← Chapters

လောကရွှေ့ပြောင်းခြင်း ကွန်ယက်

Vol. 41 Ch. 564

လောကရွှေ့ပြောင်းခြင်း ကွန်ယက်

Vol. 41 Ch. 564

သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ စိတ်ကူးယဥ် ပုံပြင် ဒဏ္ဍာရီ တစ်ခုလို အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ အတွင်းရှိ ရှို့ရန်နှင့် သားရဲများမှာ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။ ရေကန်ထဲတွင် ကူးခပ်နေသည့် သားလောင်းများမှ အစ၊ ငါးဥဖားဥများ အဆုံး ခြင်များပါ မကျန် ပျောက်ကွယ် သွားခဲ့၏။ ထိုအဖြစ်အပျက်က ကုန်းမြေတိုက်ကြီးများနှင့် ဂြိုဟ်ကြီးများကို အဆုံးမဲ့ ထိတ်လန့် ချောက်ချားမှုများနှင့် ရူးသွပ်သွားစေခဲ့သည်။

၎င်း၏ နောက်ထပ် ပစ်မှတ်က နတ်ဆိုးတွေ ဖြစ်မည်လော။ သို့မဟုတ် လူသားများလော။ အယ်ဗန်တွေလော။

ရှိရှိသမျှ သားရဲနှင့် ရှို့ရန်တိုင်းကို ကြယ်တာရာ နယ်မြေ အတွင်းမှ ရုတ်ချည်း ပျောက်ကွယ်သွားအောင် မည်သူ့တွင် ထိုကဲ့သို့ နည်းလမ်းမျိုး ရှိနေသနည်း။ ထိုအရာက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ လောကတွင် မည်သူ တစ်ဦး တစ်ယောက်မှ သူတို့၏ နေအိမ်များမှ မခွာလိုကြချေ။

ရှို့ရန်များအား လက်ထပ် ပေါင်းသင်းထားသည့် လူသားနှင့် အယ်ဗန်များမှာ သူတို့၏ လင်ယောက်ျားနှင့် ဇနီးမယားများကို အပူတပြင်းပင် လိုက်လံ ရှာဖွေ နေကြ၏။ သို့သော်လည်း ရေမြေဆုံးသည့်တိုင် ခြေရာ အရိပ်အယောင်ကိုမှ သူတို့ မတွေ့ကြရပါချေ။

ထိုနေ့ရက်များ အတွင်း၌ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာတွင် မည်သည့် ပဋိပက္ခမှ ဖြစ်ပွားခြင်း မရှိချေ။ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ကမ္ဘာ လောကမှ ပျောက်ကွယ်သွားရမည်ကို ကြောက်ရွံ့နေကြလေရာ လူသား၊ အယ်ဗန်နှင့် နတ်ဆိုးများမှာ လက်ကျန်နေ့ရက်များကို ငြိမ်းချမ်းစွာ ဖြတ်သန်း နေကြ၏။ သူတို့က ကွဲပြား ခြားနားမှုများကို လျစ်လျူကာ ချစ်ခင်ရသူများ အတွက် သူတို့ ခံစားချက်များကို ထုတ်ဖော်ပြသ နေကြသည်။ အချို့မှာ ငြင်းပယ်ခံရသော်လည်း အချို့ကတော့ အချစ်စစ်နှင့် တွေ့ရှိကာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြသည်။

မည်သို့ပင် ဆိုစေကာမူ… ကြောက်မက်ဖွယ် ကောင်း၍ မှုန်၍ အုံ့မှိုင်းသော အငွေ့အသက် တစ်ခုက အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေပေါ် ဆက်လက် လွှမ်းခြုံနေဆဲ ဖြစ်ပေသည်။

ဟင်းလင်းပြင် သင်္ဘောတစ်ခုပေါ်၌…

လင်းမင်နှင့် ပိုင်ယုရှီတို့မှာ မတ်တပ်ရပ်ကာ ကြယ်တာရာ နယ်မြေကို လေ့လာ နေခဲ့ကြ၏။ လင်းမင်၏ မျက်လုံးများက အဝေး တစ်နေရာတွင် ပေါလော မျောပါနေသည့် ကုန်းမြေထုကြီး တစ်ခုကို ကြည့်ကာ အနည်းငယ် ရီဝေနေခဲ့သည်။

ထိုအရာက သူ၏ အိမ် ဖြစ်သည့် အနန္တ ကုန်းမြေတိုက်ကြီးပင် ဖြစ်သည်။

အတိတ်မှ အမှတ်တရများကို ပြန်လည် စဉ်းစားမိသော အခိုက်၌ လင်းမင်၏ မီးခိုးရောင် မျက်လုံးများမှာ ခံစားချက်များနှင့် ပြည့်လျှံသွား၏။ ထိုနေရာတွင်ပင် စီနီယာ အမလင်းနှင့် သူ တွေ့ဆုံခဲ့သည်။ ထိုနေရာတွင်ပင် ကံကြမ္မာကို ပြောင်းလဲကာ ပါရမီကို သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုနေရာမှ စတင်၍ ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံခြင်း လမ်းကြောင်း တစ်ခုကို သူ ဖောက်ထွင်း နိုင်ခဲ့သည်။

သို့သော်လည်း မကြာခင်မှာပင် သူ၏ အမှတ်တရများ ကိန်းဝပ်ရာ ထိုမွေးရပ်မြေမှာ ဖျက်ဆီးခံရတော့မည် ဖြစ်သည်။ အဆုံးမဲ့ စကြဝဠာထဲတွင် ဆက်လက် တည်ရှိနိုင်တော့မည် မဟုတ်ချေ။ ခါးသီးသည့် အရိပ်အယောင်များမှာ လင်းမင်၏ မျက်နှာထက်၌ နေရာယူ လာခဲ့၏။

"ထန်ဂူကို တားဆီးနိုင်တဲ့ အရာ ဘာမှ မရှိတော့ဘူးလား"

သူက ပိုင်ယုရှီဘက်သို့ လှည့်ကာ မေးခွန်းထုတ် လိုက်၏။ ထိုမေးခွန်းကို သူ အကြိမ်ကြိမ် မေးခဲ့ပြီး ဖြစ်သည့်တိုင်း အဖြေကို လက်ခံရန် ဆန္ဒ မရှိပါချေ။

အဘယ်ကြောင့် ကြယ်တာရာ ဝါးမျိုသူက ပေါ်လာရသနည်း။ အဘယ်ကြောင့် သူ မွေးရပ်မြေမှနည်း။

ပိုင်ယုရှီမှာ ဘေးတိုက် အနေအထားမှ နေ၍ လင်းမင်၏ ချောမောသော ရုပ်သွင်ကို ငေးကြည့်လိုက်မိ၏။ လူငယ်၏ မျက်နှာထက်ရှိ စိုးရိမ်မှု၊ ဝမ်းနည်းမှုတို့ကို တွေ့မြင် လိုက်ရသော အခိုက်၌ သူမ ကိုယ်တိုင်ပါ ထပ်တူ ခံစားလိုက်ရသည်။ ပိုင်ယုရှီ လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"ဘာမှ မရှိဘူး… တကယ်လို့ ထန်ဂူက ဒီကြယ်တာရာ နယ်မြေကို ပစ်မှတ်ထား ပြီးပြီ ဆိုရင် ပျက်စီးရမယ့် ကံကြမ္မာက သတ်မှတ် ပြီးသွားပြီ"

လင်းမင်မှာ မေးရိုးများ ထောင်ထလာသည် အထိ အံကို တင်းတင်းကြိတ်လိုက်မိ၏။

"တကယ်လို့ ဂြိုဟ်တွေ အားလုံးနဲ့ ကုန်းမြေတိုက်ကြီးတွေကို နေရာ ရွှေ့လိုက်မယ် ဆိုရင်ရော… ဥပမာ လောကနယ်မြေ တစ်ခုထဲကို ထည့်တာမျိုး ဖြစ်ဖြစ်ပေါ့"

ပိုင်ယုရှီက ခေါင်းခါလိုက်သည်။

"ငါတို့မှာ အဲဒီလောက် အချိန် မရှိတော့ဘူး… ကုန်းမြေတိုက်ကြီးနဲ့ ဂြိုဟ်တွေကို ရွှေ့ဖို့က အရမ်းကို ခက်ခဲတယ်… လောကနယ်မြေ တစ်ခု တည်ဆောက်ဖို့ ဆိုရင် ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး… အနည်းဆုံး နှစ်ချီ ကြာမှာ… လင်းမင် ငါ စိတ်မကောင်းပါဘူး"

လင်းမင်က ဟင်းလင်းပြင် သင်္ဘော၏ လက်ရန်းကို ဆုပ်ကိုင်ကာ ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်၏။

"တကယ်လို့ အနန္တ ကုန်းမြေတိုက်ကြီးကိုပဲ ကယ်မယ် ဆိုရင်ရော… အဲဒီ ကုန်းမြေတိုက်ကြီး တစ်ခုတည်းပဲ"

" … အဲဒါဆိုရင်တော့ ဖြစ်နိုင်တယ်"

ပိုင်ယုရှီ စဉ်းစားနေချိန်တွင်ပင် နောက်နားမှ အသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ စီနီယာ အမလင်း၏ အသံပင်။

"အနန္တ ကုန်းမြေတိုက်ကြီးက ထာဝရ အစည်းအရုံးရဲ့ ပိုင်ဆိုင်မှု အောက်မှာ ရှိနေတာ… သူတို့က စပြီး လှုပ်ရှားနေပြီ ဆိုတော့ ဆန္ဒရှိတယ် ဆိုရင် ကုန်းမြေတိုက်ကြီးကိုပါ ကယ်တင်လိမ့်မယ်… ငါတို့ဂိုဏ်းကသာ ဝင်စွက်ဖက်မယ် ဆိုရင် သူတို့ပိုင် ပစ္စည်းကို သွားပြီး ခိုးနေတာနဲ့ မကွာခြားဘူး"

စီနီယာ အမလင်းမှာ ဖြည်းညင်းစွာပင် သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိ လာခဲ့သည်။ သူမက သက်ပြင်းတစ်ချက် ချလိုက်ရင်း လင်းမင်တို့ နည်းတူ အနန္တ ကုန်းမြေတိုက်ကြီးကို လှမ်းကာ ငေးမောကြည့် လိုက်သည်။

လင်းမင်က စီနီယာ အမလင်းကို လှည့်ကြည့် လိုက်၏။

"စီနီယာ အမလင်း… ဆန်းကြယ် ဒြပ်စင် စမ်းသပ်ပွဲမှာတုန်းက ကျွန်တော်…"

"မလိုတော့ဘူး…"

စီနီယာ အမလင်းက ဖြည်းညင်းစွာ ခေါင်းခါ လိုက်၏။ ထို့နောက် သူမက ပိုင်ယုရှီဘက်သို့ လှည့်လိုက်ရင်း…

"ဒြပ်စင် ရွေးချယ်ခံ စမ်းသပ်ပွဲ မူလ ကြီးကြပ်သူဆီက အစီရင်ခံစာကို ငါ ဖတ်ပြီးပြီ"

သူမ၏ လေသံက ပျော့ပျောင်းသော်လည်း အထဲတွင် ဒေါသအရိပ်အငွေ့ အချို့ ပါဝင်နေပေသည်။ မျက်နှာဖုံး နောက်မှ ပိုင်ယုရှီ၏ အမူအရာမှာ ဖြူရော် သွားကာ နှလုံးသား တစ်ခုလုံး တုန်ရီ သွားသည်။

သူမက ပြိုင်ပွဲတွင် စည်းမျဉ်းများကို လက်တစ်လုံးခြား လုပ်၍ လင်းမင် အတုအယောင် လောကနယ်မြေ တစ်ခု တည်ဆောက်နိုင်အောင် ကူညီပေးခဲ့သည်။ လင်းမင်မှာ ထိုကယ်ပေါက်ကို အသုံးပြု၍ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာခဲ့သော်လည်း အရှက်ရဖွယ် ကောင်းသည့် အရာက သူက တစ်ဦးတည်းသော ရွေးချယ်ခံ ဖြစ်မလာခဲ့ခြင်းပင် ဖြစ်သည်။

ပိုင်ယုရှီ၏ ဖြူရော်နေသည့် အမူအရာကို ကြည့်ကာ စီနီယာ အမလင်းက သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက ဖြည်းညင်းစွာပင် လင်းမင်ဘက်သို့ လှည့်လိုက်သည်။

"နင့်ရဲ့ လောကနယ်မြေ ငါ့ကိုပြ…"

လင်းမင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် တုန့်ဆိုင်း မပြုပဲ ရင်ဘတ် အတွင်း တည်ရှိနေသည့် လောကနယ်မြေ မျိုးစေ့ကို တို့ထိလိုက်သည်။ ချက်ချင်းပင် အလင်းရောင်စဥ်များ ထွန်းလင်းလာကာ စက်ဝိုင်း ပုံသဏ္ဌာန် အဝန်းအဝိုင်း တစ်ခုမှာ မီတာ ဆယ်ချီ ဧရိယာ အထိ ဖြန့်ကျက်လာသည်။ ၎င်းမှာ အတော်အသင့် သေးငယ်သော်လည်း လောကနယ်မြေ၏ ပြိုင်ဘက်ကင်း ဖိအားကို ထုတ်လွှတ်နေပေသည်။

“ ... “

စီနီယာ အမလင်းက တည်ငြိမ်စွာပင် အတုအယောင် လောကနယ်မြေကို လေ့လာလိုက်၏။

“အမျိုးအစား မတူညီတဲ့ စွမ်းအင်တွေကို ဖိနှိပ်ပြီး လောကနယ်မြေ မျိုးစေ့ကို အသက်သွင်းတဲ့ နည်းလမ်း... တကယ် အံ့အားသင့်စရာပဲ... အဲဒီ အထဲမှာ ပါဝင်နေတဲ့ စွမ်းအင်တွေကို နင် အာရုံခံနိုင်လား”

လင်းမင်က ခေါင်းညိတ်လိုက်၏။

“အာရုံခံနိုင်ပါတယ်... တကယ်လို့ ကျုပ်သာ ဆန္ဒရှိရင် တစ်လ အတွင်း အလင်းပြန်ခြင်း အဆင့်ကို တက်လှမ်းလို့ ရတယ်... မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ဖို့ အတွက်တော့ သုံးနှစ်လောက် လိုလိမ့်မယ်”

“ကောင်းတယ်...”

စီနီယာ အမလင်းမှာ ကျေနပ်သွားဟန် ရ၏။ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က လောကသခင်များ၏ ပြိုင်ဘက်ကင်း လောကနယ်မြေကို ပိုင်ဆိုင်ထားသည့် အဖြစ်အပျက်မျိုးကို သူမ ပထမဆုံး အကြိမ် အဖြစ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

“နင် အာကာသ အင်အားကိုရော သုံးလို့ရလား”

သူမက မေးလိုက်၏။ ထိုလောကနယ်မြေတွင် မည်ကဲ့သို့သော စွမ်းရည်နှင့် ကန့်သတ်ချက်များ ရှိနေမည်ကို သူမ သိလိုပေသည်။

လင်းမင်က မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ကို မလိုက်၏။ မိနစ် အနည်းငယ် အတွင်းမှာပင် သူ့လက်ဝါးထက်၌ ငွေရောင် အလင်းတန်း တစ်ခု ဖွဲ့စည်းလာခဲ့သည်။

“အာကာသ အင်အား...”

ပိုင်ယုရှီမှာ မျက်လုံးများပင် ပြူးကျယ်သွား၏။ အာကာသ အင်အားမှာ လောကသခင်များသာ အသုံးပြုနိုင်သည့် စွမ်းအင် တစ်မျိုး ဖြစ်သည်။ လင်းမင်မှာ ထိုအင်အားကို အသုံးပြုနိုင်နေလေရာ သူ့ကို ‌လောကသခင် အငယ်စားလေး အဖြစ် ယူဆ၍ ရနိုင်တော့မည်လော။

စီနီယာ အမလင်း၏ မျက်လုံးများမှာ ငွေရောင် အလင်းတန်းကို ကြည့်ကာ တဖျပ်ဖျပ် တောက်ပလာခဲ့၏။ သူမက အသာအယာပင် ခေါင်းညိတ်လိုက်သည်။

“ဒီစွမ်းအင်နဲ့ ဆိုရင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ တရားဝင် ‌‌ရွေးချယ်ခံ ဆိုတဲ့ ဂုဏ်ပုဒ်ကို တည်ဆောက်ဖို့ မခက်တော့ဘူး... ဒြပ်စင် ရတနာသိုက်ထဲက ရင်းမြစ်တွေက နင့်အတွက် ကိုယ်ပိုင် အဖွဲ့တစ်ခု စတင်ဖို့ ကောင်းကောင်းကြီး လုံလောက်ပါတယ်.... အစပိုင်းမှာတော့ အခြား ရွေးချယ်ခံတွေကို ယှဥ်ပြိုင်နိုင်ဦးမှာ မဟုတ်ဘူး ဆိုပေမဲ့ အခြေအနေ အချိန်အခါကို ကြည့်တတ်မယ် ဆိုရင်တော့ သူတို့ထက် အများကြီး နိမ့်ကျနေမှာတော့ မဟုတ်ဘူး”

“ ... “

ပိုင်ယုရှီ၏ မျက်လုံးများကတော့ ပျော်ရွှင်သည့် အလင်းရောင်တို့ဖြင့် တောက်ပသွားသည်။ ကြည့်ရသည်က စီနီယာ အမလင်းမှာ သူမ၏ အမှားကို ခွင့်လွှတ်ပေးလိုက်ပုံ ရသည်။ “ဒြပ်စင် ရတနာသိုက်” ဆိုမှ လင်းမင် ပေးခဲ့ဖူးသည့် ကတိတစ်ခုကို သူမ ပြန်လည် သတိရလိုက်၏။

ဉာဏ်အလင်း ဝိညာဥ် ဆေးရည်...

ထိုအရာကို သူမ ဘယ်တော့မှ လင်းမင်ထံမှ ရမည်နည်း။ လက်ရှိ၌ သူမ၏ ဝိညာဥ်မှာ ထိခိုက် ဒဏ်ရာ ရရှိနေဆဲ ဖြစ်သည်။ သူမ ဆက်လက်၍ ကျင့်ကြံခြင်းပင် မပြုနိုင်ချေ။ ထိုဆေးရည်ကို ရမှသာ သူမ ဒဏ်ရာများကို ကုစားကာ ကျင့်ကြံခြင်းကို ရှေ့ဆက်နိုင်လိမ့်မည် ဖြစ်သည်။

“ ... “

အခြားတစ်ဖက်၌ လင်းမင်ကတော့ ထူးဆန်းစွာ တိတ်ဆိတ်သွား၏။ သူ၏ အမူအရာက အနည်းငယ် မှုန်မှိုင်းနေသည်။ ဝေ့ဝူယင်မှာ ဒြပ်စင် ရတနာသိုက်ထဲမှ ရှိသမျှ အရာအားလုံးကို ခိုးယူ သွားခဲ့ပြီ ဖြစ်သည်။ သူ့ထံတွင် ဘာဆို ဘာမှ မကျန်တော့။

“ဝေ့ဝူယင်ကို ဘယ်လိုလုပ်မှာလဲ”

သူက အံကို တင်းတင်းကြိတ်ကာ စီနီယာ အမလင်းကို လှည့်ကြည့်ကာ မေးလိုက်၏။

“ဝေ့ဝူယင်...”

စီနီယာ အမလင်းမှာ အနည်းငယ် ကြောင်အအ ဖြစ်သွားကာ မျက်မှောင်ကြုတ် သွား၏။ ဝေ့ဝူယင်ကို သူမ သိသည်။ သူက အာရုဏ်ဦး အာဏာရှင် ဧကရာဇ် အဖြစ် ကျော်ကြားသူ ဖြစ်သည်။ သူက ဘာဖြစ်လို့နည်း။

ဝမ်ယုထျန်း၏ အစီရင်ခံစာ အရဆိုလျှင် လင်းမင်မှာ ပြိုင်ပွဲ၏ ကယ်ပေါက်ကို အသုံးပြုကာ ရွေးချယ်ခံ ဖြစ်လာသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ သူမ ဒေါသထွက်ရသည့် အကြောင်းရင်းမှာ လင်းမင် ကယ်ပေါက်ကို အသုံးပြုခဲ့ရသောကြောင့်ပင် ဖြစ်သည်။ သူမက ထိုရွေးချယ်ခံ ရာထူးကို တိုက်ရိုက် တိုက်ခိုက်ကာ ရယူ စေလိုခြင်း ဖြစ်သည်။

လင်းမင်မှာ စီနီယာ အမလင်း၏ စကားကြောင့် အနည်းငယ် အံ့သြသွားခဲ့၏။ သူမက မသိသည်လော။ သူက ပိုင်ယုရှီကို လှမ်းကြည့်လိုက်သော်လည်း သူမမှာလည်း သူကဲ့သို့ပင် အံ့အားသင့်နေဟန် ရသည်။

“ဒြပ်စင် ရတနာသိုက်ထဲမှာ ဘာမှ မရှိဘူး... အကုန်လုံးကို တစ်ယောက်ယောက်က ယူသွားပြီ”

လင်းမင်က ပင့်သက် တစ်ချက် ရှိုက်လိုက်ပြီးနောက် ပြောလိုက်၏။ သူက ဘဝတွင် ပထမဆုံး အကြိမ် စီနီယာ အမလင်းကို ညာလိုက်ခြင်း...

နေဦး... မဟုတ်သေး... သူ ညာခြင်း မဟုတ်ချေ။ မပြည့်မစုံသော အချက်အလက်ဖြင့် ရှင်းပြလိုက်ခြင်းသာ ဖြစ်ပေသည်။ ရတနာသိုက်ကို ဝေ့ဝူယင်က အမှန်တကယ် ယူဆောင်သွားခြင်း ဖြစ်သည်။ သူက အချိန်နှင့် လူပုဂ္ဂိုလ်တို့ကို တိတိကျကျ မပြောလိုက်ခြင်းသာ ဖြစ်သည်။

“ဘယ်လို...”

စီနီယာ အမလင်းနှင့် ပိုင်ယုရှိတို့ထံမှ အာမေဋိတ်သံများ ပြိုင်တူပင် ထွက်ပေါ်လာ၏။ သူတို့ ထိုထက် ပို၍ မမေးနိုင်ခင်မှာပင် အမှောင်ဟင်းလင်းပြင်မှာ ရုတ်တရက် တောက်ပလာ၏။ ငွေ‌ရောင်နှင့် အပြာရောင် ရောနှောသည့် ဝင်ရိုးစွန်း အလင်းတန်းများ အလား အလင်းကွန်ယက်မှာ အရပ်ရှစ်မျက်နှာ ဝလ္လာတစ်ခွင်တွင် ပျံ့နှံ့လာကာ ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ ၎င်းတို့၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။

“လောကရွှေ့ပြောင်းခြင်း ကွန်ယက်...”

ပိုင်ယုရှီက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ စီနီယာ အမလင်းက ထိုလှပသည့် ရှုမြင်ကွင်းကို ကြည့်ရင်း တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

“သူတို့ စပြီး လှုပ်ရှားနေပြီ”

***

All Chapters