ပဉ္စမမြောက် လက်ချောင်းပညာရပ် ဖန်ဆင်းခြင်း
Vol. 82 Ch. 1139
မိုဝူကျိက အတွေးတစ်ချက်ဖြင့် ပဉ္စမမြောက် လက်ချောင်းကို ထုတ်ဖော်လိုက်သည်။
မိုးမြေက မကြင်နာတတ်ပေ။ ဖန်ဆင်းမှုအပေါင်းက သူတို့နောက်လိုက်ခွေးသာ ဖြစ်၏။
မငြိမ်မသက် ဖြစ်နေသည့် စည်းမျည်းတို့က ချက်ချင်း တည်ငြိမ်လာသည်။ သူ့စတုတ္ထမြောက် ယင်ယန်၏ ဖျက်စီးမှုကို ခံလိုက်ရသည့် အာကာပြင်စည်းမျည်းတို့မှာလည်း နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။
မြက်ရိုင်းတို့က ခြောက်သွေ့မှု တုံဆိုင်းရပ်တန့်သွားပြီး ခမ်းခြောက်သွားသော မြစ်က ခမ်းခြောက်မှု ရပ်တန့်သွားသည်။
ဖန်ဆင်းခြင်းက သူ့လက်ချောင်း၏ ထိန်းချုပ်မှုအတွင်း ရှိနေသည်။ ထိုလက်ချောင်းအောက်တွင် အသက်ဓာတ်များက ပြန်လည် ပြည့်ဝလာပြီး ယခင်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေ၏။ အမျိုးမျိုးစည်းမျည်းတို့မှာလည်း ထိုလက်ချောင်း ထိန်းချုပ်မှုအောက် ရှိနေသည်။
မိုဝူကျိက လေထဲတွင် ရပ်နေရင်း ကြောင်အမ်းအမ်း ကြည့်လိုက်၏။ သူက လေအေးများ မှုတ်ထုတ်လိုက်သည်။
သတ္တကမ္ဘာ လက်ချောင်းပညာရပ်၏ ပဉ္စမမြောက်တိုက်ကွက်သည် ဖျက်စီးရေး တိုက်ခိုက်မှု မဟုတ်ချေ။ ထို့အစား တိုက်ကွက်များ၏ ဖျက်စီးစွမ်းအားကို ရပ်တန့်ပေးနိုင်သော ပညာရပ် ဖြစ်နေသည်။ ပြောရမည်ဆိုလျှင် သူ့လက်ချောင်း မရပ်တန့်သရွေ့ အပျက်အစီးများကို ပြန်လည် ပျက်ပြယ်စေနိုင်သည်။
မိုဝူကျိက အချိန် နောက်ပြန်ဆုတ်နိုင်လားတော့ မသိသေးချေ။ အကယ်၍ လုပ်နိုင်လျှင်ပင် ယခု သူ့အနေနှင့် မလုပ်နိုင်သေးပေ။
သို့သော်လည်း မိုဝူကျိက ယခင်နဂိုအခြေအနေအတိုင်း ပြန်ဖြစ်သွားအောင် ပြောင်းလဲနိုင်မည့် ပညာရပ်သည် ဖျက်စီးရေး ပညာရပ်များထက် ပိုများစွာ ခက်ခဲကြောင်း သိပေသည်။
ပဉ္စမမြောက် လက်ချောင်းကို ထုတ်ဖော်ပြီးနောက် ဖျက်စီးခံလိုက်ရသည့် အရာအားလုံးမှာ နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေ၏။
ယင်ယန် လက်ချောင်းကြောင့် ပျက်စီးသွားသည့် နေရာကို ကြည့်ကာ မိုဝူကျိက ရေရွတ်လိုက်၏ “ ဒါက ဖန်ဆင်းမှုနောက်ကွယ်က အစစ်အမှန် အဓိပ္ပါယ်ကိုး ”
အလုံးစုံ ဖန်ဆင်းမှုက ဖန်ဆင်းမှုအားလုံးကို ဖျက်စီးပစ်ခြင်း မဟုတ်ပေ။ ထို့အစား ဖန်ဆင်းမှုအားလုံးကို ပြန်လည် ရှင်သန်စေခြင်းသာ ဖြစ်၏။ အလုံးစုံ ဖန်ဆင်းမှုက မဟာကျိန်စာ ပညာရပ်ကဲ့သို့ အသက်များကို အဆုံးသတ်ကာ စည်းမျည်းများကို ဖျက်စီးပစ်နိုင်သော်လည်း မိုဝူကျိက ထိုနည်းလမ်းဖြင့် အသုံးပြုမည် မဟုတ်ချေ။ သူ့တွင် ဖျက်စီးရေး ပညာရပ်များ ပေါများနေလေရာ မဟာဖျက်စီးရေး ပညာရပ်တစ်ခုတည်းဖြင့် ကမ္ဘာတစ်ခုကို ဖျက်စီးပစ်နိုင်လေသည်။ ဘာကြောင့်များ အလုံးစုံ ဖန်ဆင်းမှုကို ထိုအရာအတွက် အသုံးပြုရမည်နည်း။
သူ့အတွက် အလုံးစုံ ဖန်ဆင်းမှု တန်ဖိုးမှာ မဟာဖျက်စီးရေး ပညာရပ်အောက် မနိမ့်ကျပေ။
မိုဝူကျိက သူ့ဆဌမမြောက်နှင့် သတ္တမမြောက် လက်ချောင်းပညာရပ်တို့မှာ မည်မျှ အားကောင်းကြောင်း မသိသေးသော်လည်း ယခု ပဉ္စမမြောက် လက်ချောင်းပညာရပ်ထက် ပိုမကောင်းနိုင်ကြောင်း ယုံကြည်မိသည်။
အစတုန်းက သူသည် သတ္တကမ္ဘာ လက်ချောင်းပညာရပ်အပေါ် ပြန်လည် တွေးတောကြည့်ဖို့ ရက်များစွာ လိုလိမ့်မည်ဟု ထင်ခဲ့မိသည်။ မိုဝူကျိက မြန်မြန်ဆန်ဆန် အဆုံးသတ်သွားလိမ့်မည်ဟု မထင်မိချေ။
မိုဝူကျိက မြေပြင်ပေါ် ပြန်ဆင်းသက်လာလိုက်၏။ ယခု သူတို့ သတ္တကမ္ဘာ ကျောက်တုံးဆီ သွားနိုင်လေပြီ။
***
မိုဝူကျိ အမှောင်ထု မူလခန်းမဆီ ဝင်လာသည့်အခါ ခန်းမတံခါး အပြင်ဘက်တွင် သံဖြင့် စွဲနေအောင် ရိုက်ထားခံရသည့် လူတစ်ယောက်ကို မြင်လိုက်ကာ ထိတ်လန့်မိသွား၏။
သူက ဤနေရာအား စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ခဲ့ပေသည်။ အမြင်နှင့်တင် ထိုနေရာရှိ ဖုံးကွယ်ရေး အစီအရင်မှာ မရိုးရှင်းကြောင်း သိသာလေသည်။ သာမာန်အမြင်နှင့် မြင်နိုင်သော်လည်း စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်၍ မရပေ။
သံရိုက်ခံထားရသူမှာ အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း မှုန်ဝါးဝါး မြင်လိုက်ရသည်။ သူမ မည်မျှကြာကြာ ရှိနေသည်ကိုတော့ မသိပေ။ သူမ အရေပြားနှင့် ကြွက်သားများကို မဆိုထားနှင့် အရိုးများပင် အနက်ရောင် ပြောင်းနေပြီ ဖြစ်၏။
ထိုအမျိုးသမီး၏ ဦးခေါင်းမှာ ပခုံးထက် ငိုက်စိုက်ကျနေပြီး သေနေသည်မှာ ကြာမြင့်လှဟန် ပေါ်သည်။
သို့သော်လည်း မိုဝူကျိက သူမ မသေသေးကြောင်း သိ၏။ အကြောင်းမှာ ထိုအမျိုးသမီး၏ အားနည်းလှသည့် ဝိညာဉ်ကို လောင်ကျွမ်းပစ်နေသည့် ဝိညာဉ်မီးတောက် တစ်ခု ရှိနေသည်။ အကယ်၍ သူမ ဝိညာဉ်ပျောက်ကွယ်သွားမည်ကို တမင်တားဆီးထားသည့် အစီအရင်ကြောင့်သာ မဟုတ်လျှင် သူမ သေနေသည်မှာ ကြာမြင့်လောက်လေပြီ။
ရက်စက်လိုက်တဲ့ အပြစ်ဒဏ် …
ဤသည်မှာ မိုဝူကျိအတွက် ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။
မိုဝူကျိက ခေါင်းခါလိုက်သည်။ ဤအမှောင်ထု မူလခန်းမသည် သူ့အတွက် အတော်လေး အရေးကြီးပေသည်။ နောင်အနာဂတ်၌ သူက သစ်နက်ကို ပြန်လည် ကြီးထွားလာအောင် လုပ်ဖို့ ဤနေရာသို့ ပြန်လာဖို့ လိုအပ်နေသေး၏။ သူ့အနေနှင့် ဤကိစ္စ၌ ဝင်မပါသင့်ပေ။ သူ့ကို မည်သူမှ မတွေ့သေးသော်လည်း ထိုအမျိုးသမီးကို ထိလိုက်သည်နှင့် ချက်ချင်း တွေ့သွားမည် ဖြစ်ကြောင်း သေချာသိနေသည်။
ထို့အပြင် သူက ထိုအမျိုးသမီးသည် အဘယ်ကြောင့် ဝိညာဉ်မီးတောက်ဖြင့် နှိပ်စက်ခံနေရမှန်း မသိသေးချေ။
***
“ ပြောတော့ ရက်နည်းနည်းကြာမယ်လေ။ ပြန်လာတာ စောလှချည်လား ” ထုံမင်နှင့် ဟွမ်တိတို့က မိုဝူကျိ တစ်ယောက် အမှောင်ထု မူလခန်းမဆီ ပြန်လည် ဝင်ရောက်လာစဉ် ထိုင်ခါစ ဖြစ်၏။ သူတို့က မိုဝူကျိ ပြန်ဝင်လာသည်ကို မြင်သည်အခါ ထုံမင်က တအံ့တဩ မေးလိုက်သည်။
မိုဝူကျိက ထုံမင် တွေးနေသည်ကို မည်သို့ မသိဘဲ နေမည်နည်း။ သူက ရှင်းပြနေမည် မဟုတ်ပေ။ ထို့ကြောင့် သူက ပြန်ဖြေပေးလိုက်သည် “ ဟွမ်တိ …. ဒီကို လာခဲ့ဦး။ ကျုပ် ခင်ဗျားအတွက် သတ္တဗုဒ္ဓကျိုင်းကို ဖယ်ပေးမယ် ”
“ အစ်ကိုမိုကို ကျေးဇူးတင်ပါတယ် ” ဟွမ်တိက မိုဝူကျိသည် သူ့အား သတ္တဗုဒ္ဓကျိုင်း ကူ၍ ဖယ်ပေးမည့်အကြောင်း ကြားသောအခါ သူ့စိတ်ထဲ ပျော်ရွှင်မိသွားသည်။
ယခင် မိုဝူကျိက သူ့အား သတ္တဗုဒ္ဓကျိုင်း ဖယ်ရှားပေးနိုင်သည်ဟု ပြောခဲ့ဖူးသည်။ မိုဝူကျိက နောက်တစ်ခေါက် ပြန်မပြောတော့သည့်အတွက် သူလည်း မမေးခြင်း ဖြစ်၏။
ထုံမင်က မိုဝူကျိသည် အပြင်ဘက်၌ ဘာသွားလုပ်ပြီး အချိန်တိုအတွင်း ပြန်ရောက်လာသည့်အကြောင်းကို မသိပေ။ မိုဝူကျိက မပြောသောကြောင့် သူက ဤသို့ ပြောရုံသာ တတ်နိုင်ပေသည်
“ ကျုပ်က ဟွမ်တိရဲ့ သတ္တဗုဒ္ဓကျိုင်းကို ကြည့်ပြီးပြီ။ အဲဒါက သူ့တာအိုအုတ်မြစ်ထဲအထိ စိုက်ဝင်နေတာ …. တကယ်လို့ အမှားလုပ်လိုက်မိရင် သူ့တာအိုအခြေခံအုတ်မြစ် ဖျက်စီးခံရလိမ့်မယ်။ သူ့တာအို အုတ်မြစ် မဖျက်စီးခံလိုက်ရရင်တောင် တာအိုရောင်းရင်း ဟွမ်တိက နောက်တစ်ခေါက် ဒဏ်ရာအပြင်းအထန် ရသွားပြီးတော့ ဝိဇ္ဇာအဆင့် ပြန်မရောက်နိုင်တော့တာ ဖြစ်နိုင်တယ် ”
“ ကျုပ် သိပါတယ် ” မိုဝူကျိက ခေါင်းညိတ်ပြကာ လက်ကိ သတ္တဗုဒ္ဓကျိုင်းပေါ် တင်ထားလိုက်သည်။
အကယ်၍ သူ မသိလျှင် သတ္တဗုဒ္ဓကျိုင်းကို ဆွဲနှုတ်ပြီးသည်မှာ ကြာမြင့်လောက်လေပြီ။ ယခင် ဟွမ်တိအား သတ္တဗုဒ္ဓကျိုင်း ဖယ်ပေးနိုင်ကြောင်း ပြောခဲ့စဉ်က သူတို့က ဘက်မတူသေးပေ။ သူတို့က တစ်ဖက်တည်း မဟုတ်သည့်အပြင် ဟွမ်တိက ကျီလီအား ဒဏ်ရာရစေထားသောကြောင့် သူ မိုဝူကျိက ဟွမ်တိ၏ တာအိုအုတ်မြစ် ပျက်စီးခြင်း၊ မပျက်စီးခြင်းကိစ္စအပေါ် အာရုံမရှိနေချေ။
သို့သော် ယခုကား ကွဲပြားသွားလေပြီ။ ဟွမ်တိက သူ့အဖွဲ့ဝင် ဖြစ်၏။ ထို့ကြောင့် သတ္တဗုဒ္ဓကျိုင်းကို မဖယ်ရသေးခြင်း ဖြစ်ပေသည်။ ယခု သူက သတ္တဗုဒ္ဓ လက်ချောင်းပညာရပ်၏ ပဉ္စမမြောက် အလုံးစုံ ဖန်ဆင်းခြင်းကို နားလည်သဘောပေါက်ထားပြီ ဖြစ်ရာ သတ္တဗုဒ္ဓကျိုင်းအား ဟွမ်တိ၏ တာအိုအုတ်မြစ် အထိအခိုက်မရှိဘဲ ဖယ်ရှားပစ်ဖို့ ယုံကြည်ချက် ရှိလာသည်။
“ အစ်ကိုမို လုပ်လိုက်ပါ ” ဟွမ်တိက သတ္တဗုဒ္ဓကျိုင်းကြောင့် ခံစားနေရသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ စိတ်မရှည်တော့ပေ။ ထို့အပြင် သူက မိုဝူကျိ၏ စွမ်းရည်များကို မြင်တွေ့ထားပြီးလေပြီ။ မိုဝူကျိက သူ လုပ်နိုင်သည်ဟု ပြောသောကြောင့် သူက မိုဝူကျိအား လုပ်ခွင့် ပြုလိုက်မည်။
ထို့အပြင် သူ့ဝိညာဉ်အမှတ်အသားက မိုဝူကျိ လက်ထဲတွင် ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူက ဝိဇ္ဇာတစ်ပါးကဲ့သို့ စွမ်းရည်မျိုး ပြန်လည် ရလာအောင် ပြင်းထန်သည့် စိတ်ဆန္ဒတော့ မရှိတော့ချေ။
အကယ်၍ လူတစ်ယောက်၏ ဝိညာဉ်အမှတ်အသားက ထိန်းချုပ်ခံနေရလျှင် ဝိဇ္ဇာတပိုင်းနှင့် ဝိဇ္ဇာအဆင့်ကြား ကွာခြားချက်ရှိမည်လား …
မိုဝူကျိက ဟွမ်တိ တွေးနေသည့်အကြာင်းကို မသိပေ။ သူက သတ္တဗုဒ္ဓကျိုင်းအား ဆွဲလိုက်သည်နှင့် သူ့အလုံးစုံ ဖန်ဆင်းမှု တာအိုစည်းမျည်းတို့က စတင် စီးဆင်းလာသည်။ စည်းမျည်းများအားလုံးက သူ့အလိုလို ပြန်လည် တည်ဆောက်နေကြ၏။
နွေဦးနှင့်အတူ ဖန်ဆင်းမှုအားလုံးက အသက်ပြန်ဝင်လာကြသည်။
ထိုစဉ် မိုဝူကျိက သတ္တဗုဒ္ဒကျိုင်းကို ဆွဲနှုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ဟွမ်တိ၏ ပျောက်ကွယ်သွားပြီ ဖြစ်သော လှည့်ပတ်ရေး လမ်းကြောင်းများက တဖန် ပြန်လည် လှည့်ပတ်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ နတ်ဝိညာဉ်စွမ်းအားတို့မှာလည်း ဟွမ်တိ ခန္ဓာကိုယ်အတွင်း စီးဝင်သွားလေ၏။ မိုဝူကျိက ဆေးလုံးတချို့ ထုတ်ကာ အမှုန့်အဖြစ် ချေလိုက်ပြီး ဟွမ်တိပေါ် ဖြူးချလိုက်သည်။
အသက်ဆယ်ရှိုက်စာအတွင်း ဟွမ်တိ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ တဖန် ပြန်လည် ကြီးထွားလာလေ၏။
အမွေးတိုင်ဝက်စာ ကြာမြင့်သွားပြီးနောက် ဟွမ်တိက ယခင်လို ရှုံ့တွနေသည့် သွင်ပြင် မဟုတ်တော့ချေ။
“ အစ်ကိုမို ကျေးဇူးအများကြီး တင်ပါတယ် ” ဟွမ်တိက လက်နှစ်ဖက် ယှက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဤတစ်ကြိမ်၌ အမှန်တကယ် ကျေးဇူးတင်နေမိသည်။ မိုဝူကျိက သူ့တာအိုအုတ်မြစ်ကို မပျက်မစီး ကျန်ရှိစေရုံသာမက သတ္တဗုဒ္ဓကျိုင်းကိုလည်း စည်းမျည်းတစ်ခုမှ ထိခိုက်မှုမရှိဘဲ ပြန်လည် ထုတ်ယူနိုင်ခဲ့သည်။
မိုဝူကျိက လက်ဝေ့ပြကာ “ ကျုပ်တို့က တစ်ဖက်တည်းပဲလေ။ ဘာမှမဟုတ်ပါဘူး ”
ထိုသို့ပြောပြီးနောက် သတ္တဗုဒ္ဓကျိုင်းကို သူ့လူသားကမ္ဘာထဲ ပို့လွှတ်လိုက်သည်။ သူက လျူဝမ်၏ ကျိုင်းကို စိတ်မဝင်စားသော်လည်း ဤသည်မှာ သတ္တဗုဒ္ဓကျိုင်း အစစ်အမှန် ဖြစ်၏။ ဤအရာက မိုဝူကျိအတွက် တန်ဖိုးရှိ၍ ဟွမ်တိအား ပေးဖို့ရာ မရည်ရွယ်ထားပေ။
အကယ်၍ တန်ဖိုးမရှိလျှင် ထောင်ထျဲ့အိုးနှင့် အလဲအလှယ် လုပ်၍ ရမည် မဟုတ်ချေ။ ဝိဇ္ဇာတစ်ပါးကို မလှုပ်သာအောင် လုပ်ထားနိုင်သည် မဟုတ်ပါလော။
ထုံမင်က မိုဝူကျိအား ကြောင်အမ်းအမ်း ကြည့်နေမိသည်။ အချိန်တချို့ကြာပြီးနောက် သူက ပြောလိုက်၏
“ အစ်ကိုမို ဘယ်လိုလုပ်လိုက်တာလဲ။ စောစောလေးက သုံးသွားတဲ့ ပညာရပ်မှာ ဖန်ဆင်းမှုအားလုံးကို အသက်ပြန်သွင်းနိုင်တဲ့ တာအိုစည်းမျည်းမျိုး ရှိနေသလိုပဲ … ဘယ်လို ပညာရပ်မျိုးလဲ။ အားသစ်လောင်း ပညာရပ်လား … ဒါပေမဲ့ အဲဒီလိုနဲ့လဲ မတူဘူး ”
“ အချိန်ကျလာတဲ့အခါက ပြောပြပါ့မယ်။ တာအိုရောင်းရင်းထုံမင် … အခု ကျုပ်တို့တွေ အင်အားကို တတ်နိုင်သမျှ မြန်မြန် မြင့်တင်ဖို့ လိုအပ်နေတယ်။ ကျုပ်တို့ကို သတ္တကမ္ဘာ ကျောက်တုံးဆီ ခေါ်သွားနိုင်လား ” မိုဝူကျိက မေးလိုက်သည်။
ထုံမင်က မိုဝူကျိ စကားများကို ကြားလိုက်သောအခါ မိုဝူကျိသည် ထိုပညာရပ်ကို ထုတ်ပြောရန် ရည်ရွယ်ချက် မရှိကြောင်း နားလည်လိုက်၏။
“ အားလုံး ကျုပ်နောက်က လိုက်ခဲ့ကြပါ ”
ထုံမင်က ပြောနေရင်း အမှောင်ထု မူလခန်းမ ထောင့်တစ်နေရာသို့ လျှောက်သွားလေ၏။ သူက အစီအရင်အလံတချို့ ပစ်လွှတ်လိုက်သည့်အခါ အစီအရင်ဂိတ်ပေါက် တစ်ခု ပေါ်လာသည်။ ထုံမင်က အရင်ဆုံး ဝင်လိုက်ပြီး မိုဝူကျိတို့က နောက်မှ လိုက်ဝင်လိုက်ကြသည်။ သူတို့က လမ်းစောင်းလေးပေါ် ရောက်လာကြ၏။
မိုဝူကျိ၏က စိတ်စွမ်းအားကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။ သူက အောက်ရှိ ဧရာမ ကျောက်တုံးကြီးကို တွေ့လိုက်ရသည်။ ထိုကျောက်တုံးကြီးမှာ ကူးပြောင်းရေး အစီအရင် ရင်ပြင် ဖြစ်မှန်း သိသာလှသည်။
ထုံမင်က ကူးသန်းရေး အစီအရင် ရင်ပြင်ကို အားလုံးအား ပြလိုက်သည်။ ဤသည်မှာ ပူးပေါင်းမှုအတွက် သူ့ဆုံးဖြတ်ချက်ကို ထင်ဟပ်ပြသနေခြင်းသာ ဖြစ်၏။
မိုဝူကျိက ထုံမင်၏ သဘောထားနှင့် ပတ်သတ်၍ အလွန်ကျေနပ်နေမိသည်။ သူက ထုံမင်နောက်မှ လျှောက်ဝင်လာကာ
“ တာအိုရောင်းရင်းထုံမင် … အမှောင်ထု မူလခန်းမအပြင်ဘက်မှာ သံရိုက်ခံထားရတဲ့ အမျိုးသမီးအကြောင်းကို သိလား”
ထုံမင်က ခေါင်းညိတ်ကာ
“ သိတာပေါ့ …. အဲဒီအမျိုးသမီးက အမှောင်ကမ္ဘာမှာ အပြစ်ပေးခံထားရတာ ကြာလှပြိ။ အမှောင်ထု မူလခန်းမ ဆောက်ပြီးတော့ သိပ်မကြာဘူး။ သူမလည်း အပြစ်ပေးခံရတော့တာပဲ ”
“ အမှောင်ထု မူလခန်းမ ဆောက်လုပ်တာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာလား ” မိုဝူကျိက တအံ့တဩ မေးလိုက်သည်။
“ ဟားဟား ” ထုံမင်က ရယ်မောလိုက်သည်
“ ကျုပ် ကိုယ်တိုင် တွေ့လိုက်ရုံတင် မကဘူး။ ဘယ်သူ ဆောက်ထားတာလဲဆိုတာပါ သိတယ်။ အဲဒီတုန်းက ကျုပ်က အဲဒီ ကူးသန်းရေး အစီအရင်ဘေး ပုန်းပြီးတော့ ဒဏ်ရာတွေကို ကုစားနေရတာလေ။ အဲဒါနဲ့ အမှောင်ထု မူလခန်းမ ဆောက်လုပ်ပုံ တစ်ခုလုံးကို မြင်လိုက်ရတာပေါ့။
စောစောက ကျုပ်တို့ ထွက်လာတဲ့ အစီအရင်ဂိတ်ပေါက်က နောက်ပိုင်းကျမှ ကျုပ်ဘာသာ ထပ်ထည့်ထားတာ။ အမှောင်ထု မူလခန်းမကို တည်ဆောက်ခဲ့တဲ့သူတောင် ကျုပ် အဲဒီခန်းမထဲ အစီအရင်ခင်းကျင်းခဲ့တာကို သိမှာ မဟုတ်ဘူး ”
***