← Chapters

ချင်ကူးယဥ်၏ ထွက်ခွာမှု

Vol. 41 Ch. 566

ချင်ကူးယဥ်၏ ထွက်ခွာမှု

Vol. 41 Ch. 566

အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ အတွင်း နေထိုင်ကြသည့် လူများမှာ ထူးခြား ဆန်းကြယ်သော အဖြစ်အပျက်များကို တစ်ခုပြီး တစ်ခု ရင်ဆိုင် ကြုံတွေ့နေကြရ၏။ ထိုနေ့ရက်များ အတွင်း၌ လူတိုင်းလိုလိုမှာ မျှော်လင့်ချက် ကင်းမဲ့မှု၊ လမ်းစပျောက်မှုတို့ကို ခံစားနေရ၏။

သို့သော်လည်း အားလုံးထဲ၌ တစ်စုံတစ်ယောက်သောသူကတော့ ဂိုဏ်းတစ်ခုလုံး၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် မြေးမလေး ဖြစ်သူကို အပူတပြင်းပင် လိုက်လံ ရှာဖွေနေခဲ့ပေသည်။ သူကား အခြား မဟုတ်၊ အဂ္ဂိရတ် အစည်းအရုံး သခင် ချင်ကူးယွင်ပင် ဖြစ်လေသည်။

ထိုအယ်ဗန်မျိုးနွယ်ဝင် ခေါင်းဆောင်ကြီးမှာ အော်ရစ်ပင်လယ် ထူးခြား ဆန်းကြယ်စွာ ပျက်စီးသွားသည့် အချိန်မှ စ၍ မြစ်ဖြစ်သူ ချင်ကူးယဥ်ကို ရှာရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရက်ပိုင်းအတွင်းမှာပင် သတင်းအစအန တစ်ချို့ ရလာခဲ့ကာ ဝူယုဂြိုဟ်ပေါ်တွင် သူမကို ခြေရာခံမိခဲ့သည်။

ထိုအခိုက်၌... ချင်ကူးယဥ်မှာ ပျက်သုဥ်းခြင်း နယ်မြေအတွင်းရှိ မဟာငလျင်မြို့တော်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမက အာဏာရှင်များ၏ ကာကွယ်မှု အောက်၌ ရှိနေခဲ့ကာ ထိုနေ့ရက်များ အတွင်း၌ အာဏာရှင် အဖွဲ့ဝင်များနှင့် အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ ထူးဆန်းစွာပင် ငြိမ်သက်နေခဲ့သည်။

အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေအတွင်း ဖြစ်ပျက်နေခဲ့သည့် အရာများက ကြောက်စရာ ကောင်းလွန်းသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က ကြယ်တာရာ နယ်မြေ အတွင်းရှိ ရှို့ရန်တိုင်းမှာ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပဲ ပျောက်ကွယ်သွားခဲ့သည်။ ကြယ်တာရာ နယ်မြေ၏ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်သည့် ထို့ပိဟန် ပင်လျှင် မည်သည့် အရိပ်အမြွက်မှ ရှာဖွေနိုင်ခဲ့ခြင်း မရှိချေ။

ပို၍ ဆိုးသည်က ထိုပျောက်ဆုံးမှုတွင် အချိန်၊ နေရာ၊ ဝတ္ထု အကန့်အသတ် မရှိခြင်းပင် ဖြစ်သည်။ မည်သည့် ရှို့ရန်နှင့် သားရဲ အမျိုးအစား ဖြစ်စေကာမူ ယူဆောင်သွားခြင်းကို ခံကြရ၏။ မြစ်များ၊ ချောင်းများထဲမှ ငါးဥများပင်လျှင် ကင်းလွတ်ခြင်း မရှိပါချေ။

ထိုအဖြစ်အပျက်များထက် ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည့် အရာက အဏာရှင် အင်ပါယာ၏ ချစ်လှစွာသော ကိုယ်လုပ်တော် ရွှယ်ရီဖေးပါ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ကျင့်စဥ်ကို ကျင့်ကြံပြီးနောက်တွင် ရွှယ်ရီဖေးမှာ ကျင့်ကြံခြင်း ဝိညာဥ်ကို နှလုံးသား၌ ဖွဲ့စည်းကာ အစစ်အမှန် နဂါးသွေးမျိုးဆက် တစ်ယောက် ဖြစ်လာခဲ့သည်။ လက်ရှိ အချိန်၌ သူမကလည်း ရှို့ရန် တစ်ယောက်နှင့် ကွာခြားခြင်း မရှိတော့ချေ။

ရွှယ်ရီဖေး၏ ပျောက်ဆုံးသွားမှုက ထို့ပိဟန် အပါအဝင် မဟာငလျင် မြို့တော် တစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။ အာဏာရှင် အဖွဲ့ဝင်များမှာ မြို့တစ်မြို့လုံးကို ပိတ်ဆို့ကာ စစ်ဆေး မေးမြန်းခဲ့ကြသည်။ ဝေ့ဝူယင်ထံမှ အမိန့်ကို ရရှိသော အခါတွင်မှ သူတို့မှာ အခြေအနေကို ထိန်းသိမ်းကာ ပြန်လည် တည်ငြိမ် လာနိုင်ခဲ့ကြသည်။

ဟန်ချွင်းဟွာမှာ ဝူပိုင်ကျိုးနှင့် အတူ ရပ်နေခဲ့ကာ သူတို့၏ အနားတွင် လှပသော ချင်ကူးယဥ် ရှိနေခဲ့၏။ အဂ္ဂိရတ် ကျေးကျွန်တစ်ယောက် အဖြစ် နှိပ်စက် ခံရပြီးနောက်တွင် မိန်းကလေး၏ မာနနှင့် ထောင်လွှားမှုတို့မှာ ပျောက်ဆုံး သွားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူမ၏ မျက်လုံးများကတော့ ခိုင်မာသည့် ဆန္ဒတစ်ခုနှင့် ရောင်ပြန်ဟပ်နေဆဲ ဖြစ်သည်။ ထိုဆန္ဒက ကြောက်ရွံ့မှုနှင့် ဒုက္ခတို့၏ ထုနှက် မွမ်းမံမှုကို ခံထားရဟန် ရကာ လွတ်မြောက်သူတို့တွင်သာ တွေ့မြင်ရနိုင်သည့် စိတ်စွမ်းအင် တစ်မျိုး ဖြစ်သည်။

“ဝေ့ဝူယင်က ဘအမိန့်ပေးလိုက်သေးလဲ...”

ချင်ကူးယဥ်က အနည်းငယ် စိုးရိမ်သည့် ပုံစံဖြင့် မေးလိုက်၏။ သူမမှာ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ဆိုးများကြောင့် ပိုမို၍ ရင့်ကျက်လာခဲ့သည့်တိုင် လက်ရှိ ကြယ်တာရာ နယ်မြေတွင် ဖြစ်ပျက် နေခဲ့သည်များက အတော်လေး ကြောက်စရာ ကောင်းသည်။

ဟုန်ချွင်းဟွာက မျက်မျောင်ကြုတ်လိုက်၏။

“နင် သူ့ကို အာဏာရှင် အင်ပါယာဝေ့ ဒါမှမဟုတ်လည်း အရှင်ဝေ့လို့ ခေါ်လို့ ရပါတယ်”

လက်ရှိ အချိန်၌ အဂ္ဂိရတ် အစည်းအရုံးမှာ အာဏာရှင်များ အဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ချင်ကူးယဥ် အနေဖြင့် သည်ထက် နည်းနည်းပို၍ ယဥ်ကျေးသင့်သည်။

ချင်ကူးယဥ်မှာ ဟုန်ချွင်းဟွာ၏ မာကြောသယောင် ရှိနေသည့် အသံကြောင့် အနည်းငယ် ထိတ်လန့်သွား၏။ ထိုဓားသမားမှာ သူမကို ကယ်တင်ကာ လက်ရှိ အချိန်ထိ စောင့်ရှောက်ပေးထားခဲ့သူ ဖြစ်သည်။ သူမက ခေါင်းညိတ်လိုက်ရင်း တိတ်တဆိတ် ပြောလိုက်၏။

“တောင်းပန်ပါတယ်... အရှင်ဝေ့လို့ ပြောတာပါ”

ဟုန်ချွင်းဟွာက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဝူပိုင်ကျိုးဘက်သို့ လှည့်လိုက်၏။ သူမ၏ မျက်လုံးများကလည်း တူညီသည့် မေးခွန်းကိုပင် မေးလိုသည့် အရိပ်အယောင် ရသည်။ သို့သော်လည်း ဝူပိုင်ကျိုးက ခေါင်းကိုသာ ခါလိုက်၏။ သူမ၏ မျက်လုံးများထဲတွင်တော့ စိုးရိမ်သည့် အငွေ့အသက် အချို့ ရှိနေခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းက ပျောက်ဆုံးသွားခဲ့သည့် ရှို့ရန်များထဲတွင် သူမ၏ နောက်လိုက်နောက်ပါ များစွာ ပါဝင်နေပေသည်။

အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေအတွင်းရှိ အခြား မဟာဂိုဏ်းကြီးများနှင့် ကွာခြားစွာပင် အနန္တ ဧကရာဇ်ဂိုဏ်းမှာ ရှို့ရန်မျိုးနွယ်များကို လူသား၊ အယ်ဗန်တို့နှင့် အခွင့်အရေး ဆတူ ပေးသည့်ဂိုဏ်း တစ်ဂိုဏ်း ဖြစ်သည်။ ဧကရာဇ် တောင်ထွတ် သခင် “ဇင်”နှင့် တိုက်ခိုက်ရေး တောင်ထွတ်သခင် “ကျိချန်းကောင်း” တို့ မှာ အကောင်းဆုံးသော ဥပမာများပင် ဖြစ်သည်။ အကြမ်းဖျဥ်း တွက်ချက်ရပါက ကြယ်တာရာ နယ်မြေ တစ်ခုလုံးရှိ အဆင့်မြင့် ရှို့ရန် ကိုးဆယ် ရာခိုင်နှုန်းခန့်မှာ အနန္တ ဧကရာဇ်ဂိုဏ်းမှ ဖြစ်သည်။သို့ဖြစ်လေရာ ရှို့ရန်မျိုးနွယ် ထူးဆန်းစွာ ပျောက်ဆုံးသွားခြင်းက အနန္တ ဧကရာဇ်ဂိုဏ်း၏ အင်အားကို ထက်ဝက်မျှ လျော့ကျသွားစေခဲ့သည် ဟုပင် ဆိုနိုင်ပေသည်။

ဟုန်ချွင်းဟွာတို့ သုံးယောက် အမျိုးမျိုးသော အကြောင်းအရာများကို ဆက်လက် ဆေးနွေးနေကြစဥ်မှာပင် ငွေရောင် အလင်းတန်း တစ်ခုမှာ သူတို့ အထက်၌ ထွက်ပေါ်လာခဲ့၏။ အားလုံးက ခေါင်းကို မော့၍ ကြည့်လိုက်ကြရာ ထို့ပိဟန်ကို တွေ့မြင်လိုက်ကြရသည်။ သူ့ဘေးတွင်တော့ လွယ်ကူစွာ မှတ်မိနိုင်သည့် အယ်ဗန် မျိုးနွယ် ပုံရိပ်တစ်ခု ရှိနေခဲ့၏။

“အဘိုး...”

ချင်ကူးယဥ်မှာ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ အံ့သြမှုတို့ ပြည့်နှက်နေသည့် လေသံဖြင့် ‌အော်ဟစ်လိုက်၏။ ချင်ကူးယွင်မှာ သူမကို တွေ့မြင်သွားကာ မျက်နှာတစ်ခုလုံး ကြည်နူးမှုတို့နှင့် လွှမ်းခြုံသွားသည်။ တစ်ခဏ အတွင်းမှာပင် သူက သူမ အနားသို့ ဆင်းသက်လာ၏။

ထို့နောက် မြေးအဖိုး နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်လိုက်ကြတော့သည်။ ချင်ကူးယွင်ရော ချင်ကူးယဥ်၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

အတန်ကြာပြီးနောက်မှ ချင်ကူးယွင်က မြစ်မလေး၏ ပခုံးကို ကိုင်ကာ လူချင်း ပြန်ခွာလိုက်၏။ ပြန်လည် ဆုံစည်းမှုက အလွန် ပျော်စရာ ကောင်းသည့်တိုင် အလွန် အရေးကြီးသည့် တစ်စုံတစ်ရာကို အတည်ပြုဖို့ လိုအပ်ပေသေးသည်။ ချင်ကူးယွင်က ဝိညာဥ်အာရုံကို ဆန့်ထုတ်ရင်း မိန်းကလေး၏ ကျင့်ကြံခြင်းနှင့် သွေးကြောများကို စစ်ဆေးလိုက်၏။ တစ်ခဏကြာပြီးနောက် သူ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

“ငါတို့ သွားကြမယ်...”

ချင်ကူးယွင်က ခပ်တိုးတိုး ပြောလိုက်၏။ ထို့နောက် သူက ထို့ပိဟန် ဘက်သို့ လှည့်ကာ လက်နှစ်ဖက်ကို ယှက်၍ ဦးညွှတ်လိုက်သည်။

“ယဥ်အာကို ကာကွယ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်...”

ထို့ပိဟန်က အသာအယာပင် ပြုံးလိုက်၏။ ဟုန်ချွင်းဟွာတို့ထံမှ တစ်ဆင့် ချင်ကူးယဥ်၏ ဇာတ်လမ်းကို သူ သိရှိခဲ့ပြီး ဖြစ်သည်။ အဂ္ဂိရတ် ပါရမီသာ ရှိသည့် မိန်းကလေး တစ်ယောက်ကို ဘာမှန်း မသိရသည့် နေရာတစ်ခုဆီ စေလွှတ်လိုက်ခြင်းက အလွန်ပင် စွန့်စားခန်းဆန်သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်သည်။ သူမ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ကျင့်ကြံသူ တစ်ယောက်ဟု မဆိုသာအောင်ပင် အလွန်အမင်း အားနည်းလှသည်။ ခြေတစ်လှမ်းမှားသည်နှင့် သူမကို စောင့်ကြိုနေမည့် အရာက သေလမ်းသာ ဖြစ်သည်။ အလွန် အန္တရာယ်များသည့် ပြန်လည် ဆုံစည်းမှု တစ်ခုပင်။

ဘယ်လိုပဲဖြစ်ဖြစ်... ထို့ပိဟန်တွင် ထိုမြေးအဘိုးကြား ဝင်ရောက် ပြောစရာ စကား မရှိပါချေ။ မည်သို့ပင် ဆိုစေကာမူ... အဆုံးသတ်တွင် ထိုဆုံးဖြတ်ချက်က အလုပ်ဖြစ်ခဲ့သည် မဟုတ်ပါလော။

ချင်ကူးယွင်ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ထို့ပိဟန်၏ ခန္ဓာကိုယ်က ငွေရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။

ချင်ကူးယွင်မှာ ထို့ပိဟန်၏ အပြုအမူကို စိတ်ရှိဟန် မရပဲ ချင်ကူးယဥ်၏ လက်ကိုသာ ဆုပ်ကိုင်လိုက်၏။ ထို့နောက်... သူက ယာယီ ဂိတ်တံခါးတစ်ခု တည်ဆောက်ကာ ထိုဂြိုဟ်ပေါ်မှ ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် ချင်ကူးယဥ်က သူ့ကို ဟန့်တားလိုက်သည်။

သူမက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ထိူနေရာတွင်တော့ သူမအား သွေးကြောနှင့် ပါရမီတို့ ပေးအပ်ခဲ့သည့် နာမည်တူ လူသား မိန်းကလေး ရှိနေပေသည်။ အစွန်းလေးဖက် လောကနယ်မြေတွင် ရှိစဥ်က ချင်ကူးယဥ် သူမကို ကတိတစ်ခု ပေးခဲ့ဖူးသည်။ ထိုအရာကား လွတ်လပ်ခွင့်ပင်။

“သမီး သူ့ကိုပါ ခေါ်သွားချင်တယ်...”

ချင်ကူးယဥ်က အဘိုးဖြစ်သူကို ကြည့်ကာ ပြောလိုက်၏။ ချင်ကူးယဥ်ကို တစ်ယောက်တည်း ထားခဲ့၍ ထွက်ခွာသွားရန် သူမတွင် ဆန္ဒ မရှိချေ။

ချင်ကူးယွင်က မျက်မှောင်ကြုတ်လိုက်၏။

“ယဥ်အာ... ခု ငါတို့ ကိစ္စက အရမ်း အရေးကြီးနေတယ်... သူ့ကို ခေါ်သွားရင် ပိုအချိန်ဖင့် သွားလိမ့်မယ်”

လူအိုကြီး၏ အသံက လေးနက်သော အဓိပ္ပာယ်များနှင့် ပြည့်နှက်နေသည်။ ချင်ကူးယဥ်မှာ ချီတုံချတုံ ဖြစ်နေသော်လည်း အဘိုးဖြစ်သူ ဆိုလိုသည့် အဓိပ္ပာယ်ကို သူမ နားလည်ပေသည်။ နှုတ်ခမ်းကို ကိုက်လိုက်ရင်း သူမက ဟုန်ချွင်းဟွာဘက်သို့ လှည့်လိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို ယှက်ရင်း သူမက လေးနက်စွာပင် ဦးညွှတ် လိုက်လေသည်။

“ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အားနာနာနဲ့ပဲ ထပ်ပြီး တောင်းဆိုစရာ တစ်ခု ရှိပါသေးတယ်”

ဟုန်ချွင်းဟွာက မေးခွန်းထုတ်သည့် မျက်လုံးများနှင့် သူမကို ကြည့်လိုက်၏။ ချင်ကူးယဥ်က ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း ခပ်လှမ်းလှမ်းရှိ မိန်းကလေးကို လှမ်းကြည့်လိုက်သည်။

“ကျေးဇူးပြုပြီး အဲဒီ မိန်းကလေးကို ကျွန်မ ပြန်မလာခင် အချိန်ထိ စောင့်ရှောက်ထားပေးပါ... တစ်နေ့ကျ ဒီကျေးဇူးကို ကျွန်မ ပြန်ဆပ်ပါ့မယ်”

“ ... “

သူမ၏ လေသံက တောင်းပန် တိုးလျှိုးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

“...”

ဟုန်ချွင်းဟွာမှာ ထိုကဲ့သို့ တောင်းဆိုမှုမျိုးကို မျှော်လင့်မထားရာ အံ့သြသွားမိ၏။ ချင်ကူးယဥ် ဟုပင် အမည်ရှိသည့် ထိုမိန်းကလေးမှာ သွေးကြောများ ပျက်စီးကာ ကျင့်ကြံခြင်း လမ်းဆုံနေသူ တစ်ယောက် ဖြစ်သည်။ သူမကား ဘယ်နေရာမှာမှ အသုံးမဝင်တော့ချေ။ အတန်ကြာသည် အထိ မျက်မှောင်ကြုတ် နေပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် ခေါင်းတစ်ချက် ညိတ်ကာ သဘောတူ လိုက်သည်။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ပိုင်ရှင် တစ်ယောက်၏ ကျေးဇူးကို ခံယူထားရသည်က သိပ်တော့လည်း မဆိုးပါချေ။

ချင်ကူးယဥ်က ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်ရင်း နောက်တစ်ကြိမ် ဦးညွှတ်လိုက်၏။ သူမက ရီဝေစွာ ငေးမောနေသည့် မိန်းကလေးကို နောက်ဆုံး အနေဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း အဘိုးဖြစ်သူ၏ လက်ကို ဆွဲကာ ဂိတ်တံခါး အတွင်း ဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့တော့သည်။

ဟူး... ဟူး...

ချင်ကူးယွင်တို့ မြေးအဘိုး နှစ်ယောက်မှာ ယာယီ ဂိတ်တံခါးကို ဖြတ်သန်းကာ အနန္တ ပြောင်းလဲခြင်းဂြိုဟ်သို့ ပြန်ရောက်လာခဲ့၏။ မိနစ် အနည်းငယ် ကြာပြီးနောက် အဂ္ဂိရတ် အစည်းအရုံး ထိပ်ဆုံးထပ်ရှိ အနန္တဆန်းကြယ် မျှော်စင်မှာ ရောင်စုံအလင်းတန်းများနှင့် တောက်ပလာကာ မကြာခင် ပြန်လည် မှေးမှိန်လာခဲ့သည်။

အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ပိုင်ရှင် တစ်ယောက် အနေဖြင့် ချင်ကူးယဥ်၏ တရားဝင် ကျင့်ကြံခြင်း ခရီးလမ်းမှာ စတင်ခဲ့ပြီ ဖြစ်လေတော့သည်။

သူမ ထွက်ခွာသွားပြီး မကြာခင်မှာပင် လောကရွှေ့ပြောင်းခြင်း ကွန်ယက်မှာ အသက်ဝင်လာကာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ဂိတ်တံခါးများ အလုပ်လုပ်ခြင်း မရှိတော့လေရာ အားလုံးမှာ တုန်လှုပ် ချောက်ချား ကုန်ကြတော့၏။ မည်သည့် အရာများ ဖြစ်ပျက်တော့မည်နည်း။

များမကြာမီမှာပင် ငွေရောင် မျက်လုံးများနှင့် ချောမောခန့်ညားသော ပုံရိပ်တစ်ခုမှာ မဟာငလျင်မြို့တော် အနားသို့ ရောက်ရှိလာခဲ့တော့သည်။

***

All Chapters