ရွှေရောင်အလုံး
Vol. 82 Ch. 1144
မိုဝူကျိက ရွှေရောင်ကန်ကို ယူဆောင်သွားပြီးနောက် ထိုနေရာက စတင်၍ ပြိုကျလာသည်။ မိုဝူကျိ၏ ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။
နေ့ဝက်အတွင်း မိုဝူကျိက ရပ်တန့်လိုက်သည်။
သူ့ဝိဇ္ဇာရုပ်ခန္ဓာဖြင့် ဤသို့သော ပြိုကျပျက်စီးမှုက သူ့အား မထိခိုက်နိုင်ပေ။ သူ ရပ်လိုက်သည့် အကြောင်းအရင်းမှာ လျိုမြောင်အတွင်း ဘတ်စကတ်ဘောလုံးအရွယ်ရှိ ရွှေရောင်အလုံးကြီးကို မြင်လိုက်ရ၍ ဖြစ်သည်။
အင်မတန် သိပ်သည်းကြွယ်ဝသော နတ်ဝိညာဉ်စွမ်းအားများက ထိုအလုံး ဘေးပတ်လည် လှည့်ပတ်နေသည်။
မဟုတ်သေးဘူး နတ်ဝိညာဉ်စွမ်းအား မဟုတ်ဘူး ….
ပြောရလျှင် ရွှေရောင်ကန်အတွင်းရှိ စွမ်းအားနဲ့ အတူတူ ဖြစ်နေသည်။ တကယ်တော့ ပို၍ပင် သန့်စင်ကာ ကြွယ်ဝသေး၏။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက ထိုအလုံး၏ တာအိုအငွေ့အစက်မှ အသက်ဓာတ်ကိုပါ ခံစားမိနေသည်။
မိုဝူကျိက ချက်ချင်း နားလည်သွားသည်။ ဤရွှေရောင်ကန်တွင် ရွှေရောင်အရည် ရှိနေသည့် အကြောင်းအရင်းမှာ ထိုအလုံးကြောင့်သာ ဖြစ်၏။ အကယ်၍ သူသာ ထိုအရာကို မရရှိခဲ့လျှင် ရေကန်မှ ရွှေရောင်အရည်များ ဆက်လက် ထုတ်ပေးနိုင်တော့မည် မဟုတ်ပေ။
မိုဝူကျိက ထိုအတွေးတွေးမိသွားသည့်အခါ ဘာကိုများ ထပ်စောင့်နေရမည်နည်း။ သူက ထိုဖြည်းဖြည်းချင်း မြင့်တက်လာသည့် အလုံးကြီးဆီ တဟုန်ထိုး သွားလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သူ့လူသားကမ္ဘာထဲ ထည့်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်လေး၌ မိုဝူကျိ မျက်ဝန်း၌ အံ့ဩတုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။ ဂြိုလ်တစ်ခုလုံးပင် သူ့လက်နှင့် ဆွဲယူနိုင်လိမ့်မည်။ သို့သော်လည်း သူ့လက် ထိုအလုံးပေါ် ကျရောက်သွားသည့်အခါ မလှုပ်မရှားဘဲ နဂိုနှုန်းအတိုင်း အပေါ်ထပ်တက်နေဆဲ ဖြစ်၏။
ထိုဆွဲယူမှုတွင် အားပေါင်းများစွာ ပါသော်လည်း ထိုအလုံးအတွက် ယားယံမှုတစ်ခုအပြင် မပိုသည့်အလား တုတ်တုတ်မျှ မလှုပ်ချေ။
မိုဝူကျိက စိတ်ပြင်းပြလာမိ၏။ သူက ဤရတနာအား တခြားလူလက်ထဲ လုံးဝ ထည့်မပေးနိုင်ပေ။ အကယ်၍ သူ ရရှိခဲ့လျှင် နောင်အခါ ဝိဇ္ဇာတပိုင်းအဆင့် တက်လှမ်းပြီးသည့်နောက်တွင် ရွှေရောင်ကန်အတွင်း ဆက်လက် ကျင့်ကြံနိုင်လိမ့်မည်။
သူက ထိုအလုံးနှင့်အတူ ဖြည်းဖြည်းချင်း တက်လာလိုက်သည်။ တစ်ချိန်တည်းတွင် ထိုအလုံး ဝန်းကျင်၌ အစီအရင် သင်္ကေတမြောက်များစွာ ဆက်တိုက် ရေးထွင်းထားလိုက်သည်။
ထိုအလုံး လှုပ်ရှားမှု ရပ်ဆိုင်းသွားသည်နှင့် သူက နေရာရွေ့ပြောင်းရေး အစီအရင်ကို အသက်သွင်းလိုက်မည် ဖြစ်၏။ သူက မည်သည့်တန်ဖိုး ပေးဆပ်ရစေကာမူ ထိုအလုံးကို သူ့လူသားကမ္ဘာထဲ ရအောင် ပို့ရမည်။ ထိုပစ္စည်း၏ တန်ဖိုးမှာ တခြားရတနာများထက် အဆင့်နိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဝိဇ္ဇာတပိုင်းအဆင့် ရောက်ပြီးသည့်နောက်တွင် သူ့ကျင့်ကြံဆင့်နှင့် သက်ဆိုင်နေသေး၏။
မိုဝူကျိက ထိုရွှေရောင်အလုံး၏ အငွေ့အသက်ကို မည်မျှ ဖုံးကွယ်ဖို့ ကြိုးစားနေစေကာမူ ထွက်ပေါ်နေဆဲ ဖြစ်၏။ တစ်ရက်ကျ ထိုလျိုကြီးဆီ ဦးတည်လာနေသည့် အရိပ်ကြီးတစ်ခု ပေါ်လာသည်။
မိုဝူကျိ၏ စိတ်စွမ်းအားက ဆက်တိုက် စောင့်ကြပ်နေသည့်အတွက် ထိုအရိပ်ပေါ်လာလိုက်သည်နှင့် ထိုရွှေရောင်အလုံးကို လာလုမှန်း တန်းသိလိုက်သည်။
ထိုအလုံးက မရွေ့လျားနိုင်သည့် အကြောင်းကို ထည့်ပြောနေစရာ မလိုပေ။ အကယ်၍ ရွှေ့လျားနိုင်လျှင်ပင် သူက ထိုအလုံးဝန်းကျင်၌ သူ့အစီအရင် သင်္ကေတများဖြင့် ကာရံထားပြီးပြီ ဖြစ်၏။ ဝိဇ္ဇာတစ်ပါးပင် အချိန်တိုလေးအတွင်း ယူသွားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျိက တစ်ဖက်လူ ရွှေရောင်အလုံး မယူဆောင်နိုင်သည်နှင့် လုပ်ကြံဖို့ ပြင်ဆင်ထားလိုက်သည်။
ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တစ်ခု ပျံ့လွှင့်လာသည်။ မိုဝူကျိက နှစ်ခါပြန် တွေးမနေဘဲ လက်သီးပစ်ခွင်းလိုက်၏။
လျို့ဝှက်ပညာရပ် - စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်
မိုဝူကျိက ထိုအရိပ်သည် ရတနာကို မလုခင် သူ့အား အရင်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ထိုအရိပ်က ရတနာကို အချိန်တိုလေးအတွင်း ယူဆောင်မသွားနိုင်ကြောင်း သိနေ၍သာ ဖြစ်ရမည်။
မိုဝူကျိက တစ်ဖက်လူကို မလုပ်ကြံနိုင်တော့ပေ။ ထို့အစား သူသာ လုပ်ကြံခံရမည့်သူ ဖြစ်သွားလေ၏။ ဤသည်က မိုဝူကျိ၏ စိတ်အခြေအနေအား ဆိုးရွားသွားစေသည်။
“ ဝုန်း ” မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်သည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားလေသည်။ ထိုသတ်ဖြတ်ရေး အလင်းတန်းက မိုဝူကျိ၏ အသိစိတ်ပင်လယ်ဆီ ထိုးဖောက်သွားလေ၏။
မိုဝူကျိ မျှော်လင့်ထားသလို မဟုတ်ဘဲ ထိုသတ်ဖြတ်ရေး အလင်းတန်းက အသိစိတ်ပင်လယ်ထဲ ရောက်သည်နှင့် ဓားသွားအဖြစ် ပြောင်းလဲသွားလေ၏။
ထိုဓားသွားက ဂြိုလ်တစ်ခုလုံးကိုပင် နှစ်ခြမ်း ခြမ်းပစ်နိုင်သည့်အလား ပေါ်နိုင်သည်။ ထိုဓားသွား ဦးတည်ရာလမ်းကြောင်းရှိ အရာအားလုံးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။
ခရမ်းရေကန်အထက်ရှိ မျှောလွှင့်နေသည့် ထုထည်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်က လော့ကျမ်းစာရွက် တစ်ရွက်ဖြင့် ချက်ချင်း ရစ်ပတ်ထားလိုက်သည်။ တစ်ချိန်တည်းဆိုသလို ထိုအရာက ခွန်းဝူဓားနှင့် ရိုက်ချလိုက်သည်။
“ ဝုန်း ” မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း တိုက်ခိုက်မှုနှစ်ခု ပေါက်ကွဲထွက်သွားသည်။ မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ စုတ်ဖြဲခံလိုက်ရနီးပါးအထိ ဖြစ်သွားသောကြောင့် မူးဝေဝေ ဖြစ်သွားလေသည်။ မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း ထိုးဖောက်ဝင်ရောက်လာသော ထိုဓားသွားလည်း ပျောက်ကွယ်သွားသည်။ ထိုဓားသွားမှ လက်ကျန်စွမ်းအားများကို လော့ကျမ်းစာရွက်က တားဆီးထားလိုက်သည်။ မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်း အခြေအနေများ ငြိမ်ကျသွားပြီးနောက် ခရမ်းရေကန်သည်လည်း ငြိမ်သက်သွားပြန်သည်။
မိုဝူကျိက လေအေးများ မှုတ်ထုတ်လိုက်သည်။
အကယ်၍ သူသာ ထုထည်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်အား မဖွဲ့စည်းထားလျှင် ဤသို့တိုက်ခိုက်မှုမျိုးကို သေချာပေါက် ကာကွယ်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ သူ့အသိစိတ်ပင်လယ်ကို ကာကွယ်ဖို့ရာ လော့ကျမ်းစာရွက်ကို အချိန်မီ ထုတ်သုံးနိုင်မည် မဟုတ်ချေ။ အကယ်၍ သူ့အသိစိတ်ပင်လယ်သာ ဖျက်စီးခံလိုက်ရပါက သူ့တွင် ဘာကျန်ဦးမည်နည်း။
သူက သတိလွှတ်သွားမိသွားသည်။ နောင်အခါ၌ တစ်ဖက်လူ၏ အပြုအမူများကို ကောက်ချက်ချဖို့ သူ့အမြင်များကို အပြည့်အဝ မသုံးတော့ပေ။
နောက်အခိုက်အတန့်လေး၌ လော့ကျမ်းစာရွက်က မိုဝူကျိ၏ ခန္ဓာကိုယ်ဘေး မျှောလွှင့်လာသည်။ သူ့ဝဲကတော့ စွမ်းအားစက်ကွင်းသည် လော့ကျမ်းစာရွက် အငွေ့အသက်နှင့် ပေါင်းစပ်သွားကာ သူ့အား တင်းတင်းကျပ်ကျပ် ကာကွယ်ထားလိုက်၏။
“ ရုပ်သဏ္ဍာန် ကမ္ဘာဦး စိတ်ဝိညာဉ်လား ” အရိပ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ အဝါရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက တအံ့တဩ ရေရွတ်လိုက်ပြီးနောက် မိုဝူကျိအား စိုက်ကြည့်ကာ “ ဒီလို ငါ မြင်ဖူးတဲ့ ရုပ်သဏ္ဍာန် ကမ္ဘာဦး စိတ်ဝိညာဉ်ရှိတဲ့သူထဲ မင်းက ဒုတိယမြောက်လူပဲ။ မင်းက ငါ့တိုက်ခိုက်မှုကို ကာကွယ်နိုင်တာ မထူးဆန်းတော့ပါဘူး ”
ထိုစဉ် မိုဝူကျိတွင် သူ့အား စောင့်ကြပ်ပေးနေသည့် လော့ကျမ်းစာရွက် ရှိနေရုံသာမက လခြမ်းကွေးပုဆိန်လှံရှည်လည်း သူ့လက်ထဲ ရောက်ရှိနေပြီ ဖြစ်၏။ သူက ထိုအဝါရောင်ဝတ်စုံနှင့် အမျိုးသားအား ကြည့်ကာ
“ ဒီသခင်ကြီးက ဝိဇ္ဇာရှစ်ပါးထဲက ဘယ်ဝိဇ္ဇာများလဲ ”
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိနေလေပြီ။ ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်ပင် သူ့အသိစိတ်ပင်လယ်အား လုပ်ကြံ၍ သူ့အား သတ်ဖြတ်နိင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။
ထို့ကြောင့် မိုဝူကျိက တစ်ဖက်လူသည် ဝိဇ္ဇာဖြစ်ကြောင်း အသေအချာ သိလိုက်၏။ ထို့အပြင် ဤလူက ခန္ဓာကိုယ်တစ်ခု ရှိနေဟန် ပေါ်သော်လည်း မိုဝူကျိက ဤသည်မှာ အဓိက မဟုတ်သေးကြောင်း သိပေသည်။ အကယ်၍ ဝိဇ္ဇာတစ်ပါး၌ အကောင်းပတိ ခန္ဓာကိုယ် ရှိနေပြီး သူ မိုဝူကျိက သဟဇာတ နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေလျှင်ပင် ထိုတိုက်ကွက်ကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
“ ဘယ်လိုအရာမျိုးက ဝိဇ္ဇာလဲ ” ထိုလူက မကျေမနပ် ပြောလိုက်သည်။ ထို့နောက် သူက မိုဝူကျိကို ဆက်ပြောလိုက်သည် “ မင်းဆီမှာ ရုပ်သဏ္ဍာန် ကမ္ဘာဦး စိတ်ဝိညာဉ် ရှိတယ်။ ဒါပေမဲ့ မင်းက ငါနဲ့ ယှဉ်မယ်ဆိုရင် လိုအပ်နေသေးတယ်။ မင်းက ဝိဇ္ဇာတပိုင်းအဆင့်တောင် မရောက်သေးဘူး။ တကယ်လို့ မင်းက ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်နေမယ်ဆိုရင်တောင် ငါ့ပြိုင်ဖက် မဖြစ်နိုင်သေးဘူး။ ဒီရတနာက မင်းလိုမျိုး ငတိက ကဖျက်ကယက် လုပ်ရမဲ့အရာမျိုး မဟုတ်ဘူး။ ဖယ်စမ်း … ”
“ လျှောက်ပြောမနေစမ်းပါနဲ့ ” မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းမှာ ကျစ်လစ်သွားသည်။ တစ်ချိန်တည်းဆိုသလို သူ့လခြမ်းကွေး ပုဆိန်လှံရှည်က တာအိုအငွေ့အသက်များနှင့် စတင် ပေါင်းစပ်သွားသည်။
ဤလူက သူ့အား လုပ်ကြံခဲ့သူ ဖြစ်၏။ ဤလူက ထွက်သွားလိုလျှင်ပင် မိုဝူကျိက လွတ်ပေးမည် မဟုတ်ပေ။ ဤသည်မှာ တာအိုအုပ်စိုးသူအရှင် မြစ်ဝါကို ချမ်းသာပေးလိုက်သည်နှင့် ကွာခြားပေသည်။
“ ဟားဟား …” ထိုအဝါရောင်ဝတ်စုံနှင့် အမျိုးသားက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ ထို့နောက် မိုဝူကျိအား လက်ညိုးထိုးကာ “ မင်းက ငါ ကွမ်းရီကျန်းကို ခြောက်လန့််နိင်မယ်လို့ ထင်နေတာလား။ မင်းက ဘာလုပ်ရမှန်း မသိမှတော့ သေစမ်း ”
မိုဝူကျိ ရှေ့မှောက်၌ ကြီးကျယ်ခမ်းနားဖွယ် စာလိပ်ကြီး ပေါ်လာသည်။ ထို့နောက် စည်းမျည်းဖိအားတစ်ခု ကျရောက်လာ၏။ မိုဝူကျိက သူ့ဘေးပတ်လည်ရှိ အာကာပြင်နှင့် စည်းမျည်းတို့မှာ သူ့ထိန်းချုပ်မှုအောက်တွင် မဟုတ်တော့ကြောင်း ခံစားမိလိုက်သည်။ သူက သူ့တာအိုစည်းမျည်းများကို အဆုံးအစွန်အထိ လှည့်ပတ်ဖို့ ကြိုးစားသော်လည်း ဘေးပတ်လည်ရှိ စည်းမျည်းများကို မပြောင်းလဲနိုင်သေးပေ။
ဧရာမ ရွှေရောင်စာလုံးလေးလုံး ပေါ်လာ၏။
“ နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ် ”
ထို့နောက် သူတို့က အလယ်ဆီ စုသွားကာ စာလုံးလေးလုံးက ကျယ်ပြောလှသော ကောင်းကင်အမိုးခုံးအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိအား ခြေမွပစ်ရန် ကျဆင်းလာသည်။
မိုဝူကျိက ညီးညူလိုက်သည်။ အကယ်၍ ရတနာသာ ရှိမနေလျှင် သူ့သဟဇာတ နတ်ဘုရားအဆင့်လေးနှင့် သူ့အသက်ကို စွန့်စားနေမည် မဟုတ်ပေ။ သို့သော်လည်း ထိုရွှေရောင်အလုံးက သူ့အနာဂတ်အတွက် ပင်မထောက်တိုင် ဖြစ်ပေရာ ထိုအမျိုးသားဆီ အဘယ်ကြောင့် အပါခံရမည်နည်း။
ဘေးပတ်လည်မှာ သူ့ပြိုင်ဖက်၏ ထိန်းချုပ်မှုအောက် ကျရောက်နေသောကြောင့် ပြင်ပကမ္ဘာမှ စည်းမျည်းများကို အသုံးမပြုနိုင်ပေ။ မိုဝူကျိ ဝန်းကျင်တွင် တာအိုစည်းမျည်းများ စတင် စီးဆင်းလာသည်။ ထိုစည်းမျည်းများမှာ သူ့လူသားကမ္ဘာမှ ထောက်ပံ့ပေးထားသော စည်းမျည်းများ ဖြစ်၏။
မိုဝူကျိဆီမှ ကြီးကျယ်ခမ်းနားဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက စည်းမျည်းများနှင့် ပြီးပြည့်စုံနေရုံသာမက ဖန်ဆင်းမှု၏ ခမ်းနားမှုများလည်း ပါဝင်နေသည်။
မိုဝူကျိကို ဖိနှိပ်ထားသော အာကာပြင်နှင့် မိုဝူကျိ မထိန်းချုပ်နိုင်သော ပြင်ပစည်းမျည်းများမှာ မိုဝူကျိ၏ လူသားကမ္ဘာမှ စည်းမျည်းများနှင့် ထိပ်တိုက် တွေ့သွားကြသည်။ လေထုတစ်လျှောက် ကျယ်ကျယ်လောင်လောင် အသံကြီး အုန်းခနဲ ထွက်လာသည်။
ထိုစဉ် ဤကမ္ဘာကြီးက သူတို့တိုက်ပွဲကြောင့် ပျက်စီးပြိုလဲသွားတော့မတတ် ဖြစ်လာကြောင်း ခံစားလိုက်ရသည်။
အာကာပြင်မှာ တုန်ခါလာသလို စည်းမျည်းများမှာလည်း တုန်ခါလာသည်….
“ ရှေးဦး ကမ္ဘာလား ” ကွမ်းရီကျန်းက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ ထို့ကြောင့် သူ့နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်လည်း ရပ်တန့်သွားသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …. ပြိုလဲပျက်စီးပြီးတဲ့နောက်ပိုင်းမှာ ရှေးဦးကမ္ဘာ ရှိနေသေးတုန်းလား ….
“ ရှေးဦးကမ္ဘာကို ဘယ်ကနေ ရလာတာလဲ။ မင်းရဲ့ တာအိုစည်းမျည်းတွေနဲ့ ဘာလို့ ပြည့်ပြည့်စုံစုံ ပေါင်းစပ်ထားနိုင်တာလဲ ” ကွမ်းရီကျန်းက မိုဝူကျိအား ယခင်လို လျစ်လျူသည့် အကြည့်မျိုးနှင့် မကြည့်တော့ပေ။
“ ပါးမွှားက စကားများများ ပြောစရာ မလိုဘူး ” ထိုစကားပြောလိုက်ပြီးနောက် မိုဝူကျိ၏ ပုဆိန်လှံရှည်မှ အလင်းတန်း ဖြာကျလာကာ နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်ဆီ ကျဆင်းသွားသည်။
ငွေရောင်ပုဆိန်လှံရှည် အလင်းကို ထုတ်လွှင့်ပြီးနောက် မိုဝူကျိက လက်ချောင်း လေးချောင်းဖြင့် တိုက်ရိုက် ပစ်ခွင်းလိုက်သည်။
ဤသည်မှာ မိုဝူကျိအတွက် သူ့သတ္တကမ္ဘာမှ လက်ချောင်းလေးချောင်းကို ဆက်တိုက် အသုံးပြုဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ အကြောင်းမှာ ဤအဝါရောင်ဝတ်စုံနှင့် အမျိုးသားက အရမ်းအားကောင်းနေ၍ ဖြစ်သည်။ သူက တိုက်ပွဲကို အချိန်ဆက်လက် ဆွဲထားပြီး နောက်ထပ် ပြိုင်ဘက်များ ထပ်ရောက်မလာစေလိုတော့ပေ။
ကြုံရာကျပန်း အဝါရောင်ဝတ်စုံနှင့် အမျိုးသားက ဤမျှ အားကောင်းနေပြီ ဖြစ်ရာ ဤအပြိုအပျက်ကမ္ဘာထဲ ပညာရှင်မည်မျှ ရှိနေမည်ကို တွေးကြည့်၍ ရပေသည်။
………..…
“ ထုံမင် …. ငါတို့ ဒီလို ထိုင်စောင့်နေတာက ဖြေရှင်းနည်း မဟုတ်သေးဘူး။ ဒီကမ္ဘာရဲ့ အပြောင်းအလဲကြောင့် အစ်ကိုမို၊ လျန်ကျီနဲ့ ကျီလီတို့က သူတို့သလင်းကျောက်တွေနဲ့ ဒိနေရာကို ရှာတွေ့မှာ မဟုတ်ဘူး။ သူတို့တွေ သေချာပေါက် ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး ” သာမာန်နှင့် တူသည့် တောင်ကုန်းတစ်ခုပေါ်တွင် ဟွမ်တိက အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။
ထုံံမင် ထုတ်ပေးလိုက်သော သလင်းကျောက်များတွင် ပြဿနာ ရှိနေလေသည်။ ယခုအချိန်အထိ ဟွမ်တိနှင့် ထုံမင်တို့သာ ရောက်ရှိသေးလေသည်။ မိုဝူကျိ၊ လျန်ကျီနှင့် ကျီလီတို့၏ အရိပ်အယောင်ကို မမြင်ရသေးပေ။
***