← Chapters

ကျုပ်ဆီလာနေကာ

Vol. 41 Ch. 567

ကျုပ်ဆီလာနေကာ

Vol. 41 Ch. 567

ဝေ့ဝူယင်မှာ ဝင်ပေါက်မရှိသည့် မဟာငလျင်မြို့တော်၏ တံတိုင်းကြီးများ အနားသို့ ရောက်ရှိလာခဲ့၏။ ထိုတံတိုင်းကြီးများမှာ နတ်ဆိုးရာသီကို ခုခံ ကာကွယ်ရန် အတွက် ဒီဇိုင်း ရေးဆွဲ၍ တည်ဆောက်ထားခြင်း ဖြစ်လေရာ အတောင်ပံ ပါလျှင်ပင် ဝင်ရန် မလွယ်ကူလှချေ။ သို့သော်လည်း ဝေ့ဝူယင် အတွက်ကတော့ ထိုတံတိုင်းကြီးကို ကျော်ဖြတ်ရန် ထမင်းစား ရေသောက်ပမာ လွယ်ကူလှပေသည်။

ဝှစ်...

မျက်တောင်တစ်ခပ်သာ အတွင်းမှာပင် ဝေ့ဝူယင်မှာ မြို့တော် အတွင်း ရောက်ရှိလာခဲ့၏။ ချက်ချင်း လက်လင်း ဆိုသလိုပင် ဟင်းလင်းပြင် လှုပ်ရှားမှု တစ်ခုကို သူ ခံစားလိုက်ရကာ အဖြူရောင် အလင်းတန်းများနှင့် ထို့ပိဟန် ပေါ်လာခဲ့သည်။ ထိုလူအိုကြီးမှာ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လေးပင်သည့် ဖိအားတစ်ခုကို သယ်ဆောင်ထားသည်။ သူက အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ၏ တစ်ဦးတည်းသော လောကသခင် အဆင့် ဖြစ်ကာ လက်ရှိ၌ အစွမ်း အထက်ဆုံး ကျင့်ကြံသူ အဖြစ် သတ်မှတ်ခံထားရသူပင် ဖြစ်သည်။

“သူဌေးလေး... ပြန်လာပြီလား...”

ထို့ပိဟန်က ပြုံးရင်း နှုတ်ဆက်လိုက်၏။ ဝေ့ဝူယင်က ခေါင်းညိတ်ပြရင်း အသာအပင် ပြန်လည် ပြုံးပြလိုက်သည်။

“ကျုပ်...”

ရွှယ်ရီဖေး ပျောက်ဆုံးသွားမှု အကြောင်း ပြန်လည် တွေးတောလိုက်မိသော အခိုက်၌ ထို့ပိဟန်မှာ အနည်းငယ် မျက်နှာပူသွား၏။ မည်သို့ပင် လျှို့ဝှက် ဆန်းကြယ်သည် ဆိုစေကာမူ... ရွှယ်ရီဖေးမှာ သူ့စောင့်ကြည့်မှု အောက်တွင်ပင် ပျောက်ဆုံးသွားခဲ့ခြင်း မဟုတ်ပါလား။

ဝေ့ဝူယင်မှာ ထို့ပိဟန်၏ သဘောထားကို နားလည်လိုက်ရာ အသာအယာပင် ခေါင်းကို ခါယမ်း လိုက်၏။

“လွန်ခဲ့တဲ့ ခုနစ်ရက်က ဘာဖြစ်သွားတာလဲ ဆိုတာ ကျုပ် ကောင်းကောင်းသိတယ်... ခင်ဗျား အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ရောက်ရင် ရွှယ်ရီဖေး၊ နယ်လာရှားနဲ့ ကျူးဟိုင်တို့ကို ဂရုစိုက်ပေးဖို့ မာ့ကျန်းကို ပြောလိုက်ပါ... နောက်ပြီး နဂါးတွေကိုလည်း ကျုပ် ကျိန်းသေ ပြန်ရွေးမယ်လို့”

“ ...”

ထို့ပိဟန်မှာ ထိုစကားလုံးများကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ နောက်ပြီး မာ့ကျန်း... သူက သားရဲနှင့် ရှို့ရန်များ ပျောက်ဆုံးသွားခဲ့သည့် အမှုတွင် တာဝန်ရှိသူလော။ ထိုအတိုင်းသာ ဆိုပါက မာ့ကျန်းမှာ အလွန် ကြောက်စရာ ကောင်းသူ ဖြစ်ပေလိမ့်မည်။

“‌‌ဪ... နေဦး...”

ဝေ့ဝူယင်က တစ်စုံတစ်ရာကို မေ့ကျန်ခဲ့ဟန်နှင့် ဆက်ပြောလိုက်၏။

“သူတို့က ‌ရွှေရောင် အသက်နန်းတော်မှာ ရှိလိမ့်မယ်... အဲဒီ နာမည်ကို ခင်ဗျား မှတ်ထား”

ထို့ပိဟန်က သိပ်နားမလည်သော်လည်း ခေါင်းညိတ်လိုက်၏။ အာဏာရှင် အဖွဲ့ဝင် တစ်ယောက် အဖြစ် စိတ်တူကိုယ်တူ လက်ခံခဲ့ပြီး ဖြစ်လေရာ ဝေ့ဝူယင်က သေလမ်းသွားဖို့ အမိန့်ပေးလျှင်ပင် လိုက်နာရန်မှာ သူ့တာဝန် ဖြစ်ပေသည်။

ဝေ့ဝူယင်က ကျေနပ်ဟန်နှင့် တစ်ချက် ပြုံးလိုက်၏။ ထို့နောက် သူက မြို့တော် အတွင်းရှိ အာဏာရှင် အဖွဲ့ဝင်များနှင့် ဝူပိုင်ကျိုးတို့ကို နတ်ဘုရား စိတ်အာရုံနှင့် စစ်ဆေးလိုက်သည်။ သို့သော်လည်း သူတို့ထံသို့ ပျံသန်း သွားရောက်ခြင်းတော့ မပြုပါချေ။ ထို့အစား သူက ထို့ပိဟန်ကိုသာ ကြည့်ကာ ပြောလိုက်၏။

“ခင်ဗျား အတွက် အရမ်း အရေးကြီးတဲ့ တာဝန်တစ်ခု ရှိတယ်... အဲဒီ တာဝန်က ကျဆုံးလို့ မဖြစ်ဘူး... လုံးဝကို အောင်မြင်ရမယ်... သဘောပေါက်လား”

ဝေ့ဝူယင်၏ လေနက်သည့် လေသံကြောင့် ထို့ပိဟန်၏ ကြောရိုးက ပိုမို၍ တည့်မတ်သွားခဲ့သည်။

“နားလည်ပါတယ်... အရှင်”

ဝေ့ဝူယင်မှာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ထို့ပိဟန်မှာ အမြဲတမ်း လိုလို သူ့ကို နာမည် အဆန်းများ သုံးနှုန်း၍ ခေါ်လေ့ ရှိသည်။ တစ်ခါတစ်ရံ၌ ၎င်းတို့က ခင်မင်မှုကို ကိုယ်စားပြုသလို တစ်ခါတစ်ရံ၌လည်း လေးစားမှုကို ကိုယ်စားပြုပေသည်။ သို့သော်လည်း ယခုတစ်ကြိမ် သူ၏ အသုံးအနှုန်းကတော့ လုံးဝ ခြားနားလှကာ ဝေ့ဝူယင် ပေးအပ်မည့် တာဝန်ကို မည်မျှ အလေးအနက် ထားကြောင်း ဖော်ပြနေပေသည်။

ဝေ့ဝူယင်က ငွေရောင် သေတ္တာငယ် တစ်ခုကို ထုတ်ယူလိုက်၏။ ထိုသေတ္တာငယ်ကို သစ်သားဖြူဖြင့် ပြုလုပ်ထားကာ အားကောင်းသော အသက်နှင့် သစ်သား စွမ်းအင်များမှာ အဖုံးကို ဖြတ်သန်း၍ စီးဆင်းနေသည်။ ၎င်း၏ မျက်နှာပြင်ထက်တွင်တော့ ဝိညာဥ်အလင်း အချို့ ရှိနေခဲ့၏။

“ဒီသေတ္တာထဲမှာ လက်စွပ် ဆယ့်ရှစ်ကွင်းပါတယ်... နောက်ပြီး တစ်ကွင်းချင်းစီမှာ လူနာမည် တစ်ခု ဒါမှမဟုတ် အဖွဲ့နာမည် တစ်ခုစီ ပါတယ်... အထဲမှာတော့ အဂ္ဂိရတ် ထုတ်ကုန်တွေနဲ့ ရင်းမြစ်တွေကို ကျုပ် ထည့်သွင်းထားတယ်... ခင်ဗျားရဲ့ တာဝန်က အဲဒီ လက်စွပ်တွေကို နာမည်‌ရေးထားတဲ့ ပိုင်ရှင်ဆီ လက်ဆင့်ကမ်း ပေးဖို့ပဲ... လက်စွပ်တွေကို အစီအရင် တစ်ချို့သုံးပြီး ကျုပ် ချိပ်ပိတ်ထားတယ်... စစ်မှန်တဲ့ ပိုင်ရှင်ကပဲ အဲဒီ ချိပ်တံဆိပ်ကို ဖွင့်နိုင်လိမ့်မယ်... တကယ်လို့ အတင်းအကြပ် ဖွင့်ဖို့ ကြိုးစားမယ် ဆိုရင် လက်စွပ်ထဲမှာ ရှိတဲ့ ဟင်းလင်းပြင်က ပြိုကျ ပျက်စီးသွားလိမ့်မယ်... အဲဒီထဲမှာ ခင်ဗျားဖို့ လက်စွပ်တစ်ကွင်းလည်း ပါတယ်”

ဝေ့ဝူယင်က သေတ္တာကို ထို့ပိဟန်ထံသို့ လွှဲပေးလိုက်၏။ ထို့ပိဟန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း လက်နှစ်ဖက်ဖြင့် သေတ္တာကို လက်ခံလိုက်သည်။ ၎င်းက အတော်လေး လေးပေသည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို ကြည့်လိုက်မိသော အခိုက်၌ ထိုသေတ္တာငယ်မှာ ခွဲခွာခြင်း လက်ဆောင် တစ်ခုလို ထို့ပိဟန် ခံစားလိုက်ရ၏။ ဝေ့ဝူယင်က သူ မသိသည့် အရာတစ်ခုအား သိရှိထားသည်မှာ ရှင်းလင်း လှသည်။ မဟုတ်လျှင် ထိုမျှ အရေးကြီးသည့် တာဝန်ကို သူ့ကဲ့သို့ လောကသခင် တစ်ပါးအား လွှဲပြောင်းပေးလိမ့်မည် မဟုတ်ချေ။ အကြောင်းပြချက် တစ်ချို့ကြောင့် ထို့ပိဟန်မှာ လည်ချောင်းများ ကပ်ကပ်လာသလို ခံစားလိုက်ရ၏။

“ခင်ဗျား လုပ်နိုင်လား”

ဝေ့ဝူယင်က မေးလိုက်၏။ ထို့ပိဟန်က သေတ္တာငယ်ကို ပွတ်သပ်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ၎င်းက အတော်လေး လေးသည့်တိုင် ကြယ်တာရာ နယ်မြေတစ်ခုကို ဆုပ်ကိုင်ထားရသလို သက်တောင့်သက်သာ အငွေ့အသက်မျိုး သူ ခံစားရသည်။

“လောလောဆယ် သေတ္တာကို ဝင်္ကပါ အချို့နဲ့ ကျုပ် ကာကွယ်ထားတယ်... ခင်ဗျားရဲ့ ဝိညာဥ် အာရုံက လွဲပြီး ဘယ်သူမှ အထဲကို ထွင်းဖောက် မြင်နိုင်မှာ မဟုတ်ဘူး... တကယ်လို့ အခန့်မသင့်လို့ ဆုံးရှုံးသွားမယ် ဆိုရင်တောင် သေတ္တာထဲမှာ ပါတဲ့ အစီအရင်က ခင်ဗျားကို ခြေရာခံပြီး ပြန်လိုက်ရှာလိမ့်မယ်... ဒီတော့ လိုအပ်ရင် သေတ္တာကို စွန့်ပစ်ဖို့ ဝန်မလေးနဲ့...”

ဝေ့ဝူယင်၏ ညွှန်ကြးချက်များကို နားထောင်ရင်း ထို့ပိဟန်မှာ တာဝန်က ပခုံးထက်၌ ပိုမို လေးပင်လာသလို ခံစားလိုက်ရ၏။

“ရွှေရောင် အသက်နန်းတော်ကို ရောက်လို့ မာ့ကျန်းနဲ့ တွေ့ရင် သူ့နာမည် ရေးထားတဲ့ လက်စွပ်ကို ပေးလိုက်ပါ... နောက်ပြီး အဲဒါက ကျုပ် အကြွေးပြန်ဆပ်တာလို့ ပြောလိုက်... ပြီးတော့ လက်စွပ်တစ်ခုချင်းစီမှာ စာတစ်စောင်ဆီ ကျုပ် ထည့်ပေးလိုက်တယ်... ခင်ဗျား ထွက်မသွားခင်မှာ သူတို့ တစ်ယောက်ချင်းစီက စာကို သတိထားမိတာ သေချာပါစေ... နားလည်လား”

ဝေ့ဝူယင်က သူ့နောက်ဆုံး ညွှန်ကြားချက်ကို ပြောလိုက်၏။

“...”

ထို့ပိဟန်က သွက်သွက်လက်လက်ပင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ့နှလုံးသား အတွင်းရှိ လေးပင်မှုကတော့ ပိုမို၍ မြင့်တက် လာနေခဲ့၏။

“အရှင်ဝေ့...”

“ဒီမယ် အဘိုးကြီး... သိပ်ခံစားပြမနေနဲ့... ကျုပ်က သေတော့မယ့်လူ မဟုတ်ဘူး”

ဝေ့ဝူယင်က ထို့ပိဟန်၏ အမူအရာကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်၏။ ပထမ၌ သူ တာဝန်ကို စုမေ့ကို ပေးဖို့ ရည်ရွယ်ခဲ့သော်လည်း သူမက ဤနေရာသို့ ပါမလာခဲ့ချေ။ ထို့ကြောင့်ပင် အလားတူ ယုံကြည်ရသည့် ထို့ပိဟန်ထံ အပ်နှံခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လူအိုကြီးနှင့် ခြားနားစွာပင် စုမေ့မှာ ကြယ်တာရာ နယ်မြေ အသစ်တွင် အခွင့်အလမ်းသစ်များ ကြုံတွေ့ရဖွယ် ရှိသည်။ နှုတ်ယူခံလိုက်ရသည့် ကမ္မတန်ဖိုးများ အလေအလွင့် ဖြစ်လာစေမည့် အဖြစ်မျိုးကို ဝေ့ဝူယင် ဆန္ဒ မရှိပါချေ။

“သိပ်မကြာခင်မှာ အဲဒီ ရောင်စုံ ကွန်ယက်က ခင်ဗျားတို့ အားလုံးကို အရမ်းဝေးတဲ့ တစ်နေရာကို ပို့ဆောင် ပေးလိမ့်မယ်... အဲဒီကို ရောက်ရင် အာဏာရှင် အဖွဲ့ဝင်တွေ ပြန်စုစည်းဖို့ မမေ့နဲ့... ကျုပ် လိုအပ်လို့ ခေါ်မယ် ဆိုရင် အဆင်သင့် ဖြစ်နေပါစေ... တစ်ခါ အာဏာရှင် ဖြစ်ဖူးရင် တစ်သက်လုံး အာဏာရှင်ပဲ”

ဝေ့ဝူယင်က ဆိုလိုက်၏။ သူတို့ အားလုံးမှာ ခြိမ်းခြောက်မှု အကြပ်ကိုင်မှုများကြောင့် အာဏာရှင် အဖွဲ့ကို ဝင်ရောက်လာကြသူများ မဟုတ်ကြချေ။ ကိုယ်ပိုင် ရွေးချယ်မှုနှင့် ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ရန် ဆုံးဖြတ်ခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် မည်သည့် နေရာသို့ ရောက်စေကာမူ သူတို့က အာဏာရှင်များ အဖြစ် ဆက်လက် တည်ရှိပေလိမ့်မည်။

“မင်းက ငါတို့နဲ့ ဘာလို့ မလိုက်တာလဲ...”

ထို့ပိဟန်က မထိန်းချုပ်နိုင်ပဲ မေးလိုက်၏။ ဝေ့ဝူယင်က တိတ်တဆိတ်ပင် ကောင်းကင်ကို မော့ကြည့် လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများမှာ လျှို့ဝှက်သည့် နတ်အလင်းရောင်တို့ဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်ကို ပြန်လည် တွေးမိလိုက်သော အခိုက်၌ သူ့နှလုံးသားက အနည်းငယ် တုန်ရီ သွားသည်။

ဝေ့ဝူယင် ထိုကျင့်စဥ်ကို ကျင့်ကြံခဲ့သလော သူ မသိသော်လည်း ထိုငွေရောင် မျက်လုံးတို့က တစ်ခုခု ထူးခြားနေကြောင်း သူ ပြောနိုင်ပေသည်။

ဝေ့ဝူယင်က ထို့ပိဟန်၏ မေးခွန်းကို ပြန်မဖြေချေ။ ဖြေရန်လည်း မလိုအပ်ပါချေ။ သို့သော်လည်း သူ့ နှလုံးသားထဲတွင်တော့ တိကျသေချာသည့် စာကြောင်း တစ်ခုမှာ နေရာယူနေ၏။ ထိုအရာကား...

“အဲဒါက ကျုပ်ဆီကို လာနေတာ”

ဟူ၍။

***

All Chapters