သစ်နက်
Vol. 82 Ch. 1138
“ အမှောင်ကမ္ဘာရဲ့ အမှောင်ထု မူလခန်းမက သစ်ပင်တစ်ပင် ဖြစ်ခဲ့တာလို့ ကြားဖူးတယ်။ ဒါပေမဲ့ အဖြစ်အပျက်ကြီးကြီး ကြုံပြီးတဲ့နောက် အဲဒီသစ်ပင်က ဖျက်စီးခံလိုက်ရတယ်တဲ ” လျန်ကျီက သက်ပြင်းချကာ ပြောလိုက်သည်။
ထုံမင်က ခေါင်းညိတ်ကာ
“ လျန်ကျီ ပြောတာ မှန်တယ်။ ဒီနေရာက အရင်က သစ်ပင်ကြီး ဖြစ်ခဲ့တာ အမှန်ပဲ။ အဲဒါကို သစ်နက်လို့ ခေါ်တယ်။ သစ်နက်က အမှောင်ကမ္ဘာရဲ့ပြယုတ် တစ်ခုပဲ …. သစ်နက်ရဲ့ တည်ရှိမှုက အမှောင်ကမ္ဘာရဲ့ စည်းမျည်းတွေကို ပိုရှင်းလင်းလာစေတယ်လေ။
အဲဒါကြောင့်မလို့ ဟိုးအရင်တုန်းက အမှောင်ကမ္ဘာဆီ ရောက်လာကြတဲ့ ပညာရှင်တွေ အများကြီးပဲ။ သစ်နက် ဖျက်စီးခံလိုက်ရပြီးတဲ့နောက်ကျ အမှောင်ကမ္ဘာက သစ်နက် ပြန်ပေါက်လာအောင်လို့ ဒီအမှောင်ထု မူလခန်းမကို တည်ဆောက်ခဲ့ကြတာ။ ကံဆိုးတာက နှစ်တွေအများကြီး ကြာသွားပေမဲ့ သစ်နက်က ထပ်ပြီးတော့ ပေါက်မလာတော့ဘူး ”
မိုဝူကျိက ရင်တဒိတ်ဒိတ်ဖြင့် သစ်နက် အပိုင်းအစလေးကို ထုတ်ယူလိုက်လေ၏။
“ ဒါက သစ်နက် အပိုင်းလေးလား ” မိုဝူကျိက ဘာမှမပြောနိုင်ခင် ထုံမင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“ ဟုတ်တယ် … ဒီသစ်နက်က ကျုပ်အခွင့်ကြုံလို့ ရထားတာ။ ဒီဟာကို ဘယ်လို အသက်ပြန်သွင်းရမလဲ မေးချင်လို့ ” မိုဝူကျိက သစ်နက်လေးကို ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။
သူက နည်းအမျိုးမျို ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။
ထုံမင်က သက်ပြင်းချကာ
“သစ်နက် အပိုင်းအစကို ရပြီးတော့ အမှောင်ထု မူလခန်းမအထိ ရောက်လာနိုင်တယ်ဆိုတော့ အစ်ကိုမိုက တကယ်ကံကောင်းတာပဲ … ဒါပေမဲ့ သစ်နက်က တန်ဖိုးရှိပေမဲ့ ကြီးထွားလာစေမဲ့ နည်းလမ်းတော့ မရှိဘူး။ သစ်နက် ပြန်လည် ကြီးထွားလာဖို့ ဒီအမှောင်ထု မူလခန်းမဆီ လာတာရယ်၊ ရထားတဲ့ သစ်နက်အပြင် တခြားနှစ်ခု လိုသေးတယ် ”
“ ဘာတွေလဲ ” မိုဝူကျိက မေးမြန်းလိုက်၏။
ထုံမင်က ခေါင်းခါကာ
“ သိထားလို့လည်း အကျိုးမရှိပါဘူးဗျာ။ အဲဒီပစ္စည်းတွေကို ရှာနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားကို မပြောနဲ့ ဝိဇ္ဇာတစ်ပါးတောင် အဲဒီပစ္စည်းနှစ်ခုကို အလွယ်လေး ရနိင်မှာ မဟုတ်ဘူး။ ပထမပစ္စည်းက အမှောင်ထု မူလဇာစ်မြစ် အမြုတေ …. ”
မိုဝူကျိက ထိုအရာကို ကြားလိုက်ရသည့်အခါ နှလုံးခုန်မြန်ဆန်မိသွားသည်။ သူက တစ်ခု ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ထိုနှစ်များတုန်းက ကူချိုက်နှင့် သူသည် အမှောင်ထု အမြုတေကို ရှာတွေ့ခဲ့သည်။ လက်ရှိ ထိုအရာက သူ့ကမ္ဘာထဲတွင် ဖြစ်၏။
“ အမှောင်ထု ဇာစ်မြစ်အမြုတေက စကြဝဠာကြီးထဲမှာ အရှားပါးဆုံး အမြုတေပဲ။ ကြည့်ရတာ စကြဝဠာတစ်ခုမှာ တစ်ခုပဲ ရှိလောက်တယ်။ အမှောင်ထု ဇာစ်မြစ် အမြုတေအပြင် ဟုန်မုန့်သဲလည်း လိုသေးတယ်။ အဲဒီပစ္စည်းက ရဖို့ ပိုခက်သေးတယ် … ”
ထုံမင်၏ စကားကို ကြားကာ မိုဝူကျိက စိတ်ထဲ လေးလံမိသွားသည်။ နောက်ဆုံးတွင် ခွန်းယွင်က သူ့အား သစ်နက်ပေးကာ စကားကောင်းများ ပြောခဲ့သည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။ ထိုခွန်းယွင်က ဤသစ်နက်အပိုင်းလေးသည် သေချာပေါက် များစွာ အသုံးမတည့်ကြောင်း သိနေလောက်၏။
“ တာအိုရောင်းရင်း ထုံမင်က သစ်နက်ရဲ့ အသုံးဝင်ပုံကို သိထားလား ” ကူချိုက်၏ သလင်းကျောက်မှ မိုဝူကျိသည် ထိုပစ္စည်းသည် အမှောင်ကမ္ဘာ၏ နံပါတ်တစ် ပစ္စည်းဖြစ်ကြောင်း သင်ယူခဲ့ရသည်။ အကယ်၍ သစ်နက် ပိုင်ဆိုင်ထားလျှင် ဒါမှမဟုတ် သစ်နက်အောက်တွင် ကျင့်ကြံခြင်းက သူ့အနာဂတ်ကို မတိုင်းတာနိုင်တော့သည့်အထိ ဖြစ်လာစေနိုင်သည်။
ဤတစ်ကြိမ် ပြောလိုက်သူမှာ ဟွမ်တိ ဖြစ်၏
“ အရင်က ဝိဇ္ဇာအထက်မှာ ရှိတဲ့ တည်ရှိမှုတွေအကြောင်း မေးဖူးတယ်မလား။ သဘောတရားအရဆိုရင်တော့ အဲလို တည်ရှိမှုမျိုး မရှိသင့်ဘူး။ ဘာလို့လဲဆိုတော့ အဲလိုတည်ရှိမှုမျိုးက အမှောင်နဲ့ အလင်းစည်းမျည်းနှစ်ခုလုံးကို ကျင့်ကြံထားဖို့ လိုအပ်တယ်။ အဲဒီအခါကျမှ သူတို့က စကြဝဠာရဲ့ အဆင့်ကို ကျော်လွန်သွားလိမ့်မယ်။
စည်းမျည်းတွေကို ပြန်ခွဲခြားကြည့်ရင် သဘာဝငါးမျိုး စည်းမျည်း၊ လျှပ်စီး၊ လေ၊ ရေခဲ အစရှိတာတွေက အလင်းစည်းမျည်းအောက်မှာ ရှိတယ်။ ပြီးတော့ ဝိဇ္ဇာအားလုံးက အလင်းစည်းမျည်းအောက်က စည်းမျည်းတစ်ခုခု ဒါမှမဟုတ် အများကြီးကို လေ့ကျင့်ကြတယ် …
အလင်းစည်းမျည်းကို ကျင့်ကြံတဲ့ လူတွေက အမှောင်ထုစည်းမျည်းကို မကျင့်ကြံနိုင်ကြဘူး။ အပြန်ပြန်အလှန်လှန် အတူတူပဲ …. ဒါပေမဲ့ သစ်နက်က အမှောင်ထုရဲ့ အဆင့်မြင့်ဆုံး စည်းမျည်းတွေ ပါဝင်နေတယ်။ ကောလဟာလတွေအရတော့ သစ်နက်ကို ရထားတဲ့သူက အလင်း အမှောင် စည်းမျည်းနှစ်မျိုးလုံးကို ဆက်တိုက် ကျင့်ကြံနိုင်စွမ်း ရှိတယ်တဲ့။ သူတို့က သူတို့ကမ္ဘာထဲမှာ စည်းမျည်းအမျိုးအစား နှစ်ခုလုံးကို မွေးထုတ်ပေးနိုင်လိမ့်မယ်။
အဲဒါကြောင့် လူတစ်ယောက်က သစ်နက်ကို ပိုင်ဆိုင်ထားရင် ဝိဇ္ဇာအဆင့်ကို ကျော်ပြီး စကြဝဠာရဲ့ ထိပ်သီးမှာ ရပ်နေနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ကံဆိုးတာက သစ်နက်လည်း ကွယ်ပျောက်သွားတယ်။ ခင်ဗျားဆီမှာ သစ်နက် အပိုင်းအစလေး ရထားပေမဲ့ အသုံးမဝင်သေးဘူး ”
မိုဝူကျိက ထိုအရာကို ကြားကာ ရင်ထဲ ဘုရားပွဲလှည့်သလို နှလုံးခုန်နှုန်းတွေ ဆူညံနေလေ၏။
အလင်းစည်းမျည်းကို ကျင့်ကြံသူက အမှောင်ထု စည်းမျည်းကို မကျင့်ကြံနိုင်ဘူးတဲ့လား …. သူက နှစ်မျိုးလုံး ကျင့်ကြံနိုင်တာ မဟုတ်ဘူးလား
အကယ်၍ ဟွမ်တိ စကားများသာ အမှန်ဖြစ်နေလျှင် ကြောက်မက်ဖွယ် လျို့ဝှက်ချက်ကြီး ဖြစ်ပေမည်။ အကယ်၍ ဤကိစ္စသာ ပေါက်ကြားသွားခဲ့လျှင် ဝိဇ္ဇာအားလုံးက သူ့အား အမဲလိုက်ကြလိမ့်မည်။
မိုဝူကျိက စိတ်ပျက်လက်ပျက် အမူအယာဖြင့် သစ်နက်ကို ပြန်သိမ်းထားလိုက်ရင်း “ ဒီလိုဆိုတော့လည်း မတတ်နိုင်ဘူးပေါ့ ”
အကယ်၍ သူသာ ဟုန်မုန့်စွမ်းအင် ရရှိလျှင် အမှောင်ကမ္ဘာဆီ ပြန်လာပြီး သစ်နက်ကို ကြီးထွားလာအောင် လုပ်ဖို့ ဆုံးဖြတ်ထားလိုက်သည်။
သစ်နက်အပိုင်းလေးကို သိမ်းဆည်းပြီးနောက် မိုဝူကျိက သူတို့ သတ္တကမ္ဘာဆီ မည်သို့ သွားမည်ကို မေးလိုပေသည်။ ထိုစဉ် သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက ရုတ်ချည်း မရင်းနှီးသေးသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။ သူက သူ့သတ္တကမ္ဘာ လက်ချောင်းပညာရပ်သည် အဆင့်တက်တော့မည် ဖြစ်ကြောင်း ခံစားမိလာသည်။
သတ္တကမ္ဘာ လက်ချောင်းပညာရပ်က ကမ္ဘာနှစ်ခုနှင့် ဆက်စပ်နေပေသည်။ ယခု သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက အမှောင်ကမ္ဘာအတွင်း အဆင့်ချိုးဖောက်နိုင်ခြေကို ခံစားမိလိုက်ပြီ ဖြစ်ရာ သူ့အနေနှင့် လက်လွှတ်ခံမည် မဟုတ်ချေ။
လက်တွေ့၌ သူ့စတုတ္ထမြောက် လက်ချောင်းပညာရပ်သည် ဟွမ်တိနှင့် ရင်ဆိုင်နေစဉ်အတွင်း အဆင့်တက်တော့လုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း ချိုးဖောက်ခြင်းက သူ့သေခြင်းရှင်ခြင်း ကမ္ဘာအပေါ်တွင် မူတည်နေသေး၏။ မိုဝူကျိက သူသည် တစ်ခုခု လိုအပ်နေကြောင်း အမြဲခံစားနေမိခဲ့သည်။
ဤလက်ရှိ ချိုးဖောက်မှုက သူ့စတုတ္ထမြောက် သတ္တကမ္ဘာ လက်ချောင်းပညာရပ်အား ပြီးပြည့်စုံလာမည် ဖြစ်၏။
“ ဒီလိုဆိုမှတော့ အပြိုအပျက်ကမ္ဘာဆီ သွားကြရအောင် ” ဟွမ်တိက မိုဝူကျိအား ကြည့်ကာ ပြောလိုက်သည်။
သူက သတ္တဗုဒ္ဓကျိုင်း ထိမှန်ထားပြီး ကျင့်ကြံဆင့်ကို ဖိနှိပ်ခံထားရလေရာ သူ့ဒဏ်ရာများက ပြန်ကောင်းလာဖို့နှင့် အလှမ်းဝေးနေသေး၏။ ပြောရမည်ဆိုလျှင် သူက သူတို့အုပ်စုကြား အားအနည်းဆုံး ဖြစ်နေသည်။ အစက သူသည် ကမ္ဘာကြီးထဲ၌ အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအခါ အဖွဲ့ထဲ အားအနည်းဆုံး ဖြစ်နေရှာသည်။ ဝိဇ္ဇာဟောင်းတစ်ယောက်အနေနှင့် ဟွမ်တိက စိတ်ဓာတ်ကျနေမိ၏။
ထုံမင်တို့လည်း မိုဝူကျိကို ကြည့်လိုက်သည်။ မိုဝူကျိက သူတို့အဖွဲ့ခေါင်းဆောင် ဖြစ်သောကြောင့် သူ့ညွှန်ကြားချက်အတိုင်း လိုက်နာကြမည်သာ ဖြစ်ပေသည်။
မိုဝူကျိက မေးလိုက်၏ “ တာအိုရောင်းရင်း ထုံမင် … ဒီနေရာက အန္တရာယ်ကင်းတယ်မလား ”
ထုံမင်က ခေါင်းညိတ်ကာ
“ အစ်ကိုမို စိတ်ချနေပါ။ ကျုပ်တို့က အာကာပြင် ကူးသန်းရေး အစီအရင်ကနေ ဝင်လာတာဆိုတော့ ကျုပ်တို့ ဒီမှာ ရှိနေတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့တွေ ဒီကနေ ထွက်သွားလို့ မဖြစ်ဘူး။ တကယ်လို့ ထွက်သွားလိုက်ရင် လွတ်မြောက်ဖို့ ခက်သွားလိမ့်မယ်။ ဒီနေရာရဲ့ မိုင်တစ်သောင်းဝန်းကျင်မှာ သက်ရှိ အရိပ်အယောင် မရှိတာက ချည်းကပ်လာတဲ့သူတိုင်း သေခြင်းတရားနဲ့ ရင်ဆိုင်ရလို့ပဲ ….
ကျုပ်တို့တွေက သတ္တကမ္ဘာကျောက်တုံးဆီ သွားဖို့ ဒီနေရာက ထွက်သွားဖို့ မလိုတာ ကံကောင်းသွားတယ်။ ဒီအမှောင်ကမ္ဘာကနေ သတ္တကမ္ဘာကျောက်တုံးဆီ သွားနိုင်တဲ့ ကူးသန်းရေး အစီအရင် ရှိတာကို တော်တော်များများ သိကြတယ်။ ဒါပေမဲ့ တည်နေရာအတိအကျ သိတာက လက်တစ်ဖက်စာတောင် မပြည့်ဘူး။ ကျုပ် အဲဒီလူထဲက တစ်ယောက်ဖြစ်နေတာ ကံကောင်းသွားတယ် ”
ထုံမင်က အနည်းငယ် ကျေနပ်အားရစွာ ပြောလိုက်သည်။ သတ္တကမ္ဘာ ကျောက်တုံးဆီ သွားနိုင်သည့် ကူးသန်းရေး အစီအရင်မှာ အင်မတန် အသုံးဝင်ပေသည်။
“ကျုပ် ကိစ္စတချို့လေးကြောင့် အမှောင်ထု မူလခန်းမကနေ ခဏ ထွက်သွားဖို့ လိုတယ်။ ရက်ပိုင်းလေးအတွင်း ပြန်လာခဲ့မယ်။ အားလုံး ကျုပ်ကို စောင့်ပေးဖို့ မျှော်လင့်ပါတယ် ” မိုဝူကျိက သူ့သတ္တကမ္ဘာ လက်ချောင်းပညာရပ်သည် အမှောင်ကမ္ဘာအတွင်း အဆင့်တက်တော့မည် ဖြစ်ကြောင်း ခံစားမိလိုက်သောကြောင့် ယခု ထွက်သွားလိုသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။
ထုံမင်က အမူအယာ ပျက်ယွင်းစွာဖြင့်
“ အစ်ကိုမို တကယ်လို့ ဒီနေရာကနေ ထွက်သွားရင် အမှောင်ကမ္ဘာရဲ့ ပညာရှင်တွေက သေချာပေါက် သတိထားမိလိမ့်မယ်။ နောင်ကျ ကျုပ်တို့တွေ ဒီနေရာကို တိတ်တိတ်လေး ဖြတ်သွားဖို့ ခက်ခဲလာလိမ့်မယ်နော် ”
မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ
“ တာအိုရောင်းရင်းထုံမင် စိတ်ချနေပါ။ ကျုပ် ထွက်သွားချင်ရင် အမှောင်ကမ္ဘာရဲ့ ပညာရှင်တွေလည်း ဘာမှသိလိုက်မှာ မဟုတ်ပါဘူး ”
ထုံမင်က မိုဝူကျိသည် အမှောင်ကမ္ဘာ ပညာရှင်များအား လျော့တွက်နေကြောင်း သိလိုက်၍ “ ဒီလိုဆိုမှတော့ အစ်ကိုမို သွားလိုက်ပါ။ ကျုပ်တို့တွေ ဒီနေရာကနေ စောင့်နေပါ့မယ် ”
“ ကောင်းပြီ … ကျုပ် မကြာခင် ပြန်လာခဲ့မယ် ” ထိုသို့ပြောပြီးနောက် မိုဝူကျိ၏ ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိ ထွက်သွားပြီးနောက် ဟွမ်တိက တည်တည်ငြိမ်ငြိမ် မေးလိုက်သည် “ ထုံမင် … အစ်ကိုမိုကို အဲဒီအမှောင်ကမ္ဘာက ပညာရှင်တွေ ရှာတွေ့မယ်လို့ ထင်နေတာလား ”
ထုံမင်က ကူကယ်ရာမဲ့စွာဖြင့်
“ အင်း …. ဒါပေမဲ့ အစ်ကိုမိုက ငါတို့ ခေါင်းဆောင်လေ။ သူ့ဆုံးဖြတ်ချက်ကို ဘယ်လိုလုပ် ဆန့်ကျင်နိုင်မှာလဲ ”
လက်တွေ့၌ ထုံမင်က မိုဝူကျိသည် ဤသင်ခန်းစာမှ သင်ယူနိုင်လျှင် ပိုကောင်းသည်ဟု ယုံကြည်ထားသည်။ မိုဝူကျိသည် သူကိုယ်သူ ထင်ထားသလောက် အားမကြီးကြောင်း သင်ယူပြီးသည့်အခါမှ သူ ထုံမင်၏ စကားများကို အလေးထားမည် ဖြစ်၏။
ထုံမင်က မိုဝူကျိသည် သေချာပေါက် ရှာတွေ့ခံရလိမ့်မည်ဟု ယုံကြည်ထားလေ၏။ မိုဝူကျိက အင်အား မလုံလောက်၍ မဟုတ်ဘဲ အမှောင်ကမ္ဘာ၏ စည်းမျည်းများက ကွဲပြား၍ ဖြစ်သည်။
အမှောင်ကမ္ဘာ စည်းမျည်းအောက်တွင် မိုဝူကျိ၏ ဖုံးကွယ်ရေး ပညာရပ်များက မည်မျှပင် ကျွမ်းကျင်နေစေကာမူ သေချာပေါက် ရှာတွေ့သွားမည်သာ ဖြစ်၏။
***
နာရီများစွာ ကျော်လွန်သွားပြီးနောက် ထုံမင်နှင့် ဟွမ်တိတို့က အချင်းချင်း အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြသည်။ အချိန်ကြာမြင့်လာပြီ ဖြစ်သော်လည်း အပြင်ဘက်၌ အနှောင့်အယှက် ရှိမလာသေးပေ။ ထို့အပြင် မိုဝူကျိ၏ အရိပ်အယောင်လည်း မရှိတော့ချေ။ ဆိုလိုသည်မှာ မိုဝူကျိက ဤနယ်ပယ်တစ်ဝှက်မှ ထွက်ခွာသွားပြီးပြီ ဖြစ်၏။
မိုဝူကျိကို ရှာမတွေ့တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ….
ဟွမ်တိက နှစ်ယောက်အနက် အနည်းငယ် ခံစားချက် ပိုကောင်းသွားသည်။ သူ့ဝိညာဉ်အမှတ်အသားမှာ မိုဝူကျိ လက်ထဲ ရှိသည့်အတွက် မိုဝူကျိ ပိုအားကောင်းလာလျှင် သူ့အတွက် ပိုကောင်းလေလေ ဖြစ်၏။
တစ်ဖက်တွင် ထုံမင်က အနည်းငယ် အထိတ်တလန့် ဖြစ်မိသွားသည်။ သူက မိုဝူကျိအပေါ် နားလည်နိုင်စွမ်းမှာ အရမ်းနည်းနေသေးကြောင်း သိလိုက်ရ၏။ သူက ဝိညာဉ်သွေး အမှတ်အသား ဖွဲ့နှောင်ထားပြီးပြီ ဖြစ်၏။
ထိုအရာက အမှန်တကယ် ရွေးချယ်မှုကောင်းလား …
***
မိုဝူကျိက အမှောင်ထု စည်းမျည်းကို ကျင့်ကြံရုံသာမက သန္ဓေပြောင်းလဲရေး ပညာရပ်လည်း ပိုင်ဆိုင်ထားသည်။ အကယ်၍ သူ့ကို ရှာတွေ့သွားလျှင် သူ့ညံ့ဖျင်းမှုကိုသာ အပြစ်တင်ရပေမည်။
ထိုစဉ် မိုဝူကျိက အမှောင်ထု မူလခန်းမနှင့် ဝေးရာ လူသူကင်းမဲ့သည့် နေရာကျယ်ကျယ်တစ်ခုဆီ ရောက်ရှိနေသည်။ သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းမှာ အသိအမြင်အသစ်များ ပြည့်နေပြီ ဖြစ်၍ ဆက်လက် လေ့လာစရာ မလိုတော့ပေ။
သူက ထိုနေရာ ရောက်လာသည်နှင့် လက်ချောင်းတစ်ချောင်းဖြင့် ချိန်ရွယ်ကြည့်လိုက်သည်။
သတ္တကမ္ဘာ လက်ချောင်းပညာရပ် စတုတ္ထမြောက် တိုက်ကွက် - ယင်ယန်
မိုးမြေ၊ ဖန်ဆင်းမှုအားလုံးနှင့် ယင်ယန်တို့ ပြောင်းလဲစမ်း ….
နေရာတစ်ခုလုံး၌ ကြီးကျယ်ခမ်းနားဖွယ် အငွေ့အသက်များ ဖုံးလွှမ်းသွားကာ ဘေးပတ်ဝန်းကျင်ရှိ စည်းမျည်းအားလုံး စုတ်ဖြဲခံလိုက်ရသည်။ ထို့အပြင် အမှောင် စည်းမျည်းအတွင်းရှိ အလင်းစည်းမျည်းများက စတင်၍ ပိုမို ရှင်းလင်းလာသည်။ ထိုစဉ် အာကာပြင် စည်းမျည်းများပင် အပြည့်အဝ ပြောင်းလဲကုန်၏။ အကယ်၍ တစ်ယောက်ယောက်သာ ထိုနေရာ၌ ရှိနေခဲ့လျှင် ယင်ယန် စည်းမျည်းကြောင့် တစစီ ဖြစ်သွားပေမည်။
သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းအထက်တွင် ယင်ယန်အဆင့် ရှိနေ၏။ နေရာရှိ အသက်ဓာတ်အားလုံးမှာ နှစ်မျိုးကွဲထွက်သွားကာ တစ်မျိုးမှာ ယင်စွမ်းအား ဖြစ်ပြီး တစ်မျိုးကား ယန်စွမ်းအား ဖြစ်၏။ အရာအားလုံးမှာ စတင်၍ ပျက်စီးလာသည်။
မိုဝူကျိက ထိုလက်ချောင်း ရလဒ်ကို အပြည့်အဝ ပုံဖော်၍ မပြီးခင် သူ့စိတ်ထဲ နောက်ထပ် လက်ချောင်းတစ်ချောင်း ထပ်ပေါ်လာ၏။
ဤသည်မှာ ပဉ္စမမြောက် ဖြစ်သည့် ဖန်ဆင်းမှု ဖြစ်နေသည်။ နောက်ဆုံးတွင် မိုဝူကျိက နားလည်သဘောပေါက်သွားလေ၏။ ကြည့်ရသည်မှာ သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက စတုတ္ထမြောက် ယင်ယန်တိုက်ကွက်ကို အာရုံခံမိခြင်း မဟုတ်ဘဲ ပဉ္စမမြောက် တိုက်ကွက် ဖန်ဆင်းမှု ဖြစ်နေ၏။ အပြန်အလှန်အားဖြင့် ထိုလက်ချောင်းနှစ်ချောင်းမှာ ဆက်နွယ်နေပေသည်။
***