ကံကြမ္မာ
Vol. 82 Ch. 1142
ဤသည်မှာ စကြဝဠာ၏ စည်းမျည်း ဖြစ်ပေသည်။ ဤနေရာတွင် မည်သည့်စည်းမျည်းမှ ရှိမနေသည့်အတွက် ကိုယ်ပိုင်စည်းမျည်း ရှိသည့် ပညာရှင် မဟုတ်သရွေ့ သူတို့တိုက်ကွက်ကို အသက်သွင်းနိုင်မည် မဟုတ်ကြပေ။ ထို့အပြင် စည်းမျည်းတွေသာ ရှိမနေရုံသာမက သဘာဝစွမ်းအားများလည်း ရှိမနေချေ။ ဆိုလိုသည်မှာ ဝိညာဉ်ကြော၏ သဘာဝက မည်သို့ပင် ဖြစ်စေ လျို့ဝှက်တိုက်ကွက်များ သုံးနိုင်စွမ်း ရှိမည် မဟုတ်ပေ။
မိုဝူကျိက လူသားကျင့်စဉ်ကို ကျင့်ကြံပြီး သူ့လူသားကမ္ဘာမှာ ကောင်းကင်အင်မော်တယ်အဆင့်ကတည်းက ပုံပေါ်နေပြီ ဖြစ်၏။ ထိုစဉ် သူ့လူသားကမ္ဘာ၏ စည်းမျည်းများမှာ ပြီးပြည့်စုံကာ ဆက်လက် သန့်စင်ခံနေရဆဲ ဖြစ်သည်။
တစ်ဖက်တွင် ထိုကျောက်ရုပ်တုက လူသားကျင့်စဉ်ကို မကျင့်ကြံထားသော်လည်း တိုက်ခိုက်နိုင်သေး၏။ အမြင်နှင့်တင် ထိုကျောက်ရုပ်တုက မရိုးရှင်းဘဲ သူ့ကိုယ်ပိုင် နည်းစနစ်များ ရှိကြောင်း သိသာလှသည်။
“ ကြည့်ရတာ ခင်ဗျားလည်း စွမ်းဆောင်ရည်တချို့ ရှိပုံပဲ …. ဒီလို သဘာဝစွမ်းအား မရှိတဲ့နေရာမှာ တိုက်ခိုက်နိုင်တယ်ဆိုတော့ … ” မိုဝူကျိက ထိုကျောက်ရုပ်တု၏ မေးခွန်းကို မဖြေလိုက်ပေ။
“ ကျုပ် ဒီနေရာက ထွက်သွားပေးပြီးတော့ ကျုပ်ရဲ့ နတ်ဘုရားအရိုက်အရာကို ခင်ဗျားဆီ ပေးမယ်။ ကျုပ်ရဲ့ ကမ္ဘာက ဗလာကျင်းနေတာဆိုတော့ ဘာမှအဖိုးတန်တာ မရှိတော့ဘူး ” ကျောက်ရုပ်တုက သူ့အကျပ်အတည်းကို နားလည်သွားပြီး တည့်တိုးသာ ပြောလိုက်သည်။
မိုဝူကျိက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်
“ ခင်ဗျားရဲ့ အရိုက်အရာက အရမ်းအံ့ဩဖို့ ကောင်းနေလို့လား။ ကံဆိုးတာက ကျုပ်က လုံးဝ စိတ်မဝင်စားဘူး ”
အကယ်၍ ထိုကျောက်ရုပ်တုသာ ဝိဇ္ဇာဖြစ်နေပါက မိုဝူကျိက သူ့နတ်ဘုရားအရိုက်အရာကို ထည့်စဉ်းစားပေးဦးမည် ဖြစ်၏။ သို့သော်လည်း မိုဝူကျိက ဤကျောက်ရုပ်တုသည် ဝိဇ္ဇာမဟုတ်ကြောင်း သေချာသိနေသည်။
ဝိဇ္ဇာရှစ်ပါး ဖြစ်ပြီး မိုဝူကျိက သုံးယောက်ကို သိထားသည်။ အကယ်၍ လုပ်ကြံခဲ့သည့် ထုံမင်ကိုပါ ထည့်တွက်လိုက်လျှင် သူ ဝိဇ္ဇာတော်တော်များများနှင့် ဆုံတွေ့ပြီးသွားလေပြီ။ သူ့အတွေ့အကြုံအရ ဤကျောက်ရုပ်တုသည် ဝိဇ္ဇာမဟုတ်ကြောင်း ပြောနိုင်ပေသည်။
ကျောက်ရုပ်တုက ဂုဏ်ယူစွာဖြင့်
“ အဲဒါက မင်းက ကျုပ် ဘယ်အရိုက်အရာလဲဆိုတာ မသိသေးလို့ပါ။ ကျုပ်နာမည်က ဟွမ်ဖန်းဟုန် … ကျုပ် နတ်ဘုရားအရိုက်အရာက တာအိုအုပ်စိုးသူ အရှင်လေးပါးထဲက တာအိုအုပ်စိုးသူအရှင် မြစ်ဝါပဲ ”
“တာအိုအုပ်စိုးသူ အရှင်လေးပါးလား ” မိုဝူကျိက တအံ့တဩ ရေရွတ်လိုက်သည်။ အမြင်နှင့်တင် သူက တာအိုအုပ်စိုးသူအရှင်လေးပါးနှင့် ကံစပ်နေပုံ ပေါ်၏။ အကယ်၍ ဤဟွမ်ဖန်းဟုန်ပါ ထည့်တွက်လိုက်လျှင် တာအိုအုပ်စိုးသူအရှင် သုံးပါးနှင့် တွေ့ဆုံပြီးသွားလေပြီ။ သူက တာအိုအုပ်စိုးသူအရှင် အမှောင်ထုနှင့် ပစ္စည်း လဲလှယ်ခဲ့ပြီး တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရနှင့် တိုက်ခိုက်ခဲ့ရသည်။ သူက တာအိုအုပ်စိုးသူအရှင် အသစ် မြစ်ဝါကို မြန်မြန် တွေ့ရလိမ့်မည်ဟု မထင်ထားမိပေ။ နောက်ဆုံး တာအိုအုပ်စိုးသူအရှင် နာမည်ကိုပင် စဉ်းစားကြည့်မိသွား၏။
“ မင်းက တာအိုအုပ်စိုးသူအရှင်လေးပါးကို တစ်ခါမှ မကြားဖူးဘူးလား ” မိုဝူကျိ၏ တည်တည်ငြိမ်ငြိမ် အမူအယာကို ကြည့်ကာ ဟွမ်ဖန်းဟုန်က အံ့အားသင့်သွားသည်။ မိုဝူကျိ၏ အင်အားလိုမျိုးနှင့် လူတစ်ယောက်သည် သေချာပေါက် တာအိုအုပ်စိုးသူအရှင်လေးပါးအကြောင်း ကြားဖူးပေရမည်။
မိုဝူကျိက ရယ်မောကာ
“ မဟုတ်ပါဘူး …. ကျုပ် ကြားဖူးပါတယ်။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုနဲ့ တာအိုအုပ်စိုးသူအရှင် မဟာသဲကန္တာရတို့ကိုတောင် သိတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ နတ်ဘုရားအရိုက်အရာက ကျုပ်အတွက် ဆွဲဆောင်မှု မရှိဘူး ”
ဟွမ်ဖန်းဟုန် မျက်ဝန်းရှိ ဂုဏ်ယူမှုတို့မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။ သူက စိတ်ထဲ၌ သက်ပြင်းသာ ချလိုက်မိ၏။ တကယ်တော့ သူက ခန့်မှန်းထားပြီးသား ဖြစ်ပေသည်။ ဤလူငယ်လေးက ဤနေရာမျိုး၌ သူ့အား ဖိနှိပ်ထားနိုင်လေရာ သူ့ရည်ရွယ်ချက်မှာ သေချာပေါက် ဝိဇ္ဇာအဆင့်သာ ဖြစ်ပေမည်။ ရောက်ရှိလာမည့် ကပ်ဘေးကြီးက ဤလူငယ်လေးအတွက် အခွင့်ကောင်း ဖြစ်လာနိုင်သည်။
“ တကယ်လို့ ကျုပ်သာ မမှားရင် ခင်ဗျားက ဒီနေရာမှာပဲ ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့တာမလား။ ဒီလောက် နှစ်အကြာကြီးနေထားတာဆိုတော့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီမလား ” မိုဝူကျိက ရုတ်ချည်း မေးလိုက်သည်။
ဟွမ်ဖန်းဟုန်က ပြန်ဖြေလိုက်သည်
“ ဟုတ်တယ်။ တကယ်တော့ ကျုပ်က ဒီနေရာကို ပိတ်ပြီးတော့ ရောက်လာမဲ့ ကမ္ဘာပျက်ကပ်ဘေးအတွက် ပြင်ဆင်ဖို့ ရတနာ ရှာဖို့ လုပ်ထားတာ။ ကပ်ဘေးနှစ်ခုက အချိန်တိုလေးအတွင်း ဖြစ်လာတာ။ စကြဝဠာကြီးထဲမှာ ဒီလိုမျိုးက ပထမဆုံးအကြိမ်ပဲ ”
ထို့နောက် သူက မိုဝူကျိကို နားလည်အောင် ဘာမှဆက်မပြောတော့ချေ။ ဟွမ်ဖန်းဟုန် ထွက်မသွားနိုင်ခင် မိုဝူကျိက ရောက်လာလေ၏။
ဟွမ်ဖန်းဟွမ် အမြင်၌ သူက မိုဝူကျိကို ဘာမှပေးစရာ မရှိသည့်အတွက် မိုဝူကျိက သူ့အား လွှတ်ပေးမည် မဟုတ်ချေ။ အကယ်၍ အပြင်ဘက်မှာသာ ဖြစ်ပါက မိုဝူကျိနှင့် တိုက်နိုင်စွမ်း ရှိပေဦးမည်။ သို့သော် ဤနေရာ၌ သူက မျှော်လင့်ချက်လေးပင် မရှိတော့ချေ။ ထို့ကြောင့် သူက အသက် ချမ်းသာပေးဖို့ တောင်းဆိုမနေတော့ပေ။ တာအိုအုပ်စိုးသူအရှင် တစ်ယောက်တွင်လည်း တာအိုအုပ်စိုးသူအရှင် တစ်ယောက်၏ ဂုဏ်သိက္ခာရှိပေသည်။ သူက အဓိပ္ပါယ်မဲ့တာမျိုး လုပ်မည် မဟုတ်ပေ။
“ ထွက်သွားတော့မှာဆိုရင် သွားတော့ …. ကျုပ် ဒီမှာ ကျင့်ကြံလိုက်ဦးမယ်။ ခင်ဗျား ပြန်လာပြီး ကျုပ်ကို မနှောင့်ယှက်ဖို့ မျှော်လင့်တယ် ” မိုဝူကျိက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ ကျုပ်ကို မသတ်ဘူးလား ” ဟွမ်ဖန်းဟုန်က မိုဝူကျိအား မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ ဤသို့ မဖြစ်နိုင်သည့် အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
မိုဝူကျိက ရယ်မောကာ
“ ခင်ဗျားကို ဘာလို့ သတ်ရမှာလဲ …. ခင်ဗျားက ကျုပ်ပစ္စည်းတွေကို ခိုးဖို့ လုပ်တာမှ မဟုတ်တာ။ ခင်ဗျားက ဒီမှာ ကိစ္စပြီးပြီးဆိုတော့ ကျုပ် ဆက်သုံးမယ်လေ။ ဒီနေရာမှာ ကျင့်ကြံနိုင်ဖို့ ခင်ဗျားကို ဘာလို့ သတ်နေရဦးမှာလဲ ”
ဟွမ်ဖန်းဟုန်က ချက်ချင်းဆိုသလို ဝမ်းသာမိသွားကာ မြန်မြန် ပြောလိုက်၏
“ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ချက်ချင်း ထွက်သွားပါ့မယ်။ ဒီနေရာက အခု ခင်ဗျားအပိုင်ပါ။ ကျုပ် ဒီနေရာအကြောင်းကို တခြားလူဆီ ထပ်မပြောပါဘူးလို့ ကျိန်ဆိုပါတယ် ”
မိုဝူကျိက ဟွမ်ဖန်းဟုန် တခြားသူ ပြန်ပြောခြင်း၊ မပြောခြင်းအား ဂရုမစိုက်ပေ။ သူက ဤနေရာတွင် အချိန်ကြာကြာ ကျင့်ကြံ၍ မဖြစ်ပေ။ အချိန်စက်ဝန်းပြားဖြင့် ဤရွှေရောင်ကန်ရှိ အရည်များက သိပ်ကြာရှည်ခံမည် မဟုတ်ချေ။
ဟွမ်ဖန်းဟုန်က ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ ကျောက်အလွှာ အရေပြားသည် အက်သံများ ထွက်လာလေ၏။ ကြက်ဥပြုတ်မှ အခွာကို ခွာချလိုက်သည့်အလား သူ့ခန္ဓာကိုယ်မှ ကျောက်အရေပြားသည် မြေကြီးပေါ် ပြုတ်ကျသွားသည်။
ထိုကျောက်အရေပြား မပါဘဲ မိုဝူကျိက ဟွမ်ဖန်းဟုန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်လမ်းကြောင်းများ လှည့်ပတ်နေပုံနှင့် ရွှေရောင်သွေးများ စီးဆင်းနေပုံကို မြင်တွေ့နိုင်ပေသည်။
မိုဝူကျိက မနေနိုင်ဘဲ သက်ပြင်းချလိုက်၏။ ဟွမ်ဖန်းဟုန်၏ ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရပြီးနောက် သူက ခန္ဓာကိုယ်အသစ် ဖွဲ့စည်းနိုင်ဖို့ ဤနေရာမျိုး ရှာတွေ့နိုင်ခဲ့သည်။
ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကံကြမ္မာလဲ ….
“ တာအိုရောင်းရင်းရဲ့ နာမည်ကိုတောင် မမေးရသေးဘူး။ နောင်ကျ ကျုပ် ဒီကျေးဇူးကြွေးကို သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ” ဟွမ်ဖန်းဟုန်က ဝတ်စုံအသစ် လဲလှယ်ပြီးနောက် လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
“ မိုဝူကျိ ” မိုဝူကျိက လျို့ဝှက်ဖုံးကွယ်ထားဖို့ လိုအပ်သည်ဟု မခံစားမိပေ။
“ ကျေးဇူးပါ …. တာအိုရောင်းရင်းမိုလည်း ကျင့်ကြံရေးမှာ ကံကောင်းပါစေ ” ထိုသို့ပြောပြီး ဟွမ်ဖန်းဟုန်က အစီအရင်အလံတချို့ ပစ်လွှတ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ ကျောက်တုံးနက်နှင့် ပေါင်းစပ်သွားသည့်အလား ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ဟွမ်ဖန်းဟုန် ထွက်သွားပြီးနောက် မိုဝူကျိက ကာကွယ်ရေး အစီအရင်များကို စတင် ခင်းကျင်းလိုက်သည်။ ထို့နောက် သူက အချိန်စက်ဝန်းပြားကို ထုတ်ကာ ရွှေရောင်ကန်ထဲ ပစ်လွှတ်လိုက်သည်။ သူက ရေကန်ဘေး၌ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ၄၉ ကို စိုက်လိုက်ပြီး အချိန်စက်ဝန်းပြားထဲ ဝင်သွားလိုက်သည်။
သူက စွမ်းရည်မြင့်တင်ရန် ရောက်လာခြင်း ဖြစ်သောကြောင့် အချိန်ဆက်မဖြုန်းတော့ပေ။
သူ အချိန်စက်ဝန်းပြားထဲ ဝင်လိုက်သည်နှင့် ချီသွေးကြော ၁၀၈ ခုတို့က ဧရာမ လှည့်ပတ်မှုကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ပထမတစ်ကြိမ် လှည့်ပတ်မှု ပြီးဆုံးသွားသည်နှင့် မိုဝူကျိက ဖီကာရွံ့စေးဖြင့် ဖွဲ့စည်းထားသော ကမ္ဘာဦး စိတ်ဝိညာဉ်သည်လည်း သူ့ဝိညာဉ်လမ်းကြောင်းများကို လှည့်ပတ်နေကြောင်း ထူးဆန်းစွာ တွေ့လိုက်ရသည်။
ဤရွှေရောင်ကန်အတွင်း ပြင်းထန်းသည့် ဝဲကတော့ကြီး ဖြစ်ပေါ်လာကာ မှိန်ဖျော့ဖျော့ ရွှေရောင်မြူတို့က မိုဝူကျိနား ရစ်ဝဲလာသည်။ ထိုရွှေရောင်မြူမှ စွမ်းအားများသည် နတ်ဝိညာဉ်သွေးကြောမှ နတ်ဝိညာဉ်စွမ်းအားများနှင့် ပေါင်းစပ်သွားကာ မိုဝူကျိ၏ ချီသွေးကြောများအတွင်း အလျှင်အမြန် စီးဝင်သွားလေ၏။
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ မြန်မြန်ဆန်ဆန် တိုးတက်လာပြီး သူကိုယ်တိုင်ပင် သူ့ကျင့်ကြံနှုန်းမှာ ကြောက်ခမန်းလိလိ မြန်ဆန်နေကြောင်း ခံစားမိလာသည်။ မိုဝူကျိကို ပို၍ အံ့အားသင့်စေသည်က သူ့ကမ္ဘာဦး စိတ်ဝိညာဉ်သည် သူ့အသိစိတ်ပင်လယ်နှင့် ပေါင်းစပ်သွားပြီး ဖီကာရွံ့စေး အငွေ့အသက်များက စတင်၍ ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခြင်း ဖြစ်၏။
သူက တစ်ခါတည်းဖြင့် သဟဇာတ နတ်ဘုရား အဆင့် ၂ မှ အဆင့် ၃ သို့ တန်းရောက်ရှိသွားသည်။ သူ့အနေနှင့် အဆင့် ၃ မှ အဆင့် ၄ သို့ ရောက်ရှိဖို့ရာလည်း အချိန်သိပ်မလိုလိုက်ပေ။
အချိန်က ဆက်တိုက် ကုန်လွန်နေပေသည်။ အကယ်၍ မိုဝူကျိသာ မျက်လုံးဖွင့်ကြည့်လိုက်လျှင် ထိုရွှေရောင်ကန်ရှိ အရည်များက သူ ခန့်မှန်းထားသလို မခမ်းခြောက်သေးသည်ကို တွေ့လိုက်ရပေမည်။ ထို့အစား ထိုအရာက ဆက်တိုက် ထွက်ပေါ်လာကာ မိုဝူကျိ၏ ကျင့်ကြံရေး ဝဲကတော့နှင့် ပေါင်းစပ်သွားလေ၏။
***
ဤကျယ်ပြောလှသည့် စကြဝဠာကြီးအတွင်း လိန်ဟုန်ကျီက အတော်လေးကို မောပန်းနေပြီ ဖြစ်၏။ သို့သော်လည်း သူက သူ့နောက်မှ ပါလာသော ဝိဇ္ဇာဟွမ်တိအား မဖယ်ရှားပစ်နိုင်သေးပေ။
အကယ်၍ သူ လိန်ဟုန်ကျီသာ လုပ်နိုင်လျှင် ရပ်ကာ ထန်းဟန်နှင့် အချေအတင် ပြောပစ်လိုမိသည်။ သူက မိုးမြေ မီးပြင်းဖိုအား တစ်ခါမှ မထိခဲ့ဖူးကြောင်း အဘယ်ကြောင့် သူ့နောက်ကို ဆက်တိုက် လိုက်နေရသနည်းဟု မေးခွန်းပြန်ထုတ်ချင်မိသည်။
သို့သော်လည်း လိန်ဟုန်ကျီက အရူး မဟုတ်ပေ။ အကယ်၍ သူသာ ရပ်လိုက်လျှင် ထန်းဟန်က အကြောင်းအရင်းအား သေချာပေါက် ဂရုစိုက်နေမည့်လူ မဟုတ်သောကြောင့် ပေါ်ထွက်လာမည့် သူ့ရလဒ်ကို သိပေသည်။ ထို့အစား ထန်းဟန်က သူ့ကို သတ်ကာ မှတ်ဉာဏ်များ ရှာဖွေပစ်လိမ့်မည်။
ဤအာကာပြင်အတွင်း ပြေးဖို့ရာ နေရာအကျယ်ကြီး ရှိနေသော်လည်း ပုန်းအောင်းဖို့ရာ အနည်းငယ်သာ ရှိပေသည်။
ဤနှစ်ပိုင်းအတွင်း လိန်ဟုန်ကျီက သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားကို ဆက်တိုက် ရှာဖွေနေခဲ့သည်။ ကံဆိုးသည်က သူ့အနေနှင့် အာရုံမခံမိချေ။ သူ့အရည်အချင်းနှင့် ကျင့်ကြံနှုန်းတို့မှာ မိုဝူကျိထက် မြန်ဆန်သော်လည်း သူက မိုဝူကျိလိုမျိုး လောကလမ်းကြောင်း မပိုင်ဆိုင်ထားသလို သဟဇာတ နတ်ဘုရားအဆင့်လေးနှင့် ပြီးပြည့်စုံနေသည့် ကမ္ဘာတစ်ခုလည်း မရှိထားချေ။
တစ်ရက်၌ လိန်ဟုန်ကျီက အားဖြည့်ဆေးလုံးတချို့နှင့် ဆေးပင်တချို့ကို မျိုချပစ်လိုက်သည်။ သူ့စိတ်ထဲ၌ အာကာပြင် အက်ကြောင်းအတွင်း ဝင်လိုက်ရမလားဟု တွေးနေမိသည်။
အက်ကြောင်းတစ်ခုကို ဖြတ်၍ အသက်ရှင်နိုင်ခြေမှာ အလွန်တရာ နည်းပါးလှသည်။ သို့သော်လည်း အင်မတန် အားကောင်းသော ပညာရှင်တစ်ယောက် နောက်လိုက်ခံရသည်ထက်စာလျှင် တော်သေး၏။
လိန်ဟုန်ကျီက ထိုအတွေးကို မဆုံးဖြတ်နိုင်ခင် သူ့စိတ်စွမ်းအားအတွင်း ဧရာမ ဂြိုလ်ကြီးတစ်လုံး ပေါ်လာသည်။
စိမ်းစိုဂြိုလ်လား …
လိန်ဟုန်ကျီက နှစ်ခါပြန် မတွေးနိုင်တော့ဘဲ ထိုဂြိုလ်ဆီသာ ဦးတည်လိုက်သည်။
လိန်ဟုန်ကျီ ထိုဂြိုလ်ပေါ် ရောက်လာသည်နှင့် အတော်လေး ဝမ်းသာမိသွားသည်။ ဤနေရာ၌ စိတ်စွမ်းအား ဖြန့်ကျက်၍ မရချေ။
ဤသည်မှာ ကွဲပြားသော စည်းမျည်းများနှင့် ဂြိုလ်တစ်ခု ဖြစ်ပေသည်။ ဤနေရာတွင် သူ တစ်ခါမှ မကြုံတွေ့ဖူးသည့် စည်းမျည်းများစွာ ရှိနေသည်။
စိတ်စွမ်းအား အသုံးပြု၍ မရသောကြောင့် ထန်းဟန်သည်လည်း သူ့အား အလွယ်တကူ ရှာတွေ့မည် မဟုတ်တော့ချေ။
လိန်ဟုန်ကျီက လွှတ်မြောက်ရေး နည်းစနစ်ကို အဆုံးအစွန် ထုတ်သုံးလိုက်သည်။ နေ့ဝက်အတွင်း သူက နောက်မှ ပါလာသည့် အန္တရာယ် ခံစားချက် ပျောက်ဆုံးသွားသည်။
သူက ရပ်တန့်လိုက်၏။ သူက စိတ်လှုပ်ရှားစွာ တုန်ယင်လုနီးပါး ဖြစ်နေသည်။ ဤနေရာတွင် နတ်ဝိညာဉ်သွေးကြောများစွာ ရှိနေသည်။ ထိုမျှတင် မကသေးဘဲ အဝေးတစ်နေရာတွင် နတ်ဘုရားကျောက် မိုင်းတွင်းကိုလည်း မြင်လိုက်ရသည်။
အဆင့်မြင့် နတ်ဆေးပင်များကလည်း နေရာအနှံ့ ပေါက်ရောက်နေကာ လေလံပွဲတွင်ပင် မမြင်ဖူးခဲ့သည့် ရှားပါးရတနာတချို့ကိုလည်း မြင်လိုက်ရသည်။
ငါ ဂွင်အကြီးကြီး မိပြီ … ဒီတစ်ခေါက် ဂွင်အကြီးကြီး မိပြီ ….
လိန်ဟုန်ကျီက သူ့ဘာသာ ရေရွတ်လိုက်လေ၏။ သူ စတင်ကျင့်ကြံစဉ်ကတည်းက သူ တွေ့ဖူးသမျှအထဲ အကြီးမားဆုံး ကြွယ်ဝမှုကြီး ဖြစ်ပေသည်။
***