အဖွဲ့ ပုံပေါ်လာခြင်း
Vol. 82 Ch. 1136
“ မဆိုးဘူး …. ဉာဏ်ရှိတဲ့သူက အခြေအနေကို နားလည်တယ်။ ခင်ဗျားအပိုင်ကို ခင်ဗျား ပြန်ရလိမ့်မယ် ” မိုဝူကျိက ထုံမင် ပခုံးကို ကိုင်ကာ ဉာဏ်ပညာရှိသူ တစ်ယောက်နှယ် ပြောလိုက်သည်။
ထုံမင်၏ မျက်နှာ အမူအယာမှာ ပြောင်းလဲသွားလေ၏။ သူက မိုဝူကျိ၏ လက် သူ့ပခုံးပေါ် ရောက်လာသည့်အထိ မတုံ့ပြန်နိုင်လိုက်ပေ။
ဒါက ဘယ်လိုပညာရပ်မျိုးလဲ …
မိုဝူကျိက ထုံမင်အား ထိုအရာမှာ မြေကျုံ့ပညာရပ် ဖြစ်ကြောင်း ပြောမပြသည်မှာ ပုံမှန်သာ ဖြစ်၏။ သူက ထုံမင် ပခုံးကို အလွယ်လေး ရောက်နိုင်လိုက်သည့် အချက်ကိုသာ မကြည့်သင့်ပေ။ အကယ်၍ သူက ထုံမင်အား တိုက်လိုက်လျှင် သူ့သတ်ဖြတ်ငွေ့ ပေါ်လာမည် ဖြစ်ရာ ကိစ္စများက ထိုသို့ လွယ်ကူမည် မဟုတ်ချေ။
“ စီနီယာအစ်မကျီ … ဒီနေရာကို ဘာလို့ ခေါ်လာတာလဲ။ ဒါက နတ်ဘုရားနယ်မြေမှာ မဟုတ်ဘူးမလား ” မိုဝူကျိက လျန်ကျီနှင့် ထုံမင်တို့အား အာရုံမထားတော့ပေ။
မိုဝူကျိက ပြန်ကောင်းလာပြီ ဖြစ်၍ ကျီလီအနေနှင့် စိုးရိမ်နေစရာ မလိုတော့ပေ
“ အစတုန်းက စကြဝဠာအသင်္ချေဆိပ်ကမ်းကနေ အမှောင်ကမ္ဘာဆီ ခေါ်သွားဖို့ လုပ်ထားတာ …. ဒါပေမဲ့ အဲဒီလေးယောက်က နှောင့်ယှက်လိမ့်မယ်လို့ ထင်မထားမိဘူး။ ပြီးတော့ စကြဝဠာအသင်္ချေဆိပ်ကမ်းမှာ အပြောင်းအလဲကြီး ဖြစ်သွားခဲ့တေ့ အမှောင်ကမ္ဘာကို သွားလို့ မရတော့ဘူး။ ကံကောင်းတာက အပ်ကျမ်းစာအုပ်စွမ်းအားက ပယ်ပျောက်သွားပြီဆိုတော့ မသွားလဲ အဆင်ပြေသွားပြီ ”
“ စကြဝဠာအသင်္ချေဆိပ်ကမ်းကနေ အမှောင်ကမ္ဘာဆီ သွားလို့ ရတာလား ” မိုဝူကျိက အလောတကြီး မေးလိုက်၏။
သူက သစ်နက် အပိုင်းအစ တစ်ခု ရထားလေရာ အမြဲတမ်း ပြန်လည် ရှင်စေလိုသည်။ ကံဆိုးစွာဖြင့် သူက မအောင်မြင်ခဲ့ချေ။ ဟုန်မုန့်သဲကို ရှာရသည်က များစွာ ခက်ခဲလွန်းသော်လည်း သူက မရရှိခဲ့ချေ။ ထို့အစား မင်ယွဲ့၏ အပ်ကျမ်းစာအုပ်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသည်။
သစ်နက်က အမှောင်ကမ္ဘာ၏ နံပါတ်တစ် သစ်သား ဖြစ်၏။ သူ့ဆီတွင် ပြန်လည် ရှင်သန်နိုင်မည့် အစွမ်းအစ မရှိသော်လည်း အမှောင်ကမ္ဘာက ထိုသစ်နက်အား အသက်ပြန်ရှင်လာစေနိုင်သည်။
“ အင်း … အဲဒါက အတော်လေး ထူးခြားတဲ့နေရာပဲ။ ပြီးတော့ အမှောင်ကမ္ဘာကို သတ္တကမ္ဘာကျောက်တုံးကနေ တန်းသွားလို့ ရတယ် ” ထုံမင်က ရယ်မောရင်း ကျီလီအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။
သူက အတွေ့အကြုံကြွယ်ဝကာ ဉာဏ်များသူ တစ်ဦး ဖြစ်၏။ ကျီလီက အမှောင်ကမ္ဘာအကြောင်း ပြောပြီး မိုဝူကျိက အပ်ကျမ်းစာအုပ် ထိမှန်မှုကို ခံခဲ့ရသည်ကို ကြားပြီးနောက် သူက အဖြစ်အပျက်ကို နားလည်သွားလေသည်။
သူ့အမူအယာမှာ တည်ငြိမ်နေသော်လည်း နှလုံးခုန်နှုန်းက အတော်လေး မြန်ဆန်နေသည်။ သူက မိုဝူကျိသည် ထိုပြဿနာကို မည်သို့ ဖြေရှင်းနိုင်ခဲ့ကြောင်း တွေးကာ စိတ်ရှုပ်ထွေးနေမိသည်။ အပ်ကျမ်းစာအုပ်အပြင် အပ်ကျမ်းစာအုပ်စွမ်းအားကို ချေဖျက်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဝိညာဉ်ဖြတ် စုတ်တံ ဖြစ်၏။ ထို့အပြင် ယခုလက်ရှိ ဝိညာဉ်ဖြတ် စုတ်တံမှာ အပြိုအပျက်ကမ္ဘာအတွင်း ရှိနေသည့်အချက်ကို သေချာသိထားသည်။
သတ္တကမ္ဘာကျောက်တုံးက အပြိုအပျက်ကမ္ဘာဆီ သွားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
မိုဝူကျိက သတ္တကမ္ဘာ ကျောက်တုံးဆီ ပြန်သွားလိုမိ၏။ သို့သော်လည်း သူက နည်းလမ်း ရှာမတွေ့ခဲ့ပေ။
မိုဝူကျိက အမှောင်ကမ္ဘာကို သွားဖို့ လိုအပ်နေကြောင်း တွေးမိလိုက်စဉ် ထုံမင်က ရယ်မောလိုက်၏
“ တာအိုရောင်းရင်းမို … သတ္တကမ္ဘာကျောက်တုံးဆီ ရောက်ဖို့ လွယ်ပါတယ်။ တကယ်တော့ သတ္တကမ္ဘာကျောက်တုံးက ကျုပ်တို့ ဖြတ်သွားရမဲ့ နေရာတစ်ခုပဲ။ နောင်ကျ ကျုပ်တို့တွေ လော့ရှုနဲ့ ရင်ဆိုင်ဖို့ အဲဒါကို သုံးဖို့ လိုလာလိမ့်မယ် ”
ဤလူက အမှန်တကယ် မြေခွေးအိုကြီး ဖြစ်၏။ မိုဝူကျိက ပြောလိုက်သည်
“ ကျုပ်ရဲ့ ကျင့်ကြံဆင့်က နိမ့်နေသေးတယ်။ ဒါပေမဲ့ တာအိုရောင်းရင်းထုံမင်ရဲ့ ကျင့်ကြံဆင့်လည်း သိပ်မြင့်သေးမှာ မဟုတ်ဘူး။ အခု ကျုပ်တို့ လော့ရှုနဲ့ ရင်ဆိုင်ရမဲ့ အချိန် မဟုတ်သေးဘူး။ ပြီးတော့ ကမ္ဘာပျက်ကပ်ဘေးကြီးက နီးကပ်လာပြီလို့ ကြားထားတယ်။ အဲဒီအချိန် ရောက်လာရင် လော့ရှုတို့နဲ့ ရင်ဆိုင်ရမဲ့ အကြောင်းကို တွေးပူနေရာမှာ မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာ ကယ်ဖို့ စိတ်ပူသင့်တယ် ”
ထုံမင်က ထိုစကားများကို ကြားသောအခါ ချက်ချင်း လက်နှစ်ဖက် ယှက်လိုက်ရင်း
“ တာအိုရောင်းရင်းမို ကျုပ်တို့က အလုပ်အတူတူ တွဲလုပ်မှာဆိုတော့ တာအိုရောင်းရင်းမိုရဲ့ စကားကို နားထောင်ပါ့မယ်။ ကျုပ် ပြောစရာလေး ရှိသေးတယ်။ ဒီနှစ်တွေမှာ ကျုပ် ပညာရှင်တချို့ကို ထိန်းချုပ်ထားခဲ့တယ်။ အချိန်ကျလာတဲ့အခါကျ သူတို့တွေလည်း ကျုပ်တို့အင်အား တစိတ်တပိုင်း ဖြစ်လာလိမ့်မယ် ”
မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်
“ တာအိုရောင်းရင်း ထုံမင် ကျုပ်က ခင်ဗျားရဲ့ အဆိပ်ကို အထင်သေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီပညာရှင်တွေက ကျုပ်တို့နဲ့ စိတ်ရောကိုယ်ပါ နှစ်ပြီး ပူးပေါင်းမယ်လို့ မထင်ဘူး။ ပြီးတော့ ကျုပ်တို့ စွမ်းဆောင်ရည်တွေက မလုံလောက်သေးဘူး။
တကယ်လို့ တာအိုရောင်းရင်း ထုံမင်သာ ဝိဇ္ဇာအဆင့် ဝင်သွားခဲ့ရင် ကျုပ်တို့ အနိုင်ရနိုင်ခြေ ပိုမြင့်လာလိမ့်မယ် ”
ထုံမင်က မိုဝူကျိသည် သူ့အဆိပ်ဖြင့် ထိန်းချုပ်ခံထားရသည့် ရဲဘော်ရဲဘက်များကို အထင်မကြီးကြောင်း သိလိုက်ရသည့်အခါ ဆက်မပြောတော့ပေ။ သူက မိုဝူကျိသည် လော့ရှုကို ရင်ဆိုင်ရာ အဖွဲ့၌ ခေါင်းဆောင်အဖြစ် သဘောတူထားပြီးလေပြီ။ သူတို့က တရားဝင် မစတင်ရသေးသော်လည်း သူ့ခေါင်းဆောင်ဖြစ်သူကို သဘောမတူသည်က ကောင်းသည့် လက္ခဏာတော့ မဟုတ်ချေ။ ဝိဇ္ဇာဟောင်းတစ်ယောက်အနေနှင့် သူက ထိုအချက်ကို သေချာသိပေသည်။
ထုံမင် ပြန်မဖြေခင် မိုဝူကျိက ဆက်ပြောလိုက်လေ၏
“ ကျုပ်က ကျင့်ကြံဆင့် မြင့်ဖို့ သတ္တကမ္ဘာ ကျောက်တုံးဆီ သွားဖို့ ကြံထားတယ်။ တာအိုရောင်းရင်းထုံလည်း သူ့တိုက်ခိုက်ရည် မြင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ”
မိုဝူကျိက သူ့စွမ်းဆောင်ရည်ကို မြင့်ရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ သူ့လက်ရှိအင်အားဖြင့် သူက နတ်ဘုရားကမ္ဘာသို့ ကိုယ့်သေတွင်းကို တူးနေသလိုသာ ဖြစ်ပေမည်။ ထိုနေရာ၌ ထန်းဟန် ရှိနေသည် မဟုတ်ပါလော။ သူက ဝိဇ္ဇာထန်းဟန်၏ လက်ဝါးတစ်ချက်ပင် ခံနိုင်ရည် ရှိမည် မဟုတ်လောက်ပေ။
ဝိဇ္ဇာထန်းဟန်ကို ပြောနေဖို့ မလိုချေ။ သူက တာအိုအုပ်စိုးသူ မဟာသဲကန္တာရနှင့် နတ်ဘုရားဧကရာဇ် မင်ယွဲ့တို့ကိုပင် မနိုင်နိုင်ချေ။
ထုံမင်က ထိုစကားများကို သဘောတူပေသည်။ သူက ခေါင်းညိတ်ကာ
“ တာအိုရောင်းရင်းမို တကယ်လို့ ကျုပ်တို့ စွမ်းအားကို မြင့်မယ်ဆိုရင် အပြိုအပျက်ကမ္ဘာဆီ သွားဖို့ လိုတယ်။ တကယ်လို့ ကျုပ်သာ မမှားရင် တာအိုရောင်းရင်း ကျီလီလည်း အပြိုအပျက်ကမ္ဘာဆီ သွားချင်နေတာမလား ”
မိုဝူကျိ၏ အကြည့်ကို သတိထားမိကာ ကျီလီက “ဟုတ်တယ် …. ရှင့်ကို အမှောင်ကမ္ဘာဆီ ခေါ်သွားဖို့ လုပ်ထားတာက အဲဒီကနေ သတ္တကမ္ဘာကျောက်တုံးဆီ သွားပြီး အပြိုအပျက်ကမ္ဘာဆီ အရောက်သွားဖို့ ”
“ ဘာလို့လဲ ” ထုံမင်နှင့် ကျီလီတို့က ဝိညာဉ်ဖြတ် စုတ်တံအကြောင်း သိထားသော်လည်း မိုဝူကျိက မသိသေးပေ။
ကျီလီက ရှင်းပြလိုက်လေ၏
“ အပ်ကျမ်းစာအုပ်ရဲ့ တာအိုစည်းမျည်းတွေကို ဝိညာဉ်ဖြတ် စုတ်တံလို့ ခေါ်တဲ့ ရတနာနဲ့မှ ဖယ်ရှားလို့ ရမှာ … အရင် ကျွန်မ နတ်ဘုရားမျှော်စင်ထဲ ရောက်နေတုန်း ဝိညာဉ်ဖြတ် စုတ်တံက အပြိုအပျက်ကမ္ဘာမှာ ပေါ်လာတယ်ဆိုတဲ့အကြောင်း ကြားခဲ့ရတယ်။ အဲဒီနောက်ပိုင်းတော့ ရှင်လည်း အဖြစ်အပျက်ကို သိပါတယ်။ တကယ်လို့ တာအိုရောင်းရင်လျန်ကျီရဲ့ အကူအညီနဲ့ ရှင်သာ မနိုးလာခဲ့ရင် ရှင့်ကို ထိခိုက်စေမိတော့မှာ ”
“ မဟုတ်ပါဘူး …. စီနီယာအစ်မကျီလီကို ကျေးဇူးတင်သင့်တာပါ။ အစ်မကြောင့်သာ မဟုတ်ရင် ကျုပ် အထဲမှာ သေနေလောက်ပြီ ” မိုဝူကျိက ကျေးဇူးတင်စွာ ပြောလိုက်သည်။
သူက အပိုပြောနေခြင်း မဟုတ်ပေ။ အကယ်၍ ကျီလီသာ သူ့အား လူသားကမ္ဘာမှ ခေါ်ထုတ်မလာခဲ့လျှင် ရလဒ်က ပြောဖို့ ခက်ခဲပေမည်။
သူက အသိစိတ်ပင်လယ်အတွင်း ကမ္ဘာဦး စိတ်ဝိညာဉ်ကို တည်ဆောက်ဖို့ ဖီကာရွံ့စေးကို အသုံးပြုခဲ့သည်မှာ အမှန်ဖြစ်၏။ ထိုကမ္ဘာဦး စိတ်ဝိညာဉ်က အပ်ကျမ်းစာအုပ်မှ တာအိုစည်းမျည်းများကို စုပ်ယူနေသော်လည်း ဖြစ်စဉ်အတွင်း စွန့်စားမှုတချို့ ရှိနေသေး၏။
အကယ်၍ အပ်ကျမ်းစာအုပ်မှ ပျက်စီးမှုနှင့် ရင်မဆိုင်ရခင် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်သာ ဝိညာဉ်လမ်းကြောင်း ၁၀၈ ခုကို မဖွင့်နိုင်ခဲ့လျှင် မည်သူကမှ သူ့အား ကယ်တင်နိုင်မည် မဟုတ်ချေ။ ဤဖြစ်နိုင်ခြေမှာ အသေးအမွှား မဟုတ်ဘဲ အလွန်ကြီးမားပေ၏။
ကံကောင်းစွာဖြင့် ကျီလီက သူ့အား ခေါ်ထုတ်လာခဲ့သည်။ ထို့အပြင် သူက ဘေးပတ်လည်ရှိ သဘာဝစွမ်းအားများ၏ သက်ရောက်မှုကို ခံခဲ့ရကာ သူ့အသက်ရှုလမ်းကြောင်းကို လှုံ့ဆော်လိုက်သလို ဖြစ်သွားသည်။
ကျီလီက ဘာမှမပြောပေ။ သူမက အတွေးများကို ဖော်ပြတတ်သည့် လူစားမျိုး မဟုတ်ချေ။ သူမ စိတ်နှလုံးသားထဲ၌ သူမ မိုဝူကျိအတွက် လုပ်ပေးခဲ့သည်မှာ မိုဝူကျိ လုပ်ပေးခဲ့သည့်အရာ၏ ၀.၀၁ ရာခိုင်နှုန်းပင် မရှိသေးချေ။
မိုဝူကျိက သူမကို ဟွမ်တိလက်ထဲမှ ကယ်တင်ခဲ့ပြီး ပင်းထန်းဝါးကိုပင် ရှာပေးခဲ့သေးသည်။ မိုဝူကျိ အပ်ကျမ်းစာအပ် ထိမှန်ခဲ့သည်မှာ ပင်းထန်းဝါးကြောင့်သာ ဖြစ်၏။
“ တာအိုရောင်းရင်းမို လော့ရှုတို့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျုပ်တို့တွေ အဖွဲ့ဖွဲ့ဖို့ လိုတယ်။ အဲဒါကြောင့် ကျုပ်တို့အားလုံး အပြိုအပျက်ကမ္ဘာဆီ သွားပြီး စွမ်းအားတိုးတက်လာအောင် လုပ်ကြမယ် ” ထုံမင်က ပြောလိုက်၏။ သူ မပြောလိုက်သည့် တစ်ခု ရှိပေသည်။ ဟွမ်တိကို လွတ်ပေးပြီး အင်အား တိုးလာအောင် လုပ်ပေးလျှင် အကောင်းဆုံး ဖြစ်၏။ သူတို့တွင် လူများများ ရှိထားခြင်းက ပို၍ ကောင်းပေသည်။
ကျီလီက နားမလည်စွာ မေးလိုက်သည်
“ တာအိုရောင်းရင်းထုံမင် … ကျွန်မ ကြားတာတော့ အပြိုအပျက်ကမ္ဘာက ပျက်စီးသွားပြီးတော့ နတ်ဝိညာဉ်စွမ်းအား မကျန်ရှိတော့ဘူးဆို … အလွန်ဆုံး ကျွန်မတို့တွေ ရတနာတချို့ ရှာတွေ့နိုင်ရုံလောက်ပဲ နေမှာပေါ့။ ပြီးတော့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်။ ကျွန်မတို့တွေ ဘာလို့ အပြိုအပျက်ကမ္ဘာဆီမှာ ကျင့်ကြံကြမှာလဲ ”
ထုံမင်က ရယ်မောလိုက်သည်
“ အဲဒါကြောင့် ကျုပ် ဒီမှာ ရှိနေတာလေ။ အပြိုအပျက်ကမ္ဘာကို နတ်ဘုရားအရိုက်အရာကမ္ဘာလို့ ခေါ်တာ သိတယ်မလား။ ဘာလို့ အဲဒီလို ခေါ်တာလဲ။ အကြောင်းက ဝိဇ္ဇာတပိုင်း စည်းမျည်းတွေထက် ကျော်လွန်နေတဲ့ စည်းမျည်းတွေ ရှိနေလို့ပဲ …
အဲဒီစည်းမျည်းတွေက ပျက်စီးသွားပြီးတော့ နတ်ဝိညာဉ်စွမ်းအား ရှားတာလည်း မှန်တယ်။ ဒါပေမဲ့ ကျုပ်တို့အဆင့်နဲ့ဆိုရင် ကျင့်ကြံရေးက ကိုယ်ပိုင်တာအိုစည်းမျည်းတွေအပေါ်မှာပဲ မူတည်တော့တာလေ။
ကျုပ်တို့တွေ ကိုယ်ဘာသာ နတ်ဝိညာဉ်စွမ်းအားကို ရှာလို့ ရတယ်။ ပြောရရင် တခြားနေရာတွေထက်စာရင် ပိုပြီး ကျင့်ကြံဖို့ လွယ်တယ်။ ဒါပေမဲ့ ပါရမီအလားအလာ ဘယ်လောက်ကောင်းကောင်း၊ ကျင့်ကြံရေး အရင်းအမြစ် ဘယ်လောက်ရှိရှိ ဝိဇ္ဇာတပိုင်းအဆင့်က နောက်ဆုံး ကန့်သတ်ချက်ပဲ …. ”
ထိုသို့ပြောပြီးနောက် ထုံမင်က ခဏရပ်ကာ ဆက်ပြောလိုက်သည်
“ တာအိုရောင်းရင်းမို … တကယ်လို့ တာအိုရောင်းရင်း ဟွမ်တိသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ပိုကောင်းလိမ့်မယ်။ နတ်ဘုရားအရိုက်ရာကမ္ဘာက ဟွမ်တိနဲ့ ကျုပ်လိုမျိုး လူတွေအတွက် ပိုသင့်တော်တယ်လေ။ အဲဒီမှာ ကျုပ်တို့ ပျောက်ဆုံးခဲ့တာတွေလည်း ပြန်ရလာနိုင်တယ် ”
ထုံမင် မပြောလိုက်သည့် တစ်ချက် ရှိနေသေး၏။ အကယ်၍ သူတို့ နတ်ဘုရားအရိုက်အရာကမ္ဘာ၌ မဟုတ်ဘဲ တခြားနေရာ၌ ကျင့်ကြံလျှင် အသုံးဝင်မည် မဟုတ်ချေ။
သူတို့က ထိပ်ဆုံးကို ရောက်လာတော့လည်း ဘာအရေးလဲ ….လော့ရှုလိုမျိုး ဝိဇ္ဇာရှေ့မှောက်၌ သူတို့က ပါးမွှားလေးသာ ဖြစ်နေဆဲ ဖြစ်၏။
“ တာအိုရောင်းရင်း လျန်ကျီရော ဘယ်လိုထင်လဲ ” မိုဝူကျိက လျန်ကျီအား ကြည့်လိုက်သည်။ သူက နတ်ဘုရားအရိုက်အရာ ကမ္ဘာ၌ ကျင့်ကြံဖို့ စိတ်ယိုင်နေမိသည်။ သူ ဝိဇ္ဇာတပိုင်းအဆင့် မရောက်ခင်အထိ ထန်းဟန်နှင့် တိုက်ခိုက်ဖို့ အရည်အချင်း မပြည့်မှီချေ။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လျန်ကျီက မြန်မြန် လက်နှစ်ဖက် ယှက်ကာ
“ ကျုပ်က ကမ္ဘာပျက်ကပ်ဘေးကြီးကို မသိပေမဲ့ ကပ်ဘေးသာ ဖြစ်လာခဲ့ရင် ကျုပ်ရဲ့ ကျင့်ကြံဆင့်လေးက ဘာမှလုပ်လို့ မရဘူးဆိုတာ သိပါတယ်။ ကျုပ်က တာအိုရောင်းရင်းမိုကို ယုံတယ်။ အဲဒါကြောင့် အဖွဲ့ထဲ ပါမယ် ”
“ ကောင်းပြီ … ကျုပ်တို့တွေ နတ်ဘုရားအရိုက်အရာ ကမ္ဘာဆီ သွားကြမယ် ” ထိုသို့ပြောပြီးနောက် မိုဝူကျိက ဟွမ်တိကို ထုတ်လိုက်သည်။
ပင်ပန်းနွမ်းလျှနေသည့် ဟွမ်တိက ရုန်းရင်းဆန်ခတ် လုပ်တာမျိုး မရှိတော့ချေ။ ထို့အပြင် သူ့ဝိညာဉ်အမှတ်အသားက မိုဝူကျိ လက်ထဲတွင် ရောက်နေလေပြီ။ သူက ဒေါသထွက်လျှင်ပင် မိုဝူကျိအား ဘာမှမလုပ်နိုင်ချေ။
“ ကြည့်ရတာ ခင်ဗျားတို့ နှစ်ယောက် ဆွေးနွေးမှု ပြီးသွားတဲ့ပုံပဲ ” ဟွမ်တိက ထုံမင်အား ကြည့်ကာ မထူးမခြားနား ပြောလိုက်သည်။
သူက ထုံမင်ကို မြင်လိုက်သည့်အခါ ထုံမင်သည်လည်း မိုဝူကျိနှင့် ရင်ဆိုင်ရာ၌ ကူကယ်ရာမဲ့နေကြောင်း သိလိုက်ရသည်။ အကယ်၍ မိုဝူကျိက ထိန်းချုပ်ခံရမည်သူ ဖြစ်နေလျှင် သူ ဟွမ်တိက မိုဝူကျိ၏ ချုပ်နှောင်ခြင်းကို ခံခဲ့ရမည် မဟုတ်ချေ။
“ ဟွမ်တိ … ငါက တာအိုရောင်းရင်းမိုနဲ့ အလုပ်တွဲလုပ်ဖို့ ရည်ရွယ်ထားတယ်။ ငါတို့ စွမ်းရည် မြင့်တက်အောင်လို့ အပြိုအပျက်ကမ္ဘာဆီ သွားကြမယ်။ မင်းရော ဘယ်လိုထင်လဲ ” ထုံမင်က ဟွမ်တိ ထွက်လာသည်နှင့် မေးလိုက်သည်။
ဟွမ်တိက ရယ်မောကာ
“ ထုံမင် … ငါ အစ်ကိုမိုနောက် စလိုက်တုန်းက မင်းဖြင့် ရှာလို့တောင် မတွေ့ဘူး။ ငါ့ရည်ရွယ်ချက်ကို ဘာထင်နေလဲ။ ပြီးတော့ မင်းက အစ်ကိုမိုနဲ့ အလုပ်တွဲလုပ်တော့မှာဆိုတော့ သူ့ကို တာအိုရောင်းရင်းမိုလို့ ခေါ်လို့ မရတော့ဘူး။ စည်းမျည်းမရှိရင် အဆင့်အတန်း မရှိဘူး။ နောင်ကျ မင်းလည်း သူ့ကို အစ်ကိုမိုလို့ ခေါ်ရမယ် ”
ထုံမင်က ဟွမ်တိအား ကြောင်အအ ကြည့်လိုက်သည်။
အရင်တုန်းက ရဲရင့်တဲ့ ဝိဇ္ဇာဟွမ်တိရော ဟုတ်ရဲ့လား ….
***