← Chapters

အပေါင်ပစ္စည်း

Vol. 41 Ch. 563

အပေါင်ပစ္စည်း

Vol. 41 Ch. 563

ဟူး... ဟူး...

အန်နုက သူ နှစ်ပေါင်းများစွာ သိမ်းဆည်းထားသည့် သားရဲများနှင့် သစ်သီးများကို ထုတ်ယူကာ အားနည်းနေသည့် နဂါးများကို ကျွေးမွေးလိုက်၏။

ဆာလောင်နေသည့် နဂါးကြီးများ၏ တိုးဝှေ့ စားသောက်မှု အောက်တွင် တောင်တန်းများ တစ်မျှ အရွယ်အစား ရှိသည့် အစားအစာပုံများမှာ ပြိုက်ခနဲ ပြိုင်ခနဲပင် ကုန်သွားကြသည်။ အန်နုမှာ ထိုမြင်ကွင်းကို ကြည့်ရင်း နာကျင်မှုကို ခံစားလိုက်ရ၏။ တစ်ချိန်တစ်ခါမှ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို အုပ်စိုးခဲ့သည့် ဂုဏ်သိက္ခာ ကြီးမားသော နဂါး မျိုးနွယ်များမှာ ထိုကဲ့သို့ ဘဝမျိုးကို ကျရောက်သွားခဲ့ရသည်လာ။ ပြင်းထန်သည့် ခံစားချက်များမှာ အန်နု၏ ထက်ရှသော မျက်လုံးများ အတွင်း ပြည့်နှက်လာ၏။

“ငါတို့ လက်စားပြန်ချေရမယ်... လူသားတွေ အားလုံး ငါတို့လက်နဲ့ သေရမယ်”

သူ၏ ဟိန်းဟောက်သံကြီးမှာ ဒေါသတကြီး ပေါက်ကွဲလာ၏။

ဂါး... ဝရား...

နဂါးများမှာ ပြိုင်တူပင် ဟိန်းဟောက်လိုက်ကြသည်။ လူသားများမှာ သူတို့ကို နှစ်ပေါင်း ရှစ်ထောင်နီးပါး ဖမ်းဆီးကာ အဆိုးရွားဆုံးသော ဘေးဒုက္ခများကို ခံစားစေခဲ့သည်။ သူတို့၏ အမတေများ၊ စွမ်းအင်များကို ဖြည်းညင်းစွာ ထုတ်ယူကာ ညှင်းပန်း နှိပ်စက်ခဲ့ကြသည်။ သူတို့က နဂါးမျိုးနွယ်ကို တိရစ္ဆာန်များထက်ပင် ပိုမို ရက်စက်စွာ ဆက်ဆံခဲ့ကြသည်။

အန်နုက သူ၏ လက်သည်းများကို ဆန့်ထုတ်ကာ သားရဲ၏ အသားများအား ကိုက်ဖျက်ရန် ခက်ခဲနေသည့် နဂါးငယ် တစ်ကောင်ထံသို့ လှမ်းလိုက်၏။ ထိုအစိမ်းရောင် နဂါးငယ်၏ အသက်က နှစ်ငါးထောင် မကျော်သေးကြောင်း သဘောပေါက် လိုက်သော အခိုက်၌ သူ၏ ခံစားချက်များက ပိုမို၍ ပြင်းထန်လာသည်။

ထိုနဂါးငယ်လေးမှာ အကျဥ်းထောင် အတွင်းတွင်ပင် ဖွားမြင်ခဲ့ဟန် ရပြီး သူ့ မိဘများမှာ လွန်ခဲသည့် နှစ်ပေါင်း များစွာ ကတည်းက သေဆုံးသွားဟန် ရသည်။ ထိုမျှ ဆိုးရွားလွန်းသည့် နေရာမျိုးတွင် မီးဖွားပြီးပါက မိခင်မှာ ဘယ်လိုနည်းနှင့်မှ အသက်ရှင်လိမ့်မည် မဟုတ်ပါချေ။

နဂါးငယ်မှာ မှိန်ဖျော့နေသည့် မျက်လုံးများဖြင့် သူ့ထံသို့ ချည်းကပ်လာနေသည့် အန်နု၏ လက်သည်းများကို ကြည့်လိုက်၏။ ပထမ၌ သူ၏ ခန္ဓာကိုယ်က ကြောက်လန့်၍ တုန်ရီသွားသေးသော်လည်း အန်နု၏ လက်သည်းမှာ သူ့ကို ကျော်ဖြတ်ကာ ကိုက်ဖြတ်ရန် ခက်နေသည့် အသားစများကိုသာ လှီးဖြတ်ပေးလိုက်သည်။

“ဖြည်းဖြည်းစား... အစာကြေဖို့က အရေးကြီးတယ်...”

အန်နုက နဂါးငယ်ကို နူးညံ့သည့် အသံဖြင့် ပြောလိုက်၏။

"အီ... အီ...”

နဂါးငယ်မှာ စိတ်စွမ်းအင်ဖြင့်ပင် ဆက်သွယ်နိုင်စွမ်း မရှိချေ။ ၎င်းက ကျေးဇူးတင်ဟန်နှင့် တအီအီ အသံပြုရင်း သားရဲ အသားများကိုသာ အားရပါးရ စားနေခဲ့တော့၏။

အသက်ကြီး နဂါးများမှာ ထိုမြင်ကွင်းကို ကြည့်ကာ နာကျင်မှုနှင့် ဒေါသတို့ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ကြရသည်။ အသက်ရှင် ကျန်ရစ်သည့် နဂါးများထဲမှ ခြောက်ရာခိုင်နှုန်းခန့်မှာ အကျဥ်းထောင်ထဲတွင် မွေးဖွားလာခဲ့သည့် ကလေးများ ဖြစ်သည်။ သူတို့က နဂါးမျိုးနွယ်၏ ကြီးကျယ် ခမ်းနားမှုကို တစ်ခါမှ မခံစားဖူးကြချေ။ အကယ်၍ အသက်သေရမည် ဆိုလျှင်ပင် လူသားများကို သူတို့ လက်စားချေချင်သည်။

သိန်းနှင့်ချီသည့် နဂါးမျိုးနွယ်များ အမှောင် ဟင်းလင်းပြင် အတွင်း ကူးခတ်ကာ စားသောက် နေကြသည့် မြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ အပြင်သို့ ထွက်ကာ စူးစမ်းနေသည့် လောကသခင်များနှင့် အချိန်သခင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ တုန့်ဆိုင်း၍ပင် သွားကြ၏။ အထူးသဖြင့် အန်နု၏ အော်ရာက သူတို့၏ စိတ်ဝင်စားမှု အလုံးစုံကို သိမ်းပိုက် ရယူသွားသည်။

“မြေအောက်ကမ္ဘာက ကြယ်အဆင့် သားရဲတစ်ကောင်...”

အိုမင်းနေသည့် အသံ တစ်ခုက အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့နှံ့လာ၏။ သစ်သီးဝလံများနှင့် သားရဲ အသားများကို စားနေသည့် နဂါးများမှာ ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားကြကာ ဟိန်းဟောက်၍ အသံ ရင်းမြစ်ကို ရှာဖွေလိုက်ကြ၏။ ငယ်ရွယ်သည့် မျိုးဆက်များမှာ အိုမင်းသည့် မျိုးဆက်များ နောက်သို့ ဝင်ရောက်ကာ ပုန်းကွယ် လိုက်ကြသည်။

အန်နုက ရှေ့ဆုံး၌ ရပ်ကာ မီတာ သုံးသောင်းမြင့်မားသော ခန္ဓာကိုယ်ကြီးဖြင့် နဂါးအားလုံးကို ကာကွယ်ထားလိုက်၏။ ရွှေရောင် အလင်းတန်းများမှာ သူ၏ ဦးချိုမှ ထွက်ပေါ်နေကာ ထူးခြားသည့် အော်ရာ တစ်မျိုးအား ထုတ်ဖော်နေသည်။

“မင်းက ကောင်းကင် ဦးချို နဂါးပဲ ဖြစ်ရမယ်... မြေအောက်ကမ္ဘာထဲမှာ ပုန်းကွယ်ပြီး ဒီလူအိုကြီးရဲ့ အမြင်အာရုံက ဖုံးကွယ်နေနိုင်တာ မထူးဆန်းတော့ဘူး”

မီးစာကုန်ခါနီး ကဲ့သို့ ဖျော့တော့သော အသံနှင့် အတူ ပုံရိပ်တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့၏။ သူကား မာ့ကျန်းပင် ဖြစ်လေသည်။

မီတာရာပေါင်းများစွာ ကြီးမားသည့် အန်နု၏ မျက်လုံးများမှာ မိုင်ပေါင်း ‌သောင်းချီ အကွာအဝေးရှိ မာ့ကျန်း၏ ပုံရိပ်ငယ်ကို ကြည့်ရင်း ထိစပ်လုမတတ် ကျဥ်းမြောင်းသွား၏။ ပြင်းထန်သည့် ရန်လိုမှု အရှိန်အဝါ၏ အောက်တွင် အမှောင် ဟင်းလင်းပြင် ပင်လျှင် တုန်ရီ ယိမ်းထိုး သွားသည်။

“မင်း ပြန်ပြီး စဥ်းစားသင့်တယ်... အများဆုံးမှ မင်းက လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်လောက်ပဲ သန်မာတာ... အခု တိုက်ခိုက်ရင် လူသားတွေကို မင်း နိုင်မယ် ထင်လား”

မာ့ကျန်းက အသာအယာ ပြုံးရင်း ပြောလိုက်၏။ သူ၏ အသံက တည်ငြိမ်ကာ အကျိုးအကြောင်း ဆီလျော်သော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း အန်နုက စကားလုံးများ အစား လုပ်ရပ်နှင့်သာ တုန့်ပြန် လိုက်လေသည်။

ပြင်းထန်သော ဟိန်းဟောက်သံနှင့် အတူ သူ၏ ကြီးမားလွန်းလှသော ခန္ဓာကိုယ်ကြီးမှာ မာ့ကျန်းထံသို့ ဦးတည် ရွေ့လျားသွား၏။ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် အတူ ၎င်း၏ ဦးချိုကြီးက တဖျပ်ဖျပ် တောက်လောင် နေသည်။

မာ့ကျန်းက လှုပ်ရှားခြင်း မပြုချေ။ ထို့အစား သူက အန်နု၏ တိုးဝင်လာမှုကို ပျင်းရိစွာသာ ကြည့်လိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အန်နုမှာ အမှောင်ထုကို ဖြတ်ကျော်ကာ မာ့ကျန်း အနားသို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်လေသည်။ ၎င်းက တောင်တစ်လုံးတစ်မျှ ကြီးမားလှသည့် လက်သည်းကြီးများကို ဓားများ အဖြစ် အသုံးပြုရင်း မာ့ကျန်းကို ကုတ်ချလိုက်လေတော့၏။

အမှောင် ဟင်းလင်းပြင် အတွင်း၌ အသံလှိုင်းများ မရှိချေ။ အဆုံးမဲ့ ပေါက်ကွဲမှု တစ်ခုသာလျှင် ဖြစ်ပေါ်လာ ဓားသွား အလား လက်သည်း အလင်းများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သို့သော်လည်း မာ့ကျန်း၏ အမူအရာက ပြောင်းလဲခြင်း မရှိပါချေ။

အန်နုမှာ မာ့ကျန်းကို ကြည့်ကာ တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက် သွား၏။ သူက ချက်ချင်း ဆိုသလိုပင် ပိုမို အစွမ်းထက်သည့် တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်လိုက်၏။ သို့သော်လည်း ထိုအခိုက်တွင်ပင် မာ့ကျန်းမှာ စတင် လှုပ်ရှားလာ၏။ သူ၏ အိုမင်း တုန်ချိနေသော ခန္ဓာကိုယ်မှာ မူလ နေရာမှ ပျောက်ကွယ်သွားကာ အန်နု၏ ဦးချိုရှေ့ တည့်တည့်တွင် ပြန်ပေါ်လာခဲ့သည်။

အန်နုမှာ လူအိုကြီး၏ အမြန်နှုန်းကို ကြည့်ကာ အံ့သြသွားခဲ့၏။ သူက ချက်ချင်းပင် အလောတကြီး ခန္ဓာကိုယ် အနေအထားကို ပြောင်းလဲရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း မာ့ကျန်းက ဖြည်းညင်းစွာပင် လက်ဝါးကို မြှောက်၍ သူ့ ဦးချိုကို ထိလိုက်ရာ အန်နုမှာ တစ်ကိုယ်လုံး ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများ ပျံ့နှံ့လာသလို ခံစားလိုက်ရသည်။

ဘုန်း...

ကုန်းမြေတိုက်ကြီးများကိုပင် လဲပြိုသွားစေသည့် မီတာ သောင်းချီ ကြီးမားသော ခန္ဓာကိုယ်ကြီးကား လက်တစ်ဖက်နှင့် ရင်ဆိုင် အတွေ့တွင်ပင် ရပ်တန့်သွားခဲ့ရပြီ ဖြစ်လေသည်။

ထိုအိုမင်းရွတ်တွနေသည့် ဟန်ပန်ရှိသည့် ပုဂ္ဂိုလ်မှာ သူ့ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ကြောင်း သဘောပေါက်လိုက်ရာ အန်နုမှာ ဆက်လက် တိုက်ခိုက်ဝံ့ခြင်း မရှိတော့ချေ။

“ခင်ဗျားက ဘယ်သူလဲ...”

“ငါ့နာမည်က မာ့ကျန်း... ရွှေရောင် အသက်နန်းတော်ရဲ့ တတိယ အုပ်ချုပ်ရေးမှူးပဲ...”

မာ့ကျန်းက တည်ငြိမ်စွာပင် မိတ်ဆက်လိုက်၏။ သို့သော်လည်း အန်နုမှာ ထိုပုဂ္ဂိုလ်၏ အဆင့်အတန်းနှင့် နာမည် စသည်တို့ကို ဂရုမစိုက်ပါချေ။

“ခင်ဗျား ဘာလိုချင်တာလဲ”

သူက တိုက်ရိုက်ပင် မေးလိုက်၏။ ထိုလူအိုကြီးမှာ နဂါးမျိုးနွယ် တစ်ခုလုံးကို ဖမ်းဆီးကာ အော်ရစ်ပင်လယ်တွင် အကျဥ်းချခဲ့သည့် ကျင့်ကြံသူထက်ပင် ပိုမို၍ အစွမ်းထက်သေးသည်။ အကယ်၍ သူသာ အလိုရှိပါက နဂါးမျိုးနွယ် တစ်ခုလုံးကို လက်ဖျောက်တစ်ချက်ဖြင့်ပင် ဖျက်ဆီးပစ်နိုင်လောက်သည်။

မာ့ကျန်းက မျက်နှာငယ်လေးများဖြင့် သူ့ကို ကြောက်လန့် တုန်ရီစွာ ငေးကြည့်နေသည့် နဂါးငယ်လေးများကို တည်ငြိမ်စွာပင် လှမ်းကြည့်လိုက်၏။ အကျဥ်းထောင်ထဲတွင် နှစ်ပေါင်းများစွာ အတိဒုက္ခများ ခံစားပြီးနောက်တွင် သူတို့၏ စိုးရိမ်စိတ်များမှာ အမြင့်ဆုံး ဒီဂရီ အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“ငါက မင်းတို့ကို ကယ်တင်မယ့်သူပဲ...”

မာ့ကျန်းက တည်ငြိမ်စွာ ပြောလိုက်ရင်း အန်နုကို လှည့်ကြည့်လိုက်၏။ သူ၏ အိုမင်းသော မျက်လုံးများက ထူးဆန်းသော အလင်းတစ်ခုဖြင့် လင်းလက်သွားသည်။

“နောက်ပြီး မင်းတို့က ငါ့ရဲ့ အပေါင် ပစ္စည်းတွေပဲ”

စကားကို လျှင်မြန်စွာပင် နိဂုံးချုပ်လိုက်ပြီးနောက် မာ့ကျန်းက လက်တစ်ဖက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ငွေရောင် အလင်းတန်း တစ်ခုမှာ သူ့လက်ဝါး၌ ထွန်းလင်းလာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

နဂါးများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့်စွာ ဟိန်းဟောက်လိုက်ကြ၏။ အန်နု၏ နှလုံးသား ပင်လျှင် အနည်းငယ် တုန်ရီသွားသည်။ ခုခံနိုင်သည့် စွမ်းရည် မရှိလေရာ နဂါးများ အားလုံးမှာ ချက်ချင်းပင် ငွေရောင် အလင်း၏ ဖုံးလွှမ်းမှုကို ခံလိုက်ရ၏။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူတို့ အားလုံးမှာ မူလနေရာများမှ ပျောက်ကွယ်သွားခဲ့ကာ ကွဲပြားခြားနားသည့် နေရာတစ်ခုကို ရောက်ရှိသွားခဲ့၏။

ဝှစ်... ဝှစ်...

စက္ကန့်ပိုင်းမျှ အတွင်းမှာပင် အော်ရစ်ပင်လယ်ရှိ နဂါးအားလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ မာ့ကျန်းက လက်ဝါးကို ပြန်ပိတ်လိုက်ရာ ငွေရောင် အလင်းတန်းများမှာ ချက်ချင်းပင် ပြန်လည် စုဝေး လာခဲ့၏။ ဖြည်းညင်းစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လူအိုကြီး၏ ခန္ဓာကိုယ်မှာလည်း လှုပ်ယမ်းကာ ပျောက်ကွယ်သွားတော့သည်။

ထိုနေ့တွင်ပင် ကြယ်တာရာ နယ်မြေ အတွင်းရှိ သားရဲတိုင်း၊ ရှို့ရန်တိုင်းမှာ လျှို့ဝှက် ဆန်းကြယ်စွာပင် ပျောက်ကွယ် သွားခဲ့ကြလေ၏။

***

All Chapters