အပြိုအပျက်ကမ္ဘာ
Vol. 82 Ch. 1140
ထုံမင်က သူနှင့် တစ်ဖွဲ့တည်း ဖြစ်နေပြီ ဖြစ်သော်လည်း မိုဝူကျိက ထိုလူသည် အရမ်းစိတ်ရှည်လက်ရှည် လျို့ဝှက်လွန်းတတ်သည်ဟု ခံစားမိနေဆဲ ဖြစ်၏။ ဤလူက သူ့စွမ်းဆောင်ရည်ကို မြင်ပြီး သူနှင့် အလုပ်တွဲလုပ်လိုသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သတ္တကမ္ဘာ ကျောက်တုံးဆီ သွားမည့် အစီအရင်အား သေချာပေါက် ရှာတွေ့မည် မဟုတ်ပေ။
ထုံမင်က ကူးသန်းရေး အစီအရင်ကို အသက်သွင်းလိုက်သည်။ လူငါးယောက်က ကူးသန်းရေး အစီအရင်ထဲ ဆက်တိုက် ဝင်လိုက်ကြသည်။
အမှောင်ကမ္ဘာမှ သတ္တကမ္ဘာ ကျောက်တုံးဆီ ကူးသန်းရေး အစီအရင်သည် အတော်လေးကို အကွာအဝေး ဝေးလွန်းလှသော ကူးသန်းရေး အစီအရင် ဖြစ်မှန်း သိသာလှသည်။ မိုဝူကျိ၏ လက်ရှိစွမ်းဆောင်ရည်အရ သူ့စိတ်စွမ်းအားကိုပင် မပို့လွှတ်နိုင်ချေ။
မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်၍ ရသည့်အခါ ငါးယောက်လုံးက ရင်းနှီးပြီးသား သတ္တကမ္ဘာ ကျောက်တုံးဆီ ရောက်ရှိနေပြီ ဖြစ်၏။
မိုဝူကျိက သတ္တကမ္ဘာ ကျောက်တုံးဆီ ရောက်လာသည့်အကြိမ်ရေမှာ တော်တော်များနေပြီ ဖြစ်၏။ သူ ဘယ်နှကြိမ် ရောက်လာလာ သတ္တကမ္ဘာ ကျောက်တုံးမှာ အမြဲတမ်း အတူတူ ဖြစ်နေသေး၏။ မီးခိုးရောင် တစ်ဝက်၊ အဖြူရောင် တစ်ဝက် အာကာြပင်ထဲ မျှောနေသည့် ကျောက်တုံးကြီးသာ ဖြစ်ပေသည်။
“ ခင်ဗျားတို့တွေလည်း ဒီကို ရောက်လာဖူးကြမှာပါ။ ဒါပေမဲ့ ဒီကျောက်တုံးကြီးက ထိပ်တန်း မှော်ရတနာဆိုတာတော့ မသိကြဘူးမလား ဟားဟား ” ထုံမင်က ရယ်မောရင်း ပြောလိုက်သည်။
လျန်ကျီက ထိုအရာသည် မှော်ရတနာ ဖြစ်ကြောင်း ကြားလိုက်သည့်အခါ စိတ်စွမ်းအားကို ဖြန့်ကျက်၍ သတ္တကမ္ဘာ ကျောက်တုံးနှင့် ဆက်သွယ်ကြည့်ဖို့ ကြိုးစားကြည့်လိုက်သည်။
ထုံမင်က လျန်ကျိ အပြူအမူကို သတိပြုမိကာ ရယ်မောလိုက်ရင်း “ မင်းကို မပြောနဲ့ဦး။ တာအိုရောင်းရင်း ဟွမ်တိ သူ့ထိပ်ဆုံးအခြေအနေ ရောက်နေရင်တောင် သတ္တကမ္ဘာ ကျောက်တုံးကို ယူသွားနိုင်မှာ မဟုတ်ဘူး ”
“ တာအိုရောင်းရင်း ထုံမင် … သတ္တကမ္ဘာ ကျောက်တုံးကို ပိုအဆင့်မြင့်တဲ့ လူက ချန်ထားခဲ့တယ်လို့ ပြောချင်တာလား ” မိုဝူကျိက ထိုစကားများကို ကြားသောအခါ မြန်မြန် မေးလိုက်၏။
ထုံမင်က ခေါင်းခါကာ “ ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ သတ္တကမ္ဘာ ကျောက်တုံးက ဒီနေရာက ဝိဇ္ဇာတွေနဲ့ မပတ်သတ်တာတော့ သေချာပြောနိုင်တယ် ”
ဟွမ်တိလည်း ခေါင်းညိတ်ကာ “ ဟုတ်တယ် …အနည်းဆုံးတော့ သတ္တကမ္ဘာ ကျောက်တုံးကို ဒီနေရာမှာ ထားခဲ့တဲ့သူကို မသိဘူး”
ထုံမင်က အနည်းငယ်လှမ်းသည့် အနက်ရောင်တွင်းကြီးကို ညွှန်ပြကာ
“ အဲဒါက အပြိုအပျက်ကမ္ဘာဆီ သွားဖို့ လမ်းကြောင်းပဲ။ အားလုံး မှတ်ထားကြဦး …. အပြိုအပျက်ကမ္ဘာဆီ ဝင်ပြီးသွားရင် ကျုပ်တို့ ရောက်သွားမဲ့ နေရာတွေက တူမှာ မဟုတ်ဘူး။ အဲဒါကြောင့်မလို့ ကျုပ်တို့တွေ အဲဒီကမ္ဘာဆီ ရောက်ရင် အတူတူရှိမှာ မဟုတ်ဘူး။
ပြီးတော့ ဆက်သွယ်ရေး ပုတီးစေ့တွေကလည်း အလုပ်မဖြစ်ဘူး။ အားလုံး ကံတရားပေါ် မူတည်တယ်။ ဒါပေမဲ့ ကျုပ်တို့က တခြားသူတွေနဲ့ မတူဘူး။ ကျုပ်တို့မှာ ရည်ရွယ်ချက် ရှိထားပြီးသား … ”
ထုံမင်က သူ့စကားအဆုံးတွင် သလင်းကျောက်များ ထုတ်ပေးလိုက်၏
“ ကျုပ်တို့ အပြိုအပျက်ကမ္ဘာဆီ ရောက်လာတဲ့အခါ ရတနာအတွက်ရော ကျင့်ကြံဖို့အတွက်ရော အလောမကြီးဘဲနဲ့ အရင်ဆုံး ဒီနေရာမှာ ဆုံကြမယ်။ ဒီနေရာကို ရောက်လာနဲ့ အားလုံး ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ အသိစိတ်ပင်လယ်ကို သတိကြီးကြီးထားပြီး ကာကွယ်ထားဖို့ လိုတယ်။
အဲဒီအပြိုအပျက်ကမ္ဘာမှာ ဝင်စီးပူးကပ်လိုတဲ့ဟာတွေ အများကြီး စောင့်နေတယ်။ ကောင်းပြီ … ကျုပ် အရင်ဆုံး ဝင်သွားနှင့်မယ် ”
ထုံမင်က တုံ့ဆိုင်းမနေတော့ဘဲ သူ ညွှန်ပြထားသည့် တွင်းနက်ကြီးထဲ ခုန်ဝင်သွားသည်။
“ အစ်ကိုမို ကျုပ်လည်း သွားတော့မယ် ” ဟွမ်တိလည်း ထိုတွင်းနက်ကြီးဆီ ဦးတည်လိုက်လေသည်။ သူက တွင်းနက်ကြီးထဲ မခုန်ဝင်ခင် ရုတ်တရက် လှည့်လာကာ “ အစ်ကိုမို … ကျုပ် ခင်ဗျားလို လူမျိုးနဲ့ တွေ့ခွင့်ရတယ်ဆိုတော့ ကျုပ်ကံက သိပ်မဆိုးဘူး ထင်တယ် ”
လျန်ကျီလည်း လက်နှစ်ဖက် ယှက်ကာ “ ကျုပ်လည်း သွားလိုက်ပါဦးမယ် ”
ထို့နောက် သူလည်း တွင်းနက်ထဲ ခုန်ဝင်သွားတော့သည်။ ကျီလီက အရမ်းလှပကာ မိုဝူကျိကို အရမ်းဂရုစိုက်ပေးသည်။ လျန်ကျီက ဤနေရာတွင် နေ၍ အပိုဘီးလုံး မဖြစ်ချင်ပေ။
“ စီနီယာအစ်မကျီလီ … ကျုပ် ကမ္ဘာထဲ ဝင်လိုက်ပါ့လား။ ကျုပ်တို့ အတူတူ ထွက်သွားကြမယ်လေ ” မိုဝူကျိက ကျီလီအား ကြည့်ကာ ပြောလိုက်၏။
ကျီလီက မိုဝူကျိအား ရုတ်တရက် အတော်ကြာကြာ စိုက်ကြည့်နေမိ၏။ ဤသို့ မိန်းမလှလေး တစ်ယောက်၏ စိုက်ကြည့်ခြင်းကို ခံရသည့်အခါ မိုဝူကျိက အနည်းငယ် မသက်မသာ ဖြစ်လာမိသည်။
စီနီယာအစ်မကျီလီက သူ့မှာ တခြားအတွေး ရှိနေမှာကို စိုးနေတာလား ….
မိုဝူကျိက ချောင်းဟန့်ကာ ရှင်းပြလိုက်တော့မည့်ဆဲဆဲတွင် ကျီလီက ထူးထူးဆန်းဆန်း မေးခွန်းတစ်ခု မေးလိုက်သည် “ ဝူကျိ … မင်းဆီမှာ တာအိုလက်တွဲဖော် ရှိလား ”
“ ကျုပ်ဆီမှာ ဇနီး ရှိပါတယ်။ ဒါပေမဲ့ ကျုပ်က အားမကောင်းသေးတော့ သူမကို အခုထိ မရှာနိုင်သေးဘူး ” မိုဝူကျိက မတုံ့မဆိုင်း ဖြေလိုက်သည်။ သူက ကျီလီသည် အဘယ်ကြောင့် ထိုမေးခွန်း မေးမှန်း သိပ်နားမလည်ပေ။
ကျီလိက ချိုမြိန်စွာ ပြုံးလိုက်ရင်း “ ဝူကျိ … မင်းနဲ့ မင်းဇနီးတို့ ပြန်လည် ဆုံစည်းနိုင်ဖို့ မျှော်လင့်ပါတယ် ”
မိုဝူကျိက ကျီလီ၏ ဆုတောင်းကို ကြားလိုက်ရသည့်အခါ သူ့မျက်ဝန်း၌ ချိန်စုယင်၏ အပြုံးလေးကို ပြန်လည် မြင်ယောင်လာမိသည်။ ချိန်စုယင်က သူ့ကို သယ်၍ ထွက်ပြေးခဲ့ရသည့် အဖြစ်အပျက်ကိုလည်း ပြန်လည် မြင်ယောင်လာခဲ့သည်။
မိုဝူကျိ စိတ်နှလုံးသားထဲ မီးတောက်တစ်ခု လောင်မြိုက်လာလေ၏။ သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ သူက စွမ်းရည်မြင့်ဖို့ လိုအပ်နေပေသည်။ အကယ်၍ သူသာ စွမ်းအားမမြင့်လျှင် ချိန်စုယင်ကို ရှာဖို့ မဆိုထားနှင့် နတ်ဘုရားသင်္ချိုင်းဂူအတွင်း ရှိနေသည့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မအတွက်ပင် ပြိုင်ဖက် ဖြစ်နိုင်မည် မဟုတ်ချေ။ ချိန်စုယင်က နတ်ဘုရားသင်္ချိုင်းဂူကို ဖြတ်၍ ထွက်သွားခဲ့သည် မဟုတ်ပါလော။
မိုဝူကျိ၏ စိုးရိမ်ကြောင့်ကြမှုကို ခံစားမိပြီး ကျီလီက ညင်ညင်သာသာ ပြောလိုက်သည် “ မင်းရဲ့ ဇနီးက သေချာပေါက် မေတ္တာကရုဏာကြီးပြီး နားလည်ပေးတတ်တဲ့ မိန်းမလှလေး ဖြစ်မှာပဲ။ သူမက အရမ်းကံကောင်းတယ် ”
စုယင်က ကံကောင်းတာလား …
မိုဝူကျိ၏ စိတ်ထဲ ငြိမ်ကျသွားသည်။
စုယင်က သူနဲ့ တစ်ရက်လောက် ကောင်းကောင်း ကုန်ဆုံးဖူးရဲ့လား …. သူတို့ အတူတူ ရှိနေစဉ် လိုက်ဖမ်းခံရခြင်းနှင့်သာ ကြုံတွေ့နေရသည် မဟုတ်ပါလော။
ထိုစဉ် မိုဝူကျိ စိတ်ထဲ အပြစ်တင်စိတ်တို့ ကြီးစိုးလာသည်။ သူက ချိန်စုယင်အပေါ် များစွာ အကြွေးတင်ခဲ့သည်။ ထိုကျေးဇူးကြွေးက အရမ်းရမ်းကို များလွန်း၏။
သူက ကမ္ဘာမြေမှ ရောက်လာသူ ဖြစ်၍ အမျိုးသမီးတစ်ယောက် လက်ထပ်မည့် ခင်ပွန်းလောင်း ရှာကြလျှင် တည်တည်ငြိမ်ငြိမ် အခြေကျနေသည့် ဘဝမျိုး ရှိသူကို ရွေးချယ်တတ်ကြသည်။
သူက စုယင်ကို ဘာများပေးခဲ့နိုင်လဲ …. တစ်ခုမှ မပါရှိပေ။
သူ့ဘဝတွင် အမျိုးသမီး နှစ်ယောက်အပေါ် ကျေးဇူးကြွေး တင်ခဲ့နေသည်။ တစ်ယောက်မှာ သေသွားပြီ ဖြစ်သော ဝမ်ရှောင်ချီ ဖြစ်ကာ နောက်တစ်ယောက်မှာ ချိန်စုယင် ဖြစ်၏။
“ ဂျုနီယာမောင်လေး ဝူကျိ … အစ်မဘာသာ အပြိုအပျက်ကမ္ဘာဆီ သွားတာ ပိုကောင်းမယ် ထင်တယ်။ နောင်ကျ အစ်မဘာသာ ရပ်တည်ဖို့ လိုအပ်တယ်လေ။ မင်းကမ္ဘာထဲမှာ အမြဲနေနေလို့မှ မဖြစ်တာ …..
အစ်မလည်း ကိုယ့်စွမ်းရည်ကို မြင့်ဖို့ ကြိုးစားရမယ်။ အဲဒီနည်းနဲ့ ဒီကမ္ဘာကြီးထဲမှာ ဆက်လက် ရှင်သန်နိုင်မှာ ” ထိုသို့ပြောပြီးနောက် ကျီလီ၏ ခန္ဓာကိုယ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။
သူမက အာကာပြင်ထဲ သွားနေရင်း ရုတ်တရက် လှည့်ကာ “ ဂျူနီယာမောင်လေးဝူကျိ … အပြိုအပျက်ကမ္ဘာမှာ ပြန်ဆုံကြမယ် ”
ထိုစကားအဆုံးတွင် ကျီလီ၏ ပုံရိပ်မှာ တွင်းနက်ကြီးထဲ ပျောက်ကွယ်သွားပြီ ဖြစ်၏။
မိုဝူကျိက သတ္တကမ္ဘာ ကျောက်တုံးအား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ သူက တွင်းနက်ကြီးထဲ ချက်ချင်း လိုက်မဝင်သေးချေ။ ထို့အစား သူက သတ္တကမ္ဘာ ကျောက်တုံးဆီ စိတ်စွမ်းအား ထိုးဖောက်လိုက်၏။
ထုံမင်က လျှောက်ပြောနေခြင်း မဟုတ်ပေ။ ထုံမင်က သတ္တကမ္ဘာကျောက်တုံးသည် မှော်ရတနာ ဖြစ်ကြောင်း ပြောခဲ့လျှင် သေချာပေါက် ဖြစ်ကို ဖြစ်ရမည်။ သူက ထိုမှော်ရတနာကို ယူသွားဖို့ မရည်ရွယ်ပေ။ သူက ဤနေရာကို စောင့်ကြည့်ဖို့ရာ စိတ်စွမ်းအား အမျှင်လေး ထားခဲ့နိုင်လားဟု စစ်ဆေးကြည့်လိုခြင်း ဖြစ်၏။
အမွေးတိုင်ဝက်စာ ကြာမြင့်သွားပြီးနောက် မိုဝူကျိက စိတ်ပျက်သွားမိသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဖြစ်စေ သို့မဟုတ် အသိစိတ်ပင်လယ်မှ ဖြစ်စေ စိတ်စွမ်းအား အမျှင်လေးကို ချန်ထားခဲ့၍ မရပေ။ သူက ခွန်းဝူဓားနှင့် ပိုင်းဖြတ်ကြည့်လျှင်ပင် သတ္တကမ္ဘာ ကျောက်တုံးအား လှုပ်ရှားသွားအောင် မလုပ်နိုင်သေးချေ။
မိုဝူကျိက စိတ်ဝိညာဉ် မျက်လုံးကို အသက်သွင်းလိုက်ပြီး စစ်ဆေးကြည့်လိုက်သည့်အခါ ကျောက်တုံးထောင့်တစ်နေရာတွင် အမှတ်အသား တစ်ခုကို မြင်လိုက်ရ၏။
အပေါ်ယံ၌ ထိုအမှတ်အသားမှာ သတ္တကမ္ဘာ ကျောက်တုံးနှင့် အတူတူ ဖြစ်နေသော်လည်း သူ့စိတ်ဝိညာဉ် မျက်လုံးနှင့် မိုဝူကျိက ထိုအမှတ်အသားသည် တစ်စုံတစ်ယောက်က ထိုသတ္တကမ္ဘာ ကျောက်တုံး ပျက်စီးသွားပြီးနောက် ပြန်လည် ပြုပြင်ပေးထားဖို့ ကြိုးစားစဉ် ဖြစ်ပေါ်လာမှန်း သိလိုက်သည်။
အံ့ဩဖို့ ကောင်းလိုက်တာ … မိုဝူကျိက အတော်လေး အံ့အားသင့်မိနေသည်။ သတ္တကမ္ဘာ ကျောက်တုံးကို လူတစ်ယောက် ချန်ထားခဲ့သည်မှာ သိသာသွားပေသည်။ ဤသည်မှာ အာကာြပင်အတွင်း သူ့အလိုလို မွေးဖွားလာသည့် ရတနာမျိုး မဟုတ်ချေ။
သတ္တကမ္ဘာ ကျောက်တုံးကို ဒီနေရာမှာ ထားနိုင်လောက်အောင် ထိုသူက ဘယ်လောက်တောင် အားကောင်းနေမည်နည်း။
အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် ထိုအရာကို ဖုံးကွယ်ဖို့ အမှတ်အသားများ ရေးထွင်းလိုက်သည်။
သူက ထိုအရာများ လုပ်ပြီးနောက် ဆက်ကြည့်စရာ မရှိတော့ကြောင်း အတည်ပြုလိုက်ပြီးနောက် တွင်းနက်ကြီးထဲ ဝင်သွားလိုက်သည်။
ပြင်းထန်သည့် အာကာပြင်လှိုင်းလုံးများ ရောက်ရှိလာသည်။ မိုဝူကျိ၏ ကျင့်ကြံဆင့်ဖြင့် သူက ထိုစည်းမျည်းများအတွင်း တည်ငြိမ်အောင် လုပ်၍ မရချေ။ သူက စိတ်စွမ်းအားကို ထုတ်သုံးဖို့ ကြိုးစားရင်း လိမ့်ရင်း လိမ့်ရင်းသာ သွားနိုင်သည်။
အာကာပြင် စည်းမျည်းများက ရုတ်ချည်း ပြောင်းလဲသွားကာ မိုဝူကျိက သူ့စိတ်စွမ်းအားကိုပင် ယခင်ကကဲ့သို့ ထုတ်လွှင့်၍ မရတော့ချေ။ သူက သူ့ဘာသာ ကာကွယ်နိုင်ရုံလောက်သာ တတ်နိုင်ပေသည်။
အာကာပြင် စည်းမျည်းအတွင်း မည်မျှကြာကြာ လိမ့်သွားပြီးမှန်း မသိတော့ချေ။ အချိန်အတော်ကြာပြီးနောက် မိုဝူကျိ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားပြီး ခမ်းခြောက်နေသည့် မြစ်ဘေးနား ရောက်ရှိသွားသည်။ ဤမြစ်ကြမ်းပြင်၏ အကြီးမားဆုံး အက်ကြောင်းကြီးက မီတာအတော် ကျယ်ဝန်းပေရာ လူသားစား တွင်းနက်ကြီးနှင့် တူနေ၏။
မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သော်လည်း ကျီလီတို့အား ရှာမတွေ့ပေ။
သူက ထုံမင် ပေးထားသော သလင်းကျောက်လေးကို ထုတ်ယူလိုက်တော့မည့်ဆဲဆဲတွင် ထိုအက်ကြောင်းကြီးမှ အေးစက်စက် အသက်ရှုနှုန်း ပြန့်လွှင့်လာသည်။ ထိုအရာက ချက်ချင်းဆိုသလို သူ့ဘေးပတ်လည် အာကာပြင်ကို လွှမ်းခြုံရစ်ပတ်လိုက်လေ၏။
“ ဝုန်း ” ပြင်းထန်သည့် စိတ်စွမ်းအား တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ မိုဝူကျိက ထိုစိတ်စွမ်းအား တိုက်ခိုက်မှုကြောင့် မီတာတော်တော်များများ နောက်ဆုတ်လိုက်ရသည်။
“ ဟဲ့ အဲဒီကောင်လေးက ငါ့အပိုင် ” အရိပ်ပမာ ကမ္ဘာဦး စိတ်ဝိညာဉ် တစ်ခု ပေါ်လာသည်။
ထိုဝိညာဉ်၏ အသံက အံ့ကြိတ်ပြောနေဟန် ပေါ်သည်။ ထိုကမ္ဘာဦး စိတ်ဝိညာဉ် ပေါ်လာသည့်နှင့် တစ်ချိန်တည်းတွင် နောက်ထပ် ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ပေါ်လာ၏။
“ ဟားဟား … နင် ပြောတာနဲ့ နင့်အပိုင် ဖြစ်ရောလား။ ဒီနတ်ဘုရားက ဒီမှာ နှစ်များစွာ စောင့်နေတာ ကြာလှပြီ။ ဒါက ငါ့ပိုင်နက်။ နင်က ငါ့ပိုင်နက်ထဲ လာပြီး လာလုတာလား ” ဒုတိယ ကမ္ဘာဦး စိတ်ဝိညာဉ်က ရယ်မောလိုက်သည်။ သူ့အသံကား ရှေ့သွားမရှိနှယ် အသံထွက်ပေါ်နေကာ နေရာအနှံ့ ပြန့်နှံ့သွားလေသည်။
မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ သူက အဖြစ်အပျက်ကို ချက်ချင်း နားလည်လိုက်၏။ ထိုကမ္ဘာဦး စိတ်ဝိညာဉ်နှစ်ခုက သူ့ခန္ဓာကိုယ် ဝင်စီးဖို့ရာအတွက် ပဋိပက္ခ ဖြစ်နေခြင်း ဖြစ်၏။
သူက သူ့အတွက် သူ စိတ်မပူဘဲ ကျီလီအတွက် စိတ်ပူနေခြင်း ဖြစ်၏။ သူ့စွမ်းရည်ဖြင့် ထိုကမ္ဘာဦး စိတ်ဝိညာဉ်နှစ်ခုအကြောင်း ထည့်ပြောနေဖို့ မလိုပေ။ ဤသို့ကမ္ဘာဦး စိတ်ဝိညာဉ် ဆယ်ခု ရှိလျှင်ပင် သူ့အတွက် သူတို့ကို ရှင်းထုတ်ဖို့ အလွယ်လေး ဖြစ်သည်။ သို့သော်လည်း ကျီလီအတွက်မူ မတူပေ။ ကျီလီ၏ ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရား အဆင့် ၄ သာ ရှိသေး၏။ ထို့အပြင် ထိုအရာက အရေးကြီးဆုံး မဟုတ်ပေ။ အဓိကအချက်မှာ ကျီလီက အရမ်းကြင်နာလွန်းတတ်ခြင်း ဖြစ်၏။ ဤနေရာ၌ ကြင်နာတတ်ခြင်းမှာ ကိုယ့်သေတွင်းကို တူးနေခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။
မိုဝူကျိက ထိုအတွေးဖြင့် ထိုကမ္ဘာဦး စိတ်ဝိညာဉ် နှစ်ခုကို ဖျော်ဖြေပေးနေဖို့ စိတ်အခြေအနေ မဟုတ်တော့ပေ။ သူ့ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး ထွက်သွားဖို့ ကြိုးစားလိုက်သည်။
သူက ထိုကမ္ဘာဦး စိတ်ဝိညာဉ်များသည် ဤနေရာ၌ နှစ်များစွာ ကြာကြာရှိလာသည် ဖြစ်၍ ဤနေရာနှင့် ရင်းနှီးပြီးသား ဖြစ်နေလိမ့်မည်ဟု မထင်မိချေ။ မိုဝူကျိ ထွက်မသွားခင် ထိုကမ္ဘာဦး စိတ်ဝိညာဉ်နှစ်ခုက သူ့အား ပိတ်ဆို့ထားလိုက်၏။ သူတို့က မိုဝူကျိဆီ ခုန်အုပ်ကာ ဆက်တိုက် ပြောလိုက်ကြသည်
“ ပါးမွှားလေးကများ ထွက်ပြေးချင်နေသေးတယ် ”
မြန်မြန် ထွက်သွားဖို့ လုပ်နေသည့် မိုဝူကျိက ဒေါသထွက်လာသည်။ သူ့အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်မှာ ဆူပွက်လာလေ၏။ သူက အားအပြည့်ဖြင့် စိတ်စွမ်းအင်မြှား နှစ်စင်း ပစ်ခွင်းလိုက်သည်။
မူလက သူက ထိုကမ္ဘာဦး စိတ်ဝိညာဉ်များကို သတ်ဖို့ရာ မရည်ရွယ်ထားပေ။ သို့သော်လည်း ထိုနှစ်ကောင်က သေချင်နေသည် ဖြစ်ရာ သူ့အား မယဉ်ကျေးသည့်အတွက် အပြစ်လာမတင်သင့်ပေ။
***