← Chapters

မာ့ကျန်း၏ ဖိတ်ခေါ်မှု

Vol. 41 Ch. 565

မာ့ကျန်း၏ ဖိတ်ခေါ်မှု

Vol. 41 Ch. 565

အချိန်အပိုင်းအခြားက လေးရက်သာ ကျန်ရှိပေတော့သည်။ ကြယ်တာရာ ဝါးမျိုသူ ထန်ဂူ၏ တည်ရှိမှုနှင့် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတို့၏ ရည်ရွယ်ချက်ကို မသိရသည့်တိုင် အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေသားတို့၏ နှလုံးသားများထဲတွင် ထူးဆန်းသော အာရုံတစ်ခု ဖြစ်ပေါ်နေသည်။ ရဲရင့်သည့် အချို့ လူများ ဆိုလျှင် အုပ်စုများပင် ဖွဲ့ကာ ထိုဘာမှန်းမသိရသည့် အရာကို တိုက်ခိုက်ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်လေသည်။

တစ်ချိန်တည်း၌ လင်းမင်၊ ပိုင်ယုရှီနှင့် စီနီယာ အမလင်းတို့မှာ ဟင်းလင်းပြင် သင်္ဘောဦးတွင် ရပ်ကာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံနေသည့် လှပသော အလင်းတန်းများကို ငေးမောကြည့်နေခဲ့ကြ၏။

“လောက ရွှေ့ပြောင်းခြင်း ကွန်ယက်ဆိုတာ ဘာကို ပြောတာလဲ”

လင်းမင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ အလင်းတန်းများ၏ အဆုံးသတ်ကို သူ ပင်လျှင် မြင်တွေ့နိုင်စွမ်း မရှိပါချေ။ ၎င်းက မည်ကဲ့သို့သော စွမ်းအင် အမျိုးအစားမျိုးနည်း။

“အဲဒါက...”

ပိုင်ယုရှီက ပြန်ဖြေရန် ဟန်ပြင်လိုက်သော်လည်း စတင် စကားပြောလိုက်သည်နှင့် မြင်ကွင်းတစ်ခုလုံး ပြာဝေ သွားသလို ခံစားလိုက်ရသည်။ သူမ၏ မျက်ခုံးနှစ်ခုကြား ဗဟို တည့်တည့် နေရာမှာ မခံနိုင်လောက်အောင် ထိုးကိုက်လာ၏။

ပိုင်ယုရှီကို ကြည့်ကာ စီနီယာ အမလင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

“နင့်ရဲ့ ဝိညာဥ် ထိခိုက်ထားတာလား”

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူမမှာ ပိုင်ယုရှီ၏ နံဘေးသို့ ရောက်ရှိလာကာ လက်ခလည်ဖြင့် သူမ၏ မျက်ခုံး နှစ်ခုကြားကို ထိုးလိုက်သည်။ မီးခိုးရောင် ဝိညာဥ်အလင်း ဖျော့ဖျော့မှာ သူ့ လက်ချောင်းမှ ထွက်ပေါ်လာကာ ပိုင်ယုရှီ၏ နဖူး အတွင်း တိုးဝင်သွားသည်။

လင်းမင်မှာ လောက ရွှေ့ပြောင်းခြင်း အစီအရင်ကို ငေးကြည့်နေရာမှ နိုးထလာကာ ထိတ်လန့်သော အမူအရာနှင့် ပိုင်ယုရှီကို လှမ်းကြည့်လိုက်၏။

မိန်းကလေး၏ မျက်နှာ အမူအရာမှာ နာကျင်သည့် အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေကာ မျက်ခွံများမှာ ဖြည်းညင်းစွာပင် ပိတ်လာခဲ့၏။ တစ်ချိန်တည်း၌ သူမ၏ ခန္ဓာကိုယ်က ပျော့ပျောင်းလာကာ စီနီယာ အမလင်း၏ ရင်ခွင်ထဲ ခွေယိုင်လဲကျ သွားသည်။ မိန်းကလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားဟန် ရလေသည်။

“သူ အဆင်ပြေရဲ့လား...”

လင်းမင်က စိုးရိမ်စွာပင် မေးလိုက်၏။ ထိုအရာက အခြေခံ ဝါးမျိုခြင်း မိစ္ဆာနည်းလမ်း၏ အကျိုးဆက် ဖြစ်ကြောင်း သူ သိပေသည်။ ၎င်းက အလွန် အန္တရာယ် များလွန်းလှကာ အစီအရင် ပုံဖော်နေစဥ် အတွင်း မိန်းကလေး တစ်ယောက်ပင်လျှင် သေဆုံးခဲ့ရသည်။

“သူ့ဝိညာဥ်က ကြီးကြီးမားမား ထိခိုက်ထားတယ်... ဘယ်လိုဖြစ်တာပါလိမ့်”

စီနီယာ အမလင်း၏ လေသံက ဝင်ရိုးစွန်းဒေသမှ ရေခဲပမာ အေးစက်နေ၏။ ဝိညာဥ်မှာ ထိခိုက်ရန် အလွန် ခက်ခဲသော အရာ ဖြစ်သည်။ သေမျိုးအဆင့်ကို ကျော်လွန်နေသည့် ကျင့်ကြံသူများနှင့် နည်းလမ်းများ မပါရှိပါက ၎င်းကို ထိခိုက်အောင် လုပ်ဖို့ မဖြစ်နိုင်လောက်အောင်ပင်။

သူမ သိရှိထားသလောက် အစွန်းလေးဖက် လောကနယ်မြေထဲတွင် လျှို့ဝှက် အာဏာရှင် အဆင့် ဟူ၍ ရွှေရောင် အသက် နန်းတော်မှ လူများသာ ရှိသည်။ သို့သော်လည်း သူတို့ထဲရှိ ဘယ်သူကမှ ပိုင်ယုရှီကို အကြောင်းမဲ့ တိုက်ခိုက် ကြလိမ့်မည် မဟုတ်ချေ။

“ကျွန်တော်...”

လင်းမင်မှာ ဆွံ့အ၍ နေ၏။ ပိုင်ယုရှီ ဒဏ်ရာ ရခဲ့ခြင်းမှာ သူ့ကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ယင်းဒဏ်ရာကို ကုသပေးနိုင်သည့် ဆေရည်ကိုလည်း သူ ဆုံးရှုံးခဲ့သည်။ ထိုအကြောင်းအရာများကို သူ မည်ကဲ့သို့ ရှင်းပြရမည်နည်း။

အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ စီနီယာ အမလင်းမှာ သူမ၏ စိတ်ခံစားချက်များကို ပြန်လည် ထိန်းချုပ် လာနိုင်ခဲ့ဟန် ရ၏။ သူမက ညင်သာစွာပင် ပိုင်ယုရှီ၏ သတိလစ် မေ့မြောနေသည့် ခန္ဓာကိုယ်လေးကို ထိန်းရင်း လင်းမင်ဘက်သို့ လှည့်လိုက်သည်။

“ငါတို့ မကြာခင် ဒီနေရာကနေ ထွက်ခွာရတော့မယ်... ကိုယ့်ကိုယ်ကို အဆင်သင့် ပြင်ဆင်ထားပါ... လောက ရွှေ့ပြောင်းခြင်း အစီအရင်က သက်ရှိတွေကို အစုလိုက် အပြုံလိုက် ပို့ဆောင်ပေးနိုင်တဲ့ ဝေဟင်ခရီးသွားဂိုဏ်းရဲ့ ဟင်းလင်းပြင် ရတနာ တစ်ခုပဲ... ကုန်းမြေတိုက်ကြီးတွေ၊ ဂြိုဟ်တွေကို လောကနယ်မြေထဲ ပို့ဆောင်ပေးတဲ့ နေရာမှာ အဲဒီ အစီအရင်ကို မကြာခဏ ဆိုသလို သုံးလေ့ရှိတယ်... ငါ့ခန့်မှန်းချက်သာ မမှားရင် နာရီအနည်းငယ် အတွင်းမှာပဲ အဲဒါက အသက်ဝင်လာပြီး ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ သက်ရှိအားလုံးကို အခြား နေရာတစ်ခုဆီ ပို့ဆောင်ပေးလိမ့်မယ်”

လင်းမင်အား ရှင်းပြလိုက်ပြီးနောက် သူမက ပိုင်ယုရှီ၏ ခန္ဓာကိုယ်လေးကို ‌ပွေ့ချီကာ သင်္ဘော အတွင်းပိုင်းသို့ ဦးတည်လိုက်လေတော့၏။

...

ပျက်သုဉ်းခြင်း နယ်မြေ အတွင်းရှိ အထီးကျန်တောင် တစ်လုံး၌ လူလုပ်ဂူ တစ်ခုမှာ အသန့်စင်ဆုံး မြူမှုန်များနှင့် ပြည့်နှက်နေ၏။ ထိုအတွင်းတွင်တော့ ရှုပ်ထွေးပွေလီနေသည့် ဆံပင်၊ တောက်ပသည့် အပြုံးတို့နှင့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။ လောက ရွှေ့ပြောင်းခြင်း ကွန်ယက် ပေါ်လာသော အခိုက်တွင် ထိုပုံရိပ်မှာ မောပန်း နွမ်းနယ်နေသော မျက်လုံးများနှင့် ဂူ၏ မျက်နှာကျက်ကို ကောင်းကင်ကို မော့ကြည့် လိုက်၏။

"အချိန်ကျပြီ… ငါ့မှန်းထားတဲ့ အတိုင်းပဲ"

ပြီးခဲ့သည့် ရက်များ အတွင်း၌ ဝေ့ဝူယင်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချကာ အဆင့်ရှစ်နှင့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် များစွာကို ဖော်စပ်ခဲ့သည်။

သူ၏ ဆေးဖော်စပ်မှုက အလွန် မြန်ဆန် လွန်းလှရာ ခုနစ်ရက် အတွင်းမှာပင် ကျင့်ကြံရေးနှင့် ပြန်လည် ကုသရေးတို့ အတွက် ထိုက်တန်သည့် အဂ္ဂိရတ် ထုတ်ကုန် ရှစ်သောင်းခန့် ဖော်စပ်နိုင်ခဲ့သည်။ သို့သော်လည်း ဆေးတောင့်များတော့ မပါရှိခဲ့ချေ။

ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်သို့ ရောက်ရှိပြီး နောက်တွင် ဝေ့ဝူယင်၏ ကြယ်တာရာ အင်အား လှည့်ပတ်မှု အမြန်နှုန်းမှာ အလွန် လျှင်မြန်လာခဲ့သည်။ ခုနစ်ရက် အတွင်း အဂ္ဂိရတ် ထုတ်ကုန် ရှစ်သောင်းခန့်ကို ဖော်စပ် နိုင်ခဲ့ခြင်းမှာ သူလျှောက်လှမ်းခဲ့သည့် အဂ္ဂိရတ် တာအို သက်တမ်း တစ်လျှောက် ဂုဏ်အယူရဆုံးသော အောင်မြင်မှု ဖြစ်ပေသည်။

မှော်ဆေးအိုးကို သိမ်းဆည်းလိုက်ပြီးနောက် ဝေ့ဝူယင်က ဆေးလုံးတစ်ခု ပါဝင်နေသည့် ကျောက်စိမ်း ပုလင်းလေးကို ထုတ်ယူ လိုက်၏။ ထိုဆေးလုံးလေးမှာ ငွေရောင် ဖြစ်ကာ ပြီးပြည့်စုံသည့် စက်ဝိုင်း ပုံသဏ္ဌာန် ရှိသည်။ ၎င်းက သူငယ်အိမ် တစ်ခု အရွယ်အစားခန့် ရှိကာ ဝေ့ဝူယင်၏ မျက်လုံးနှင့် ဆင်တူ သယောင်ယောင် ရှိသည်။ ဆေးလုံး၏ ပတ်လည်တွင်တော့ စွမ်းအင် မီးတောက်များမှာ နေတစ်စင်း အလား ကျွမ်းလောင် နေ၏။ ၎င်းက ကိုယ်ပိုင် စွမ်းအား၏ အောက်၌ တည်ရှိနေသည့် အလား ပုလင်း၏ အလယ်တည့်တည့်၌ လွင့်မြောနေကာ မည်သည့် အစွန်းနှင့်မှ ထိတွေ့နေခြင်း မရှိချေ။

ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ငွေရောင် ဆေးလုံးကို သေချာစွာ စစ်ဆေး လိုက်၏။ ၎င်းမှာ အဆင့်နိမ့် ဆေးလုံး တစ်ခုသာ ဖြစ်သည့်တိုင် သူ့ဘဝတွင် ကိုယ်ပိုင် ဆေးညွှန်းဖြင့် ပထမဆုံး ဖန်တီးဖူးသည့် အဂ္ဂိရတ် ထုတ်ကုန် ဖြစ်သည်။

"အဲဒီနှစ်တွေတုန်းက ထာဝရ ဧကရာဇ်ဟာ ချီပျစ်ခဲခြင်း အဆင့်ကနေ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းဖို့ အတွက် ကိုယ်ပိုင် ဆေးညွန်းနဲ့ ဆေးလုံးတစ်ခု ဖော်စပ်ပြီး သူ့ နာမည်ပါအောင် ထာဝရ ခြေချခြင်းဆေး ဆိုပြီး နာမည် ပေးခဲ့တယ်… တစ်နေ့မှာ ငါ ဝေ့ဝူယင်ကလည်း ကိုယ်ပိုင် ဆေးညွှန်းနဲ့ ဆေးလုံးတစ်ခု ဖန်တီးနိုင်ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး”

"နောက်ပြီး ငါ့ဆေးလုံးက ပိုပြီးတော့တောင် အကျိုးအမြတ် များသေးတယ်... ဒီဆေးလုံးကို အသုံးပြုတဲ့ ဘယ်ကြယ်တာရာ အမြုတေ အလယ်ဆင့် ကျင့်ကြံသူ မဆို လောကနယ်မြေ မျိုးစေ့ တစ်ခုကို ပိုင်ဆိုင်ပြီး အတုအယောင် လောကနယ်မြေတစ်ခု ဖန်တီးနိုင်လိမ့်မယ်... ဝိညာဥ်ဆင်းတု အဆင့် ကျင့်ကြံသူတွေတောင် အဲဒီ ဆေးလုံးကို လွယ်လွယ်ကူကူနဲ့ စုပ်ယူနိုင်ကြလိမ့်မယ်... နောက်ပိုင်းမှာ သူတို့က ရရှိထားတဲ့ အတုအယောင် လောကနယ်မြေကို အသုံးပြုပြီး ကျင့်ကြံခြင်း အဆင့်တွေကို အကန့်အသတ် မရှိ အမြန်နှုန်းနဲ့ ချိုးဖျက် နိုင်ကြလိမ့်မယ်”

“ခု ငါဖန်တီးလိုက်တာက ပါရမီနဲ့ ကံကြမ္မာ ဆိုတဲ့ အကန့်အသတ်ကို ချိုးဖျက်ပြီး လောက တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ ဆေးပဲ...”

“အဆင့်ကိုး အဆင့်မြင့် အဂ္ဂိရတ် ဆေးလုံး... ငါ ဒီထုတ်ကုန်ကို ဘယ်လို နာမည်ပေးရင် ကောင်းမလဲ...”

“အာရုဏ်ဦး နေမီးတောက် ဆေးလုံး...”

ဝေ့ဝူယင် ဆုံးဖြတ်ချက် ချလိုက်၏။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ လင်းမင်၏ အတုအယောင် လောကနယ်မြေ အယူအဆကို အခြေခံ ထားသည့်တိုင် လောကတွင် တစ်ခါမှ မပေါ်ထွက်ခဲ့ဖူးသည့် ဆေးလုံး ဖြစ်ပေသည်။ ထို့ကြောင့် ကိုယ်ပိုင် အမည် တစ်ခု ပေးသည်က သင့်တော်ပေသည်။

ဝေ့ဝူယင် ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားရင်း အာရုဏ်ဦး နေမီးတောက် သိုလှောင် လက်စွပ် အတွင်း ထည့်သွင်းကာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ဆေဘာ အစီအရင်ကို ပြန်လည် ရုတ်သိမ်းကာ ဂူအပြင်ကို ထွက်လာခဲ့၏။ သူ့အား ဆီးကြိုနေသည်က ဝင်ရိုးစွန်း အလင်းတန်းများ ကဲ့သို့ လှပသော ရောင်စဥ်များပင် ဖြစ်လေတော့သည်။

ဝေ့ဝူယင် အံ့အားသင့်စွာဖြင့် နေရာ ရွှေ့ပြောင်းခြင်း ကွန်ယက်ကို ငေးမော နေစဥ်တွင် အလင်းတန်း တစ်ခုမှာ မိုးကုပ်စက်ဝိုင်း အစွန်း၌ ပေါ်လာခဲ့၏။ ၎င်းက အလွန် လျှင်မြန်သော အရှိန်နှင့် ချဥ်းကပ်လာကာ စက္ကန့် အနည်းငယ် အတွင်းမှာပင် ဝေ့ဝူယင် အရှေ့သို့ ရောက်ရှိလာခဲ့သည်။

၎င်းမှာ ရွှေရောင် ပန်း‌ပျောက်ပန်းခက်များ ပါရှိသည့် အဖြူရောင် စာအိတ်တစ်ခုပင် ဖြစ်သည်။ ၎င်းက အတော်လေး လှပကာ မွေးရနံ့ တစ်ချို့ပင် ထွက်ပေါ်နေ၏။ ထိုစာအိတ်၏ ပိုင်ရှင်က မည်သူ ဖြစ်ကြောင်း ဝေ့ဝူယင် နည်းနည်းမျှ သံသယ မရှိပါချေ။

လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း သူ စာအိတ်ကို ဖမ်းယူလိုက်၏။ သူ့လက်အတွင်း ရောက်ရှိသည်နှင့် စာအိတ်ကို ပိတ်ထားသည့် ချိပ်တံဆိပ်မှာ လွယ်ကူစွာင် ကျိုးပဲ့သွားသည်။ ဝေ့ဝူယင် စာအိတ်ကို ဖွင့်လိုက်ရာ အထံတွင် ဆဋ္ဌဂံ ကဒ်တစ်ခုကို တွေ့လိုက်ရ၏။

“ရွှေရောင် အသက် နန်းတော်ရဲ့ တတိယ အုပ်ချုပ်ရေးမှူး ကျုပ် မာ့ကျန်းက ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက် အနေနဲ့ မင်းကို အဆုံးမဲ့ ရွှေရောင် အသက်နန်းတော်ဆီ ဖိတ်ခေါ်တယ်... ကျုပ်တို့ဂိုဏ်းရဲ့ ငါးခုမြောက် လောကနယ်မြေ ဖြစ်တဲ့ နတ်ဆိုးစစ်ပွဲ လောကနယ်မြေကို ဖျက်ဆီးခဲ့တဲ့ ကိစ္စ အတွက် ကျုပ်တို့မှာ ဆွေးနွေးစရာ ရှိတယ်”

ဝေ့ဝူယင်၏ အမူအရာက မည်းမှောင်သွားခြင်း မရှိသလို အံ့အားသင့်သွားသည့် အရိပ်အယောင်လည်း မပေါ်ချေ။ ထို့အစား သူက ပြုံးရုံသာ ပြုံးလိုက်၏။ စာ၏ နောက်ဖက်တစ်ခြမ်းကို တွေ့မြင်လိုက်ရသော အခိုက်၌ကား သူ မထိန်းချုပ်နိုင်ပဲ ရယ်ပင် ရယ်မောလိုက်မိလေတော့သည်။

“မင်း ရောက်လာတာ သေချာစေဖို့ အတွက် ဒီကြယ်တာရာ နယ်မြေရဲ့ နဂါးတွေနဲ့ အခြား သားရဲတွေက ဂုဏ်သ‌ရေရှိ ဧည့်သည်တွေ အနေနဲ့ ငါတို့ဆီမှာ နေပေးလိမ့်မယ်... မင်း အားရင် သူတို့ကို ပြန်လာရွေးပါ”

အခြားလူများက ထိုအရာကို ခြိမ်းခြောက်မှု တစ်ခု အဖြစ် ယူဆကောင်း ယူဆနိုင်သော်လည်း ဝေ့ဝူယင်ကတော့ ထိုကဲ့သို့ မထင်ချေ။

သားရဲများ ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် အကြောင်းကို သူ ထို့ပိဟန်တို့ထံမှ သတင်းများ လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ထိုအရာက ဆန်းကြယ်ဒြပ်စင်ဂိုဏ်းတို့လို အင်အားစု တစ်ခုခု၏ လက်ချက် ဖြစ်မှန်း သူ အစောကတည်းကပင် ကြိုတင် ခန့်မှန်းမိခဲ့သည်။ ထိုအရာက ရွှေရောင် အသက် နန်းတော်၏ လက်ချက် ဖြစ်နေခဲ့သည်လော။

“အခြားလူတွေကိုရော ဘယ်သူက နေရာရွှေ့ပြောင်း ပေးမှာလဲ... အစစ်အမှန် ဒြပ်စင်ဂိုဏ်းများလား...”

အဖြေကို တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ဝေ့ဝူယင် ခေါင်းကို ခါလိုက်၏။ သူ့တွင် ထိုအရာများ အကြောင်း တွေးတောရန် အချိန်မရှိပါချေ။ ထို့အပြင် အဖြစ်အပျက်များက အလွန် လျှင်မြန်စွာ ဖြစ်ပျက်နေလေရာ မည်သူ မဆို ဖြစ်နိုင်ပေသည်။

ခြေတစ်လှမ်း လှမ်းလိုက်ရင်း သူက ကောင်းကင်သို့ ပျံတက်လိုက်၏။ ထို့နောက် အဖြူ‌ရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ မိုးကုပ်စက်ဝိုင်း အတွင်း တိုးဝင် ပျောက်ကွယ်သွားတော့သည်။

***

All Chapters