← Chapters

လျှို့ဝှက် အာဏာရှင် အဆင့်များ

Vol. 41 Ch. 561

လျှို့ဝှက် အာဏာရှင် အဆင့်များ

Vol. 41 Ch. 561

လက်ရှိတွင် ဝေ့ဝူယင် နားလည်ထားသည့် ရည်ရွယ်ချက် အမျိုးအစား သုံးခု ရှိသည်။ ပထမ တစ်ခုကို ရည်ရွယ်ချက် မျိုးစေ့ ဟု ခေါ်သည်။ ၎င်းမှာ ရည်ရွယ်ချက် တစ်ခုကို စတင်ကို နားလည်သည့် အခြေခံ အဆင့် ဖြစ်ကာ စစ်မှန်သော ရည်ရွယ်ချက် တစ်ခု ရရှိလာစေရန် မှန်ကန်သော အတွေးကို ပိုင်ဆိုင်ထားသည်ဟု အဓိပ္ပာယ် ရပေသည်။ နေသွေးနီနီဂိုဏ်းမှ ရန်ကျူးမှာ လှံရည်ရွယ်ချက် မျိုးစေ့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

အမှန်တကယ်အားဖြင့် ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူတိုင်းမှာ ရည်ရွယ်ချက် မျိုးစေ့များကို ပိုင်ဆိုင် ထားကြသည်။ သေမျိုး ကြယ်တာရာ ကပ်ဘေးသည် ကျင့်ကြံသူများ၏ ဝိညာဥ်ကို ဇာတိ ဝိညာဥ်ကို ကြယ်တာရာ ဝိညာဥ် အဖြစ် သန့်စင်ပေးသည့် အပြင် သက်ဆိုင်ရာ ရည်ရွယ်ချက် မျိုးစေ့တို့ကိုပါ ပေးစွမ်းနိုင်စွမ်း ရှိသည်။

သို့သော်လည်း လက်တွေ့တွင်တော့ ကျင့်ကြံသူ ကိုးဆယ် ရာခိုင်နှုန်းခန့်မှာ အစစ်အမှန် ရည်ရွယ်ချက်ကို ဖမ်းဆုပ်နိုင်စွမ်း မရှိကြချေ။

စုမေ့၊ ယင်နှင့် ကျူးဟိုင်တို့ ကဲ့သို့ အာဏာရှင်များ အဖွဲ့၏ အဓိက အဖွဲ့ဝင် တစ်ယောက် ဖြစ်ရန် လိုအပ်ချက်မှာ အစစ်အမှန် ရည်ရွယ်ချက် တစ်မျိုးကို ပိုင်ဆိုင်ထားရန် ဖြစ်သည်။ ရည်ရွယ်ချက်များမှာ ကျင့်ကြံရာ၌ အလွန် အရေးကြီးသည်ဟု ဝေ့ဝူယင်က သတ်မှတ်ထားသည်။

သက်ဆိုင်ရာ ရည်ရွယ်ချက်များကို နားလည်ထားသည့် ကျင့်ကြံသူများမှာ သဘာဝ အလျောက် ပိုမို သန့်စင် အစွမ်းထက်သည့် စွမ်းအင်များကို အသုံးပြုနိုင်သည့် အပြင် သာမန်ထက် ထူးခြားသည့် တိုက်ခိုက်ရေး စွမ်းအင်များကိုပါ ဖော်ထုတ်နိုင်စွမ်း ရှိသည်။

ရည်ရွယ်ချက် မျိုးစေ့မှ အစစ်အမှန် ရည်ရွယ်ချက်ကို ပျိုးထောင်ပြီးပါက နောက်ထပ် ခြေတစ်လှမ်းမှာ ဆန္ဒကို အပြင်လောကနှင့် ပေါင်းစပ်၍ ရည်ရွယ်ချက် လောက၊ လောက နှလုံးသားကို ဖန်တီးခြင်း ဖြစ်သည်။ ထိုအဆင့်တွင် ကျင့်ကြံသူများမှာ လောက မန်နာများ၊ အမတေများကို ဆန္ဒနှင့် တိုက်ရိုက် ချိတ်ဆက်၍ ပိုမို ထူးခြားသည့် စွမ်းအင် အမျိုးအစားများ အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။

ထိုနည်းလမ်းမှာ အမတေများကို ကိုယ်ပိုင်စွမ်းအင် အဖြစ် ပြောင်းလဲရန် လောကနယ်မြေအား အသုံးပြုခြင်းထက် ပိုမို မြင့်မားသော အဆင့် တစ်ခု ဖြစ်သည်။ အဘယ်ကြောင့် တိတိကျကျ ပြောနိုင်သနည်း ဆိုသော် အကြောင်းပြချက်က ရှင်းပေသည်။

ကျင့်ကြံသူ တစ်ယောက် အနေဖြင့် လောကနယ်မြေကို အသုံးပြုပါက ရေစွမ်းအင်မှာ မိမိ ထိန်းချုပ်မှု အောက်သို့ ရောက်လာသည့်တိုင် မူလ ရေစွမ်းအင် အဖြစ်သာ ဆက်လက် ကျန်ရှိနေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း လောကနှလုံးသားဖြင့် ဆိုပါက ရေစွမ်းအင်၊ မီးစွမ်းအင်၊ လျှပ်စီး စွမ်းအင် မည်သည့် စွမ်းအင် အမျိုးအစားမဆို ဆေဘာစွမ်းအင် ဖြစ်လာနိုင်စွမ်း ရှိပေသည်။

ထိုကွဲပြား ခြားနားမှုက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ဝမ်ယုထျန်း ပြောသည့် လျှို့ဝှက် ရည်ရွယ်ချက် ဆိုသည်မှာ အကန့်အသတ်ကို ကျော်လွန်ရန် သေမျိုးတို့၏ အခွင့်အရေး တစ်မျိုး ဖြစ်ရပေမည်။

“လျှို့ဝှက် ရည်ရွယ်ချက်က နေရာတိုင်းမှာ တည်ရှိနေတယ်... ဒီနေရာကနေတောင် မင်း အာရုံခံကြည့်လို့ ရလိမ့်မယ်... ဒါပေမဲ့ ပြဿနာက အာရုံခံဖို့ မဟုတ်ဘူး... ခွဲခြားနိုင်စွမ်းပဲ... ပြောရရင် အဲဒါ မန်နာလိုမျိုးပဲ... ကျင့်ကြံခြင်းက အမြဲတမ်း လွယ်မယောင်နဲ့ ခက်တယ်... ငါ မှားသောအမှန် အဆင့်တုန်းက အချိန်ကိုတောင် ပြန်ပြီး သတိရမိတယ်... တကယ် ရူးသွပ်စရာ ကောင်းခဲ့တာပဲ... အဲဒါက ငါ့ရဲ့ ကျင့်ကြံခြင်းက ဆယ်စုနှစ် သုံးခုတောင် ရပ်တန့်နေခဲ့တာ... ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်သလဲ”

ဝမ်ယုထျန်းက သက်ပြင်းတစ်ချက် ချလိုက်၏။ သူက အချိန် အတန်ကြာအောင် တိတ်ဆိတ်နေခဲ့ကာ လေထုမှာ အုံ့မှိုင်းသော အငွေ့အသက်များဖြင့် ပြည့်နှက် နေခဲ့၏။ ဝေ့ဝူယင်မှာ ဝမ်ယုထျန်း၏ မျက်လုံးထဲမှ ရုန်းကန်ရမှုများကို တွေ့မြင်နေရ၏။

ကျင့်ကြံခြင်းကား အမှန်တကယ် ခက်ခဲလွန်းလှသည်။ သူ ကိုယ်တိုင် ပင်လျှင် ချီဖန်တီးခြင်း အဆင့်မှ ယင်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိရန် ဆယ်စုနှစ် တစ်ခုနီးပါး အချိန်ယူခဲ့ရသည်။ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာပြီးမှသာ ပိုမို ကောင်းမွန်သော ကံကြမ္မာဖြင့် ကျင့်ကြံခြင်း အဆင့်များကို လွယ်ကူစွာ ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လူတိုင်းမှာ သူ့ကဲ့သို့ ကံကောင်းခြင်းများနှင့် ကြုံတွေ့ခဲ့ကြသည်တော့ မဟုတ်ကြချေ။ အချို့သော ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများမှာ ဘဝ တစ်လျှောက်လုံးတွင် နှစ်ပေါင်း ထောင်ချီတိုင်အောင် လောကပင်လယ် အဆင့်တွင်ပင် ပိတ်မိနေတတ်ကြသည်။ ကြယ်တာရာ အမြုတေ အဆင့်နှစ် ဖြစ်သည့် ကောင်းကင်အုပ်စိုးသူ အဆင့်ကို သူတို့ ဘဝ တစ်လျှောက်လုံး ဘယ်တော့မှ နားလည်နိုင်စွမ်း မရှိကြချေ။ ဝူကျိုးမှာ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။

ဝေ့ဝူယင်မှာ ဝမ်ယုထျန်းကို ကြည့်ကာ အနည်းငယ် အားတက်လာသလို ခံစားလိုက်ရ၏။ သေမျိုး အကန့်အသတ်ကို ကျော်လွန်ကာ လျှို့ဝှက် အာဏာရှင် ဖြစ်လာခဲ့သည့် ကျင့်ကြံသူ တစ်ယောက်က ချီပျစ်ခဲခြင်း အဆင့်ခြောက်တွင် ဆယ်စုနှစ် သုံးခုစာ ပိတ်မိနေခဲ့သည်လား။ ထိုအချက်က အမြန်နှုန်းမှာ အနာဂတ်နှင့် တိုက်ရိုက် အချိုး မညီကြောင်း ဖော်ပြနေပေသည်။

“လျှို့ဝှက် ရည်ရွယ်ချက် မျိုးစေ့ကို နားလည်ပြီးတာနဲ့  လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ဖို့ အတွေးတစ်ချက်ပဲ လိုတော့တယ်... ဒါပေမဲ့ လိုအပ်ချက် တစ်ခုတော့ ရှိသေးတယ်... အဲဒါက အသက်အင်အားပဲ... အဆင့် တက်လှမ်းနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က အသက်အင်အား ပမာဏ အများကြီးကို စားသုံးရတယ်”

ဝမ်ယုထျန်း၏ ဆက်လက် ရှင်းပြမှုကို နားထောင်ကာ ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။

“အဆင့်တက်တာ အောင်မြင်ဖို့ အတွက် အသက်အင်အား ဘယ်လောက်လိုတာလဲ”

“နှစ်ရှစ်ရာ...”

“ ... “

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ အသက်အင်အား တောင်းဆိုမှုက အခြားလူများ အတွက် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း သူ့ကဲ့သို့ အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အတွက်တော့ ကြီးမားသော ပြဿနာ မဟုတ်ချေ။ သူ့တွင် သက်တမ်းကို ဆွဲဆန့်နိုင်သည့် နည်းလမ်းပေါင်း ရာချီ၍ ရှိပေသည်။

“တကယ်လို့ အောင်မြင်သွားရင်ရော ဘာဖြစ်မှာလဲ...”

အတန်ကြာ ငြိမ်သက်ပြီးနောက် ဝေ့ဝူယင်က ထပ်မေးလိုက်၏။ ဝမ်ယုထျန်း၏ စကားက အဓိက အချက်ကို မရောက်သေးဟု သူ ခံစားရသည်။ ကြယ်တာရာ အမြုတေ အဆင့်တစ်ဆယ် သို့မဟုတ် လျှို့ဝှက် ကြယ်တာရာ အဆင့်က ကျဆုံးမှု၏ ထုတ်ကုန် တစ်ခု ဟု ဆိုသည်။ ဤသို့ဆိုလျှင် အဆင့်တက်ရာ၌ အောင်မြင်သွားခဲ့လျှင်ရော ဘာဖြစ်မည်နည်း။

ဝမ်ယုထျန်း၏ မျက်လုံးများက အတိတ်ကို လွမ်းဆွေးဟန်နှင့် အနည်းငယ် ရီဝေသွား၏။

“တကယ်လို့ အဆင့်တက်မှု အောင်မြင်သွားခဲ့ရင် လျှို့ဝှက် အာဏာရှင် အဆင့်ရဲ့ အစစ်အမှန် အဆင့်တစ် ဖြစ်တဲ့ လျှို့ဝှက် ဝိညာဥ် အဆင့်ကို ရောက်ရှိနိုင်ကြတယ်... အဲဒီ အဆင့်ရဲ့ နောက်မှာတော့ သေမျိုးတစ်ပိုင်း အရှင် အဆင့်၊ မြေကြီးရှန့်ထို အဆင့်၊ လောက ရှန့်ထို အဆင့်၊ ကောင်းကင် ရှန့်ထို အဆင့်၊ အာဏာရှင် ရှန့်ထိ အဆင့်၊ အစစ်အမှန် ရှန့်ထို အဆင့်နဲ့ အစစ်အမှန် ဝိညာဥ် အဆင့်တွေ ရှိကြတယ်”

"စောစောက စကားကို ပြန်ဆက်ရမယ် ဆိုရင် လျှို့ဝှက် ကြယ်တာရာ အဆင့်က လျှို့ဝှက် ရည်ရွယ်ချက်နဲ့ ကြယ်တာရာ အမြုတေတို့ ပေါင်းစည်းသွားတဲ့ အခါ ဖြစ်ပေါ်လာတဲ့ အဆင့်တစ်ခုပဲ... လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူတွေက နောက်ထပ် အဆင့်တွေကို  ဆက်ပြီး တက်လှမ်းဖို့ မဖြစ်နိုင်တော့တဲ့ အတွက် ကျဆုံးမှုရဲ့ ထုတ်ကုန် တစ်ခုလို့ ငါတို့က ရည်ညွှန်းကြတယ်...”

“ဒါပေမဲ့ လျှို့ဝှက် ဝိညာဥ် အဆင့်မှာတော့ လျှို့ဝှက် ရည်ရွယ်ချက်က ကျင့်ကြံခြင်း ဝိညာဥ်၊ ကြယ်တာရာ အမြုတေတို့နဲ့ တစ်သားတည်း အဖြစ် ပေါင်းစည်းသွားတယ်... အဲဒီ အဆင့်ကို ရောက်တာနဲ့ ကြယ်တာရာ ဝိညာဥ်တွေက လျှို့ဝှက် ဝိညာဥ်၊ ကြယ်တာရာ အမြုတေတွေက လျှို့ဝှက် အမြုတေတွေ အဖြစ် အသွင်ပြောင်းလဲသွားကြတယ်”

“လျှို့ဝှက် ရည်ရွယ်ချက်က ရုပ်စွမ်းအင်၊ သွေးမျိုးဆက် စွမ်းအင် စတဲ့ အခြား စွမ်းအင်တွေနဲ့ ချိတ်ဆက်သွားတဲ့ အခါက သေမျိုးတစ်ပိုင်း အဆင့် ဆိုပြီး ဖြစ်လာတယ်... အဲဒီ အဆင့်ကို ရောက်တာနဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ တည်ရှိမှုက သေမျိုးအကန့်အသတ်ကို လုံးဝ ကျော်လွန်သွားပြီလို့ ဆိုနိုင်တယ်... မြေကြီး ရှန့်ထို အဆင့်နဲ့ နောက်ပိုင်း အဆင့်တွေကိုတော့ ငါ တိတိကျကျ ရှင်းမပြနိုင်ဘူး...”

ဝမ်ယုထျန်းက သက်ပြင်းတစ်ချက် ချလိုက်၏။ ဝေ့ဝူယင်က သူ၏ စကားကို နားလည်ပေသည်။ လျှို့ဝှက် အာဏာရှင် အဆင့်နှစ်ကို ရောက်ရှိခဲ့သည့် ဝူယုပင်လျှင် ထိုအဆင့်များ အကြောင်းကို ရှင်းမပြနိုင်ခဲ့သည် မဟုတ်ပါလား။

“ဒီလောကနယ်မြေကို ရောက်မလာခင်တုန်းက ခင်ဗျား ဘယ် ကျင့်ကြံခြင်း အဆင့်ထိ ရောက်ခဲ့တာလဲ”

တစ်ခဏမျှ စဥ်းစားပြီးနောက် ဝေ့ဝူယင်က စိတ်ဝင်တစား မေးလိုက်သည်။

“လောက ရှန့်ထို အဆင့်”

ဝမ်ယုထျန်းက မတုန့်မဆိုင်းပင် ဖြေလိုက်၏။ သူ၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှု အရိပ်အငွေ့ အချို့မှာ မသိမသာ ဖြတ်ပြေးသွား၏။

“လောကရှန့်ထို အဆင့်... ကျုပ်နားလည်ပြီ”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ဝမ်ယုထျန်း၏ ကျင့်ကြံခြင်း အဆင့်မှာ မဟာ ဧကရာဇ် ဝူယု ရောက်ရှိခဲ့သည့် အဆင့်ထက် အတော်လေး ကျော်လွန်နေပေသည်။

သိချင်နေသည့် အရာတော်တော်များများကို သိရှိခဲ့ရပြီ ဖြစ်လေရာ ဝေ့ဝူယင် မူလ မေးခွန်းကို ပြန်သွားရန် ဆုံးဖြတ်လိုက်၏။

“ဒါနဲ့ သေမျိုးတစ်ပိုင်း အရှင် အဆင့်က ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ရွှေ့ပြောင်းပေးနိုင်တယ်လို့ ခုနက ခင်ဗျား ပြောလိုက်တယ်နော်”

ဝေ့ဝူယင်၏ အသံကြောင့် ဝမ်ယုထျန်းမှာ အတွေးအာရုံထဲမှ ပြန်လည် နိုးထလာကာ ခေါင်းခါလိုက်၏။

“မဟုတ်ဘူး... သူတို့က ကြယ်တာရာ နယ်မြေကို ရွှေ့မပေးနိုင်ဘူး... ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ ရှိတဲ့ သက်ရှိတွေကို အခြား ကြယ်တာရာ နယ်မြေတစ်ခုဆီကိုပဲ ရွှေ့ပေးနိုင်တာ”

ဝေ့ဝူယင်မှာ သူ၏ ပထမ မေးခွန်းကို ပြန်စဥ်းစားကာ ဝမ်ယုထျန်း၏ စကားကို အနည်းငယ် နားလည်မှု လွဲသွား‌ကြောင်း သဘောပေါက်လိုက်၏။

“ဒါနဲ့ ဟိုလျှို့ဝှက်အာဏာရှင် အဆင့်တွေ လာခဲ့တဲ့ ကျင့်ကြံခြင်း အဖွဲ့အစည်းမှာရော သေမျိုးတစ်ပိုင်း အရှင် အဆင့်တွေ ရှိလားဗျ”

“ရှိတာပေါ့... အမှန်အတိုင်း ပြောရရင် ခုတောင် မင်းကို စောင့်ကြည့်နေတဲ့ တစ်ယောက် ရှိတယ်”

ဝမ်ယုထျန်းက မတုန့်မဆိုင်းပင် ပြန်ဖြေလိုက်သည်။

“ဘယ်လို...”

ဝေ့ဝူယင်မှာ အနည်းငယ် ထိတ်လန့်သွား၏။ သူက ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်ဖော်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်က နိမ့်ပါးလှရာ ဘာမူမမှန်မှုကိုမှ မတွေ့ မမြင်နိုင်ပါချေ။

“မစိုးရိမ်ပါနဲ့... တကယ်လို့ သူသာ လှုပ်ရှားချင်ရင် ခုချိန် မင်းသေရင်သေ မသေရင် အဖမ်းခံနေရလောက်ပြီ”

ဝမ်ယုထျန်းက ဝေ့ဝူယင် ထိတ်လန့်သွားသည့် ပုံကို ကြည့်ကာ သဘောကျဟန်နှင့် အနည်းငယ် ရယ်မောလိုက်သည်။

“ဟိုအစားကျူးတဲ့ လူအိုကြီးလား...”

ဝေ့ဝူယင်က မေးလိုက်၏။ လောကအမြုတေကို ဖျက်ဆီးကာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို နေရာရွှေ့ပစ်ခဲ့သည့် သူ့ လုပ်ရပ်က အတော်လေး လွန်သွားကြောင်း သူ သိပေသည်။ ဝမ်ယုထျန်း ပြောသည့် သေမျိုးတစ်ပိုင်းအရှင်မှာ ရွှေရောက်အသက် နန်းတော်မှ မဟုတ်ဖို့ သူ မျှော်လင့်မိသည်။ မည်သို့ပင် ဆိုစေ... သူတို့၏ အဖိုးတန် လေ့ကျင့်ရေး နယ်မြေများကို သူ ဖျက်ဆီးခဲ့မိသည် မဟုတ်ပါလား။

"မင်းနဲ့ ခင်တဲ့ တစ်ယောက်ကို ပြောတာလား... သူ မဟုတ်ဘူး... ကုန်းမြေတိုက်ကြီးကို စောင့်ရှောက်ပေးနေတဲ့ လူအိုကြီးကို ပြောတာကွ... လျှို့ဝှက် အာဏာရှင် အဆင့်တွေကို ထင်ရာ မစိုင်းနိုင်အောင် တားပေးခဲ့တာလည်း သူပဲ... ငါ့မှာက အဲဒီလောက် စွမ်းအား မရှိတော့ဘူး”

“ ... “

ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်ကာ စဥ်းစားရင်း အတန်ကြာ ငြိမ်သက်သွားခဲ့၏။ ထန်ဂူ သတ္တဝါ နေများကို စားသုံးပါက ကြယ်တာရာ နယ်မြေအတွင်း နေထိုင်သည့် သက်များ ထိခိုက်ပျက်စီးရမည်မှာ ကျိန်းသေလုနီးပါး ဖြစ်သည်။

သို့သော်လည်း သူ၏ ကမ္မတန်ဖိုး အစုလိုက်အပြုံလိုက် ဖြတ်တောက်ခံရမှုမှာ မဟာမိတ်များနှင့် ဗာကီရီ အဖွဲ့ဝင်များထံသို့ ခွဲဝေ ရောက်ရှိသွားဖို့ များလေရာ သူတို့က ဆက်လက်၍ အသက်ရှင်လိမ့်မည်ဟု ဆိုလိုပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ပြင်ပ အင်အားတစ်ခုမှာ နေထိုင်သူများကို ကယ်တင်ရန် အတွက် တစ်နည်းနည်းဖြင့် လှုပ်ရှားလိမ့်မည်ဟု ကောက်ချက်ချ၍ ရသည်။

အကယ်၍ ရွှေရောင် အသက် နန်းတော်တွင် သေမျိုးတစ်ပိုင်း အရှင် အဆင့် ရှိသည် ဆိုလျှင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင်လည်း ရှိမှာ သေချာသည်။ လင်းမင်မှာ ရွေးချယ်ခံ တစ်ယောက် ဖြစ်လေရာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ဤကြယ်တာရာ နယ်မြေဆီလာနေသည့် ကပ်ဘေးအကြောင်း သိမှာ သေချာသည်။

“‌ကောင်းကင်တာအိုက လင်းမင်နဲ့ လောကီ ပြန်လည် မွေးဖွားသူတို့ အတွက် လမ်းကြောင်း တစ်ခု ချန်မထားဘူးလို့ ငါမယုံဘူး...”

***

All Chapters