ယူဆောင်သွားခြင်း
Vol. 82 Ch. 1143
မိုဝူကျိ တစ်ယောက် သဟဇာတ နတ်ဘုရားအဆင့် ၁၀ ရောက်လာသည်နှင့် တရှိန်ထိုးတက်လာသည့် သူ့သဘာဝစွမ်းအားများက ရွှေရောင်ခပ်ဖျော့ဖျော့ ပြောင်းကာ သူ့ချီသွေးကြောများအတွင်း ပြည့်နှက်သွားစေသည်။
မိုဝူကျိက ရုတ်ချည်း မျက်လုံး ပွင့်လာလေ၏။ ဤနေရာတွင် မည်သည့်စည်းမျည်းမှ မရှိသည်မှာ သိသာနေသော်လည်း သူက စည်းမျည်းတိုင်းနှင့် ဆက်နွယ်နိုင်ကြောင်း ခံစားမိနေသည်။
စည်းမျည်းများ လစ်ဟာနေခြင်းကလည်း စည်းမျည်းအမျိုးအစား တစ်ခု ဖြစ်ပေသည်။
မိုဝူကျိ စိတ်ထဲ အသိအမြင်အသစ်တစ်ခု ရုတ်ချည်း အလင်းပွင့်သွားသည်။ သူက မျက်လုံးကို ပိတ်ကာ သူ့ချီသွေးကြောများကို စတင်လှည့်ပတ်လိုက်သည်။
အချိန်စက်ဝန်းပြားက နှေးကွေးလေးလံလာ၏။ ရွှေရောင်ကန်အတွင်း မှုန်ဝါးဝါး ပုံရိပ်တစ်ခုသာ ရှိနေသည်။
ထိုစဉ် အချိန်စက်ဝန်းပြား ဆင့်ကဲဖြစ်စဉ်က မိုဝူကျိ နတ်ဘုရားသင်္ချိုင်းဂူအတွင်း ရှိနေစဉ်ထက် အဆများစွာ မြန်ဆန်သွားသည်။
သဟဇာတ နတ်ဘုရား အဆင့် ၁၁, သဟဇာတ နတ်ဘုရား အဆင့် ၁၂ …
မိုဝူကျိ၏ သဘာဝစွမ်းအားက အပြည့်အဝ ရွှေရောင်ပြောင်းသွားသည့်အခါ သူ့ကျင့်ကြံဆင့်မှာလည်း သဟဇာတ နတ်ဘုရား ထိပ်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်၏။ ရေပမာဏက လျော့ကျသွားသော်လည်း တစ်ဝက်လောက် ကျန်ရှိနေသေး၏။
မိုဝူကျိ၏ ကျင့်ကြံဆင့် ဆက်မတက်နိုင်အောင် ပိတ်ဆို့မှုတစ်ခုက တားဆီးထားလေ၏။ သူ နတ်ဝိညာဉ်စွမ်းအားများကို မည်မျှစုပ်ယူနေစေကာမူ သူ့ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရားအဆင့်သာ တန့်နေသေး၏။ သူက တစ်လက်မမှ တိုးတက်မလာပေ။
မိုဝူကျိက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူက မတ်တတ်ရပ်ကာ လက်ဆန့်ထုတ်လိုက်ရင်း အချိန်စက်ဝန်းပြားကို သိမ်းယူလိုက်၏။
သူက အချိန်စက်ဝန်း၌ နှစ်တစ်သောင်းလောက် ကြာမြင့်သွားကြောင်း ခန့်မှန်းမိပေသည်။ သို့သော်လည်း အပြင်ဘက်ကမ္ဘာ၌ မည်မျှကြာမြင့်သွားသည်ကိုတော့ သေချာမသိချေ။
ဝိဇ္ဇာတပိုင်းအဆင့်ကို မချိုးဖောက်နိုင်ခြင်းမှာ မိုဝူကျိ မှန်းထားသလိုသာ ဖြစ်၏။ ဝိဇ္ဇာတပိုင်းအဆင့်သည် ထူးခြားသော အဆင့် ဖြစ်ပေသည်။ ကျင့်ကြံဆင့် တစ်ခုတည်းဖြင့် ချိုးဖောက်တက်လှမ်း၍ ရသည့်အဆင့်မျိုး မဟုတ်ပေ။ ထို့အပြင် သူက လူသားတာအိုကို ကျင့်ကြံသည့်အတွက် သူသာ သေချာသည့် ဆုံမှတ်တစ်ခုသို့ ရောက်ရှိသွားသည့်အခါတိုင်း အဆင့်ချိုးဖောက်တက်လှမ်းဖို့ရာအတွက် သာမာန်မဟုတ်သည့် အခွင့်အလမ်းမျိုး လိုအပ်ပေသည်။
ဤသို့အချိန်မျိုး၌ သူ့အနေနှင့် စိတ်မရှည်သလို ဖြစ်မနေသင့်ပေ။ သူက ပုံမှန်အတိုင်းနေမှသာ ဝိဇ္ဇာတပိုင်းအဆင့်ကို ချိုးဖောက်တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာနိုင်လိမ့်မည်။
သူ့အတွက် ဤကျင့်ကြံရေး နေရာမှာ အတော်လေး အရေးပါပေသည်။
ရွှေရောင်အရည်များနှင့်အတူ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများက သဟဇာတ နတ်ဘုရားများအတွက် အကောင်းဆုံး ကျင့်ကြံရေး အရင်းအမြစ်များ ဖြစ်သည်။ သူက ထိုပစ္စည်းကို သေချာပေါက် ယူဆောင်သွားရမည်။
မိုဝူကျိက ထိုရွှေရောင်အရည်ကို ကြည့်လိုက်သည်။ သူက ထိုရွှေရောင်အရည်တွင် ထိပ်တန်းအဆင့် စွမ်းအားတမျိုး ပါဝင်နေကြောင်း ခံစားမိ၏။ သူ ကျင့်ကြံနေစဉ် ထိုအရာက သူ့ကျင့်ကြံနှုန်းအား လျှင်မြန်စွာ တိုးမြင့်ပေးနိုင်ရုံသာမက သူ့ခန္ဓာကိုယ်မှ အညစ်အကြေးများကိုလည်း တိုက်စားသွားကာ စည်းမျည်းများအပေါ် အာရုံခံနိုင်စွမ်း ပိုမိုကောင်းလာစေသည်။
ထို့အပြင် သူက အချိန်အတော်ကြာ ကျင့်ကြံခဲ့သော်လည်း အရည်တစ်ဝက်လောက်သာ ကုန်ဆုံးသေး၏။ ဤရေကန်မှာ ထူးခြားမှန်း သိသာလှသည်။
ထို့ကြောင့် သူက ဤရေကန်တစ်ခုလုံးကို ယူဆောင်သွားရမည်။
အကယ်၍ ဤသည်မှာ သာမာန်ရေကန် ဖြစ်နေပါက မိုဝူကျိက သူ့လူသားကမ္ဘာထဲ ရွေ့ဖို့ရာ အစီအရင် အလံတချို့ သုံးဖို့သာ လိုအပ်ပေသည်။ သို့သော်လည်း ဤသည်မှာ သာမာန်ရေကန် မဟုတ်ဘဲ ရွှေရောင်အရည်များ ထုတ်ပေးနိုင်သော ရေကန် ဖြစ်နေသည်။ မိုဝူကျိက အစီအရင်အလံကို အသုံးပြု၍ သူ့လူသားကမ္ဘာထဲ ရွေ့လိုက်လျှင် ထိုအကျိုးသက်ရောက်မှု အားလုံး ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သေချာသိနေ၏။
မိုဝူကျိက မဟာနေရာရွေ့ပြောင်းရေး ပညာရပ်ဟု ခေါ်သည့် ပညာရပ်တစ်ခုကို သိထား၏။ ဤသို့သော ပညာရပ်မျိုးသာ ဤရေကန်အား သူ့လူသားကမ္ဘာအတွင်း ရွေ့နိုင်လိမ့်မည်။ မိုဝူကျိက ထိုပညာရပ် မရှိသော်လည်း ဆင်တူသည့် တစ်ခုတော့ ရှိထားလေသည်။
ကောင်းကင် စိတ်ဝိညာဉ် ပြောင်းလဲရေး ပညာရပ် ….
ကောင်းကင်စိတ်ဝိညာဉ် ပြောင်းလဲရေး ပညာပရပ်၌ တောင်တန်း၊ ပင်လယ် ရွေ့ပြောင်းရေး ပညာရပ်ဟူ၍ ပါရှိပေသည်။ မိုဝူကျိ၏ အမြင်၌ ထိုပညာရပ်မှာ လုံးဝ အသုံးမဝင်သောကြောင့် မသင်ယူခြင်းသာ ဖြစ်၏။
သို့သော်လည်း မိုဝူကျိ၏ လက်ရှိအခြေအနေဖြင့် ဤပညာရပ်ကို သင်ယူဖို့ အချိန်သိပ်မလိုပေ။
ဆယ်ရက်အကြာတွင် မိုဝူကျိ၏ နေရာမှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ သူ့အောက်ရှိ ရွှေရောင်ကန်ကြီးက မြင့်တက်လာပြီး သူ့လူသားကမ္ဘာအတွင်း ရွေ့ပြောင်းခံလိုက်ရသည်။ ရေကန်အတွင်းရှိ စည်းမျည်းများမှာ နဂိုအတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။ အကယ်၍ ပြောင်းလဲမှုဖြစ်လျှင်ပင် သူ့လူသားကမ္ဘာအတွင်း ရွေ့ပြောင်းပြီးသည့်နောက်မှသာ ဖြစ်လိမ့်မည်။ ရေကန်မှာ စည်းမျည်းနှင့် ကင်းကွာနေသည့် ပတ်ဝန်းကျင်တွင် ရှိနေခြင်းမျိုး မဟုတ်တော့ပေ။ ထို့အစား စည်းမျည်းမျိုးစုံ စုစည်းနေသည့် နေရာ၌ ရောက်သွားလေသည်။
***
ကျီလီက ရပ်တန့်လိုက်သည်။ သူမ စိတ်နှလုံးသားမှာ ထိတ်လန့်နေမိသည်။
ဤသည်မှာ သူမအနေနှင့် ဤသို့ပူးကပ်မှုများစွာကို ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်၏။ သူမက သတိကြီးကြီးထားထားပြီး သူမကို ပူးကပ်ဖို့ ကြိုးစားသူများတွင် ပညာရှင်များ မပါဝင်သေးသည့်အတွက် ပြဿနာကို ဖြေရှင်းနိုင်သေး၏။
သို့သော်လည်း သူမရှေ့တွင် ရှိနေသော ဝိညာဉ်မှာ အတော်လေး ကွဲပြားပေသည်။ ဤကမ္ဘာဦး စိတ်ဝိညာဉ်မှာ ရုပ်လုံးပေါ်လုနီးပါး ဖြစ်နေလေပြီ။ ထို့အပြင် ထိုက သူမစွမ်းအားစက်ကွင်းကို ဖိနှိပ်ထားသည့် အငွေ့အသက်တမျိုး ထုတ်လွှင့်နေသည်။ သူမ ဝန်းကျင်ရှိ အာကာပြင်ပင် ထိုအငွေ့အသက်ကြောင့် ပိတ်ဆို့ခံထားရသည်။
သူမ ကြုံတွေ့ခဲ့သည့် ကံကောင်းမှုကြောင့် သူမ ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရား အဆင့် ၅ သို့ ရောက်ရှိသွားလေပြီ။ သို့သော်လည်း ဤကမ္ဘာဦး စိတ်ဝိညာဉ်နှင့် အလှမ်းကွာနေသေး၏။
“ မင်းရဲ့ အသိစိတ်ပင်လယ်ကို ဖျက်စီးပစ်ပြီးတော့ ဝိညာဉ်ကို ချုပ်ငြိမ်းပစ်လိုက် …. မင်း အဲလိုလုပ်ရင် မင်းရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို လွှတ်ပေးမယ် ” ရုပ်လုံးပေါ်လုနီးပါး ကမ္ဘာဦး စိတ်ဝိညာဉ်က ကျီလီအား စိုက်ကြည့်ကာ ပြောလိုက်သည်။ သူ့လေသံမှာ တည်ငြိမ်နေသော်လည်း သူ မည်မျှ စိတ်လှုပ်ရှားနေသည်ကို သူသာ သိပေသည်။
ကပ်ဘေးကြီး ရောက်လာတော့မည် ဖြစ်ရာ နောက်ဆုံးတွင် ပူးကပ်ဖို့အတွက် ပြီးပြည့်စုံသည့် ပစ်မှတ်ကို တွေ့လိုက်ရပေသည်။ အကယ်၍ သူသာ မမှားလျှင် ဤခန္ဓာကိုယ်မှာ ပင်းထန်းဝန်းနှင့် ဆက်စပ်နေခြင်းသာ ဖြစ်ရမည်။ သူ့အတွက် ထိုအရာမှာ ကောင်းကင်ဘုံမှ ဆုလာဘ်သာ ဖြစ်၏။
သူ မလှုပ်ရှားသေးသည့် အကြောင်းမှာ သူကိုယ်တိုင် အပါအဝင် မည်သူကိုမှ ထိုပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကို မဖျက်စီးပစ်စေချင်၍ ဖြစ်သည်။
ကျီလီက အဖြူရောင်တောင်ဝှေးကို ကိုင်ဆောင်ထားသည်။ ဤသည်မှာ အပြိုအပျက်ကမ္ဘာအတွင်း ရရှိလာသည့် ထိပ်တန်းအဆင့် မှော်ရတနာ ဖြစ်၏။
“ ကျွန်မဘာသာ ဖောက်ခွဲပစ်ရမယ်ဆိုရင်တောင် ရှင့်ကို ပူးကပ်ခွင့် မပေးနိုင်ဘူး ” ကျီလီအသံတွင် ဆုံးဖြတ်ချက် ပြတ်သားမှုများ ပါဝင်နေကာ ညှိနှိုင်းလိုရန် ဆန္ဒမရှိချေ။
“ မင်းဘာသာ ဖောက်ခွဲပစ်နိုင်တယ်ပေါ့ ” ကမ္ဘာဦး စိတ်ဝိညာဉ်က ထေ့ထေ့ငေါ့ငေါ့ ပြောလိုက်ရင်း ကျီလီ ဘေးပတ်လည်ရှိ အာကာပြင်မှာ တုန့်ဆိုင်းသွားသည်။
ကျီလီက ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားပြီး သူမ တာအိုစည်းမျည်းများကို တခြားသူ၏ ထိန်းချုပ်ထားကြောင်း သိလိုက်ရသည်။
“ တကယ်လို့ ကျွန်မကို ပူးကပ်ရဲရင် တစ်ယောက်က ရှင့်နောက်ကို ရေဆုံးမြေဆုံး လိုက်လိမ့်မယ်။ စကြဝဠာတစ်ခုလုံး ရှာရမယ်ဆိုရင်တော့ သူက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး ” ကျီလီအသံမှာ နာကျင်မှုကြောင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူမက နောင်တတချို့ ခံစားမိနေသည်။
သူမက မိုဝူကျိစကားကို နားထောင်ပြီး ဘာလို့ အတူတူမသွားလိုက်ရတာလဲ ….
သူမက သေခြင်းတရားကို မကြောက်ပေ။ သို့သော်လည်း သူမခန္ဓာကိုယ်ကို တခြားဝိညာဉ်တစ်ကောင်၏ လက်ထဲ မကျရောက်စေလိုပေ။
“ ဟားဟား ” ကမ္ဘာဦး စိတ်ဝိညာဉ်က အားရပါးရ ရယ်မောလိုက်ကာ “ ငါ ဖန်းရှီယူက လိုက်ဖမ်းခံရမှာကို ကြောက်မယ် ထင်နေလား ”
ကျီလီက ငြိမ်ကျသွား၏။ သူမက နှလုံးခုန်နှုန်းကို ထိန်းဖို့ ကြိုးစားလိုက်ရင်း လက်ခံ ယုံကြည်နိုင်လောက်အောင် ပြောလိုက်သည်
“ စီနီယာကို ညာနေတာ မဟုတ်ဘူး။ ကျွန်မ မိတ်ဆွေက မိုဝူကျိတဲ့ … ကျွန်မသာ တစ်ခုခု ဖြစ်သွားရင် သူက ကောင်းကင်ဘုံတက်ပြီး မြေအောက်လျိုးဝင်ရမယ်ဆိုရင်တောင် ရှင့်ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ အဲဒါ သေချာတယ်။ ပြီးတော့ သူက အဲလို ဖြစ်အောင်လည်း လုပ်နိုင်တယ် ”
ကျီလီက ပြောလိုက်ရင်း သူမစိတ်ထဲ၌ နားမလည်နိုင်သည့် ခံစားချက်ကြီး ကြီးစိုးလာသည်။
သူမက မိုဝူကျိသည် သူမသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် တစ်ခုခု လုပ်ပေးမည်သာ အသေအချာ သိနေသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ မိုဝူကျိသာ တစ်ခုခု ဖြစ်ခဲ့လျှင်လည်း သူမသာ သူ့အတွက် အတူတူ လုပ်ပေးမည်သာ ဖြစ်ပေသည်။
မိုဝူကျိက သူမအား နတ်ဘုရားလောကမှ ခေါ်ထုတ်ခဲ့ပြီး ပင်းထန်းဝါးကို ရှာဖို့ရာအတွက် အသက်ပါ စတေးထားခဲ့ရသည်။ ဤသည်မှာ အကြီးမားဆုံး သိသာချက် ဖြစ်၏။
သူမက သက်ပြင်းချလိုက်သည်။ ကံဆိုးသည်က သူမတွင် အနာဂတ် မရှိတော့ချေ။ အကယ်၍ သူမသာ အနာဂတ် ရှိနေသေးပါက သူမ လုပ်သည့်နည်းလမ်းကို ပြောင်းလဲပစ်ရမည်။
“ ဘယ်သူလဲ ” ကမ္ဘာဦး စိတ်ဝိညာဉ်က ကျီလီ၏ စကားများကို ဂရုမစိုက်ပေ။ ထို့အစား ဗလာကျင်းနေသည့် အာကာပြင်ကို လှည့်ကြည့်လိုက်၏။
မီးခိုးရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ပေါ်လာသည်။ ထိုကမ္ဘာဦး စိတ်ဝိညာဉ်က အရပ်ရှည်ရှည် အမျိုးသားကို မြင်လိုက်သည့်အခါ မကျေမနပ် ပြောလိုက်၏
“ တာအိုအုပ်စိုးသူအရှင် မြစ်ဝါ … ခင်ဗျားက ခန္ဓာကိုယ်လည်း ပြန်ရထားပြီးပြီ။ ကျုပ်ကိစ္စကို ဘာကြောင့် ဝင်ပါနေရတာလဲ ”
မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားက တာအိုအုပ်စိုးသူအရှင် မြစ်ဝါ ဖြစ်ပေသည်။ သူက ကမ္ဘာဦး စိတ်ဝိညာဉ်ကို ပြန်မဖြေဘဲ ကျီလီဘက် လှည့်ကာ မေးလိုက်သည် “ မင်းပြောတာ မင်းရဲ့ မိတ်ဆွေနာမည်က မိုဝူကျိတဲ့လား ”
ကျီလီ စိတ်ထဲ မျှော်လင့်ချက်အလင်းရောင်လေး သမ်းလာသည်။ သူမက မြန်မြန် ခေါင်းညိတ်ကာ “ ဟုတ်ပါတယ် …. သူ့နာမည်က မိုဝူကျိပါ ”
“ သူလား ”တာအိုအုပ်စိုးသူအရှင် မြစ်ဝါက လက်ကို ဝေ့လိုက်သည်နှင့် မိုဝူကျိ၏ ပုံရိပ်လေး ပေါ်လာလေ၏။
“ ဟုတ်ပါတယ် … စီနီယာက သူနဲ့များ တွေ့ခဲ့လို့လား ” ကျီလီ၏ အသံက ပို၍ အားတက်လာသည်။ သူမ အပြိအပျက်ကမ္ဘာကို ရောက်လာသည့်အခါ တည်နေရာပြ သလင်းကျောက်မှာ မည်သည့်တည်နေရာကိုမှ မပြတော့ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူမက မိုဝူကျိအတွက် စတင် စိုးရိမ်လာမိ၏။
တာအိုအုပ်စိုးသူအရှင် မြစ်ဝါက ကျီလီအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ကမ္ဘာဦး စိတ်ဝိညာဉ်ဘက် လှည့်ကာ ပြောလိုက်သည်
“ ဖန်းရှီယူ … ငါတို့က မိတ်ဆွေ မဟုတ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သိလာတာလည်း နှစ်မနည်းတော့ဘူး။ ငါ့မျက်နှာ ထောက်ထားပြီး ဒီမိန်းကလေးကို လွှတ်ပေးလိုက်ပါ ”
ကမ္ဘာဦး စိတ်ဝိညာဉ်က တာအိုအုပ်စိုးသူအရှင် မြစ်ဝါကို မယုံနိုင်ဖွယ် ကြည့်လိုက်ရင်း
“ ဟွမ်ဖန်းဟုန် … ငါ နားကြားတာများ လွဲနေတာလား။ မင်းက ဒီပါးမွှားလေးဘက်က ရပ်တည်ပေးတယ်ပေါ့။ တကယ်လို့ မင်းသာ ခန္ဓာကိုယ် မရှိရင် မင်းအပြုအမူကို နားလည်ပေးနိုင်ဦးမယ်။ ဒါပေမဲ့ မင်းဆီမှာ ခန္ဓာကိုယ် ရှိထားပြီးသားကို ဘာလို့ ဝင်ရှုပ်ချင်နေရတာလဲ။ ငါ ဖန်းရှီယူက မင်းကို ကြောက်မယ်များ ထင်နေလား ”
တာအိုအုပ်စိုးသူအရှင် မြစ်ဝါက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်
“ မင်းက စကြဝဠာအသင်္ချေဆိပ်ကမ်းမှာ နာမည်ကျော် ဓားသမား တစ်ယောက် ဖြစ်ခဲ့ပြီးတော့ ဝိဇ္ဇာတွေရဲ့ နောက်က ဒုတိယတည်ရှိမှုလိုမျိုး ဖြစ်ခဲ့တာဆိုတော့ ငါ့ကို မကြောက်တာ သဘာဝကျပါတယ်။ ဒါပေမဲ့ အခု မင်းက ခန္ဓာကိုယ်တောင် မရှိဘဲနဲ့ ငါနဲ့ လာပြိုင်ချင်နေတာဆိုရင်တော့ လိုအပ်နေသေးတယ် ”
တာအိုအုပ်စိုးသူအရှင် မြစ်ဝါက ပြောနေရင်း သူ့စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်သည်။ ဖိအားပြင်းပြင်းတစ်ခု ပြန့်နှံ့လာလေ၏။
ကျီလီက သူမ ဘေးပတ်လည်ရှိ အာကာပြင်မှာ ပို၍ ပေါ့ပါးသွားကြောင်း ခံစားမိလာသည်။ သူမအား ဖိနှိပ်ထားသော အငွေ့အသက်သည်လည်း ချက်ချင်း ပျောက်ကွယ်သွားလေ၏။ သူမက တာအိုအုပ်စိုးသူအရှင် မြစ်ဝါနောက် ရွေ့လိုက်ပြီး ဖန်းရှီယူအား သတိထားကာ ကြည့်လိုက်သည်။
ဖန်းရှီယူက စိတ်ထဲ လေးလံမိသွားသည်။ သူက အမြဲတမ်း မာနကြီးသူ ဖြစ်ခဲ့၏။ သူ့တွင် နတ်ဘုရားအရိုက်အရာ မရှိသော်လည်း ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိကာ ဝိဇ္ဇာအဆင့်အောက်ရှိ မည်သူကိုမှ မကြောက်ခဲ့ပေ။
သို့သော်လည်း တာအိုအုပ်စိုးသူအရှင် မြစ်ဝါ၏ စကားများက မှန်ပေသည်။ သူ့တွင် ခန္ဓာကိုယ် မရှိသော်ငြား တာအိုအုပ်စိုးသူအရှင် မြစ်ဝါတွင် ပိုင်ဆိုင်ထား၏။ သူ့တိုက်ကွက်များက အားကောင်းနေလျှင်ပင် တာအိုအုပ်စိုးသူအရှင် မြစ်ဝါအတွက် ပြိုင်ဖက် ဖြစ်မည် မဟုတ်ချေ။
ဖန်းရှီယူက ဖြည်းဖြည်းချင်း ပြောလိုက်သည် “ ဟွမ်ဖန်းဟုန် … ငါ ဖန်းရှီယူ ဒီနေ့ကို မှတ်ထားမယ်။ နောင်ကျ သေချာပေါက် ပြန်ပေးဆပ်ရစေမယ် ”
ယခု တာအိုအုပ်စိုးသူအရှင် မြစ်ဝါက ကျီလီအား ကူညီပေးလိုက်သည့်အတွက် သူ ဖန်းရှီယူက သူမအား ပူးကပ်ဖို့ အခွင့်အရေး မရတော့ပေ။
တာအိုအုပ်စိုးသူအရှင် မြစ်ဝါက ရယ်မောလိုက်ရင်း
“ ကြိုက်တဲ့အချိန် လာခဲ့ … ငါ တာအိုအုပ်စိုးသူအရှင် မြစ်ဝါက မကြောက်ဘူး။ ပြီးတော့ မင်း ငါ့ကို ကျေးဇူးတင်သင့်တာ။ တကယ်လို့ တာအိုရောင်းရင်းမိုသာ မင်းကို ပစ်မှတ်ထားရင် ကောင်းကင်ဘုံ တက်လှမ်းပြီး မြေအောက်လျိုးပြီး ပုန်းနေရင်တောင် သူ့လက်က လွှတ်မှာ မဟုတ်ဘူး ”
“ ကောင်းတယ် …နောင်ကျ အဲဒီတာအိုရောင်းရင်းမို ဘယ်လောက် အားကောင်းလဲ သေချာပေါက် ကြည့်ရသေးတာပေါ့ ” အံ့ကြိတ်ပြောပြီးနောက် ဖန်းရှီယူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်က ပျောက်ကွယ်သွားသည်။