နဂါးများ၏ ဟိန်းဟောက်သံ
Vol. 41 Ch. 562
ပို၍ တွေးလေလေ ထိုဖြစ်နိုင်ချေက ပို၍ မှန်ကန်လေလေဟု ဝေ့ဝူယင် ခံစားရသည်။ ထို့အပြင် ကြယ်တာရာ နယ်မြေ ပျက်စီးခြင်းက မှီတင်းနေထိုင်သူများ သေဆုံးခြင်းကို ကိုယ်စား မပြုနိုင်ချေ။ ဝေ့ဝူယင် အမှန်တရား မျက်လုံးကို အသက်သွင်းကာ လောက၏ စီးဆင်းမှုကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ သူ မြင်ရသမျှက အလုံးစုံ ပျက်စီးခြင်း ဖြစ်သည်။
“ဘာမှ လုပ်စရာ မလိုတော့ဘူး”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အကောင်းလား အဆိုးလား မသိသော်လည်း သူ့ အင်အားစုများမှာ ကွဲထွက်သွားတော့မည်ဟု သူ ခံစားရသည်။ သူတို့က တရှန်း ကဲ့သို့ သူတို့၏ ကျင့်ကြံခြင်း လမ်းစဥ် အတွက် အကျိုးရှိစေမည့် အတွေ့အကြုံများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
ဝေ့ဝူယင်မှာ ဗာကီရီ အဖွဲ့ဝင်များနှင့် အာဏာရှင်များကို သူသာလျှင် အကောင်းဆုံး ပြုစုပျိုးထောင် ပေးလိမ့်မည်ဟု ခံယူ မထားချေ။ ဆေးညွှန်းနှင့် ရင်းမြစ် ပြတ်လတ်မှုကြောင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များထဲတွင် သူ မဖော်စပ်နိုင်သည့် ထုတ်ကုန်များစွာ ကျန်ရှိဆဲ ဖြစ်သည်။ ထို့အပြင် သူ့တွင် သူတို့ကို လက်ဆင့်ကမ်း ပေးဝေနိုင်သည့် အဆင့်မြင့် ကျင့်ကြံခြင်း ကျင့်စဥ်များ၊ နည်းလမ်းများ၊ အစီအရင်များ သိပ်မရှိချေ။ သူ၏ ကမ္မတန်ဖိုးများ ဖြတ်တောက်ခံရမှုက သူတို့အတွက် တစ်စုံတစ်ရာ အကျိုးရှိစေမည် ဆိုလျှင် ဝေ့ဝူယင်တွင် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိချေ။
ဝေ့ဝူယင် အတွေးများကို နိဂုံးချုပ်ရင်း လက်ကျန် အချိန်ကို တွက်ချက် လိုက်၏။ ကပ်ဘေး မလာခင် နေ့ရက်ပေါင်း ဆယ့်တစ်ရက် ကျန်ရှိနေသေးဆဲ ဖြစ်သည်။
“အဲဒီ လျှို့ဝှက် အာဏာရှင်တွေရဲ့ ကြယ်တာရာ နယ်မြေမှာရော သေမျိုး အာဏာရှင် ဧကရာဇ်တွေ ရှိလား... တကယ်လို့ ရှိတယ် ဆိုရင်ရော ဘယ်လောက်များလဲ”
ဝေ့တူယင်က အစီအစဥ်များကို တွက်ချက်ရင်း နောက်ဆုံး မေးခွန်းကို မေးလိုက်၏။ ဝမ်ယုထျန်းမှာ ထိုမေးခွန်း အပေါ် အံ့အားသင့်ခြင်း မရှိချေ။
“ရှိတာပေါ့... သေမျိုးအဆင့်ကို ကျော်လွန်နေတဲ့ အဂ္ဂိရတ် ပညာရှင်တွေတောင် ရှိတယ်... ဒါပေမဲ့ အရေအတွက် အတိအကျကိုတော့ ခန့်မှန်းဖို့ ခက်လိမ့်မယ်... ငါ့အထင် ပြောရရင် ရာဂဏန်း အထိ ရှိလိမ့်မယ်... ထောင်တော့ မကျော်လောက်ဘူး... မင်း တစ်ခု မမေ့ရမှာက အဲဒီ ကြယ်တာရာ နယ်မြေမှာ ရှိတဲ့ လူဦးရေက ထရီလျံ ထောင်ချီတယ် ဆိုတာပဲ... အဲဒီ အရေအတွက်နဲ့ ယှဥ်ရင် ရာဂဏန်း ဆိုတာက သဲတစ်မှုန်စာတောင် မရှိဘူး”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင် အရေအတွက်ပင် ရာချီ ဆိုလျှင် ဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာ အရေအတွက်မှာ သန်းချီသည် အထိ ရှိပေလိမ့်မည်။ ထိုအရေအတွက်က ဒါဇင်ဂဏန်းမျှသာ ရှိသည့် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အရေအတွက်နှင့် ယှဥ်လျှင် အလွန် ကွာခြားလှသည်။
“ဒါဆို အဆင်ပြေပြီ...”
ဝေ့ဝူယင်က ထို့ပိဟန်ကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်၍ မှာစရာ ရှိတာ အချို့ကို မှာကြားလိုက်၏။ ထို့နောက် သူက အနီးဆုံးရှိ တောင်တစ်တောင်ကို ရှာဖွေကာ ဂူတစ်ခု ဖောက်လုပ်၍ ဆေဘာဝင်္ကပါ တစ်ခု ခင်းကျင်းလိုက်သည်။
ဝှစ်... ဝှစ်...
တစ်ခဏအတွင်းမှာပင် ဝေ့ဝူယင်မှာပင် ဂူအတွင်း၌ နေရာယူခဲ့ပြီး ဖြစ်သည်။ အာဏာရှင် အဖွဲ့ဝင်များနှင့် ဗာကီရီများ အတွက် ဆိုပြီး ချန်ထားသည့် ရင်းမြစ်များကို ရက်ပိုင်းအတွင်းမှာပင် အဂ္ဂိရတ် ထုတ်ကုန်များ အဖြစ် ပြောင်းလဲပစ်ရန် ဝေ့ဝူယင် ရည်ရွယ်ထားသည်။ အကယ်၍ ကောင်းကင်တာအိုက သူတို့ကို အကျိုးအမြတ်များနှင့် ခေါ်ဆောင်သွားရန် ရည်ရွယ်ထားသည် ဆိုလျှင် ဝင်ရောက် စွက်ဖက်ခြင်းဖြင့် ကမ္မတန်ဖိုး ထောင်ကျော်ကို ဖြုန်းတီးပစ်ရန် ဝေ့ဝူယင် မလိုလားချေ။
ကြယ်တာရာ နယ်မြေ၏ ကပ်ဘေးနှင့် ပတ်သက်၍ သူ၏ သီအိုရီက ကိုးဆယ့်ရှစ် ရာခိုင်နှုန်းခန့် မှန်ကန်သည်ဟု ခံစားရသည်။ အကယ်၍ ထိုကဲ့သို့ ဖြစ်မလာခဲ့လျှင်ပင် အာဏာရှင် အဖွဲ့ဝင် အားလုံးကို အခြား ကြယ်တာရာ နယ်မြေ တစ်ခုသို့ လုံခြုံ ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်သည့် ယုတ္တိရှိရှိ အစီအစဥ် သူ့တွင် မရှိချေ။ ဟင်းလင်းပြင် သင်္ဘောကို သုံး၍ ထွက်ပြေးနိုင်သည် ဆိုသော်လည်း အမှောင် ဟင်းလင်းပြင်က ထိုမျှ လွယ်ကူသော နေရာ မဟုတ်ချေ။
အာကာသမှာ အလွန် ကျယ်ပြန့်ကာ အဆုံးမဲ့ အန္တရာယ်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သည်။ အနီးဆုံး ကြယ်တာရာ နယ်မြေတစ်ခုကို ရောက်ရှိရန် အတွက်ပင် ရာစုနှစ်နှင့်ချီ၍ အချိန်ယူရနိုင်သည်။ ထို့အပြင် လမ်းတွင် သံလိုက်လှိုင်းများ၊ ကြယ်ဝါးမျိုသူများ ကဲ့သို့ အန္တရာယ်များစွာနှင့် ပြည့်နှက်နေပေသေးသည်။ သို့ဖြစ်လေရာ ထိုလမ်းစဥ်ကို ရွေးချယ်ခြင်းက စွန့်စားလွန်းရာ ကျသည်။
“အဓိက ရည်ရွယ်ချက်က ငါ့ရဲ့ ပထမဆုံး အဂ္ဂိရတ် ထုတ်ကုန်ကို ဖော်စပ်ဖို့ပဲ”
ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ လင်းမင်၏ အတုအယောင် လောကနယ်မြေကိ ကြည့်ကာ ထိုအဂ္ဂိရတ် ထုတ်ကုန်ကို ဖော်စပ်ရန် သူ အကြံရရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ့အတွေးများသာ အလုပ်ဖြစ်မည် ဆိုလျှင် ထိုဆေးလုံးမှာလောကသခင် အဆင့် မရောက်ခင် အတုအယောင် လောကနယ်မြေတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မည် ဖြစ်သည်။ အစစ်အမှန် လောကနယ်မြေ ပင်လျှင် ဖြစ်နိုင်ချေ ရှိသည်။,
ဝေ့ဝူယင် စိတ်လှုပ်ရှားစွာဖြင့် သုံးချောင်းထောက် ဆေးအိုးကို ထုတ်လိုက်လေရာ ချက်ချင်းပင် ဂူတစ်ခုလုံးမှာ အသန့်စင်ဆုံး အဂ္ဂိရတ် မြူမှုန်များနှင့် ပြည့်နှက် သွားခဲ့တော့၏။
...
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ အခြားနေရာ တစ်ခု၌... မင်ရှုဖုန်းနှင့် စန်းယွန်းလီတို့မှာ တည်ငြိမ်စွာပင် စားသောက်ဆိုင် တစ်ခုတွင် ထိုင်နေခဲ့ကြ၏။ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည့်တိုင် လူမှု အဖွဲ့အစည်းမှာ ဆက်လက် သက်ဝင် လှုပ်ရှားနေဆဲ ဖြစ်သည်။
“အဲဒါက ဘယ်တော့ ဖြစ်မှာလဲ...”
စန်းယွန်းလီက လက်ဘက်စိမ်းရည်ခွက်ကို မော့သောက်ရင်း မေးလိုက်၏။ သူ၏ ရှေ့တည့်တည့်ရှိ မင်ရှုဖုန်း၏ မျက်နှာထက်တွင် လှပသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“သေမျိုး အကန့်အသတ်ကို ကျော်လွန်နေတဲ့ အဲဒီ လူတွေက ခုနစ်ရက် အတွင်း စလှုပ်ရှားလိမ့်မယ်”
စန်းယွန်းလီ၏ မျက်ခုံးက အနည်းငယ် တွန့်ကွေးသွား၏။
“ငါမျှော်လင့်ထားတာထက် စောပြီး အဲဒီကို ရောက်သွားမယ် ဆိုပေမဲ့လည်း ကောင်းပါတယ်”
လျှို့ဝှက်သည့် အလင်းတန်း တစ်ခုမှာ သူမ၏ သွေးရောင် မျက်လုံးများထဲတွင် ဖြတ်ပြေးသွား၏။
“ဒီတစ်ကြိမ်တော့ နင် အဲဒီလို မလုပ်နိုင်စေရဘူး”
...
ဝေ့ဝူယင် ထွက်ခွာသွားပြီး မကြာခင်မှာပင် ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုမှာ သူ တစ်နာရီခန့် ရပ်နေခဲ့သည့် နေရာနား၌ ဟင်းလင်းပြင်ကို တိုက်ရိုက် ချိုးဖျက်၍ပေါ်လာခဲ့၏။
ထိုပုံရိပ်မှာ မျက်နှာတစ်ခုလုံး အရေးအကြောင်းများနှင့် ပြည့်နှက်နေသည့် လူအိုကြီး တစ်ယောက် ဖြစ်ကာ အဝါရောင် အစက်အပျောက်များမှာ သူ့ လက်မောင်းနှင့် ခြေထောက်များ၌ နေရာယူနေခဲ့၏။ သူ၏ ပုံစံက မီးစာ ကုန်ခါနီး အပြာရောင် မီးတောက် တစ်ခု သဖွယ်ပင် ဖြစ်သည်။ သို့သော်လည်း အဘိုးအို ဝတ်ဆင်ထားသည့် ရွှေရောင် ဘောင်ကွပ်များနှင့် အနက်ရောင် တာအို ဝတ်စုံက အလွန် အထင်ကြီးစရာ ကောင်းလှကာ သူ၏ အသက်ရှူသံမှာ မခန့်မှန်းနိုင်လောက်အောင် တည်ငြိမ်နေသည်။
အဘိုးအိုက ပျင်းရိသော မျက်လုံးများနှင့် ဝေ့ဝူယင် တံခါးပိတ် ဆေးဖော်စပ်နေသည့် တောင်ကို လှမ်းကြည့်လိုက်၏။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ဆိုပါက ထိုအဘိုးအိုကို မမှတ်မိသူ အလွန် ရှားပါးလိမ့်မည် ဖြစ်သည်။ သူကား ရွှေရောင် အသက်နန်းတော်၏ တတိယမြောက် အုပ်ချုပ်ရေးမှူး မာ့ကျန်းပင် ဖြစ်လေသည်။ သူက အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးကို စောင့်ကြည့်ရန် တာဝန်ယူထားရသူ ဖြစ်ကာ အစားကျူး လူအိုကြီး အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့်များကို မူလ ကြယ်တာရာ နယ်မြေဆီ ပြန်သွားစေခဲ့သည့် အသံပိုင်ရှင်လည်း ဖြစ်သည်။
မာ့ကျန်းမှာ မီးခိုးရောင် သဲသောင်ပြင်ထက်၌ နာရီ အနည်းငယ်ကြာအောင် ရပ်ရင်း ဝေ့ဝူယင် ရှိနေသည့် တောင်ကို လေ့လာနေခဲ့၏။ အဆုံးသတ်၌ သူ၏ ပျင်းရိနေသော နက်ပြာရောင် မျက်လုံးများ အတွင်းတွင် နားလည်ရန် ခက်ခဲသည့် အလင်း အချို့က တဖြည်းဖြည်း နေရာယူလာခဲ့သည်။
“ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်... သေမျိုး အဂ္ဂိရတ် အာဏာရှင်... တစ်ခုထက် ပိုတဲ့ ကြယ်တာရာ ဝိညာဥ်တွေနဲ့ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်...”
ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူက ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် မျက်တောင် နှစ်ချက် ခတ်လိုက်ရင်း ခြောက်သွေ့နေသည့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
“ထန်ဂူ...”
မာ့ကျန်းက အဖြူရောင် အလင်း ကျောက်ပြားတစ်ခုကို ထုတ်ယူကာ လက်ခလည်ကို သုံး၍ ပွတ်သက်လိုက်၏။ တစ်ခဏ ကြာပြီးနောက် ၎င်းက ခပ်မှိန်မှိန် ရွှေရောင် အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။ မာ့ကျန်းက အလင်း ကျောက်ပြားကို ကြည့်ရင်း ပင့်သက်တစ်ချက် ရှိုက်ကာ ခေါင်းကို ဘယ်ညာခါယမ်းလိုက်သည်။
ထို့နောက် သူက ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ထပ်၍ လေ့လာလိုက်၏။ အတန်ကြာပြီး ငြိမ်သက်ပြီး နောက်၌ သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ ဟင်းလင်းပြင်နှင့် ပေါင်းစည်းလျှက် ပြန်လည် ပျောက်ကွယ်သွားခဲ့တော့သည်။
...
ဂီး... ဂါး... ဝရား...
အော်ရစ်ပင်လယ်၌ နဂါးများ၏ အော်ဟစ်သံက ဆိုင်ကလုန်း မုန်တိုင်း တစ်ခုလို တိုက်ခတ်နေ၏။ အော်ရစ် ပင်လယ်ကို ထိန်းချုပ်ထားသည့် ဝင်္ကပါများ ပျောက်ကွယ်သွားပြီ ဖြစ်လေရာ ပတ်ဝန်းကျင်မှာလည်း လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ အတောင်ပံ ပါ၊ အတောင်ပံမဲ့ သတ္တဝါများစွာမှာ သူတို့၏ သဘာဝ ပတ်ဝန်းကျင်ကို ရောက်ရှိနေသည့် အလား အမှောင် ဟင်းလင်းပြင်ထဲတွင် လွတ်လပ်စွာ ကူးခတ်နေကြ၏။ ကြယ်သားရဲများ အနေဖြင့် အမှောင်ဟင်းလင်းပြင်မှာ သူတို့၏ အိမ်ပင် ဖြစ်သည်။
အော်ရစ်ပင်လယ်မှ ထွက်ပေါ်လာသည့် အုပ်စုထဲတွင် သိန်းနှင့်ချီသည့် နဂါးများ ပါဝင်နေ၏။ ပုံပန်း သဏ္ဌာန်အားဖြင့် သူတို့တွင် ကွာခြားချက်များ ရှိသော်လည်း နဂါးအော်ရာကိုတော့ တစ်ပြိုင်နက်တည်း ပိုင်ဆိုင် ထားကြပေသည်။
အနှစ်ရှစ်ထောင်နီးပါး အကျဥ်းချ ခံထားရရာမှ လွတ်မြောက်လာသည့် နောက်တွင် သူတို့၏ ခန္ဓာကိုယ်နှင့် သွေးကြောများမှာ ကြီးမားသော ဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်နေရကာ အမတေများမှာ အခြေခံ ပျက်စီးမှုများနှင့် ရင်ဆိုင်နေရ၏။ အကယ်၍ စုပေါင်း ခုခံမှုကြောင့်သာ မဟုတ်ပါက လောကနယ်မြေ၏ ဝင်္ကပါမှာ အစောကတည်းက သူတို့ကို သတ်ဖြတ်သွားလောက်ပြီး ဖြစ်သည်။
သို့တိုင်အောင် သူတို့၏ အရေအတွက်မှာ နှစ်ပေါင်း ရှစ်ထောင် အတွင်း သန်းရာချီမှ သိန်းချီ အထိ လျော့ကျ သွားခဲ့ရသည်။ ထို့အပြင် ပိုမို သန်မာသော နဂါးကြီးများမှာ အခြားလူများ အချိန် ပိုရရန် အတွက် စောစီးစွာ သေဆုံးပေးခဲ့ကြရသည်။ ပြောရလျှင် နဂါးမျိုးနွယ်မှာ အလွန် ကြီးမားသည့် ကပ်ဘေးကြီးကို ဖြတ်ကျော် ခဲ့ရခြင်း ဖြစ်သည်။
အားလုံးထဲ၌ အဇူရာ အကြေးခွံနှင့် နဂါး တစ်ကောင်သာလျှင် သူတို့ ကြိုတင် ပြင်ဆင်ထားသည့် နေရာကို ရောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။ အန်နုမှာ ထိုနေရာတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ကာ ထိုကြောက်မက်ဖွယ် ကောင်းသည့် လူအား ကျင့်ကြံသူများ၏ မျက်လုံးအောက်မှ ပုန်းအောင်း နေခဲ့ရသည်။
ထိုနှစ်များ အတွင်း အန်နုမှာ ပိုမို အစွမ်းထက်သည့် နဂါး တစ်ကောင် ဖြစ်လာခဲ့သည့်တိုင် သူ၏ အသက်ဓာတ် များကတော့ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုခန့်သို့ ရောက်မှ လူငယ်လေး တစ်ယောက်နှင့် တွေ့ဆုံကာ သူ အသက်ရှင်သန်ရေး လမ်းစတစ်ခုကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
***