← Chapters

လည်ပတ်ခြင်း

Vol. 41 Ch. 568

လည်ပတ်ခြင်း

Vol. 41 Ch. 568

ဝိညာဥ်ဆင်းတု အဆင့်ကို တက်လှမ်းပြီးပြီးချင်းပင် ကြယ်တာရာ နယ်မြေဆီ ဦးတည်နေသည့် ကပ်ဘေးကို အမှန်တရား မျက်လုံးများနှင့် ဝေ့ဝူယင် တွေ့မြင်ခဲ့ရသည်။ ထို့နောက်တွင် ဝမ်မင်ယာက အလုံးစုံ ပျက်သုဥ်းခြင်း နိမိတ်ကို တွေ့မြင်ခဲ့ရကြောင်း သူ့ကို ပြောပြခဲ့သည်။ ထို့နောက်တွင် ထန်ဂူဟု ခေါ်သည့် ကြယ်တာရာ ဝါးမြိုသူမှာ ရောက်ရှိလာခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း ထိုကပ်ဘေးက သူ့ထံသို့ တည့်တည့်မတ်မတ် ဦးတည်၍ လာနေသလို ဝေ့ဝူယင် ခံစားရသည်။ ထိုခံစားချက်က အချိန်တိုင်း၌ ပိုမို၍ သေချာလာနေခဲ့သည်။

သို့ဖြစ်လေရာ သူ မည်ကဲ့သို့ ထွက်သွားနိုင်မည်နည်း။ ထိုကပ်ဘေးက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေသို့ပါ လိုက်လာလျှင် မည်ကဲ့သို့ လုပ်မည်နည်း။ ထို့အပြင် ကြယ်တာရာ နယ်မြေ၏ တစ်နေရာရာတွင် ရှိနေသည့် ပိုင်လင်ကို သူ မည်ကဲ့သို့ ထားခဲ့နိုင်မည်နည်း။ မွေးရပ်ဖြေ ဖျက်ဆီးခံရမည့် အရေးကို သူ မည်ကဲ့သို့ လျစ်လျူနိုင်မည်နည်း။ သူ့တွင် ထွက်ခွာမသွားနိင်သည့် အကြောင်းပြချက် များစွာ ရှိပေသည်။

“ဝေ့ဝူယင်...”

ရုတ်တရက် အောက်နားဆီမှ ခေါ်သံ တစ်ခုကို ဝေ့ဝူယင် ကြည့်လိုက်၏။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ လှပသည့် မြစိမ်းရောင် မျက်လုံးများ ပိုင်ရှင်လေးကို တွေ့လိုက်ရသည်။ ဝေ့ဝူယင် နွေးထွေးစွာ ပြုံးလိုက်ရင်း သူမကို လက်ပြလိုက်သည်။

ဝမ်... ဝမ်... ဝမ်...

ထိုအခိုက်တွင်ပင် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ လောက ရွှေ့ပြောင်းခြင်း ကွန်ယက်မှာ ပိုမို တောက်ပလာကာ သန်းထောင်နှင့်ချီသည့် အလင်းတန်းများ အဖြစ် ခွဲထွက်သွား၏။ ထို့နောက် အလွန် လျှင်မြန်သော အရှိန်အဟုန်နှင့် ၎င်းတို့က ဝေ့ဝူယင် အပါအဝင် ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ လူသား၊ နတ်ဆိုးနှင့် အယ်ဗန် အားလုံးကို ရစ်ပတ်သွားသည်။

သို့သော်လည်း ဝေ့ဝူယင်က နဂါးအော်ရာကို ထုတ်လွှတ်လိုက်သော အခိုက်၌ အလင်းတန်းမှာ ဆန့်ကျင်ဘက် တွန်းအား တစ်ခုနှင့် တွေ့သည့် အလား နောက်သို့ ပြန်ဆုတ်ကာ ပျောက်ကွယ်သွား၏။

“တစ်ချိန်ကျရင် ကျုပ်တို့ ပြန်တွေ့ကြမှာပါ... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ”

ဝေ့ဝူယင်က ထို့ပိဟန်ကို ကြည့်ရင်း ပြောလိုက်၏။ သို့သော်လည်း ကံဆိုးစွာပင် လူအိုကြီးမှာ သူ့စကားကို မကြားနိုင်တော့ချေ။ သူအမြင်အာရုံနှင့် အကြားအာရုံတို့မှာ ရောင်စုံ အလင်းတန်းများ၏ ချိပ်ပိတ်မှုကို ခံလိုက်ရပြီ ဖြစ်သည်။ ထို့နောက်တွင်ကား...

ရွှမ်း...

ဘုန်း...

ထူးဆန်းသော အသံများနှင့် အတူ သန်းထောင်ချီသည့် အလင်းတန်းများမှာ ကွန်ယက် အတွင်း ပြန်လည် တိုးဝင်ကာ ပျောက်ကွယ်သွား၏။ ကွန်ယက်မှာ ချက်ချင်းပင် မျက်စိကျိန်းလောက်အောင် ခုန်ပေါက် တောက်ပလာကာ ငွေရောင် အလင်းလုံး အသွင် ပြောင်းလဲသွား၏။ ထို့နောက် လောကတွင် တစ်ခါမှ မတည်ရှိခဲ့ဖူးသလို ကောင်းကင်အတွင်း တိုးဝင် ပျောက်ကွယ်သွားတော့သည်။

အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေမှာ ရုတ်ချည်း တိတ်ဆိတ်သွား၏။ မိုင်ပေါင်း သန်းထောင်ပေါင်း များစွာ ကျယ်ပြန့်လာသည့် ထိုနယ်မြေကြီးတွင် သက်ရှိ ဟူ၍ တစ်ယောက်သာ ကျန်ရှိပေတော့သည်။

...

အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ အလုံးစုံမှာ ဆိတ်သုဥ်းနေကာ ခါတိုင်း ကြားရသည့် ပုရစ်အော်သံ စီစီပင် ထွက်ပေါ်လာခြင်း မရှိတော့ချေ။

ကြောက်မက်ဖွယ် ကောင်းလှသည့် အထီးကျန်ခြင်းနှင့် တိတ်ဆိတ်မှု ခံစားချက်တို့က ဝေ့ဝူယင်၏ နှလုံးသားကို အနည်းငယ် လှုပ်ရှားသွားစေ၏။ ဝေ့မျိုးနွယ် ဖျက်ဆီးခံရပြီးနောက် အသက်လု ထွက်ပြေးကာ ရက်စက် ကြမ်းကြုတ်သည့် ကမ္ဘာတွင် တစ်ယောက်တည်း ကျင်လည်ခဲ့ရသည့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဘဝကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်မိ၏။ ယခုတွင်လည်း ထိုစဥ်ကလိုပင် အကိုကြီးလည်း မရှိ၊ စုမေ့လည်း မရှိ၊ သူ့ဘေးတွင် ဘယ်သူမှ မရှိ...။

ပျက်သုဥ်းခြင်း နယ်မြေ၏ လေနုအေးမှာ ဝေ့ဝူယင်၏ ဆံနွယ်များကို ပွတ်သပ် ကျီစယ်နေ၏။ လောက ရွှေ့ပြောင်းခြင်း ကွန်ယက်မှ ရုန်းထွက်ခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခုလော ဝေ့ဝူယင် ပြန်လည် သုံးသပ်လိုက်မိသည်။ သို့သော်လည်း ချက်ချင်းပင် အမှန်တရားက သူ့စိတ်အတွင်း သန္ဓေတည်လာသည့် သံသယ မျိုးစေ့ကို ဝါးမြို ပစ်လိုက်၏။ သူက ကပ်ဘေးကို သယ်ဆောင်လာသူ ဖြစ်သည်။ လူတိုင်း၏ အသက်များ အတွက် တစ်နည်းနည်းဖြင့် အန္တရာယ် ရှိနေသူ ဖြစ်သည်။

ထို့အပြင် သူနှင့် ကံကြမ္မာချင်း ဆက်စပ်နေသူများထံ ကမ္မတန်ဖိုးများ စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ကံကြမ္မာများကိုလည်း ထည့်သွင်း တွက်ချက်ရန် လိုအပ်ပေသည်။ တစ်နေ့တစ်ချိန် ပြန်ဆုံကြသည့် တစ်နေ့တွင် သူတို့မှာ နက်နဲသော ကျင့်ကြံခြင် အခြေခံများဖြင့် ကျင့်ကြံခြင်း လောက၌ အဓိက ဇာတ်ကောင်များ ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။ သူတို့မှာ အနာဂတ် အစီအစဥ်များ အတွက် အလွန် အရေးပါသည့် အစိတ်အပိုင်းများ အဖြစ် သူတို့ကိုယ် သူတို့ ထုဆစ်နိုင်ကြဖို့ မျှော်လင့်မိသည်။

အနာဂတ်...

လွန်ခဲ့သည့် ရက်ပိုင်းက ထိုစကားလုံးကို သုံးရန် ဝေ့ဝူယင် ယုံကြည်ချက် မရှိခဲ့သော်လည်း ဒုတိယမြောက် ကပ်ဘေးကို ကျော်ဖြတ်ပြီးနောက်တွင် သူ ခွန်အားနှင့် ခိုင်မာသော စိတ်ဓာတ်တို့ကို အသစ်တဖန် ပြန်လည် ရရှိခဲ့သည်။ အနာဂတ်တွင် မည်မျှ ပြင်းထန် ရက်စက်သည့် စိန်‌ခေါ်မှုနှင့် တွေ့ကြုံစေကာမူ အနိုင်ယူဖို့ သူ မျှော်မှန်းထားသည်။

“ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ...”

ဝမ်ယုထျန်း၏ အသံက ဝေ့ဝူယင်ကို အတွေးအာရုံမှ ပြန်လည် နိုးထလာစေခဲ့၏။ ထိုရှေးဟောင်း ကျင့်ကြံသူကြီး၏ အသံက သိလိုစိတ်များနှင့် ပြည့်နှက်နေသည်။

“ထန်ဂူ ရောက်မလာခင် ကြားမှာ အချိန် လေးရက် ရှိသေးတယ် ဆိုတော့ ဒီရက် အားနေတယ် လို့ ဆိုရမှာပဲ”

ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်၏။

...

ကပ်ဘေးရောက်ရှိလာရန် သုံးရက်သာ ကျန်ပေတော့သည်။ အနန္တ ဧကရာဇ်ဂြိုဟ်ကြီးမှာ သက်ရှိ သတ္တဝါ ကင်းမဲ့နေသည်မှ အပ ပုံမှန်လိုပင် ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။

ကောင်းကင်တွင် ထွန်းလင်းနေသည့် နေသုံးစင်းနှင့် အတူ မိုးထိမြင့်သည့် မိုးသစ်တောကြီးများမှာ ဆက်လက် စိမ်းလန်းနေဆဲ ဖြစ်ပြီး ပြာလွင်လွင် ပင်လယ်ကြီးမှာလည်း ကြောက်မက်ဖွယ် လှိုင်းလုံးများနှင့် သက်ဝင်လှုပ်ရှားနေဆဲပင်။

ဂြိုဟ်ကြီး၏ အလယ်ဗဟို တည့်တည့်တွင်တော့ ‌ကောင်းကင်ကို ထွင်းဖောက်လု မတတ် မြင့်မားလှသည့် တောင်ထိပ်ကြီး ငါးခု တည်ရှိနေ၏။ ၎င်းကား ကြီးကျယ်ခမ်းနားလှသည့် အနန္တ ဧကရာဇ်ဂိုဏ်းကြီး၏ ဌာနချုပ်ပင် ဖြစ်သည်။ လက်ငါးချောင်း တောင်ထိပ်၏ အထက် ကောင်းကင်တွင်တော့ အနက်ရောင် တိုက်ခိုက်ရေး ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ရှိနေခဲ့၏။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက လူသား၊ အယ်ဗန်နှင့် ရှို့ရန် သန်းပေါင်းများစွာ မှီတင်းနေထိုင်ခဲ့ဖူးသည့် စွန့်ပစ် နေရာကြီးကို ‌ငေးကြည့်နေခဲ့၏။ ထိုနေရာတွင် အခြေချခဲ့သည့် မိသားစုများ၊ မျိုးနွယ်များနှင့် အဖွဲ့ခွဲများမှာ ထွက်ခွာသွားကြချေပြီ။ သို့သော်လည်း သူတို့ အသက်နှင့် ရင်းကာ တိုက်ခိုက်ခဲ့၊ ရှာဖွေ စုဆောင်းခဲ့ရသော ရင်းမြစ်များ၊ ရတနာများကတော့ မူလနေရာများတွင် မထိမခိုက် ကျန်ရှိနေဆဲ ဖြစ်သည်။

ယခုအချိန်တွင် ထိုရင်းမြစ်များမှာ သူတို့ အတွက် အသုံးမဝင်တော့ချေ။ သို့သော်လည်း ဝေ့ဝူယင်ကတော့ လျစ်လျူထားလိုခြင်း မရှိချေ။

လွန်ခဲ့သည့် နာရီ နှစ်ဆယ်ခန့် အတွင်းတွင် ဝေ့ဝူယင်သည် မဟာဂိုဏ်းကြီးများ အခြေစိုက်သည့် ဂြိုဟ်ကြီးများသို့ သွားရောက်ကာ ဝင်္ကပါများကို ထွင်းဖောက် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ထိုဝင်္ကပါများမှာ တစ်ချိန်တစ်ခါက အလွန် အစွမ်းထက်ခဲ့သည့်တိုင် ယခု၌ ထိန်းသိမ်းသူ ကင်းမဲ့နေပြီ ဖြစ်လေရော ထက်ဝက်မျှ မက အားနည်း သွားခဲ့ပြီ ဖြစ်သည်။

လေထုအလယ်တွင် ရပ်ကာအနန္တ ဧကရာဇ်ဂိုဏ်းကြီးကို ကြည့်ရင်း အမှတ်တရများမှာ တဖျပ်ဖျပ်ဖြင့် ဝေ့ဝူယင်၏ စိတ်အတွင်း တိုးဝင်လာခဲ့၏။ ထိုနေရာကို ပထမဆုံး စတင် ရောက်ခဲ့သည့် နေ့ကို သူ အမှတ်တရ နေသေးသည်။

ထိုနေ့က ပိုကေမှာ သူ့ကို လာရောက်ကြိုဆိုကာ ဖန်တီးခြင်း တောင်ထိပ်ဆီ လိုက်ပို့ ပေးခဲ့သည်။ သူက ကျင့်ကြံခြင်း အဆင့် အလွန် နိမ့်ပါးသည့် ကောင်းကင်နိုဘယ် တစ်ယောက်မျှသာ ဖြစ်သည့်တိုင် ပိုကေက ဖော်ရွေ ရင်းနှီးစွာ ဆက်ဆံခဲ့သည်။

ဖန်တီးခြင်း တောင်ထွတ် သခင် ထို့ပိဟန်နှင့် စတင် တွေ့ဆုံခဲ့သည့် မှတ်ဉာဏ်က ဝေ့ဝူယင်၏ စိတ်အတွင်း ထင်ထင်ရှားရှားပင် ရှိနေသေးဆဲ ဖြစ်သည်။ ထိုအဘိုးအိုမှာ စတွေ့တွေ့ချင်းပင် သူ့ကို ကောင်းကင် နိုဘယ် အဆင့်မှ ကောင်းကင် ဧကရာဇ် အဆင့်သို့ တိုးပေးခဲ့ကာ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်ကို ကြိုးစားကြည့်ရန် လမ်းညွှန်ပေးခဲ့သည်။

အနန္တ ဧကရာဇ် တာအို နန်းတော်ကို ဝင်ရောက်ပြီးနောက်တွင် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက်နှင့် သူ ပထမဆုံး တိုက်ခိုက်ခဲ့ရသည်။ သူ၏ နာမည်က ကုဟို ဖြစ်ကာ မဟာဝင်ရိုး အဖွဲ့မှ ကမ္ဘာ့ ရွေးချယ်ခံ အဆင့် တပည့် တစ်ယောက်လည်း ဖြစ်သည်။ ထို့နေ့တွင်ပင် မဟာဝင်ရိုး အဖွဲ့မှာ ဖျက်ဆီးခံခဲ့ရကာ ဝေ့ဝူယင် ဟူသော နာမည်မှာ ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် အလွန် လျှင်မြန်သော အရှိန်နှင့် တိုးတက်လာခဲ့သည်။ သုံးနှစ်ကြာပြီးနောက်တွင်တော့ ဂိုဏ်းတစ်ခုလုံး နီးပါးမှာ သူ့အိတ်ကပ်ထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ခြေတစ်လှမ်း အတွင်းမှာပင် ဝေ့ဝူယင်မှာ ဖန်တီးခြင်း တောင်ထိပ်၏ အဋ္ဌမမြောက် အလွှာသို့ ရောက်ရှိလာခဲ့၏။ သူ၏ ကောင်းကင်နန်းတော်မှာ ထိုနေရာတွင် တိတ်တဆိတ် မြောပါနေဆဲ ဖြစ်သည်။ ကောင်းကင် အလွှာများကို ဖျက်ဆီးကာ ပိုင်လင်အား အသွင်ပြောင်းခြင်း ဖြစ်စဥ် အတွင်း ဝင်ရောက်စေခဲ့သည့် နေ့ကို ဝေ့ဝူယင် အမှတ်ရ နေမိသေး၏။ လှပသည့် မီးတောက်များနှင့် စူးရှသည့် အော်ဟစ်သံများ အဆုံး၌ သူမက အလုံးစုံ လောင်ကြွမ်းကာ ပြာဖြစ်သွားခဲ့ပေသည်။

“ဒါပေမဲ့ မင်း ငါ့အနားမှာ ရှိနေတယ်လို့ အမြဲတမ်း ခံစားရတယ်”

ဝေ့ဝူယင်က ရင်ဘတ်ကို ထိရင်း တိတ်တဆိတ် ရေရွတ်လိုက်၏။ သူ အတိတ်မေ့ကာ ကိုယ့်ကိုယ်ကို ပျောက်ဆုံး နေခဲ့သည့် နှစ်များ အတွင်း၌ ပိုင်လင်မှာ သူ့ကို မရရအောင် ဧဒင်ဂိုဏ်းကို ပို့ပေးခဲ့သည်။ ထို့နောက် ကိုးနှစ် လုံးလုံး အမျိုးမျိုးသော အန္တရာယ်များကို ရင်စည်းခံကာ သူပြန်အလာကို စောင့်ဆိုင်းခဲ့သည်။

ယခုက သူ့အလှည့် ဖြစ်သည်။ ဘယ်လို အခြေအနေပဲ ကြုံကြုံ ဝေ့ဝူယင် သူမကို စောင့်ဆိုင်းမည် ဖြစ်သည်။ အကယ်၍ နှစ်တစ်ထောင် စောင့်ဆိုင်းရမည် ဆိုလျှင်ပင် သူ မျက်တောင် တစ်ချက် ခပ်လိမ့်မည် မဟုတ်ချေ။

ကောင်းကင်နန်းတော် အတွင်းရှိ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝေ့ဝူယင် အခြား နေရာများကို ထွက်ခွာလာခဲ့၏။ အနန္တ ဧကရာဇ်ဂိုဏ်း တစ်ခုလုံးရှိ ရတနာသိုက်များ၊ သိုလှောင် နေရာလွတ်များ၊ အခြား တန်ဖိုးကြီး တည်နေရာများကို သိမ်းဆည်းရန် ဝေ့ဝူယင် နာရီပိုင်းလောက်သာ အချိန်ယူ လိုက်ရသည်။

မဟာဂိုဏ်းကြီး ငါးဂိုဏ်းလုံး၏ တည်နေရာများကိ သွားရောက်ကာ ပစ္စည်းများကို ရနိုင်သမျှ သိမ်းဆည်းပြီး နောက်တွင် ဝေ့ဝူယင် အတွက် သွားရောက် လည်ပတ်စရာ တစ်နေရာသာ ကျန်ရှိပေတော့သည်။

ထိုအရာကတော့ သူ့အိမ်ပင်။

***

All Chapters