗျားရဲ့ တာအိုက အံ့ဩဖို့ ကောင်းတယ်ဆိုတာ သိသာပါတယ်။
နောင်ကျ ခင်ဗျားသာ ဝိဇ္ဇာတပိုင်းအဆင့် ရောက်သွားရင် ဝိဇ္ဇာအဆင့်အောက်က လူတွေထဲ အားအကောင်းဆုံး ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ တစ်ခုတော့ ပြောပြရဦးမယ်။ တကယ်လို့ ဝိဇ္ဇာတပိုင်း ထိပ်ဆုံးအဆင့်အထိ ရောက်သွားရင်တောင် ဝိဇ္ဇာတွေကို ခုခံနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ လော့ရှုနဲ့ ရင်ဆိုင်ချင်တယ်ဆိုရင် ကျုပ်အကူအညီကို လိုလိမ့်မယ် ”
ထုံမင်က ပြောလိုက်သည့်အခါ မိုဝူကျိက လှည့်ကြည့်လာ၏။ သူက ထိုအရာကို မယုံပေ။
သူ့လူသားတာအိုဖြင့် ဝိဇ္ဇာတပိုင်းအဆင့် ရောက်သွားပြီးနောက် ဝိဇ္ဇာတစ်ပါးအတွက် ပြိုင်ဖက် မဖြစ်နိုင်ဘူးလား။ ဒါက လုံးဝ မဖြစ်နိုင်ပေ။
ထုံမင်က အသက်ပြင်းပြင်းရှုကာ
“ ကျုပ်က အမှန်အတိုင်း ပြောနေတာ။ ခင်ဗျားက ဝိဇ္ဇာတစ်ပါး ဘယ်လောက် အားကြီးတယ်ဆိုတာ မသိသေးပါဘူး။ တကယ်လို့ သူတို့ရှိနေတဲ့ စကြဝဠာကို ထိန်းချုပ်နိုင်မယ်ဆိုရင် ကျုပ်လည်း သူတို့ ထိန်းချုပ်မှုအောက် ရောက်သွားလိမ့်မယ်။ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
တကယ်လို့ ကျုပ်နဲ့ အလုပ်တွဲလုပ်မယ်ဆိုရင် ခင်ဗျားအတွက် အရေးနိမ့်စေတာမျိုး မလုပ်ပါဘူးလို့ ကျိန်ဆိုနိုင်တယ်။ ပြီးတော့ ခင်ဗျား အားကောင်းမလာခင် … ”
မိုဝူကျိက လက်ဝေ့ပြကာ ထုံမင် စကားကို ဖြတ်ပြောလိုက်သည် “ ကျုပ်တို့ အတူတူ တွဲလုပ်လို့ ရတယ်။ ကျုပ်ဘေးကနေ လိုက်ရမယ်။ ဘယ်လိုဖြစ်ဖြစ် ကျုပ်ဘေးမှာ ခင်ဗျား တစ်ယောက်တည်း မဟုတ်ဘူး ”
ထုံမင်အား လိုက်ခွင့်ပြုလိုက်ခြင်းမှာ မိုဝူကျိက ထုံမင်၏ စကားများကို ယုံကြည်၍ မဟုတ်ပေ။ သူသာ ဝိဇ္ဇာတပိုင်းအဆင့် ရောက်သွားလျှင် ဝိဇ္ဖာတစ်ပါးကို ကြောက်စရာ မလိုတော့ကြောင်း ယုံကြည်ထားမိ၏။ သူက ထုံမင်နှင့် တွဲလုပ်ဖို့ ဆုံးဖြတ်လိုက်သည်မှာ ထုံမင်၏ တိုက်ခိုက်စွမ်းကြောင့်သာ ဖြစ်၏။
ထုံမင်က ရယ်မောကာ
“ တာအိုရောင်းရင်းမို တကယ်လို့ ကျုပ်ကို သတ်ရင်တောင် ကျုပ်ရဲ့ ဝိညာဉ်အမှတ်အသားကို အပ်နှံမှာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်နဲ့ တွဲမလုပ်ချင်ဘူးဆိုရင်လည်း မေ့ထားလိုက်တော့ ”
မိုဝူကျိက ရယ်မောကာ
“ ဘယ်သူက ခင်ဗျားရဲ့ ဝိညာဉ်အမှတ်အသား လိုချင်နေလို့လဲ။ ခင်ဗျား ပြောသလို ကျုပ်တို့က အလုပ်တွဲလုပ်မှာလေ။ ကျုပ်တို့က အလုပ်တွဲလုပ်မှာဆိုတော့ တာဝန်ယူမဲ့သူ လိုတယ်မလား။ ကျုပ်က အဲတာဝန်ကို ယူမယ်။ တကယ်လို့ ခင်ဗျား သဘောတူရင် လိုက်လာလို့ ရတယ်။ တကယ်လို့ သဘောမတူဘူးဆိုရင်လည်း ကိုယ့်လမ်းကို လျှောက်ကြတာပေါ့ ”
“ ကျုပ် သဘောတူတယ် ” မိုဝူကျိ စကားသံ ဆုံးသွားသည်နှင့် ထုံမင်က သဘောတူလိုက်လေသည်။