လိန်ဟုန်ကျီ သွေးအန်လိုခြင်း
Vol. 82 Ch. 1137
ဤတစ်ကြိမ် မိုဝူကျိက ဘာမှမပြောတော့ပေ။ သူက ဟွမ်တိ စကားကို သဘောတူလေသည်။ စည်းမျည်းမရှိလျှင် အဆင့်အတန်း ရှိလာမည် မဟုတ်ချေ။ အကယ်၍ ထုံမင်လိုမျိုး မာနကြီးသူက အရေးကြီးသည့် အခိုက်အတန့်၌ မိုဝူကျိ၏ ညွှန်ကြားချက်အတိုင်း မလုပ်ဘဲ သူ့ဘာသာ လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့လျှင် အားလုံးကို အတူတူ ဆွဲချသွားသလို ဖြစ်ပေမည်။
အကယ်၍ ဤသို့ဆိုလျှင် သူက ထုံမင်နှင့် အလုပ်မတွဲလုပ်ဖို့ရာ ပို၍ လိုလားပေ၏။
မိုဝူကျိက သူ့အား ကြည့်နေသည်ကို သတိထားမိပြီး ထုံမင်က ခြောက်ကပ်ကပ် ရယ်မောလိုက်ကာ “ ဟားဟား ကျုပ်က တာအိုရောင်းရင်း မဟုတ်သေးပါဘူး အစ်ကိုမို ပြောတဲ့အတိုင်း လုပ်မှာပါ ”
ထုံမင် စကားကို ကြားပြီးနောက် မိုဝူကျိက ဝိညာဉ်အမှတ်အသားအတွက် ဝိညာဉ်သွေး အမှတ်အသား ချုပ်နှောင်ဖို့ တုံ့ဆိုင်းမနေပေ “ အားလုံးလည်း ရည်ရွယ်ချက် တူကြတယ်ဆိုတော့ ဝိညာဉ်သွေး အမှတ်အသား ဖွဲ့ကြမယ်လေ ”
ဟွမ်တိက ချက်ချင်း ဝိညာဉ်သွေး အမှတ်အသားကို ဖွဲ့လိုက်သည်။ ကျီလီပင် သူမ ဝိညာဉ်သွေး အမှတ်အသားကို ထုတ်ယူလိုက်၏။ ထိုဝိညာဉ်သွေး အမှတ်အသားများသည် မိုဝူကျိ၏ ဝိညာဉ်အမှတ်အသားနှင့် ချိတ်ဆက်ပြီးနောက် မြန်မြန် ပျောက်ကွယ်သွားကြသည်။
ထုံမင် မျက်နှာအမူအယာမှာ အနည်းငယ် ပြောင်းလဲသွားလေ၏။ သူက သူ့ရှေ့ရှိ ဝိညာဉ်သွေး အမှတ်အသား ဝန်းကျင်၏ တာအိုအငွေ့အသက်ကို ကြည့်နေသည်။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်၏
“ အစ်ကိုမို ကျုပ်က ခင်ဗျားကို ခေါင်းဆောင် ဖြစ်ဖို့ သဘောတူပြီးပြီလေ။ ဒီလို ဝိညာဉ်သွေး အမှတ်အသားက မလိုဘူး ထင်တယ် ”
ဤသို့သော ဝိညာဉ်သွေး အမှတ်အသား ဖွဲ့နှောင်မှုမျိုး၌ အရင်ဦးဆုံး ဝိညာဉ်သွေး အမှတ်အသား ချသူက ခေါင်းဆောင် ဖြစ်၏။
ဝိညာဉ်သွေး အမှတ်အသား ပထမဆုံးဖွဲ့နှောင်သူ အနေနှင့် မိုဝူကျိက အထိအခိုက်မရှိ အဖွဲ့မှ နှုတ်ထွက်နိုင်သည်။ သို့သော်လည်း သူတို့ အမှတ်အသားကို မိုဝူကျိဆီ ဖွဲ့နှောင်လိုက်ကြသူများက အလွယ်လေး ထွက်သွား၍ မရပေ။ ထိုစဉ် မိုဝူကျိက ထိုအဖွဲ့ရှိ လူများကို ဒဏ်ရာရအောင် လုပ်နိုင်သည်။ သူက သူတို့ကို ထိန်းချုပ်နိုင်သေး၏။
ဟွမ်တိက သူ့ဝိညာဉ်အမှတ်အသားကို မိုဝူကျိဆီ အပ်နှံ့ပြီးထားလေပြီ။ အဘယ်ကြောင့် ဤရိုးရိုးရှင်းရှင်း ဝိညာဉ်သွေး အမှတ်အသား ဖွဲ့နှောင်မှုလောက်ကို ကြောက်နေရမည်နည်း။ လျန်ကျီအနေနှင့် သူက မိုဝူကျိကို နက်နက်ရှိုင်းရှိုင်း ယုံကြည်မိပြီး မိုဝူကျိကို မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားပေသည်။ သူက မိုဝူကျိသည် နတ်ဆိုးဆန်ဆန် လူ မဟုတ်ကြောင်း ယုံကြည်ထား၏။ ထို့အပြင် ရောက်ရှိလာမည့် ကမ္ဘာပျက်ကပ်ကြီးသည် သေချာပေါက် ကိစ္စအသေးလေး မဟုတ်ချေ။
မိုဝူကျိက သဟဇာတ နတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း ဝိဇ္ဇာများကို ချုပ်နှောင်နိုင်ပြီး ဝိဇ္ဇာတပိုငးအဆင့် လျူဝမ်အား အလွယ်လေး အနိုင်ယူနိုင်ခဲ့သည်။ ပြောရမည်ဆိုလျှင် မိုဝူကျိ၏ အနာဂတ်က မည်မျှတောက်ပနေသည်ကို သိသာလေ၏။ လက်ရှိ သူက ရောက်ရှိလာမည့် ကပ်ဘေးအတွက် အထောက်အပံ့ မရှိချေ။ ယခုထက် ပိုကောင်းမည့် အခွင့်အရေး မရှိတော့ချေ။ ဤအထောက်အပံ့ကြီးက ဖက်တွယ်ထားနိုင်သလို အသတ်ခံနိုင်သည့် အခြေအနေမျိုးလည်း ဖြစ်ပေသည်။
ဤသည်က ရင်းနှီးမြှပ်နှံ့မှု တစ်ခုနှင့် တူပေသည်။ အကယ်၍ ဤရင်းနှီးမြှပ်နှံမှုအတွင်း မစွန့်စားလိုလျှင် သူ့လိုမျိုး သဟဇာတ နတ်ဘုရား အဆင့် ၄ ကို မည်သူကများ လိုလိုလားလား လက်ခံပေးကြမည်နည်း။
ကျီလီ၏ မိုဝူကျိအပေါ် ယုံကြည်မှုမှာ စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။ သူမက စဉ်းစားနေစရာပင် မလိုအပ်ချေ။
မိုဝူကျိက မထူးမခြားနား ပြောလိုက်သည် “ ကျုပ်က ခင်ဗျားကို အတင်းကျပ် ဖိအားမပေးပါဘူး။ တကယ်လို့ သဘောတူရင် ဖွဲ့နှောင်မှု လုပ်လိုက် ဒါမှမဟုတ်လို့ သဘောမတူဘူးဆိုရင်လည်း ကိုယ့်လမ်းကို သွားကြတာပေါ့ ”
ထုံမင်က သက်ပြင်းချလိုက်သည်။ သူက တခြားရွေးချယ်စရာ မရှိမှန်း သိလိုက်သည်။ ယခင် သူ့စကားများက မိုဝူကျိအား သူ့အပေါ် အပြည့်အဝ ယုံကြည်ဖို့ မဖြစ်နိုင်စေခဲ့ခြင်း ဖြစ်၏။
သူက မိုဝူကျိလို လူမျိုးဆီမှ အကူအညီ ရှာလိုက်သောကြောင့် ဆိုးကျိုးများကို ရှောင်ရှားနိုင်မည် မဟုတ်ချေ။ သူက အံ့ကြိတ်ကာ ပြုံးလိုက်ရင်း “ အစ်ကိုမို ပြောတာ မှန်တယ်။ အရာအားလုံးမှာ စည်းမျည်းဆိုတာ လိုအပ်တာပဲလေ ”
သူက ပြောလိုက်ရင်း သူ့ဝိညာဉ်သွေး အမှတ်အသားကို ဖွဲ့နှောင်လိုက်သည်။
မိုဝူကျိ ထုံမင်၏ သွေးအမှတ်အသားကို သူ့အမှတ်အသားဆီ ချိတ်ဆက်စေလိုက်သည်။ ထို့နောက် သူက လက်ခါလိုက်ရင်း
“ အခု ကျုပ်တို့အားလုံးက တစ်ဖက်တည်းကဆိုတော့ သစ္စာဖောက်မဲ့ ကိစ္စမျိုးကို စိုးရိမ်နေစရာ မလိုဘူး။ ကျုပ်တို့ ပထမဆုံး လုပ်ရမှာက အမှောင်ကမ္ဘာကနေ အပြိုအပျက်ကမ္ဘာဆီ သွားကြမယ်။ အဲဒီမှာ ကျင့်ကြံဆင့် မြင့်ကြမယ်။ ဟွမ်တိနဲ့ ထုံမင်တို့ရဲ့ ပန်းတိုင်က ဝိဇ္ဇာအဆင့် ရောက်ဖို့ ….
စီနီယာအစ်မ ကျီလီနဲ့ လျန်ကျီတို့အတွက်က ဝိဇ္ဇာတပိုင်းအဆင့် ရောက်ဖို့ …. ”
ထုံမင်က ခါးသက်သက် ပြုံးကာ
“ အစ်ကိုမို ကျုပ်တို့မှာ ကျင့်ကြံရေး အရင်းအမြစ် တောင်ပုံရာပုံ ရှိရင်တောင် ဝိဇ္ဇာအဆင့် မရောက်နိုင်လောက်ဘူး။ ဒါနဲ့ ဟွမ်တိကတော့ အခွင့်အရေး ရှိတယ်။ ကျုပ်ကတော့ အခွင့်အရေးတောင် မရှိတော့ဘူး ”
“ နတ်ဘုရားမျှော်စင်ကြောင့်လား ” မိုဝူကျိက မေးလိုက်၏။
ထုံမင်က ခေါင်းညိတ်ကာ
“ ဟုတ်တယ် … နတ်ဘုရားအရိုက်အရာကြောင့် … နတ်ဘုရားအရိုက်အရာ မရှိဘဲ အမြင့်ဆုံး ရောက်နိုင်တဲ့ ကျင့်ကြံဆင့်က ဝိဇ္ဇာတပိုင်းအဆင့်ပဲ …. ဝိဇ္ဇာအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး ”
“ နတ်ဘုရားအရိုက်အရာက အတိအကျ ဘာကြီးလဲ။ အဲဒါက မိုးမြေစည်းမျည်းလား ဒါမှမဟုတ် ကောင်းကင်တာအိုလိုမျိုးလား ” မိုဝူကျိက မေးလိုက်၏။
ဟွမ်တိက ခေါင်းခါကာ
“ ကျုပ်တို့လို ဝိဇ္ဇာဟောင်းတွေက အတိအကျ မသိဘူး။ ပြောရရင်တော့ နတ်ဘုရားအရိုက်အရာဆိုတာ ကောင်းကင်တာအို ဒါမှမဟုတ် အဆင့်မြင့်မြင့်က လူတစ်ယောက်ဆီကနေ အပ်နှံ့ထားတဲ့ မိုးမြေစည်းမျည်းလိုမျိုးပဲ …. တကယ်တမ်းကျ ဝိဇ္ဇာအဆင့် ရောက်သွားပြီးရင် ဝိဇ္ဇာအဆင့်ထက် မြင့်တဲ့ တည်ရှိမှုမျိုးကို ခံစားမိမှာ မဟုတ်ဘူး ”
“အဲဆိုတော့ အဲဒီ တည်ရှိမှုမျိုးက ရှိနေနိုင်တယ်။ ခင်ဗျားတို့က အာရုံမခံနိုင်တာမျိုးလား ” မိုဝူကျိက မေးလိုက်သည်။
ဟွမ်တိက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် “ ဖြစ်နိုင်ပါတယ် ”
မိုဝူကျိက ဟွမ်တိသည် တကယ် မသိတာလား ဒါမှမဟုတ် ထုတ်မပြောချင်တာလား မသိပေ။ သူက လက်ဝေ့လိုက်ရင်း “ ထုံမင်က ဦးဆောင်လိုက် …. ကျုပ်တို့တွေ အခုအမှောင်ကမ္ဘာဆီ သွားကြမယ် ”
အချိန်က သူ့အတွက် အင်မတန် အရေးပါပေသည်။ သူက ကပ်ဘေးကြီးမတိုင်ခင် အင်အားကို တတ်နိုင်သမျှ မြန်မြန် မြင့်တင်ရမည် ဖြစ်၏။
ထုံမင်က ရယ်မောကာ
“ ဦးဆောင်သွားနေဖို့ မလိုပါဘူး။ ကျုပ်ရဲ့ အိမ်က အမှောင်ကမ္ဘာဆီ ရောက်နိုင်မဲ့ လမ်းပဲလေ ”
ထုံမင်က ပြောနေရင်း အစီအရင်အလံ ဆယ်ခုကို ပစ်လွှတ်လိုက်သည်။ ကူးသန်းရေး အစီအရင် မှိန်ဖျဖျပုံရိပ်လေးက ဖြည်းဖြည်းချင်း ပေါ်လာသည်။ နောက်ဆုံးတွင် မိုဝူကျိတို့က ထုံမင်ကဲ့သို့သော ဝိဇ္ဇာသည် ဤသို့သောနေရာ၌ နေနေသည့် အကြောင်းအရင်းကို နားလည်သွားကြသည်။ အမြင်နှင့်တင် ထိုလူက အမှောင်ကမ္ဘာက မကြာခဏ သွားလေ့ရှိဟန် ပေါ်သည်။ သူက သတ္တကမ္ဘာကျောက်တုံးကို အသုံးပြု၍ အမျိုးမျိုးသော အလွှာနယ်ပယ်များဆီ သွားရောက်နိုင်သေးသည် မဟုတ်ပါလော။
ကျီလီက အတော်လေး အံ့အားသင့်နေမိသည်။ အကယ်၍ သူတို့သာ တိုက်တိုက်ဆိုင်ဆိုင် ဤနေရာသို့ ရောက်မလာခဲ့လျှင် သူမက နှစ်တစ်သိန်းကြာလျှင်ပင် ဤနေရာကို ရှာတွေ့မည် မဟုတ်ပေ။ အကယ်၍ သူမ ရှာတွေ့လျှင်ပင် အသုံးဝင်ဦးမည် မဟုတ်ချေ။
***
ဤနေရာကိုး ….
လိန်ဟုန်ကျီက တည်နေရာပြ သလင်းကျောက်ကို သိမ်းဆည်းထားလိုက်သည်။ သူ့ပုံရိပ်မှာ လျှပ်စီးအားတစ်ခုအဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားကုန်းမြေ အပေါ်ရှိ ကောင်းကင်ယံမှ ပျောက်ကွယ်သွားလေ၏။
ရက်များစွာ ကြာပြီးနောက် လိန်ဟုန်ကျီက အာကာပြင်အတွင်း ရပ်နေကာ ကျယ်လောင်စွာ ရယ်မောလိုက်ရင်း
“ မြင်းအိုကြီး ထန်းဟန် … ကျုပ် နတ်ဘုရားကမ္ဘာကနေ ထွက်လာပြီ။ တကယ်လို့ ခင်ဗျား စွမ်းရည်ရှိရင် ဒီသခင်ကြီးလိန်နောက် လိုက်ဖမ်းဦးလေ ”
ထန်းဟန်က သူ့နောက် လိုက်မလာသည်မှာ နှစ်များစွာ ကြာနေပြီ ဖြစ်သော်လည်း လိန်ဟုန်ကျီက သတိမဲ့သူ မဟုတ်ပေ။ သူက ထန်းဟန်သည် သူ့ခန္ဓာကိုယ်ပေါ် အမှတ်အသား ထားထားကြောင်း အသေအချာ သိပေသည်။ သို့သော်လည်း သူက ထိုအမှတ်အသားကို ရှာမတွေ့သေးချေ။ ထို့အပြင် ကျင့်ကြံသူများအတွက် ဆယ်စုနှစ်တစ်ခုမှာ မျက်စိတစ်မှိတ်စာမျှသာ ဖြစ်၏။
လွန်ခဲ့သည့် ဆယ်စုနှစ်က ထန်းဟန်တွင် တစ်ခုခု ဖြစ်ပျက်ခဲ့ရမည်။ ထို့ကြောင့် သူ ရုတ်တရက် ပျောက်ကွယ်သွားခြင်းသာ ဖြစ်ရမည်။ လိန်ဟုန်ကျီက ထန်းဟန်သည် ထိုကိစ္စကို ဖြေရှင်းပြီးသည်နှင့် သူ့နောက် လိုက်လာမည် ဖြစ်ကြောင်း ကျိန်းသေ သိနေသည်။
ထိုဆယ်စုနှစ်ကျော် လိန်ဟုန်ကျီက နတ်ဘုရားကမ္ဘာမှ ထွက်လာနိုင်မည့် နည်းလမ်းကို ရှာဖွေနေခဲ့ရသည်။ သူက နတ်ဘုရားသင်္ချိုင်းဂူအကြောင်း ရှာတွေ့ခဲ့သော်လည်း ထိုနေရာက မရှိတော့ချေ။ လိန်ဟုန်ကျီက လက်မလျော့ဘဲ နည်းလမ်းများကို ဆက်လက် ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် သူက နတ်ဘုရားကုန်းမြေရှိ ရှေးဟောင်းအပြိုအပျက်တစ်ခု၌ ထွက်ပေါက်ကို တွေ့ခဲ့ရသည်။
ယခု သူက နတ်ဘုရားကုန်းမြေမှ လွတ်မြောက်လာပြီ ဖြစ်၏။
သူ့လက်ရှိ အရင်းအမြစ်များဖြင့် ဘေးကင်းကင်း နေရာတစ်ခုကို ရှာ၍ ကျင့်ကြံလိုက်လျှင် ဝိဇ္ဇာတပိုင်းအဆင့်အထိ ရောက်သွားနိုင်ကြောင်း ယုံကြည်ထားသည်။
ထိုသို့ ဖြစ်လာသည့်အခါ သူ လိန်ဟုန်ကျီက ထန်းဟန်အား ကြောက်နေဖို့ မလိုတော့ချေ။ ထို့နောက် ထန်းဟန်က သူ့နောက်လိုက်ဖမ်းနိုင်မည် မဟုတ်ဘဲ သူက ထိုမြင်းအိုကြီးနောက် လိုက်ဖမ်းသူ ဖြစ်လာလိမ့်မည်။
စိတ်သစ်လူသစ် လိန်ဟုန်ကျီက နတ်ဘုရားကမ္ဘာ နယ်နမိတ်မှ ထွက်လာလိုက်သည်။ သူက ထိပ်တန်းအဆင့် ပျံသန်းရေး ရတနာကို ထုတ်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ကျယ်ပြောလှသော အာကာပြင်အတွင်း ပျောက်ကွယ်သွားလေ၏။
လိန်ဟုန်ကျီ ယုံကြည်ထားသလောက် နတ်ဘုရားကမ္ဘာနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ သွားသည်က အကောင်းဆုံး ဖြစ်ပေသည်။ လိန်ဟုန်ကျီက ထန်းဟန် သူ့ကိစ္စပြီးသည်နှင့် နတ်ဘုရားကမ္ဘာသို့ ချက်ချင်း ပြန်လာပေလိမ့်မည်။ ထို့ကြောင့် နတ်ဘုရားကမ္ဘာနှင့် ဝေးဝေးနေခြင်းက ပို၍ အန္တရာယ်ကင်းလေ၏။
လိန်ဟုန်ကျီ၏ ပျံသန်းရေး ရတနာအဆင့်မှာ အတော်လေး မြင့်ပေသည်။
လိန်ဟုန်ကျီက ဘေးကင်းကင်း နေရာတစ်ခုရှာနိုင်တော့မည့်အကြောင်း တွေးလိုက်စဉ် အန္တရာယ် ခံစားချက်က ပြန်လည် ကြီးစိုးလာပြန်၏။
သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ ထန်းဟန်သည် လျှပ်စီးလို အရှိန်နှုန်းဖြင့် သူ့ဆီ ချည်းကပ်လာကြောင်း သတိထားမိလိုက်သည်။
ထန်းဟန်ကို မြင်ကာ လိန်ဟုန်ကျီ တစ်ယောက် သွေးအန်လုမတတ် ဖြစ်သွားသည်။ သူက နတ်ဘုရားကမ္ဘာမှ ထွက်လာသည်မှာ ဆယ်စုနှစ်ကြာမြင့်သွားပြီ ဖြစ်ရာ ထန်းဟန်သည် သူ့အား မည်သို့ ရှာနိုင်ကြောင်း တကယ်ကို နားမလည်နိုင်ပေ။
သူ နားလည်သည်၊ နားမလည်သည်က အရေးမပါပေ။ အရင်ဆုံး ထွက်ပြေးရမည်။
လိန်ဟုန်ကျီနောက် လိုက်နေသည့် ထန်းဟန်က နတ်ဘုရားကမ္ဘာသို့ ပြန်လာနေစဉ်အတွင်း လိန်ဟုန်ကျီနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ့အတွက် ကောင်းကင်မှ ပြုတ်ကျလာသည့် အသားတုံးပမာ ဖြစ်ပေသည်။
ယခင် သူ ကူးပြောင်းနေစဉ်အတွင်း အစီအရင်မှာ ဖျက်စီးခံလိုက်ရပြီး အာကာပြင် စည်းမျည်းများက မငြိမ်မသက် ဖြစ်သွားခဲ့သည်။ ရလဒ်အနေနှင့် သူက အာကာပြင်အတွင်း ပို့လွှတ်ခံလိုက်ရ၏။
ထန်းဟန်က အာကာပြင်အတွင်း ပို့လွှတ်ခံလိုက်ရသည်ကို စိတ်ထဲ မထားပေ။ သူက နတ်ဘုရားကမ္ဘာသို့ မည်သို့ ပြန်သွားရမှန်း မသိချေ။ နတ်ဘုရားကမ္ဘာ၌ သူ ရှင်းပစ်ဖို့ လိုအပ်နေသည့် ပုရွက်ဆိတ်တစ်ကောင် ကျန်နေသေး၏။ အကယ်၍ သူက ပြန်လမ်းကို မသိလျှင် သူ့အပိုင်ကို မည်သို့ ပြန်လည် သိမ်းယူရမည်နည်း။ မိုးမြေ မီးပြင်းဖိုသည် သူ ပြန်ယူရမည့်အရာ ဖြစ်၏။ ထိုအရာ မရှီဘဲ သူက သူ့ဝိဇ္ဇာတာအိုကို ပြန်လည် အတည်ပြုနိုင်မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဘဝ၌ အဆုံးသတ်ကို ရောက်မနေသေးချေ။ အာကာပြင်အတွင်း ဆယ်စုနှစ်များစွာ သွားလာပြီးနောက် လိန်ဟုန်ကျီ၏ တည်ရှိမှုကို အာရုံခံလိုက်မိသည်။ အစပိုင်းတွင် သူက မယုံမကြည် ဖြစ်ခဲ့ရသေး၏။ သို့သော်လည်း နောက်ဆုံးတွင် လိန်ဟုန်ကျီကို မြင်လိုက်ရသည့်အခါ သူ့ကံကောင်းမှုက နောက်တစ်ဖန် ရောက်ရှိလာကြောင်း သိလိုက်၏။
လိန်ဟုန်ကျီက စိတ်ဓာတ်ကျလွန်း၍ သွေးအန်လိုသော်လည်း ဆက်တိုက် ထွက်ပြေးရုံသာ တတ်နိုင်ပေသည်။
လိန်ဟုန်ကျီသည် သူ့လွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးလိုက်၏။ သူ ထွက်ပြေးစဉ်အတွင် သဲလွန်စ အရိပ်အယောင် ဘာမှမကျန်ရှိခဲ့ပေ။ ထန်းဟန်က နောက်ကျကျန်မနေဘဲ လိန်ဟုန်ကျီနောက်မှ အနီးကပ် လိုက်လာလေ၏။ သူက လိန်ဟုန်ကျီကို ယခု လက်လွှတ်လိုက်ရလျှင် နောင်အခါ ရှာတွေ့နိုင်တော့မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသည်။
***
“ တကယ်ကို အမှောင်ကမ္ဘာပဲ ” မိုဝူကျိက မြေကြီးပေါ် ရောက်သည်နှင့် ချက်ချင်း ခံစားမိလိုက်သည်။ သူတို့ကို အမှောင်ထုစည်းမျည်းက ဝန်းရံထားလေသည်။ တခြားစည်းမျည်းများ ရှိနေသေးသော်လည်း အမှောင်ထုစည်းမျည်းက ထိပ်တန်း ဖြစ်၏။
ဤသည်မှာ ကူချိုက်၏ မွေးရပ်မြေ ဖြစ်နိုင်သည်။ မိုဝူကျိက ကူချိုက် ပြန်လာနိုင်ရဲ့လားဟု တွေးမိသွားလေသည်။
သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီးနောက် ဤနေရာကား ရှေးဟောင်းနန်းတော် ခန်းမတစ်ခု ဖြစ်နေကြောင်း သတိထားမိလိုက်၏။ ဤနေရာနှင့် ဘေးပတ်လည် မိုင်တစ်သောင်းဝန်းကျင်တွင် အသက်ဓာတ် အရိပ်အယောင် ရှိမနေချေ။
“ ဒီနေရာကို အမှောင်ထု မူလခန်းမလို့ ခေါ်တယ်။ အမှောင်ကမ္ဘာတစ်ခုလုံးမှာ အကြီးကျယ်ဆုံး နေရာပဲ။ ဘယ်သူကမှ ဒီနေရာနဲ့ မိုင်တစ်သောင်းဝန်းကျင်ကို မချည်းကပ်ရဲကြဘူး။ မဟုတ်ရင် သူတို့တွေ သေခြင်းတရားကို ရင်ဆိုင်ရတယ် ” မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်သည်ကို မြင်၍ ထုံမင်က ရယ်မောကာ ရှင်းပြလိုက်သည်။
***